• Today is: Saturday, May 18, 2024

လွိုင်ကော်မြို့နယ် လွိုင်လင်လေးအရှေ့ဖက်ခြမ်း နောင်လုံကျေးရွာနဲ့ ကွန်နားကျေးရွာမှ နေအိမ် ၂၀ လုံးခန့် မီးရှို့ခံရ

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၁

ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းတည့် နေ့လည်ခင်းခန့်တွင် လွိုင်ကော်မြို့နယ် လွိုင်လင်လေးအရှေ့ဖက်ခြမ်း နောင်လုံ ကျေးရွာနဲ့ ကွန်နားကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးသွားသာကြောင့် နေအိမ် ၂၀ လုံးခန့် ပျက်ဆီးသွားကြောင်း KNDF က ထုတ်ပြန်ပြောဆိုထားသလို ဒေသခံတွေကလည်းပြောပါတယ်။  

စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေ၊ သေနတ်ဖောက်တာတွေ ပြုလုပ်ပြီး ရွာအတွင်းက နေအိမ်တွေကို ဝင်ရောက်မီးရှို့တာ ဖြစ်တယ်လို့ ဒေသခံတဦး ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။

“အဲဒီမတိုင်ခင် ရှေ့နှစ်ရက်လောက်က နားကွယ်ကျေးရွာဘက် လမ်းကြောင်းမှာ တိုက်ပွဲဖြစ်ပြီး ပြန်လည် ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လွိုင်ကော်မြို့နယ် လွိုင်လင်လေးအရှေ့ဖက်ခြမ်း နောင်လုံကျေးရွာနဲ့ ကွန်နားကျေးရွာဘက်ကို စစ်ကောင်စီ တပ်သားတွေက လမ်းကြောင်းပြောင်း စစ်ကြောင်းထိုးလာပြီးတော့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေ၊ သေနတ်ဖောက်တာတွေ ပြုလုပ်ပြီး ရွာအတွင်းက နေအိမ်တွေကို ဝင်ရောက် မီးရှို့သွားတာ ဖြစ်တယ်” ဟု သူကပြောပါတယ်။

အခုမီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာများဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာမဟုတ်ဘူးလို့ ဆက်ပြောပါတယ်။

“တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာလည်းမဟုတ်ဘူး ဒီလိုစစ်မြေပြင်လည်း မဟုတ်တဲ့ ကျေးရွာတွေ လူနေအိမ်တွေကို အခုလို စစ်ကြောင်းတွေ ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် ၂၀ လုံးခန့် မီးထဲပါသွားတယ်။ မီးထဲပါသွားတာက ဒေသခံတွေ စုဆောင်းထားတဲ့ စပါးကြီးတွေ၊ စက်အသုံးဆောင်ပစ္စည်း ထော်လာဂျီတွေ၊ အိမ်သုံးပစ္စည်းတွေ ပျက်ဆီးဆုံးရှုံသွားရတယ် အခုဆိုရင် နောင်လုံကျေးရွာနဲ့ ကွန်နားကျေးရွာ အနီးပတ်ဝန်းကျင်က ဒေသခံလူဦးရေ (၅၀၀၀) ကျော်လောက်ဟာ ကျေးရွာနဲ့ နီးစပ်တဲ့ တောထဲတွေကို ထွက်ပြေးတိမ်ရှောင်နေကြရတယ်လို့” သူကဆက်ပြောပါတယ်။  

အခုလို စစ်ရေးတင်းမာနေတဲ့ အချိန်ကာလအတွင်း စစ်ရေးပစ်မတ်မဟုတ်တဲ့ ဒေသခံလူထုများ၊ လူနေအိမ်များနှင့် အိမ်သုံးဆောင်ပစ္စည်းတို့ကို ဖျက်ဆီးတာတွေ မလုပ်ဖို့နဲ့ ပြည်သူလူထုများကို ဒုက္ခရောက်အောင်မလုပ်ဖို့ ဒေသခံများက လိုလားနေကြသာဖြစ်ပါတယ်။

ပုံစာ – လွိုင်ကော်မြို့နယ် လွိုင်လင်လေးအရှေ့ဖက်ခြမ်း နောင်လုံကျေးရွာနဲ့ ကွန်နားကျေးရွာမှ နေအိမ် မီးရှို့ခံရပြီး ပျက်ဆီးနေသည့်မြင်ကွင်း (CJ)