• Today is: Sunday, May 19, 2024

လုပ်ပိုင်ခွင့်အာဏာစုစည်းမှုကို ဖြေလျှော့ခြင်း (Deconcentration)

လုပ်ပိုင်ခွင့်အာဏာစုစည်းမှုကို ဖြေလျှော့ခြင်း (Deconcentration)     

ဒီနေ့ ရာသီဥတု သာယာတော့ ဉာဏ်ကျယ်လေးဖော်တို့ ပန်းခြံထဲသွားကစားကြဖို့ အတူထွက်လာကြတယ်။ နော်နော်ကတော့ သူ့အရုပ်ပုံးကြီးပါ ယူချလာပါတယ်။ အရုပ်ပုံးကြီးမြင်တော့လည်း ထုံးစံအတိုင်း ကျန်တဲ့ သုံးယောက်က ကိုယ်ကစားချင်တာကို ယူဖို့လုပ်တော့တာပေါ့။ ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပြန်ပါဘူး။

နော်နော်အိမ်မှာ ဟိုတစ်ခါသွားဆော့တုန်းကကျတော့ အရုပ်ပိုင်ရှင်ဆိုပြီး သူဆော့ချင်တာကိုပဲ ကျန်တဲ့သူတွေက နော်နော်စိတ်တိုင်းကျ လိုက်ဆော့ပေးခဲ့ရတယ်။ အခုလည်း နော်နော်က သူကိုယ်တိုင်ပင်ပင်ပန်းပန်း တကူးတက သယ်လာရတဲ့ အရုပ်တွေမို့ဆိုပြီး ဗိုလ်ထပ်ကျနေပါတော့တယ်။ 

ဒီတစ်ခါတော့ နော်နော်ရဲ့အိမ်မှာ မဟုတ်လို့ ကိုယ့်စိတ်ကြိုက်အရုပ်နဲ့ ဆော့ရမယ်အထင်နဲ့ ရှန်တစ်ယောက် စက်ရုပ်ကို ပုံးထဲကလှမ်းယူလိုက်တုန်းမှာပဲ နော်နော်ရဲ့ လက်ဝါးစာမိသွားပါလေရော။ ပိုပိုကလည်း ရမလားလို့ ရူးဘစ်အန်စာတုံးဆော့ချင်တယ်လို့တောင် ပြောလိုက်သေး။ ထုံးစံအတိုင်း နော်နော်ကတော့ သူ့အရုပ်ဆိုတဲ့ အကြောင်းပြပြီး အိမ်မှာဖြစ်ဖြစ်၊ ပန်းခြံမှာပဲဖြစ်ဖြစ် တခြားသူတွေကစားချင်တာကို ချုပ်ချယ်ချင်ပါတယ်။ 

နေရာပြောင်းသွားပေမဲ့ သူငယ်ချင်းတွေကို ဆုံးဖြတ်ခွင့်မပေးဘဲ သူကပဲဆုံးဖြတ်ပိုင်ခွင့်ကို ချုပ်ကိုင်ထားမယ် ဆိုတဲ့ နော်နော်ပုံစံက လုပ်ပိုင်ခွင့်အာဏာစုစည်းမှုပဲ လျှော့မယ်၊ ဗဟိုချုပ်ကိုင်မှုကို တစ်ပြားမှ မလျှော့ဘူးဆိုတဲ့ သဘောဖြစ်နေတယ်။ အဲဒီလိုဖြစ်နေတာကို နော်နော်သိအောင် ကြားထဲကနေ ပိုပိုက ရှင်းပြရတော့တာပေါ့။ 

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၄၊ ၂၀၂၂