• Today is: Sunday, January 29, 2023

ထပ်မံပေါ်ပေါက်လာသော ပဋိပက္ခ များကို ရင်ဆိုင် ဖြတ်သန်းနိုင်ဖို့ အရေး

အိုင်စီဂျီ အစီရင်ခံစာ (၁၄)

(၅) ထပ်မံပေါ်ပေါက်လာသော ပဋိပက္ခ များကို ရင်ဆိုင် ဖြတ်သန်းနိုင်ဖို့ အရေး

နိုင်ငံတွင်းရှိ ပဋိပက္ခများ ပြေလျော့သွားစေရန် ကြိုးစားလိုသော ပြင်ပ အင်အားစုများ အနေဖြင့် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သော နိုင်ငံရေး နှင့် ပဋိပက္ခ အနေအထားကို ရင်ဆိုင် ကျော်လွှားနိုင်ဖို့ လိုအပ်ပေသည်။

ယခုအခါ အနည်းဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လေးဖွဲ့သည် စစ်မြေပြင်သို့ ပြန်ရောက်လာကြပြီး ရာနှင့်ချီသော ပြည်သူ ခုခံတွန်းလှန်ရေး တပ်ဖွဲ့များသည်လည်း အများအပြား ဖွဲ့စည်းပေါ်ပေါက်လာကြပြီ ဖြစ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နိဠိတံ သွားခဲ့ရပြီ ဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် သေနတ်သံ မကြားခဲ့ရသည့် ဗမာလူမျိုး အများစု နေထိုင်ရာ နိုင်ငံအလယ်ဗဟို ဒေသများတွင် တိုက်ပွဲများ ဖြစ်ပေါ်လာနေခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲများကို ဦးဆောင်လာခဲ့သူများက ဒေသခံများ ဖြစ်လာသည်။

စစ်တပ်၏ အာဏာဆုပ်ကိုင်လာမှု နှင့် သဘောထား ကွဲပြားသူများကို နှိမ်နှင်းရန် ရက်စက်သည့် နည်းဗျူဟာ များ ကျင့်သုံးလာခဲ့မှုသည် လက်နက်ကိုင် တော်လှန်ရေးကို ထောက်ခံမှုများအား အရေးပါသည့် အနေအထားအထိ မြင့်တက်လာအောင် ဖန်တီးပေးသလို ဖြစ်သွားခဲ့ရသည်။

တိုင်းရင်းသား လူနည်းစုများ ခံစားနေရသော ‌ဒုက္ခများအပေါ် မကြာ‌ သေးမီက အထိ စာနာမှု မဆိုသလောက်သာ ပြခဲ့ဖူးသည့် ဗမာ နိုင်ငံရေးသမားများသည် အနာဂတ် နိုင်ငံတော်ကို မည်သို့ မည်ပုံ ဖွဲ့စည်းတည်ဆောက်သွားမည် ဆိုသည့် အပေါ် တိုင်းရင်းသား ခေါင်းဆောင်များနှင့် လူသိရှင်ကြား ဆွေးနွေးလာခဲ့ကြသည်။

တိုင်းရင်းသား လူမျိုးများ လက်နက်စွဲကိုင် တော်လှန်နေခဲ့မှု အပေါ် ဗမာတို့၏ ခံယူချက်များသည် လည်း မှောက်လှန်ပစ်လိုက်သလို ပြောင်းလဲလာသည်ကလည်း အရေးပါလှသော အချက်လည်း ဖြစ်သည်။

အဆိုပါ ပြောင်းလဲလာနေမှုများ နှင့် ထိုသို့ ဖြစ်လာအောင် နောက်ကွယ်က တွန်းအားများကို အမိအရ ဖမ်းဆုပ် နိုင်ရေးသည် မြန်မာပဋိပက္ခ တွင် ပါဝင် ဖြေရှင်းရန် ပြင်ပမှ ကြိုးပမ်းနေသူများ အဖို့ အဓိက ကျော်လွှားနိူင်ရမည့် စိန်ခေါ်မှုများ ဖြစ်လာခဲ့သည်။

ယခင်က နိုင်ငံတကာ ရှိ အလှုရှင် နိုင်ငံများ မှ အာဏာသိမ်းပွဲ မတိုင်မီက ဝိုင်းဝန်း ပံ့ပိုးပေးခဲ့သည့် စစ်တပ် နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ငြိမ်းချမ်းရေး အတွက် စုပေါင်း အဖြေရှာ ကြသည့် လုပ်ငန်းစဉ်များသည်လည်း ရှေ့ဆက်ဖို့ မဖြစ်နိုင်သလောက် နီးပါး အနေအထားသို့ ဆိုက်ရောက်သွားခဲ့ရပြီ ဖြစ်သည်။

အလှုရှင်နိုင်ငံများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အစား တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသခံ လူထုအား ကာကွယ်ပေးရေး နှင့် အကူအညီများ ပေးနိုင်ရေး တို့ အပေါ် အာရုံ ပြောင်းလာခဲ့ကြပြီ ဖြစ်သည်။

၎င်းတို့အနေဖြင့် လက်ရှိတွင် CRPH/ NUG တို့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် ဖြစ်ပေါ်လာနေမှု များ ၏ အရေးပါမှုကို အသိအမှတ် ပြုရန် လိုအပ်လာသည်။ အထူးသဖြင့် နိုင်ငံရေး ဆွေးနွေးမှုများ ကောင်းစွာ အရှိန်ရလာနေသည့် အနေအထားကိုပင် ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲများသည် ၂၀၁၁ ခုနှစ်က စတင်လာခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လို မဟုတ်ပဲ အနာဂတ် မြန်မာနိုင်ငံအား မည်သို့ မည်ပုံ ဖွဲ့စည်းတည်ဆောက်သွားကြမည် ဆိုသည့် လွန်စွာ အရေးကြီးသည့် အကြောင်းအရာကို အပူတပြင်းဆွေးနွေးနေကြခြင်း ဖြစ်သည်ကို သဘောပေါက်ထားရန် လိုသည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ ဖေဖေါဝါရီ ၁ ရက် အာဏာသိမ်းပြီး နောက်တွင် လူပေါင်း ၂၉၆,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး၊ ထို့မတိုင်မီက ထွက်ပြေးလာသူ ၃၇၀,၀၀၀ ခန့် ရှိနေပြီး ဖြစ်သည်ဟု သိရသဖြင့် လက်ရှိ ပဋိပက္ခသည် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ အတွက် ကြီးမားသော လေဟာနယ်ကြီး အဖြစ် ပေါ်ပေါက်လာခဲ့ရပြီ ဖြစ်သည်။

အလှုရှင် နိုင်ငံများက ၂၀၁၆-၂၁ ကာလ အတွက် ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးသွားမည်ဟု ကတိပြုလာခဲ့သဖြင့် လက်ရှိ ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများရှိ တိုင်းရင်းသား များ အား အကူအညီပေးရေး နှင့် ထပ်မံ ဖြစ်ပွားလာနေသော တိုက်ပွဲများရန်မှ အကာအကွယ် ပေးနိုင်ရေးတို့ အတွက် ထိုပမာဏ လောက်ကို အနည်းဆုံး အကူအညီပေးရန် တာဝန်ယူသင့်လှသည်။

ထိုသို့ ပြုလုပ်နိုင်ရန် ဒေသတွင်းရှိ လူမှုရေး အဖွဲ့အစည်းများနှင့် ခိုင်မာသော ဆက်ဆံရေး တည်ဆောက်သွားရန် လိုအပ်သည်၊ အဆိုပါ အဖွဲ့အစည်းများသည် ၎င်းတို့ ကျင်လည်ရာ ဒေသများအတွင်း ပဋိပက္ခ ဖြစ်ပွားနေသည့် အ‌နေအထားများအား မည်သို့ မည်ပုံ ရှောင်ကွင်းသွားရမည်ကို သိထားကြသူများ ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အတွင်းတွင်လည်း ထိုကဲ့သို့ လုပ်ဆောင်ပေးနိုင်သည့် လမ်းကြောင်းများလည်း ရှိထားပြီး ဖြစ်သည်။

အရှေ့တောင်အာရှ နိုင်ငံများ၊ အထူးသဖြင့် ထိုင်းနိုင်ငံသည် နယ်ခြားဖြတ်ကျော် အကူအညီများ ပေးရေးတွင် လွန်စွာ အရေးပါသော အနေအထားတွင် ရှိနေသည်။ အာဏာသိမ်း အဖွဲ့၏ ကန့်သတ်လာမှုများ ရှိလာနိုင်သောကြောင့် အကူအညီများ ပေးပို့နိုင်ရန် အရေးပါသော လမ်းကြောင်းများ ဖြင့် ဖေါက်ထွက်နိုင်ရန် အတွက်လည်း ဖြစ်သည်။

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေမှုများ ၏ အရှိန်အဟုန်ကို ကြည့်က စစ်တပ်အနေနှင့် မဝေးလှသော ကာလ တွင် အနိုင်ရရှိဖို့သည် ဖြစ်နိုင်ဖွယ် မရှိလှပေ။ အဖြစ်နိုင်ဆုံး ထွက်ပေါ်လာမည့် အခြေအနေက  စစ်တပ် ထိန်းချုပ်ထားသည့် နယ်မြေ အများအပြား လက်လွှတ်ပေးခဲ့ရမှု နှင့် အတူ နှစ်ဖက်စလုံး ရှေ့မတိုး နောက်မဆုတ် ဖြစ်နေမှု သည် ကာလကြာရှည်စွာ ရှိလာနိုင်ခြင်းပင် ဖြစ်သည်။

ရရှိလာသော နယ်မြေ အချို့ကို လက်နက်ကိုင် အုပ်စုများဖြစ်သည့် တိုင်းရင်းသား အဖွဲ့များနှင့် NUG လက်အောက်ခံ သို့မဟုတ် အတူ ပူးပေါင်းနေသည့် ခုခံတွန်းလှန်ရေး ပြည်သူ့စစ် အဖွဲ့များက ထိန်းချုပ်လာမည် ဖြစ်သည်။

ဤသည်ကို ပြည်ပ အစိုးရများ အနေဖြင့် တွက်ဆနိုင်မည် ဆိုက CRPH/ NUG တို့နှင့် လက်ရှိ ဆွေးနွေးပွဲများ လုပ်နေသည့် အဆင့်ထက် ကျော်လွန်ပြီး ထိတွေ့ဆက်ဆံမှုများ တိုးချဲ့ ပြုလုပ်သင့်ပြီ ဖြစ်သည်။

NUG ၏ အုပ်ချုပ်ရေး စွမ်းရည် ခိုင်မာလာစေရန် နည်းပညာ နှင့် ဘဏ္ဍာရေး အကူအညီများ ပေးအပ်သင့်သည်။ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု နှင့် လူမှုရေး နှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ဖြစ်သည်၊ ဤသည်က NUG အား တရားဝင် အသိအမှတ် ပြုသည်ထက်ပင် ပို၍ အရေးပါပြီး ဖြစ်နိုင်ခြေလည်း ရှိနေသည်။ (နိုင်ငံတွင်းရှိ အတော်များများက အသိအမှတ်ပြုရန် တောင်းဆိုနေကြသည်)၊ သို့သော် ပြည်ပ အစိုးရ များ အနေဖြင့် လက်ရှိ အာဏာသိမ်း အဖွဲ့နှင့် အတိုင်းအတာ တခုထိ ဆက်သွယ်နေဖို့ လိုအပ်နေ၍ ဖြစ်သည်။

Hla Soewai (လှစိုးဝေ)

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၃၁၊ ၂၀၂၂