• Today is: Sunday, May 12, 2024

အမျိုးသားရေးဝါဒ သရုပ်ခွဲ

အမျိုးသားရေးဝါဒ သရုပ်ခွဲ

အမျိုးသားရေးဝါဒကို သရုပ်ခွဲရင်၊ အမျိုးမျိုးအများများတွေ့နိုင်ပါလိမ့်မယ်။ သို့သော် နိုင်ငံရေးသိပ္ပံ ပြဋ္ဌာန်းစာအုပ် တွေ ရေးသားပြုစုတဲ့ စာရေးဆရာ အင်ဒရူးဟေးဝုဒ်ရဲ့ သရုပ်ခွဲမှုကို အခြေခံပြီး တင်ပြချင်ပါတယ်။ အမျိုးသားရေး ဝါဒ ပုံစံ (၄) ခုကို အခြေခံအားဖြင့်​ တွေ့နိုင်တယ်။

  • (၁) လစ်ဘရယ်အမျိုးသားရေးဝါဒ
  • (၂) ရှေးရိုးစွဲအမျိုးသားရေးဝါဒ
  • (၃) နယ်ချဲ့အမျိုးသားရေးဝါဒ နဲ့
  • (၄) နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားရေးဝါဒ တို့ပဲ ဖြစ်ပါတယ်။

အမျိုးသားရေးဝါဒရဲ့ အခြေခံသဘောကတော့၊ “ကိုယ့်မင်းကိုယ်ချင်းအုပ်ချုပ်မှုပုံစံ” ကို အလိုရှိတာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို နိုင်ငံခြားတိုင်းပြည်တစ်ခုခုက လွှမ်းမိုးတာကို အလိုမရှိဘူး၊ နိုင်ငံခြားတိုင်းပြည်တစ်ခုခုက အုပ်ချုပ် တာကိုလည်း မလိုချင်ဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုးသာလျှင် အုပ်ချုပ်ရမယ်ဆိုတဲ့ အယူအဆအတွေးအခေါ် ရှိတယ်။ ဒါဟာ အမျိုးသားရေးဝါဒတိုင်းမှာ တွေ့ရတဲ့ အခြေခံသဘောပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လို့ပဲ ပြောပြော၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ပဲ ဆိုဆို၊ ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းခွင့်လို့ပဲ သုံးနှုန်း သုံးနှုန်း ဒီအခြေခံစကားလုံးတွေမှာ အမျိုးသားရေးဝါဒရဲ့ အငွေ့အသက် မကင်းဘူး။ တနည်း အမျိုးသားရေးဝါဒနဲ့ ဆက်စပ်နေတယ်။ တွဲဖက်နေတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းက လူမျိုးစုတွေအကြားမှာ၊ အမျိုးသားရေးဝါဒအချင်းချင်း တိုးတိုက်မှုတွေ ဖြစ်နေတယ် ဆိုတာတွေ့မြင်နေရတယ်။ လူမျိုးစုတိုင်းမှာ လူမျိုးစုအခြေခံအမျိုးသားရေးဝါဒ (Ethnic Nationalism) ဓာတ်ခံကို ခပ်များများတွေ့ရတယ်။ လူမျိုးစုအားလုံးရဲ့ တောင်းဆိုချက်၊ လိုလားချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီဖြစ်တယ်လို့ ဆိုပေမယ့်၊ နဂိုမူလဓာတ်ခံဖြစ်တဲ့ အမျိုးသားရေးဝါဒနဲ့ ဖက်ဒရယ်ကို ဘယ်လို တွဲစပ်မလဲ၊ အမျိုးသားရေးဝါဒနဲ့ ဒီမိုကရေစီကို ဘယ်လို တွဲဖက်မလဲဆိုတာ စဉ်းစားခန်းထုတ်ရပါလိမ့်မယ်။

အဲသည့်အတွက် အမျိုးသားရေးဝါဒကို အခြေခံအားဖြင့် သရုပ်ခွဲကြည့်နိုင်မှ ကောင်းပါလိမ့်မယ်။

လစ်ဘရယ်အမျိုးသားရေးဝါဒ

လစ်ဘရယ် အယူအဆနဲ့ အမျိုးသားရေးဝါဒကို သူ့နည်းသူ့ဟန်နဲ့ လိုက်လျောညီထွေစွာ ခံယူတည်ဆောက်ထားသူ ကို လစ်ဘရယ်အမျိုးသားရေးဝါဒီလို့ ပြောနိုင်တယ်။ လစ်ဘရယ်ရဲ့ သဘောအနက်က ဘာလဲ။ လစ်ဘရယ်သမား တစ်ယောက်ဟာ တစ်ဦးချင်းလွတ်လပ်ခွင့်ကို အလိုရှိတယ်။ တန်းတူညီမျှမှုကို နားလည်လက်ခံတယ်။ တိုးတက် ပြောင်းလဲလိုသော သဘောဓာတ်ခံရှိတယ်။ မူနဲ့ အခြေခံနှုန်းစံတွေကို တန်ဖိုးထားတတ်တဲ့ စရိုက်ကို တွေ့ရတယ်။ ဒါဟာ လစ်ဘရယ်သမားတစ်ယောက်ရဲ့ လိုရင်းအခြေခံပါ။ အမျိုးသားရေးဝါဒရဲ့ သဘောအနက်ကလည်း ဘာလို ရှိသလဲ။ အမျိုးသားရေးဝါဒီတစ်ယောက်ဟာ ကိုယ့်လူမျိုး၊ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့ ထုံးတမ်းနဲ့အတူ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသားကလျှင် အုပ်ချုပ်တာမျိုးကို အလိုရှိတယ်။ ကိုယ့် မင်းကိုယ့်ချင်း တိုင်းပြည်မျိုး ထူထောင်ချင်တယ်။ နိုင်ငံခြားလွှမ်းမိုးတာကို အလို မရှိဘူး။ သွေးသားဆက်နွှယ်မှုအရ သော်လည်းကောင်း၊ ယဉ်ကျေးမှုအားဖြင့်၊ ဘာသာစကားအားဖြင့်၊ ကိုးကွယ်ယုံကြည်မှုအားဖြင့် သီးခြားဖြစ်ထွန်းမှု ကို အလိုရှိတယ်။ ရောယှက်တာမျိုးနဲ့ ကျူးကျော်လွှမ်းမိုးခံရတာမျိုးကို ငြင်းဆန်တယ်။ လူမျိုးအကျိုးစီးပွားနဲ့ ကိုယ့်တိုင်းကိုယ့်ပြည်အကျိုးစီးပွားကို ဗဟိုပြု ချဉ်းကပ်တဲ့သဘောအနက်ရှိတယ်။

လစ်ဘရယ်အယူအဆတချို့နဲ့ အမျိုးသားရေးဝါဒသဘောအနက် တချို့ကို ပူးတွဲ၊ ယှဉ်တွဲ လက်ခံထားသူကို လစ်ဘရယ်အမျိုးသားရေးဝါဒီလို့ ခေါ်နိုင်တယ်။ ဥပမာ – အိန္ဒိယက နေရူးနဲ့ တရုတ်က ဒေါက်တာဆွန်ယက်ဆင်တို့ ကို လစ်ဘရယ်နေရှင်နယ်လစ်တွေလို့ အကြမ်းဖျင်း နားလည်လို့ရတယ်။ သူတို့တတွေဟာ တစ်ဖက်ကကြည့်ရင်၊ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားရေးဝါဒီတွေလည်း ဖြစ်တယ်။ နေရူးဟာ အိန္ဒိယကို ဆိုရှယ်လစ်ဆန်ဆန် နိုင်ငံတည်ဆောက်ရေးအမြင်မျိုးတွေ ရှိလို့၊ သူ့ကို ဆိုရှယ်ဒီမိုကရက်လို့လည်း လက်ခံထားကြတာရှိတယ်။ ထားတော့။ ဒါဟာ နားလည်လွယ်အောင် ဥပမာပြတာသာဖြစ်ပါတယ်။

ရှေးရိုးစွဲအမျိုးသားရေးဝါဒ

ကွန်ဆာဗေးတစ်နေရှင်နယ်လစ်ဇင် (conservative nationalism) ကို ရှေးရိုးစွဲအမျိုးသားရေးဝါဒလို့ နားလည်နိုင် ပါတယ်။ ရှေးရိုးစွဲအမျိုးသားရေးဝါဒီတွေဟာ မြန်မာပြည်မှာ ခပ်များများ ရှိခဲ့ပါတယ်။ ရှိလည်း ရှိနေဆဲဖြစ်ပါတယ်။ အတိတ်သမိုင်းမှာတော့ ရှေးရိုးစွဲအမျိုးသားရေးဝါဒီတွေဟာ ဘယ်သူတွေဖြစ်သလဲလို့ လေ့လာကြည့်တဲ့အခါ၊ ထင်ရှားတဲ့ ပုဂ္ဂိုလ်နှစ်ယောက်ကို သွားတွေ့ပါတယ်။ လယ်သမားလက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ ဂဠုန် ဆရာစံ နဲ့ သခင်ကိုယ်တော်မှိုင်း တို့ဖြစ်ပါတယ်။ ဆရာစံရဲ့ လုပ်ရပ်တွေနဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ အယူ အဆ အမြင် အတွေးအခေါ်တွေကို လေ့လာကြည့်ရင်၊ နှစ်ဦးစလုံးဟာ ရှေးရိုး ရှေးနည်း ရှေးထုံးဘောင်တွေထဲက လွတ်လွတ်ကင်းကင်းရှိတာ များများစားစား မတွေ့ရပါ။ သခင်ကိုယ်တော်မှိုင်းဟာ သူ့ရဲ့လူ့သက်တမ်း နှောင်းပိုင်း ကာလတွေမှာ၊ အပြင်ကို ထွက်ကြည့်တဲ့ အမြင်မျိုးတွေ့ခဲ့ရပေမယ့်၊ ရှေးရိုးစွဲ​အတွေးအခေါ်ကို ဖက်တွယ်ထားဆဲ ဆိုတာတွေ့ခဲ့ရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ မျိုးချစ်ဝါဒီတွေဖြစ်တယ်ဆိုတာတော့ မငြင်းနိုင်ဘူး။ တိတိကျကျပဲ ပြောနိုင်တယ်။ ရှေးရိုးစွဲလို့ ယူဆရတဲ့အကြောင်းတရားတွေကို ဆရာစံဟာ ခပ်များများ လုပ်ဆောင်ခဲ့တာတွေ့ခဲ့ရ သလို၊ သခင်ကိုယ်တော်မှိုင်းဟာ ခပ်များများ ရေးသားဟောပြောတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ကွန်ဆာဗေးတစ်ဆိုတဲ့အနက်သဘောကတော့ ရှေးထုံးကို မပယ်ရှားချင်တဲ့စိတ်ဓာတ်ခံကို ထင်ထင်ရှားရှား တွေ့ရ ပါတယ်။ အသစ်ဟာ အဟောင်းလောက် မကောင်းဘူးဆိုတဲ့ သဘောအမြင်ကို လက်ကိုင်ထားတတ်ကြတယ်။ အဟောင်းကို အသစ်နဲ့ အစားထိုးတာမျိုးကို လွယ်လွယ်ကူကူ လက်မခံတတ်ဘူး။ တီထွင်ဆန်းစစ်မှုကို အားပေး အားမြှောက်လုပ်တာ မတွေ့ရဘဲ၊ ရှိရင်းစွဲ ရှေးထုံး ရှေးနည်း အစဉ်အလာတွေထဲက သင့်တော်ရာကို ရွေးထုတ် သုံးစွဲ ရတာမျိုးကို နှစ်သက်လက်ခံတတ်ကြတယ်။ ဒါဟာ ကွန်ဆာဗေးတစ်လို့ခေါ်တဲ့ ရှေးရိုးစွဲသမားတွေရဲ့ အနက် သဘောဖြစ်ပါတယ်။ ဒီအနက်သဘောကို အမျိုးသားရေးဝါဒနဲ့ ဓာတ်ခံတွေနဲ့ ပူးတွဲလက်ခံထားသူဟာ ရှေးရိုးစွဲ အမျိုးသားရေးဝါဒီတစ်ယောက်လို့ နားလည်နိုင်ပါတယ်။

နယ်ချဲ့အမျိုးသားရေးဝါဒ

ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို တောင့်တင်းကြံ့ခိုင်အောင် တည်ဆောက်ပြီး၊ တခြားသော တိုင်းတပါးနဲ့ လူမျိုးခြား တွေအပေါ် ဂုတ်သွေးစုပ်၊ လွှမ်းမိုး၊ ဗိုလ်ကျ၊ ခြယ်လှယ်ချင်တဲ့အယူအဆမျိုးတွေ ရှိရင် နယ်ချဲ့အမျိုးသားရေးဝါဒလို့ ပြောနိုင်ပါတယ်။ ကိုလိုနီနယ်ချဲ့တွေဖြစ်ခဲ့တဲ့ အင်္ဂလိပ်၊ အမေရိကန်၊ ရုရှား၊ စပိန်၊ ပြင်သစ်၊ ဒတ်ချ်နဲ့ ဂျပန်တို့ဟာ နယ်ချဲ့အမျိုးသားရေးဝါဒီတွေဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး (၁၉၄၅) မှာ ကိုလိုနီစနစ် နိဂုံးချုပ်ခဲ့တယ်လို့ ပြောနိုင်ပေမယ့်၊ နယ်ချဲ့အမျိုးသားရေးဝါဒဓာတ်ခံတွေ ခပ်များများ ရှိနေပါသေးတယ်။ ဒီနေ့ ခေတ် စက်မှု၊ သိပ္ပံနဲ့ နည်းပညာတွေလွှမ်းမိုးခြင်းနဲ့ ကမ္ဘာပတ်ကုန်သွယ်ရေးလုပ်ငန်းတွေ၊ စီးပွားရေးကော်ပိုရေးရှင်း တွေရဲ့ ကမ္ဘာပတ်မှုကို ဂလိုဘယ်လိုက်ဇေးရှင်းလို့ ပြောတယ် မဟုတ်လား။ ဒါကို တိုင်းငယ် ပြည်ငယ်က အမျိုးသားရေးဝါဒီတွေက “Westernization” လို့ သမုတ်ကြတယ်။ အနောက်ဇာတ်သွင်းရေး လို့ စွပ်စွဲကြတယ်။ ခေတ်သစ်မှာ ဂလိုဘယ်လိုက်ဇေးရှင်း ပျံ့နှံ့လာခြင်းဟာ ကိုလိုနီစနစ်သစ်အနေနဲ့ နယ်ချဲ့ခြင်းလို့ ယိုးစွပ်ကြရတယ်။ ဒါဟာ နယ်ချဲ့အမျိုးသားရေးဝါဒကို အလို မရှိတဲ့ သဘောထားတွေ ဖြစ်ပါတယ်။

မြန်မာနဲ့ နီးနီးစပ်စပ်ရှိခဲ့တဲ့ ဗြိတိသျှ အင်္ဂလိပ်နဲ့၊ ဂျပန်တို့ကိုပဲ ကြည့်နိုင်ပါတယ်။ ဂျပန်တွေဟာ မေဂျီပြုပြင်ပြောင်း လဲရေးခေတ်ကနေ စတင်ပြီး ဂျပန်တွေရဲ့ စက်မှုနဲ့ နည်းပညာရပ်တွေကို တိုးတက်အောင် ကိုယ်ခံအားဖြည့်ကျင့် တည်ဆောက်ခဲ့တယ်။ ဂျပန်အမျိုးသားနိုင်ငံတော်ကြီး ကြီးထွားဖို့အတွက် တခြားသော အင်အားနည်းတိုင်းပြည် တွေကို နယ်ချဲ့လွှမ်းမိုး၊ ချုပ်ကိုင် ဗိုလ်ကျခဲ့တယ်။ ဒီလိုနဲ့ တရုတ်ပြည်ရဲ့ တစ်စိတ်တစ်ပိုင်းဟာလည်း ဂျပန်လက် အောက်ကျရောက်ခဲ့ရတယ်။ အရှေ့တောင်အာရှနိုင်ငံတချို့လည်း ဂျပန်လက်အောက် ကျရောက်ခဲ့တယ်။ ဂျပန် တွေရဲ့ နယ်ချဲ့အမျိုးသားရေးဝါဒ အလွန်အကျူးဖြစ်ခဲ့တာကြောင့်၊ ဖက်ဆစ်ဝါဒီတွေလို့တောင် သတ်မှတ်ခဲ့ကြ တယ်။ ဖက်ဆစ်ဝါဒဆိုတာ နယ်ချဲ့၊ ဗိုလ်ကျ၊ လွှမ်းမိုး၊ ဂုတ်သွေးစုပ်ရုံတင် မဟုတ်ဘူး၊ တို့လူမျိုးကသာလျှင် အမြင့် မြတ်ဆုံးဖြစ်တယ်ဆိုတဲ့ အယူအဆကို ကိုင်စွဲပြီး လူမျိုးရေးသန့်စင်ဖို့ လူမျိုးတုံးသတ်ဖြတ်မှုတွေကိုတောင် ကျင့်သုံး လုပ်ဆောင်ခဲ့တဲ့သူတွေ ဖြစ်တယ်။ ဖက်ဆစ်တွေကို အစွန်းရောက်အမျိုးသားရေးဝါဒီလို့ ပြောရင် ရနိုင်တယ်။ ဥရောပမှာ နာဇီဂျာမနီတွေက ဂျူးတွေကို သန်းနဲ့ချီ သတ်ဖြတ်တာ ဒီအယူအဆကြောင့်ဖြစ်တယ်။

ဗြိတိသျှအင်္ဂလိပ်တွေကလည်း၊ နယ်ချဲ့အမျိုးသားရေးဝါဒီတွေ ဖြစ်ခဲ့တာမျိုး၊ လူမျိုးအားဖြင့်ခွဲခြားဖိနှိပ်တာမျိုးကို လုပ်ခဲ့ကြတယ်။ ကိုလိုနီနယ်တွေကို အပြိုင်ချဲ့ထွင်ပြီး ဗြိတိသျှနေမဝင် အင်ပါယာကို ထူထောင်ခဲ့ကြတယ်။ ကိုလိုနီ နယ်အဖြစ် သွတ်သွင်းဖို့အတွက် စစ်ရေးနည်းအားဖြင့် အင်အားသုံး တိုက်ခိုက်ပြီး၊ ကျွန်ဇာတ်သွင်းတဲ့ အလုပ်ကို နှစ်ပေါင်းရာနဲ့ချီ လုပ်ခဲ့ကြတယ်။ ဗြိတိသျှအင်္ဂလိပ်ရဲ့ ကိုလိုနီအဖြစ် နှစ်ပေါင်း ရာနဲ့ချီ ကျရောက်ခဲ့တဲ့ အိန္ဒိယနဲ့ မြန်မာဟာ ထင်ရှားတဲ့သာဓက ဖြစ်တယ်။

နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားရေးဝါဒ

နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားရေးဝါဒဆိုတာကတော့ ခပ်များများတွေ့နိုင်ပါတယ်။ ကိုလိုနီသူ့ကျွန်ဘဝကို ရောက် ခဲ့တဲ့ တိုင်းနိုင်ငံတွေရဲ့ တော်လှန်ရေးသမားအားလုံးလိုလိုဟာ နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားရေးဝါဒီတွေလို့ ပြော နိုင်တယ်။ နယ်ချဲ့စနစ်ကို ဆန့်ကျင်ခဲ့သူတွေထဲမှာ၊ ဝံသာနုမျိုးချစ်တွေ ပါတယ်၊ ကွန်မြူနစ်တွေပါတယ်၊ ဆိုရှယ် လစ်တွေပါတယ်၊ ဒီမိုကရက်တွေပါတယ်။ အာရှမှာအတွေ့ရအများဆုံးကတော့ ကွန်မြူနစ်ဝါဒနဲ့ ဆိုရှယ်လစ်ဝါဒကို ယုံကြည်လက်ခံတဲ့ တော်လှန်ရေးသမားတွေဟာ နယ်ချဲ့အရင်းရှင်ဝါဒကို ဆန့်ကျင်ခဲ့သူတွေပဲဖြစ်ပါတယ်။ တရုတ် ပြည်က မော်စီတုန်း၊ ချိုအင်လိုင်းနဲ့ တိန့်ရှောင်ဖိန်တို့ကို ကွန်မြူနစ်ခေါင်းဆောင်တွေလို့ အများက သိကြပေမယ့်၊ သူတို့ဟာ တစ်ဖက်မှာလည်း နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားရေးဝါဒီတွေ ဖြစ်တာတွေ့ရပါလိမ့်မယ်။ လက်နက် မကိုင်ဘဲ အကြမ်းမဖက် အဟိံသလမ်းစဉ်ကို ခိုင်ခိုင်ကြည်ကြည် ကိုင်စွဲခဲ့တဲ့ မဟတ္တမဂန္ဒီဟာလည်း နယ်ချဲ့ ဆန့်ကျင်ရေးအမျိုးသားရေးဝါဒီ စစ်စစ်ကြီးတစ်ယောက်ဖြစ်ပါတယ်။ မြန်မာပြည်မှာ တို့ဗမာအစည်းအရုံးကို တည်ထောင်ခဲ့သူ သခင်ဘသောင်းနဲ့ သခင်ဘွဲ့ခံ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားအားလုံးဟာ နယ်ချဲ့ ဆန့်ကျင်ရေးအမျိုးသားရေးဝါဒီတွေ ဖြစ်ပါတယ်။ အဲသည့်အထဲမှာ အောင်ဆန်းလည်း ပါတယ်၊ သန်းထွန်းလည်း ပါတယ်၊ ဦးသန့်လည်း ပါတယ်၊ ဦးနုလည်း ပါတယ်။ သူတို့တတွေထဲမှာ တခြားသောနိုင်ငံရေးအယူဝါဒ တစ်ခုခုကို ဆုပ်ကိုင်ထားတာတွေ ရှိကောင်းရှိနိုင်ပေမယ့်၊ သူတို့အားလုံးဟာ နယ်ချဲ့စနစ်ကို ဆန့်ကျင်တဲ့ ဝံသာနုမျိုးချစ်တွေ ဆိုတာ မငြင်းနိုင်ပါဘူး။

***

အမျိုးသားရေးဝါဒကို ထပ်မံသရုပ်ခွဲစရာ​တွေ ရှိနေပါသေးတယ်။ နိုင်ငံကို အခြေပြုတဲ့တိုင်းချစ်ပြည်ချစ်စိတ်ကို Civic Nationalism လို့ သတ်မှတ်ကြတယ်။ အစွန်းရောက်အမျိုးသားရေးဝါဒကို ရယ်ဒီကယ်နေရှင်နယ်လစ်ဇင်နဲ့ သတ်မှတ်ကြတယ်။ လူမျိုးချစ်အမျိုးသားရေးဝါဒကို Ethnic Nationalism လို့ ပြောပြန်တယ်။ အမျိုးသားရေးဝါဒ သရုပ်ခွဲတွေကို နားလည်ထားခြင်းဟာ အထူးလိုအပ်ပါတယ်။ အမျိုးအနွယ်နဲ့ သွေးသားဗီဇကိုပဲ အခြေခံကြည့်နေ တဲ့ အမျိုးသားရေးဝါဒဟာ အတွေးအခေါ်အားဖြင့် ကျဉ်းမြောင်းနေပါလိမ့်မယ်။

အမျိုးသားရေးဝါဒသရုပ်ခွဲကို လေ့လာရင်း၊ တကယ်တော့ လူသားအားလုံးဟာ သွေးနှောတွေချည်းပဲ ဆိုတာလည်း နားလည်လက်ခံထားဖို့ သတိချပ်စေချင်ပါတယ်။ တို့ဘိုးဘေးတွေဟာ အတူနေထိုင်ခဲ့ကြတာ၊ အတူအိပ်ခဲ့ကြတာ။ အမျိုးသားရေးဝါဒက လက်ခံယုံကြည်တဲ့ ကိုယ့်မင်းကိုယ်ချင်းတိုင်းပြည်တည်ဆောက်ရေးဟာ မမှားပါဘူး၊ ဖြစ်သင့်ပါတယ်။ သို့သော်လည်း ကိုယ့်မင်းကိုယ်ချင်းတိုင်းပြည်မှာ မတူသူတွေ မရှိစေရ၊ မတူသူတွေနဲ့ အတူမနေ နိုင်ဘူးဆိုတာမျိုး၊ လူမျိုးသန့်စင်ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုးသာ ပူးဝင်ကပ်ငြိမနေစေဖို့ ဖြစ်ပါတယ်။

မင်းသေ့ ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၁၊ ၂၀၂၂