• Today is: Friday, May 17, 2024

ခွဲထွက်ခြင်း (Secession)

ခွဲထွက်ခြင်း (Secession)

ဉာဏ်ကျယ်လေးဖော်တို့ အတူတူစုပြီး ဘောလုံးမကန်ရတာတောင် ကြာပြီနော်။ အဲ့ဒါကြောင့် ဒီနေ့တော့ ဘောလုံးကန်ဖို့ ချိန်းထားကြတယ်ဆိုပဲ။ ဒါပေမဲ့ တော်တော်ကြာတဲ့အထိ ဆလိုင်းက ရောက်မလာဘူး။

ရှန်တစ်ယောက်တော့ သူ့သူငယ်ချင်းဆလိုင်းကို စောင့်ရင်း ဘယ်နှစ်ခေါက် အကြောလျှော့ပြီးမှန်းတောင် မသိတော့ဘူးထင်တယ်။ ခဏနေတော့ အပြေးတစ်လိုင်း ဟောဟဲလိုက်ပြီး ဆလိုင်းရောက်ချလာပါတယ်။ ဖြစ်ချင်တော့ ဆလိုင်းက တစ်ကိုယ်တော်နောက်ကျတာမဟုတ်ဘဲ အဖွဲ့လိုက် နောက်ကျတာ ဖြစ်နေတယ်။

အဖြစ်က ဒီလို။ ဆလိုင်းက ဒီနေ့တော့ သူ့ဟာသူအသင်းတစ်သင်းဖွဲ့ပြီး ပိုပိုတို့သုံးယောက်နဲ့ ပြိုင်ကစားချင်တာတဲ့။ ပိုပိုတို့လည်း ဆလိုင်း အခုလိုလုပ်လိုက်တာ ရုတ်တရက် မပြောမဆိုဆိုတော့ အံသြပြီး ခဏ စိတ်မကောင်းဖြစ်လိုက်ပေမဲ့ အားလုံးကစားဖို့ သဘောတူထားကြတဲ့အတိုင်း ဘောလုံးပွဲကို မဆိုင်းမတွ စလိုက်ပါတော့တယ်။

ဆလိုင်းက ဒီလိုမျိုး သူ့သဘောဆန္ဒအရ ခွဲထွက်ပြီး ကိုယ့်ဘာသာအသင်းတစ်သင်းထူထောင်လိုက်တာဟာ အစုအဖွဲ့တစ်ခုက ရှိပြီးသားနယ်နိမိတ်တစ်ခုအတွင်းကနေ ခွဲထွက်ပြီး သီးခြားအစုအဖွဲ့တစ်ခု တည်ထောင်တာမျိုးနဲ့ဆင်တူပါတယ်။

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်
မတ် ၂၅၊ ၂၀၂၂