• Today is: Monday, May 20, 2024

အချုပ်အခြာအာဏာခွဲဝေကျင့်သုံးခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပြည်ထောင်စုစနစ်

◉ အချုပ်အခြာအာဏာခွဲဝေကျင့်သုံးခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပြည်ထောင်စုစနစ် ◉

By နော်မေဦးမူတြော်
▬▬▬▬▬▬▬▬▬▬▬

မကြာသေးမီအချိန်က အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)သို့ ရေးသားပေးပို့လာသော သဘောထားမှတ်ချက်ပေးပို့ခြင်း ပါအချက်များနှင့်စပ်လျဉ်း၍ “ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့” ၏ ပြည်ထောင်စုစနစ်နှင့်အာဏာခွဲဝေခြင်းအပေါ် နားလည်ရပ်တည်ချက်များသည် ပြည်ထောင်စု တည်ဆောက်မည်ဟု ရည်ရွယ်သူအားလုံး အထူးသတိထားရမည့် အကြောင်းအရာတစ်ခု ဖြစ်သည်။ စာပါအကြောင်းအရာများသာ မေးခွန်းထုတ်ဖွယ်ဖြစ်သည်မဟုတ်ပဲ အစုအဖွဲ့သည်ပင်လည်းပဲ နိုင်ငံရေးအရ မရှင်းမလင်းနှင့် ရိုးသားမှုအလွန်နည်းသောအမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အစုအဖွဲ့အမည်နာမနှင့်ပတ်သက်၍ သီးခြားဆွေးနွေးရန်လိုအပ်မည်ဟုယူဆပါသည်။ အဆိုပါအစုအဖွဲ့ကပေးပို့လာသော သဘောထားမှတ်ချက်များသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ သို့ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ မူလအဆိုပြုတင်သွင်းထားသော NUG နှင့် ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၊ ပြည်သူ့ညီလာခံနှင့် NUCC အဖွဲ့ဝင်အဖွဲ့အစည်းများအကြား အာဏာခွဲ ဝေခြင်း အပေါ် ကန့်ကွက်ထားခြင်းဖြစ်သည်။

ပြည်ထောင်စုစနစ်တွင်း ပြည်သူလူထုမှအပ်နှင်းသောအချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးခြင်း ဆိုရာတွင် ဒီမိုကရေစီစံချိန်စံနှုန်းများနှင့်အညီ အာဏာထိန်းညှိနိုင်ရန်၊ တာဝန်ယူမှုတာဝန်ခံမှု အားကောင်းစေရန်တို့ကိုသာ ရည်ရွယ်ခြင်းမဟုတ်ပဲ ပြည်ထောင်စုစနစ်၏အနှစ်သာရဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ကိုယ်စားပြုမှုတို့ကိုလည်း ရည်ရွယ်လုပ်ဆောင်ရမည်ဖြစ်ပါသည်။

ကာလအပိုင်းအခြားပေါ်မူတည်ပြီး အာဏာအမျိုးအစားနှင့်ပမာဏကို ခွဲဝေကျင့်သုံးခြင်း ခြားနားနိုင်သည်။ အနှစ်သာရအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်၏သဘောသဘာဝကို ဖေါ်ဆောင်ရန်ဖြစ်သည်။ လူမျိုးများ၏ ဖြစ်တည်မှုနှင့်၎င်းတို့၏ဖြစ်တည်ရာနေရာ သို့မဟုတ် ပြည်နယ်များ၏ ဖြစ်တည်မှုကို မည်သည့် အကြောင်းကြောင့်မှ ဆိုင်းငံ့ထား၍မရသကဲ့သို့ ၎င်းတို့၏ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း မည်သည့် အကြောင်းကြောင့်မှ ဆိုင်းငံ့ထား၍မရနိုင်ပါ။ မည်သည့်အဖွဲ့အစည်း၊ မည်သူတစ်ဦး တစ်ယောက်ကမျှ ဆိုင်းငံ့ထားခြင်း၊ ပိတ်ပင်တားဆီးခြင်း၊ ငြင်းဆန်ခြင်း စသည်တို့ကို မည်သည့် အကြောင်းပြချက်နှင့်မျှ မပြုလုပ်သင့်ပါ။

ထို့ကြောင့် အကန့်အသတ်နှင့်စိန်ခေါ်မှုများသော တော်လှန်ရေးကာလဖြစ်နေသည့်တိုင် ကိုယ်ပိုင် ပြဌာန်းခွင့်နှင့်အချုပ်အခြာအာဏာခွဲဝေကျင့်သုံးခြင်းကို လက်တွေ့အကောင်အထည် ဖေါ်နိုင်ရန် အတွက် နိုင်ငံရေးစိတ်ဆန္ဒမှန်ဖြင့် နည်းလမ်းရှာကြရန် လိုအပ်သည်။

အပြည့်အဝ မဟုတ်သည့်တိုင် ပဋိပက္ခကိုရှောင်ကွင်းနိုင်မည့် အတိုင်းအတာ၊ ပြည်ထောင်စု တည်ဆောက်ခြင်း လုပ်ငန်းများကို သဘောတရားအားဖြင့် သော်လည်းကောင်း၊ လက်တွေ့အားဖြင့် သော်လည်းကောင်း ဖေါ်ဆောင် နိုင်မည့်အတိုင်းအတာ၊ လူမျိုးများနှင့်၎င်းတို့၏ ဖြစ်တည်မှုနေရာ ဒေသများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် သရုပ်ကိုပေါ်လွင်စေမည့်အတိုင်းအတာအထိ (from progressive realization to a better complete union) တော်လှန်ရေးကာလမှစ၍ ပိုမိုပြီးပြည့်စုံသော ပြည်ထောင်စုသစ်ဆီသို့ ခြေလှမ်းသင့်သည်။

ဥပမာ နိုင်ငံခြားနှင့်သံတမန်ဆက်ဆံရေးကိစ္စများနှင့်စပ်လျဉ်း၍ လက်ရှိတော်လှန်ရေးကာလတွင်းပင်
ထိရောက်မှုရှိရန်၊ လက်တွေ့ကျရန် စသည်တို့ကို စဉ်းစားသည့်အခါ နိုင်ငံတကာအသိုင်းအဝန်း ကိုယ်စားလှယ်များအား ကိုယ်စားပြုတွေ့ဆုံမည့်အဖွဲ့သည် လူဦးရေ၊ လူမျိုး၊ အကြောင်းအရာနှင့် မျှော်ရည်သည့်အကျိုးစီးပွား စသည်တို့ကို ကိုယ်စားပြုနိုင်ရန် လိုအပ်သည်။ ထို့ကြောင့် ကိုယ်စားပြုစုဖွဲ့မှုသည် အဆိုပါအချက်များကို အခြေခံပြီး စုဖွဲ့သင့်သည်။ ထိုအခါ NLD/CRPH/NUG တစ်စုတစ်ဖွဲ့တည်းက အကြောင်းအရာအားလုံးကိုဖြစ်စေ၊ လူမျိုးအားလုံးကိုဖြစ်စေ၊ မျှော်ရည်သော အကျိုးစီးပွားကိုဖြစ်စေ အမြဲတမ်းကိုယ်စားမပြုနိုင်ကြောင်း ပေါ်လွင်လာလိမ့်မည်။ ထို့ကြောင့် နိုင်ငံခြားနှင့်သံတမန်ဆက်ဆံရေးများအတွက် ကျစ်လစ်ခိုင်မာသောကိုယ်စားပြုအစုအဖွဲ့ ရှိသင့်သည် ဆိုရာတွင် နိုင်ငံရေးရည်မှန်းချက်တူညီသော မိမိတို့တော်လှန်သောအစုအဖွဲ့များအားလုံး၊ ဘုံရည်မှန်း ချက်တူညီသူအားလုံး၏ ပါဝင်မှုကိုထင်ဟပ်ပေါ်လွင်စေသည့် ကိုယ်စားပြုမှုဖြစ်ရန် အလွန်လိုအပ်လှသည်။ အဆိုပါလုပ်ပိုင်ခွင့်အာဏာများနှင့်စပ်လျဉ်း၍လည်း ယခုတော်လှန်ရေးကာလ၊ စိန်ခေါ်မှုများ သောကာလဟူ၍ ဆင်ခြေဆင်လက်များဖြင့် ကိုယ်စားပြုလုပ်ဆောင်ပိုင်ခွင့်များကို ရှောင်ရှားမည့်အစား မည်ကဲ့သို့ အထိရောက်ဆုံး ဆောင်ရွက်အကောင်အထည်ဖေါ်နိုင်ကြမည်ကိုသာ စဉ်းစားသင့်သည်။

တော်လှန်ရေးအလွန် မိမိတို့ထုဆစ်တည်ဆောက်ကြမည့် ပြည်ထောင်စုနိုင်ငံသစ်ကြီးထဲတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုယ်စီဖြင့်ပါဝင်ကြမည့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏အခန်းကဏ္ဍသည် နိုင်ငံရေးအရ စဉ်ဆက်မပြတ် ဆက်လက်ဆွေးနွေးညှိနှိုုင်းရမည့်ကိစ္စ ဖြစ်သည်။ သို့သော် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအားလုံးသည် မပေါ်ပေါက်သေးသော စိတ္တဇနာမ်များသက်သက် မဟုတ်ပါ။ လူမျိုးများနှင့်၎င်းတို့၏ ဖြစ်တည်ရာဘူမိနက်သန်နယ်မြေများနှင့် ၎င်းတို့နှင့် သက်ဆိုင် သည့်သမိုင်းအသီးသီး ရှိထားပြီးဖြစ်ခြင်းကို မည်သည့်အစုအဖွဲ့တစ်ခုကမျှ ငြင်းဆန်၍မရနိုင်ပါ။ နိုင်ငံရေးအရဆက်လက်ဆွေးနွေးရန်ဆိုသည်မှာ မရှိသေးသော၊ ရှိလာမည်ဖြစ်သော၊ ရှိရန်လိုအပ်သော ပြည်နယ်များအကြောင်းဖြစ်သည်။ ဥပမာ- မိမိတို့စုဖွဲ့တည်ဆောက်ကြမည့်ပြည်ထောင်စုအတွင်း ဗမာ (လူမျိုးအခြေပြု) ပြည်နယ်ပေါ်ထွန်းရေးသည် နိုင်ငံရေး၊ လူမျိုးရေးလိုအပ်ချက်သက်သက်သာ မဟုတ်ဘဲ ပြည်ထောင်စုတည်ဆောက်ရေးအတွက် နည်းပညာပိုင်းလိုအပ်ချက်တစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုတည်ဆောက်မည်ဟု အမှန်တကယ်ဆိုလိုပါလျှင် ဗမာလူမျိုးများအနေဖြင့် အဆိုပါလိုအပ်ချက်ကို လေးလေးနက်နက်စဉ်းစားကြရန်လိုအပ်ပါသည်။ “တိုင်းရင်းသားတွေပဲ ပြည်နယ်ယူကြပါ၊ ကျနော်တို့ဗမာတွေပြည်နယ်မယူဘူး “ ဟု ရယ်မောပြောဆိုခြင်းသည် သဘောထားကြီးသယောင်ဟန်ဆောင်နေခြင်းထက် ပြည်ထောင်စုကို ငြင်းဆန်နေခြင်းဖြစ်သည်။

ဗမာပြည်နယ်နှင့်အတူ အခြားမပေါ်ပေါက်သေးသောပြည်နယ်များကိစ္စမှလွဲ၍ လက်ရှိ ကရင်၊ ကရင်နီ၊ မွန်၊ ကချင် စသောတိုင်းရင်းသားပြည်နယ်များ၏ဖြစ်တည်မှုကို မသိကျိုးကျွံပြု၍ “ပြည်နယ်များနှင့် ဖက်ဒရယ် ယူနစ်များ၏သဘောထားများ ယခုအချိန်အထိပေါ်ပေါက်လာခြင်း မရှိသေးသည့်အတွက် နောင် ပေါ်ပေါက်လာသည့်အခါမှသာ … “ ဟု ပြောဆိုရေးသားခြင်းသည် လက်ရှိ လူမျိုးအခြေပြု တော်လှန်ရေးအဖွဲ့အစည်းများကို ဆဲဆိုစော်ကားလိုက်ခြင်းနှင့်ညီမျှသည်။ ဥပမာ – ကရင့်တော်လှန်ရေး ကို ဦးဆောင်သော ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူသည် ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည်။ ဤနေရာတွင် ကေအဲန်ယူခေါင်းဆောင်တစ်ဦးတစ်ယောက်၏ပုဂ္ဂလိကအမြင် ကွဲလွဲနိုင်သော်လည်း ကေအဲန်ယူ၏နိုင်ငံရေးရည်မှန်းချက်နှင့်မူဝါဒလမ်းစဉ်အားလုံးသည် တစ်မျိုးသားလုံး၏နိုင်ငံရေးရည်မှန်းချက်ကို ကိုယ်စားပြုသည်။

ကေအဲန်ယူ၏အာဏာခွဲဝေရေးဆိုင်ရာအဆိုတင်သွင်းမှုသည် ပြည်ထောင်စုဆီသို့ချီတက်နေသည့် တော်လှန်ရေးအင်အားစုများအနေဖြင့် မဖြစ်မနေလေ့ကျင့်စဉ်းစားရမည့်ကိစ္စဖြစ်သည်။ အာဏာခွဲဝေ ကျင့်သုံးရေးကို ဆွေးနွေးရန် ဆိုင်းငံ့ခြင်းသည် ပြည်ထောင်စုတည်ဆောက်ရန်ဆိုင်းငံ့ခြင်း ဖြစ်သည်။

လူမျိုးကြီးဝါဒနှင့်အစွန်းရောက်ဘာသာရေးကိုအခြေခံသော အာဏာရှင်စနစ်ကို တော်လှန် ကြသည့် အစုအဖွဲ့များအကြား လက်ရှိတော်လှန်ရေးအခင်းအကျင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ “လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) “ နှင့် တော်လှန်ရေးကာလအမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့သည် နောက်ဆုံးမှ ပါဝင်လာသည့်အစုအဖွဲ့များဖြစ်သည်။ ၎င်းတို့၏ ပြည်ထောင်စုစနစ် အပေါ်သဘောထား၊ မြန်မာ့နိုင်ငံရေးပြဿနာနှင့်ပြည်တွင်းစစ်တို့အပေါ်အမြင်နှင့်သုံးသပ်ချက်များ စသည်တို့သည် အထူးသဖြင့်ဗမာမဟုတ်သောအခြားသောတော်လှန်ရေးအစုအဖွဲ့များ၏ အမြင်၊ သုံး သပ်ချက်နှင့်ရပ်တည်မှုများဖြင့် အခါအားလျော်စွာ ကွာဟမှုရှိနေသည်။ အချို့သော ကွာဟမှုများသည် တော်လှန်ရေးကာလအတွင်းမပြောလောက်သော်လည်း အချို့ကွာဟမှုများမှာ မိတ်တစ်ဝက်၊ ရန်တစ်ဝက်ဖြစ်စေသော ကွာဟမှုများ ဖြစ်နေသည်။

လူမျိုးကြီးဝါဒနှင့်အာဏာရှင်စနစ်ကို တော်လှန်နေသောအင်အားစုအဖွဲ့အစည်းများဆီသို့ ခိုလှုံလာသော ၎င်းအစုအဖွဲများကို အိမ်ရှင်ကဲ့သို့တစ်မျိုး၊ တော်လှန်ရေးမိတ်ဖက်ကဲ့သို့တစ်ဖုံ လက်ခံပံ့ပိုးဖြည့်ဆီးပေး နေသော်လည်း အာဏာရှင်ကိုစုပေါင်းတော်လှန်အမြစ်ဖြတ်ကြမည်၊ ပြည်ထောင်စုကိုစုပေါင်းထုဆစ် တည်ဆောက်ကြမည်ဟု ဆိုရာတွင် ပုဂ္ဂိုလ်ရေးဆန်လွန်းသော ၎င်းတို့၏ဘုံရန်သူသတ်မှတ်ချက်သည် ကွဲလွဲများအားလုံး၏အခြေခံဖြစ်သည်။ မင်းအောင်လှိုင်နှင့် စကစ သာလျှင် ဘုံရန်သူဟုဆိုသောအစုအဖွဲ့နှင့် လူမျိုးကြီးဝါဒကိုအခြေခံသောအာဏာရှင်စနစ်သည် နိုင်ငံရေးပြဿနာများနှင့်ပြည်တွင်းစစ်၏ အရင်းအမြစ်ဖြစ်သည်ဟု သုံးသပ်သည့်အဖွဲ့များအကြား အနာဂတ်ပြည်ထောင်စုပေါ်ထွန်းနိုင်ရေး အလားအလာသည် ရင်လေးဖွယ်အတိဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လက်ရှိတော်လှန်ရေးကာလနိုင်ငံရေးအခင်းအကျင်းအတွင်းမှ အခြေအနေ တစ်ခုကို (ပြည်ထောင်စုစနစ်နှင့်ပြည်ထောင်စုအနစ်သာရတို့ဖြင့် တိုက်ရိုက်ပတ်သက်နေခြင်းကြောင့်) သုံးသပ်ဆွေးနွေးခြင်း ဖြစ်ပါသည်။ ဤသုံးသပ်ဆွေးနွေးမှုသည် အမျိုးသာားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ “လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) “ နှင့် တော်လှန်ရေးကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ စဉ်းစားရန်အတွက်ကို အထူးရည်ရွယ်သည်။ မတန်တရာတိုင်းပြည်အာဏာကိုသိမ်းပိုက်ထားသည်ဟု ၎င်းတို့ယူဆသောအစုအဖွဲ့များလက်မှ တိုင်းပြည်အာဏာကို ပြန်လည်ရယူလိုစိတ်တစ်ခုတည်းဖြင့် နှစ်ပေါင်းခုနှစ်ဆယ်ကျော်သွေးချွေးရင်း တော်လှန်နေကြသောအစုအဖွဲ့များကို ခုတုံးလုပ်ခြင်းမျိုး၊ လမ်းကြုံ၍လှေကြုံကပ်စီးခြင်းမျိုးသဘော သက်ရောက်မည့် အပြုအမူအတွေးအခေါ်များကို ရှောင်နိုင်ရန်ရည်ရွယ်ပါသည်။

ပြည်တွင်းစစ်အဆုံးသတ်နိုင်ရေးနှင့် ပြည်ထောင်စုသစ်ပေါ်ထွန်းရေးသည် ဗမာနိုင်ငံရေးသမားများ၏ နိုင်ငံရေးရိုးသားမှုအပေါ်တွင် အလွန်မူတည်နေပါသည်။ စဉ်းစားနိုင်ကြပါစေ။

▬▬▬▬▬▬▬▬▬▬▬
(Naw May Oo – Mutraw is a graduate of San Francisco State University and of Indiana University School of Law in Bloomington, reading constitutional law and federalism. She was a Snyder International Law Research Scholar at the Lauterpatch Research Center for International Law at the University of Cambridge, working in public health law and human rights. Currently, she is a senior policy advisor with the Salween Institute for Public Policy and an advisor to the Karen National Union (KNU).)