• Today is: Sunday, May 19, 2024

တော်လှန်ရေးအဆုံးအဖြတ်များ

တော်လှန်ရေးအဆုံးအဖြတ်များ

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးတဲ့အချိန်က စပြီး တော်လှန်ရေးပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရပြီး  လက်ရှိအချိန်အထိ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်လာရေး ဆိုသည့် အဆုံးအစွန်သော ပန်းတိုင်ကို မရောက်နိုင်သေးပေ။ နွေဦးတော်လှန်ရေးသည် ထိုတော်လှန်ရေးပေါင်းများစွာထဲက တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြတ်ကျော်ခဲ့သော သို့မဟုတ် လျှောက်လှမ်းလျက်ရှိသော တော်လှန်ရေးသည် အမျိုးအစားအားဖြင့် နိုင်ငံရေးစနစ်နှင့် အမျိုးသားရေးအခြေပြုတော်လှန်ရေးများ ဖြစ်ကြသည်။ ထပ်မံ ခွဲဖြာကြည့်မည်ဆိုလျှင် (၁) ပင်လုံစာချုပ်ပါ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မရရှိတာကြောင့် ဗမာမဟုတ်သော အမျိုးသားယူနစ်များ ( တိုင်းရင်းသား အစုအဖွဲ့များ) သည် မိမိတို့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးအတွက် စစ်တပ်နှင့် လူမျိုးကြီးဝါဒကို လက်ကိုင်ထားသည့် နိုင်ငံရေးခေါင်းဆောင်များကို တစိုက်မတ်မတ် ခုခံနေသော နိုင်ငံရေးစနစ်နှင့် အမျိုးသားရေး အခြေပြု တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ (၂) လူ့အခွင့်အရေးနှင့် လူတန်းစား အခွင့်အရေးအတွက် တောင်းဆို တွန်းလှန်နေသော တော်လှန်ရေးအဖွဲ့အစည်းများ၊ (၃) နိုင်ငံရေးစနစ် အခြေပြု တွန်းလှန်နေသော အဖွဲ့အစည်းများနှင့် (၄) စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးစနစ်နှင့် အစိုးရယန္တရား ပျက်စီးပြိုကျမှုကြောင့် ပြည်သူတရပ်လုံး တွန်းလှန်ပုန်ကန်သည့် တော်လှန်ရေး အဖွဲ့အစည်း များ ( ရေတိုသို့မဟုတ် ရေရှည်လည်း ဖြစ်နိုင်) ဟူ၍ ပိုင်းခြားနိုင်သည်။

လက်ရှိနွေဦးတော်လှန်ရေး၏ ထူးခြားချက်သည် တစ်နှစ်ကျော်ကြာသည်အထိ တစိုက်မတ်မတ် တွန်းလှန်နေသော မြေပေါ်မြေအောက် တော်လှန်ရေးဘက်တော်သားများ ဆက်လက်တည်ရှိနေသလို တော်လှန်ရေးလှုပ်ရှားမှုကြီးလည်း အသက်ဝင်လှုပ်ရှားနေဆဲ ဖြစ်သည်။ အထူးခြားဆုံးအချက်တစ်ခုအနေနဲ့ ဗမာလူမျိုးအခြေပြု တော်လှန်ရေးတပ်တော်တစ်ခု ထွက်ပေါ်လာခြင်းသည် မြန်မာနိုင်ငံရေးအတွက် လစ်ဟာနေ‌သော ဗမာတိုင်းရင်းသားအခြေပြုအမျိုးသားနိုင်ငံရေး အစပျိုးမှုကြီး ဖြစ်ပေါ်လာတာကြောင့် နောက်နောင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြား ချုပ်ဆိုသော စာချုပ်များနှင့် သဘောတူညီချက်များတွင် ဗမာတိုင်းရင်းသားအသံများပါဝင်လာမည်ဖြစ်တာကြောင့် ပြီးပြည့်စုံသည့် ပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားပြုသော စာချုပ်စာတမ်းများဖြစ်ပေါ်လာမည် ဖြစ်ပြီး ပြည်ထောင်စု တပ်မတော်ဟု အမည်ခံထားသော အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဖြိုလှဲ အစားထိုးနိုင်မည့် တိုင်းရင်းသား အလုံးစုံပါဝင်သော ဖက်ဒရယ်စစ်တပ်ကြီးတစ်ခုကို စုပေါင်းဖွဲ့စည်းတည်ထောင်နိုင်မည် ဖြစ်သည်။

နွေဦးတော်လှန်ရေး၏ ဒုတိယထူးခြားချက်အနေနှင့် ရှိရင်းစွဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမား အများစုက တိုင်းပြည်တဝှမ်းလုံးမှ လူငယ်များကို စစ်ပညာနှင့် ကိုယ်ခံ ပညာကို သင်ကြားပေးသည့်အပြင် ခိုလှုံရာနေရာနှင့် လက်နက်ကိုင်တော်လှန်ရေးကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးထားပြီး တော်လှန်ရေး တစ်ခုလုံးကို ထိန်းညှိပေးရုံမှသာ ဆောင်ရွက်ပေးပြီး တော်လှန်ရေးကို လူငယ်တွေ လက်ထဲ တစ်စုံလုံး အပ်နှံထားသည်။

တတိယထူးခြားချက်အနေနှင့် လက်ရှိတော်လှန်ရေးကိုဦးဆောင်နေသော လူငယ်များသည် လက်လုပ် သေနတ်များနှင့် မိုင်းများကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သည့်အပြင် ကုန်ကြမ်းပစ္စည်းများကိုလည်း ကျွမ်းကျင်စွာ ထုတ်လုပ်နိုင်သည့်အတွက် လက်နက်ခဲယမ်းစုဆောင်းခြင်းအတွက် အချိန်ဆိုင်းစရာမလိုဘဲ ရရာလက်နက်နှင့် ကောင်းမွန်စွာ တော်လှန်ရေးကို တောင့်ခံထားနိုင်သည်။ နည်းပညာနှင့် ချိတ်ဆက် လှုပ်ရှားဆောင်ရွက်နိုင်မှုတို့သည် လက်ရှိတော်လှန်ရေး၏ အားသာချက်ဖြစ်သည်။ ထိုထူးခြားချက် သုံးခုသည် တော်လှန်ရေးအတွက် အပြုသဘောဆောင်ပြီး တော်လှန်ရေး လျင်မြန်စွာ ပြီးစီးနိုင်ဖို့နှင့် အောင်ပွဲရဖို့အတွက် အထောက်အပံ့ဖြစ်စေသည်။

နွေဦးတော်လှန်ရေးသည် မြေပေါ်သပိတ်နှင့် မြေအောက်လက်နက်ကိုင်တော်လှန်သည့် လမ်းနှစ်သွယ်ကို တပြိုင်နက်အသုံးပြုပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတာ ဖြစ်တာကြောင့် အလွန်တရာ အန္တရာယ်များလှသလို၊ တော်လှန်ရေးရဲဘော်များ ဖမ်းဆီးခံရမှုနှုန်းနှင့် ပျောက်ရှသေဆုံးမှုနှုန်း၊ ပြည်သူများ အိုးမဲ့ အိမ်မဲ့ ဖြစ်မှုနှုန်းနှင့် စစ်ဘေးရှောင်အရေအတွက်ဟာ အလွန်တရာ များပြားလွန်းလှသည်။ သတိချက်ရမည်မှာ လက်ရှိရင်ဆိုင်နေရသော ရန်သူသည် အာဏာစက်ကို အလွန်တရာမက်ပြီး အခါခါ စစ်အာဏာသိမ်းဖူးသည့်အပြင် ပြည်သူအပေါ် သနားညှာတာစိတ်ကင်းမဲ့စွာ ရက်ရက်စက်စက် သတ်ဖြတ် မီးရှို့ရဲသည့် လူ့ဘီလူးများ ဖြစ်သည်။

ရန်သူ၏ အားသာချက် အားနည်းချက်ကို နှောကြေ‌အောင်သိပြီး ရန်သူကို အပြတ်ဖြုတ်နိုင်မဲ့ ပစ်မှတ်ကို သိခြင်းသည် တော်လှန်ရေး အောင်မြင်ခြင်း၏ လမ်းစဖြစ်သည်။ ရန်သူသည် တိုင်းပြည့်ဘဏ္ဘာငွေများနှင့် နှစ်ပေါင်းများစွာ စစ်လက်နက်များကို စုဆောင်းထားသည်ကို မမေ့အပ်ပေ။ ထို့အပြင် ရုရှား၊ တရုတ်စသော စစ်အင်အားကြီးနိုင်ငံများ ကျောထောက်နောက်ခံ ပြုပေးထားသည်ကိုလည်း မမေ့အပ်ပေ။ ရန်သူသည် ကာလတလျှောက်လုံး နိုင်ငံရေးမျက်နှာစာတွင် အလွန်တရာအားနည်းပြီး၊ စစ်ရေးတွင် အလွန်အင်အား တောင့်တင်းလျက်ရှိသည်။ ထို့ကြောင့် စစ်ရေးအနေနှင့် ချိနဲ့အောင် လုပ်ပြီး စစ်တပ်၏ နိုင်ငံရေးကို အပြီးတိုင် စွန့်လွတ်ရန် လုပ်ဖို့လိုသည်။

နွေဦးတော်လှန်ရေးကို ဦးဆောင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံရေးမျိုးဆက်များနှင့် မြေပြင်တွင် ကိုယ်တိုင်ကိုယ်ကျတော်လှန်နေသော လူငယ်များ၏ အားနည်းချက်၊ အားသာချက်ကို သိဖို့ လိုအပ်သည်။ တော်လှန်ရေးမဟာမိတ်အပေါ် သစ္စာရှိစွာနှင့် ရင်ချင်းအပ် ပူးပေါင်းဆောင်ရွက်ဖို့ လိုသလို မိမိအားနည်းသည့်အပိုင်းနှင့် ရန်သူကို မရင်ဆိုင်မိအောင် သတိချပ်ဖို့ လိုပါသည်။ တော်လှန်ရေး၏ အနှစ်သာရသည် မင်းအောင်လှိုင်စစ်တပ်တစ်ခုလုံးတစ်ယောက်မကျန် သေကြေဖို့ထက် တနိုင်ငံလုံး ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး၊ ပြည်ထောင်စုဖွားများအားလုံးလိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ အရေးကြီးသည်။

အရေးကြီးဆုံးအချက်အနေနှင့် အချိန်ကာလကန့်သတ်ချက်ကို တော်လှန်ရေးဦးဆောင်နေသူများနှင့်၊ မူဝါဒရေးဆွဲအကောင်အထည်ဖော်သူများအားလုံး အလေးအနက်ထားစဉ်းစားဆင်ခြင်ပြီး အချိန်နှင့် တပြေးညီ ပြက္ခဒိန်ကျ အလုပ်လုပ်တတ်ဖို့ လိုအပ်ပါသည်။ ရန်သူခြေအလှုပ်ကို စောင့်ကြည့်ပြီး ရန်သူ၏ မှားယွင်းသော ခြေလှမ်းများကို အခွင့်ကောင်းယူပြီး အလဲထိုးနိုင်ဖို့လိုအပ်သလို မိမိအင်အားမချိနဲ့အောင် မထိပါးသွားအောင် ဗျူဟာကျ အင်အားသုံးနိုင်ဖို့လိုအပ်ပါသည်။

လက်ရှိအခြေအနေတွင် တော်လှန်ရေးအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် တော်လှန်ရေး အစိုးရပီသစွာ ကျစ်လျစ်ခိုင်မာအားကောင်းသော အစိုးရအသွင်လုံးလုံးလျးလျား မပေါ်ပေါက်သေးသလို၊ တော်လှန်ရေးအတွက် လိုအပ်သော ရှင်းလင်းပြတ်သားသည့်လမ်းညွှန်မှုနှင့် လက်တွေ့ကျပြီး အထိအခိုက် အနည်းဆုံးနှင့် အောင်မြင်မှုအမြင့်ဆုံးလမ်းကြောင်းကို ချပြပြီး နိုင်ငံရေးဦးဆောင်မှုကို နိုင်နင်းစွာ ပေးဖို့လို အပ်ပါသည်။ လက်နက်ကိုင်တော်လှန်ရေးသည် လူ့အသက်ပေါင်းများစွာနှင့် သက်ဆိုင်ပြီး ပြည်သူအားလုံး ၏အသက်အန္တရာယ်နှင့်လုံခြုံရေးကို လောင်းကြေးထပ်ထားရသည့်အတွက် အချိန်တိုအတွင်း တော်လှန်ရေး ကို အောင်မြင်စွာ အဆုံးသတ်နိုင်ဖို့ လိုလားသည့်နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်နိုင်ဖို့ အချိန်နှင့် တပြေးညီ ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက် ဆောင်ရွက်ဖို့ လိုအပ်ပါသည်။

မြေပြင်၏ ကျဆုံးထိခိုက်မှုများသည် ကိန်းဂဏာန်းမျှသာ မဟုတ်ဘဲ ပြည်သူများ၏ဘဝအနှစ်သာရများ ဖြစ်သည်ကို တော်လှန်ရေးမူဝါဒများကို ရေးဆွဲနေသောအမျိုးသားအတိုင်အပင်ခံကောင်စီနှင့် မူဝါဒများကို အကောင်အထည်ဖော်နေသော အမျိုးသားညီညွတ်ရေးအစိုးရတို့ အလေးအနက်ထား သတိချပ်ဖို့ လိုအပ်ပါသည်။ ရန်သူကို ချေမှုန်းဖို့ တိကျသော လမ်းစဉ်လိုအပ်သလို မဟာမိတ်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အရင်းခံစိတ်နှင့် ညှိနှိုင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လိုလားမှုအပြည့်နှင့် အမြန်ဆုံးတည်ဆောက်နိုင်ဖို့ လိုအပ်သည်။ ပြည်သူများသည် ရှင်းလင်းသော ရလဒ်များကို တွေ့မြင်လိုနေကြပြီဖြစ်သည်။

အနှစ်ချုပ်အနေနှင့် မိမိအားသာသော နိုင်ငံရေးမျက်နှာစာနှင့် မဟာမိတ်မျက်နှာစာကို ကောင်းမွန်စွာ တည်ဆောက်ပြီး ရန်သူ၏အားသာချက်ဖြစ်‌သော စည်းကမ်းမဲ့ အကြမ်းဖက်လုပ်ရပ်များကို ရှောင်ကွင်းနိုင်ပြီး လက်နက်ကိုင်တော်လှန်ရေးကို စစ်ကျင့်ဝတ်နှင့်အညီ၊ လူ့ဂုဏ်သိက္ခာရှိစွာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်နိုင်ဖို့ အရေးကြီးသည်။ တော်လှန်ရေးခေါင်းဆောင်များအနေနှင့် ရန်သူခြေလှမ်းကို အသေးစိတ် စောင့်ကြည့်ပြီး အချိန်ကာလနှင့် တပြေးညီ မဟာဗျူဟာများကို ရေးဆွဲပြီး စစ်ရေး၊ နိုင်ငံရေးကို ကောင်းမွန်စွာ လှုပ်ရှားနိုင်ဖို့ လိုအပ်သည်။ လက်ရှိပကတိတရားကို အခြေခံပြီး အောင်မြင်သောတော်လှန်ရေးဖြစ်ရန် အရွေ့များကို လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါသည်။

ကံ့ကော်ဖြူ ရေးတယ်။

ဖက်ဒရယ်ဂျာနယ်
ဧပြီ ၂၇၊ ၂၀၂၂