• Today is: Monday, May 13, 2024

နေ့စဉ်သတင်းအကျဉ်း

ဇွန်လ – ၇ – ၂၀၂၂ ခုနှစ်

  • ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နိုင်ငံတော်အာဏာကို စစ်တပ်မှ မတရားသိမ်းယူပြီး နောက် ပြည်သူလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအပေါ် အာဏာသိမ်းစစ်ကောင်စီတပ်မှ အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ ဇွန်လ(၇)ရက်နေ့ထိ အသက်သေဆုံးခဲ့ရသည့် ပြည်သူ (၁၉၀၅)ဦး ထိရှိခဲ့ကြေင်းသိရသည်။ ထို့အပြင် မတရားဖမ်းဆီးခံရသူ ( ၁၄၀၁၈ )ဦးထိ ရှိခဲ့ပြီး လက်ရှိချိန်ထိ (၁၀၉၆၂)ဦးအထိ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရသည်။

 

  • အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်မှုမရှိတဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ အောင်ဆန်းဦး အပါအဝင် ဝန်ထမ်းရှစ်ဦးကို ကန်ပက်လက်မြို့ပေါ်ကနေ နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ ကန်ပက်လက် CDF က ပြောပါတယ်။ ကန်ပက်လက်မြို့ခံဝန်ထမ်းတွေရော တခြားမြို့က ဝန်ထမ်းတွေကိုပါ နယ်နှင်ဒဏ်ပေးလိုက်တာလို့ ကန်ပက်လက် CDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထွန်းလိဏ်းထန်း က ဒီနေ့မှာ RFA ကို ပြောဆိုထား ကြောင်းသိရပါတယ်။ နယ်နှင်ဒဏ်ပေးခံရသူများမှာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဦး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနဲ့ စာရင်းအင်း ဦးစီးဌာနက ဦးစီးမှူး ဦးဗန်တိုး၊ ခေါနူးသုမ် အမျိုးသားဥယျာဉ် တောအုပ် ဦးထွန်းတင်၊ အလယ်တန်းကျောင်းအုပ် ဆရာကြီး ဦးအေးမောင်၊ မြို့နယ်ပညာရေးမှူးရုံးက စာရေး ဒေါ်အွမ်ရောင်၊ အလယ်တန်းပြဆရာ ဦးရွှီးလိန်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနဲ့ စာရင်းအင်း ဦးစီးဌာနမှ ဒေါ်သူဇာအေးနှင့် ဒေါ်ရှင်းကီးလိန်းတို့ ဖြစ်ကြပါတယ်။

 

  • ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ​မိုးဗြဲမြို့တွင် ယနေ့ မနက် ၈ နာရီခန့်က စတင်ကာ စစ်ကောင်စီတပ်နှင့် KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် ပြည်သူ တစ်ဦး ဒဏ်ရာရကာ တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်များ အရ သိရသည်။ ” မနက် ၈ နာရီလောက်ကတည်းက တိုက်ပွဲတွေစဖြစ်နေတာ။ ခုနေ့လည်အထိပဲ ပစ်ခတ် နေကြတာ။ လေယာဥ်သံတွေလည်း ကြားနေရတယ် ” ဟု မိုးဗြဲမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ သေဆုံးသူမှာ အသက် ၆၀ ဝန်းကျင် ဒေသခံအမျိုးသမီးဖြစ်ပြီး ဒဏ်ရာရရှိသူ ၂ ဦးမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း Mobye Rescue Team ထံမှ သိရသည်။

 

  • ယနေ့မနက် ၈ နာရီ မိနစ် ၂၀ အချိန်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ လက်ပံပင်အုပ်စု ဘုရားလေးလမ်းခွဲကြား၌ စစ်ကောင်စီတပ် နှင့် PDF များ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တပ်ရင်း – ၃၊ သထုံခရိုင်က သတင်းထုတ်ပြန်ထား သည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ကားတစ်စီးပျက်ဆီးခဲ့ကာ ဒဏ်ရာရရှိသူ ၁၅ ဦးခန့်အထိ ရှိခဲ့သော်လည်း PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

  • ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေသည့် Non CDM များကို ပြင်းပြင်ထန်ထန် အရေးယူတော့မည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) (CDF – Matupi)က ဇွန်လ ၆ ရက် ယမန်နေ့တွင် အသိပေး ထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေး ယန္တရားအား အသက်သွင်းရန် ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက် နေသည့် Non CDM များနှင့် အားပေးအားမြှောက်ပြုနေသူများကို အသိပေးခြင်းဖြစ်ကြောင်း ဆိုသည်။ NUG ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့် မတူပီပညာရေးဘုတ်အဖွဲ့ (MEB) သည် ကလေးငယ်များ ပညာရေး နောက်ကျခြင်းမရှိစေရန် ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းများဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဆိုသည်။

 

  • ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ဥာဏ်ကြီးရှင်ကော်ဖီစက်ရုံမှ အလုပ်သမား ၇ ဦးကို စစ်ကောင်စီက သံသယရှိလို့ဆိုပြီးဖမ်းဆီးခေါ်ဆောင်သွားရာမှ ဇွန်လ ၆ ရက်နေ့က ၆ ဦးကိုပြန်လွတ်ပေးခဲ့ကြောင်း သိရ ပါတယ်။ အလုပ်သမား ၇ ဦးကို ဇွန်လ ၅ ရက်နေ့ ည ၈ နာရီအချိန်မှာလာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇွန်လ ၆ ရက်ညက ခြောက်ဦးကိုပြန်လွတ်ပေးပေမယ့် တစ်ဦးကို ဖမ်းဆီးထားဆဲလို့သိရပါတယ်။ ” မိန်းကလေးတစ်ယောက်ထဲကျန်ခဲ့တော့ စိုးရိမ်မှုပိုရှိရတယ်၊ စစ်ဆေးဖို့ကျန်နေသေးလို့မလွတ်သေး တာလို့ပြောတယ်” လို့ နီးစပ်နေထိုင်သူတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးစုစုပေါင်း ၇ ဦးကြောင်းသိရပါတယ်။

 

  • မွန်ပြည်နယ်၊ သထုံမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၉) ဝီယော်စခန်း နဲ့ KNLA ပူးပေါင်း တပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့စဥ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ကေအဲန်ယူ ဒူးသထူးသထုံခရိုင်က ထုတ်ပြန် ပါတယ်။ အခုလို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေကြောင့် မေ ၁ ရက်နေ့ကနေ ဇွန် ၆ ရက်အထိ ဘေးလွတ် ရာကို ထွက်ပြေးနေရတဲ့ဒေသခံတွေရဲ့အရေအတွက်ဟာ များပြားလာခဲ့တာလည်း ဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်သူအများစုဟာ နီးစပ်ရာကျေးရွာ၊ မြို့တွေကို ထွက်ပြေးကြပေမယ့် ဆွေမျိုးမရှိ သူတွေအတွက်ကတော့ တောတောင်တွေထဲကို ထွက်ပြေးနေရတာပါ ။

 

  • ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်လင်းလေးမြို့၌ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသူများကို ဖမ်းဆီးခဲ့ ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၁၄ က ယနေ့(ဇွန် ၇ ရက်) ထုတ် ပြန်သည်။ ဖြစ်စဥ်မှာ ယမန်နေ့က ပိန်းချစ်ကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ်ဖောက်ကာနေ သည်ဟု သတင်းရရှိသဖြင့် KNDF တပ်ရင်း – ၁၄နှင့် ကရင်နီပြည်ရဲဌာန(KSP)ပူးပေါင်းအဖွဲ့မှ ဝင်ရောက် ဖမ်းဆီးခဲ့ရာ ကျေးရွာနေ မောင်ခူရီအပါအဝင် ငါးဦးကို WYဆေးပြား ၃၂၄ ပြား ၊ ငွေစက္ကူ နှင့် ဖုန်းသုံးလုံး အပါအဝင် အခြားသော သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။ ဖမ်းဆီးရမိ သူ များနှင့် သက်သေခံပစ္စည်းများကို ကရင်နီပြည်ရဲဌာန KSPထံသို့ အပ်နှံခဲ့ကြောင်းလည်း KNDF က အသိပေးသည်။

 

  • အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားဥပဒေနှင့်အညီ အရေးယူ အပြစ်ပေး နိုင်ရန် နှင့် ကြားကာလ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်နိုင်ရန် ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ လက်မှတ်ထိုး ထုတ်ပြန်သည်။ ဒုစရိုက်မှုများနှင့် တရားဥပဒေမဲ့ ပြုကျင့်သူများကို ပြည်သူလူထုနှင့်ပူးပေါင်း၍ တားဆီးရန်၊ ပြည်သူ တရပ် လုံး ယုံကြည်လက်ခံသော ရဲတပ်ဖွဲ့အဖြစ် စတင်အခြေပြုပုံဖော်၍ ပြည်သူလူထုအတွက် တရားဥပဒေနှင့် အညီ ဝန်ဆောင်မှုပေးသည့် ရဲတပ်ဖွဲ့ဖြစ်စေရန် ‘ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေ’ နှင့်အညီ ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

  • တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ၏ လက်အောက်ရှိ တအာင်း အမျိုးသားပညာရေးကော်မတီ (TNEC) က ယခုပညာသင်နှစ်အတွက် ၎င်းတို့စစ်ဒေသအတွင်း စာသင် ကျောင်းပေါင်း ၁၃၀ ကျော်ဖွင့်လှစ်ထားကြောင်း TNLA ၏ ပြည်သူ့ဆက်ဆံရေးစင်တာက ယနေ့၌ ပြည်သူများထံ အသိပေးထုတ်ပြန်ထားသည်။ TNLA ၏ ရှမ်းပြည်နယ်‌မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ၎င်းတို့စစ်ဒေသအတွင်း TNECမှ ကျောင်းစတင်ဖွင့်လှစ်သည့် ယမန်နေ့၊ ဇွန်လ ၆ ရက်က ‌စာသင်ကျောင်း ပေါင်း ၁၃၀ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

  • ကရင်နီပြည်နယ်၊ ဒီးမောဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတခုမှ ကလေးငယ်များအတွက် ကျောင်းသုံး လွယ်အိတ်များကို အဝေးရောက် မကွေးသူ၊ မကွေးသားများက ယနေ့ ဇွန်လ ၇ ရက်တွင် ကူညီထောက်ပံ့ ပေးကြကြောင်း သတင်းရရှိသည်။ စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ကရင်နီဒေသခံ များမှာ တောတောင်တွင်းရှိ စစ်ရှောင်စခန်းများတွင် တိမ်းရှောင်နေကြရသည်မှာ ၁ နှစ်ကျော် ကြာမြင့်နေ ပြီဖြစ်သည်။

 

  • အင်တာနက်ဖြတ်တောက်ခံရတာ ၉ လကျော်ရှိပြီဖြစ်သည့် ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဇွန်လ ၇ ရက် နေ့ KIA PDF NUG ထောက်ခံပွဲနှင့် အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေး သပိတ် ပြုလုပ်ကြသည်။ ဆန္ဒပြ ပြည်သူများက KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်း ဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့မင်း အောင်လှိုင်အဖွဲ့ အသေဆိုး နဲ့သေပါစေ၊ စစ်ခွေးတွေ ကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်း ပါဝင်စို့ ၊ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွတ်၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည် စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ကြသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၇ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ယနေ့ ဇွန်လ ၇ ရက်နေ့တွင် “NUG ရဲ့အားအင် PDF ကမောင်းတင် ပြည်သူတွေကဆန့်ကျင် အာဏာရှင်ကိုအမြစ်ဖြတ်ကြ” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဇွန်လ ၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ မုံရွာတွင် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် လက်ပံတောင်းတောင် ပင်မသပိတ် စစ်ကြောင်းတို့ ပူးပေါင်းပြီး ဆားလင်းကြီးမြို့ပေါ်တွင် “ငါတို့ အားလုံးသည် ကိုဂျင်မီနှင့် ကိုဇေယျာသော်”  ဆိုသည့် စာသားကို ကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပျောက်ကြားသပိတ်စစ်ကြောင်းတစ်ခု ယနေ့ နံနက်ပိုင်း ပြုလုပ်သည်။

 

  • မုံရွာ လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၇ ရက်နေ့တွင် ” ကျွန်ပညာရေး တို့အားမပေး ပညာတန်ဆောင် အလင်းရောင် ဖက်ဒရယ်ခေတ်ကို တို့ထူထောင်” စာတန်း ကိုင်ဆောင်ကာ စစ်ကျွန် ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့်ဆားလင်းကြီးကျေးရွာများမှ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် ဖြုတ်ချရေးအတွက် ယနေ့ ချီတက် သပိတ်မှောက်ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစု၏ ၅/ကနန စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ကြောင်း သိရှိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ ဇွန်လ ၇ ရက်နေ့ တွင် ချီတက် ဆန္ဒပြကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ‌ ကျေးရွာတစ်ခုတွင် စစ်တပ်က မီးရှို့ အကြမ်းဖက် သတ်ဖြတ်သွား သော တော်လှန်ရေး ရဲဘော်များ ကျဆုံးခြင်း ၆ လပြည့် ဂုဏ်ပြု သတိရခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်း ပြုလုပ်ကြသည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ” သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ချင်းတွင်မြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၇ ရက်နေ့တွင်ဘ” ဖိရမှာက မင်းတို့တာဝန်ဆို ကြွရမှာကငါတို့ဝတ္တရားပဲ ” စာတန်း ကိုင်ဆောင်ပြီး အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် စစ်ကျွန်ပညာဆန့်ကျင်ရေး ကြွေးကြော်ပြီး လက်ပံတောင်းတောင်ဒေသခံ ကျောင်းသားပြည်သူများသည် ‘ကျွန်ပညာရေး တို့အားမပေး၊ ပညာတန်ဆောင် အလင်းရောင် ဖက်ဒရယ်ခေတ်ကို တို့ထူထောင်’ ဘန်နာကိုင်ဆောင်ကာ ယနေ့ ဇွန်လ ၇ ရက် ညနေပိုင်းတွင် ချီတက်ဆန္ဒပြကြသည်။

 

  • ကလေးမြို့၊ စမ်းမြို့ရပ်ကွက်မှာနေထိုင်တဲ့ အသက် (၈)နှစ်အရွယ် ဉာဏ်ရည်မသန်စွမ်းသူ မိန်းကလေး တစ်ဦးဟာ ဒီနေ့ ဇွန် ၇ ရက် ညနေ ၄ နာရီက အိမ်ကနေထွက်သွားပြီး ပျောက်ဆုံးနေပါတယ်။ ပျောက်ဆုံး သူဟာ Ruth လို့ခေါ်ပြီး ၎င်းဟာ စကားလည်းမပြောတတ်ပါ။ အိမ်ပြန်လမ်းလည်းမသိပါ။ တွေ့ရှိပါက အောက်က ဖုန်းနံပါတ်တွင် ဆက်သွယ်အကြောင်းကြားပေးစေလိုပါတယ်။ ဖုန်း- 09257187045

 

  • အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် Foodpanda Riders များက ဒုတိယနေ့ မြောက် ကြက်ခြေခတ်လှုပ်ရှားမှု သပိတ်ကမ်ပိန်းကို ယနေ့ ပြုလုပ်ကြသည်။ Foodpanda သည် Riders များ၏ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက် နေသည်ကို ဝယ်ယူ စားသုံး သူ ပြည်သူများ များသိရှိစေရန် အနက်ရောင် ကြက်ခြေခတ်လှုပ်ရှားမှု ကမ်ပိန်းကို သပိတ် ဒုတိယနေ့တွင် ပြုလုပ်ခဲ့ကြသည်။

 

  • ကရင်ပြည်နယ်၊ သံတော်မြို့နယ် ၁၃ မိုင်စစ်ကော်ငစီစခန်းမှ စစ်အရာရှိတစ်ဦးကို ယနေ့ နံနက်ပိုင်း People Defense Force Thandaungက စနိုက်ပါဖြင့် ပစ်ခတ်ရာ သေဆုံးသွားကြောင်း PDF သံတောင် က သတင်းထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၇ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန် သံတောင်မြို့ (၁၃ မိုင်) စစ်ကောင်စီတပ်စခန်းအတွင်းတွင်ရှိသော စစ်ကောင်စီအရာရှိတစ်ဦးကို  People Defense Forceမှ စနိုက်ပါဖြင့် ပစ်ခတ်ရာ သေဆုံးသွားကြောင်း၊  ထိုသေဆုံးသူမှာ ဒုတပ်ရင်းမှူး သို့မဟုတ် ဒုတပ်ခွဲမှူး ဖြစ် နိုင်ကြောင်း ၊ စစ်တပ်က  ရပ်ရွာအတွင်းလှည့်ပတ်၍တရားမဝင်စစ်ဆေးမှုများ နှင့် သေနတ်များပစ် ဖောက်ခြင်းအစရှိသည့်အကြမ်းဖက်လုပ်ရပ်များကိုလုပ်ဆောင်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် သတိရှိစွာဖြင့် နေထိုင်သွားလာကြရန် People Defense Force Thandaungက သတိပေးထားသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ရွှေဘိုမြို့မရဲစခန်းကို ၄၀ မမ ဗုံးသီးလက်ဖြင့် ၅ ချက် ယနေ့ နံနက်ပိုင်း ပစ်ခတ်ခဲ့ကြောင်း Black Wolf – PDF နှင့် တပ်ရင်း (၅)၊ တပ်ခွဲ (၁) က သတင်းထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၇ ရက် နံနက် ၄ နာရီ ၂၅ မိနစ်အချိန်ခန့်အချိန် Black Wolf – PDF နှင့် တပ်ရင်း (၅)၊ တပ်ခွဲ (၁) တို့ပူးပေါင်း၍ လက်နက်ကြီးဖြင့် ရွှေဘိုမြို့မ ရဲစခန်းကို ပစ်ခတ်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေမှု အခြေအနေ မသိရှိရသေးဟု ဒေသကာကွယ်ရေးရဲဘော်က ပြောသည်။

 

  • မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်းပိုင်း၊ ကိုင်းလယ်ကျေးရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲတွင် CAF-SPUPDF မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ဦး ကျဆုံးကြောင်း သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဇွန်လ ၇ ရက်နေ့ နံနက် ၆ နာရီတွင် ပေါက်မြို့နယ်တောင်ပိုင်း ကိုင်းလယ်စခန်းရဲစခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက် သိမ်းပိုက်ရာတွင် CAF-SPUPDF မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့မှ  ရဲဘော်ရန်နိုင်မိုးနှင့်ရဲ ဘော် ကျော်ဇောလင်း တို့  ကျဆုံးကြောင်း၊ ယနေ့တွင်ပင် ၎င်းတို့ကို ဂုဏ်ပြု အခမ်း အနားဖြင့် သဂြိုလ်ကြောင်း သက်ဆိုင်ရာဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

 

  • ငွေသဇင်ဖောင်ဒေးရှင်းက ဦးဆောင်ပြီး ပထမဆုံးအကြိမ်မြောက် ငွေသဇင်စာပေဆုချီးမြှင့်ပွဲကို ယမန်နေ့ ဇွန် ၆ ရက် နေ့လယ် ၁ နာရီအချိန်ခန့်က ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ကျင်းပခဲ့ကြသည်။ အဆိုပါ ဆုပေး ပွဲ ကို သံတွဲမြို့၊ မင်းဘာကြီးလမ်းရှိ ရခိုင်သမိုင်းသုတေသီ ဆရာတော်အရှင်ကုသလ (ငွေသဇင်) သီတင်း သုံးတော်မူခဲ့သော အောင်မြေသာစည်ပရိယတ္တိစာသင်တိုက်အတွင်းတွင် ပြုလုပ်ကျင်းပခဲ့ပြီး အဆိုပါ စာပေဆုချီးမြှင့်ရန်အတွက် ၂၀၂၁ ခုနှစ် တွင် ထုတ်ဝေခဲ့သော ရခိုင်ဒေသမဂ္ဂဇင်းများမှ စာမူများကို ရွေးချယ်ပြီး ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ၄င်းဆုပေပွဲတွင် ဂန္တဝင်ကဗျာဆု၊ မော်ဒန်ကဗျာဆု၊ ဝတ္ထုဆုနှင့် ဆောင်းပါးဆုစသော ဆု (၄) ခု ပါဝင်သည်။ ဂန္တဝင်ကဗျာဆုအား မြောက်ဦးမဂ္ဂဇင်အမှတ် (၆)ပါ “မတူညီသော အစွန်းတရားများ”ကဗျာဖြင့် ဆရာအောင်သာဆန်း (သံတွဲ)၊ မော်ဒန်ကဗျာဆုအား ရခိုင်မဂ္ဂဇင်းအမှတ် (၄၂)ပါ ‘မိုင်း’ကဗျာဖြင့် ဆရာမောင်ခိုင်အောင်၊ ဆောင်းပါးဆုအား မြောက်ဦးမဂ္ဂဇင်း အမှတ် (၆)ပါ ‘ပျောက်လားသောသူများကို ရှာကြည့်ခြင်း’ခေါင်းစဥ်ဖြင့် ဆရာဓညဦးနှင့် ဝတ္ထုတိုဆုအား စိုင်းတင်ရင်ခွင် မဂ္ဂဇင်းအမှတ် (၁) ပါ ‘မူရင်းမဲ့မိတ္တူ’ ခေါင်းစဥ်ဖြင့် ဆရာလင်းအိမ်တို့က ရရှိသွား ကြသည်။

 

  • မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ဘိုတဲရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF လူငယ်နှစ်ဦး ဟာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံထားရပြီး ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘိုတဲရွာက အသက် ၂၀ ကျော်အရွယ် မြင်းခြံတက္ကသိုလ်က ကျောင်းသား တွေ ဖြစ်ကြတဲ့ ကိုဟိန်းဇေယျာဖြိုး နဲ့ ကိုဟိန်းဇေယျာဦး တို့ တောထဲမှာ ပစ်သတ်ခံလိုက်ရတာလို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်ဟု RFA သတင်းဌာနတွင်ဖော်ပြထားသည်။ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက် က သူတို့နှစ်ဦးဟာ လက်ပံဖျားရွာဘက်ကို ထမင်းထွက်စားတဲ့အချိန် လက်ပံဖျား ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး သူတို့ရဲ့ဖုန်းထဲမှာ PDF နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စစ်ဆေး တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

 

  • မကွေးတိုင်း၊ ရေစကြိုမြို့ PDFမှ ဝယ်ယူထားသော လက်နက်ပစ္စည်းများ လမ်းခရီးတွင်သိမ်းဆည်းခံရ၍ ဆက်လက်ထောက်ပံ့ကူညီပေးကြရန် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်က မေတ္တာရပ်ခံ သည်။ “ရဲဘော်များ အသားဟင်းမစားဘဲ ခြိုးခြံချွေတာစုဆောင်းပြီး လိုအပ်သည်များချေးယူ၍ ဝယ်ယူ ထားခြင်း ဖြစ်ပါတယ်ဗျာ။ ဆက်လက်ကူညီထောက်ပံ့ပေးကြဖို့ အားနာစွာဖြင့် ညိုးငယ်စွာ အကူအညီ တောင်းခံအပ်ပါတယ်ဗျာ။”ဟု ရဲဘော်ဝေကြီးက ပြောသည်။ အကြမ်းဖက်စစ်ကောင်စီဘက်ကမူ ဖမ်းစီး ရမိသည့်လက်နက်ခဲယမ်းများမှာ KA (25) ၂၂ လက်၊ ကျည် ၄,၀၀၀တောင့်၊ ကျည်ကပ် ၄၀ ခုကို ဖမ်းဆီးရ မိသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ဖော်ပြထားသည်။

 

  • တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ကြားကာလ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ယမန်နေ့ တွင် ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ယနေ့ ဇွန်လ ၇ ရက် တွင် ထုတ်ပြန် ကြေညာထားသည်။ ထိုသို့ ဖွဲ့စည်းရာတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အမည်များကို ကျောင်းသားထုထံ ပွင့်လင်းမြင်သာစွာ ချပြလို သော်လည်း လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် အမည် ရေးသားဖော်ပြခြင်းမပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ကြားကာလ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

  • အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းသည် ရှေ့တန်းစစ်စခန်းတစ်ခုသို့ သွားရောက်ပြီး PDF ရဲဘော်များကို တွေ့ဆုံအားပေးခဲ့ကြောင်း Mahn Winn Khaing Thann – Prime Minister of NUG (Facebook)စာမျက်နာတွင် ဖော်ပြထားပါတယ်။ ပြည်ထောင်စုဝန်ကြီးချုပ်က လူငယ်​တွေ တကယ်​တော့ ​အေး​အေးချမ်းချမ်းပညာသင်​နေကြရမယ့်က​လေး​တွေ တိုင်းပြည်လိုအပ်ချိန်မှာ ​ရှေ့တန်းထွက်ပြီး ပါဝင်လာကြတာ အရမ်းပဲ ​လေးစားကျေးဇူးတင်ကြောင်း၊ စိတ်ဓါတ်ကအ​ရေးကြီး ကြောင်း၊ CDM တွေဆိုလည်း ဒီလိုပဲ ​တောင့်ခံ​ပေးထားကြတာ အရမ်း​လေးစားဖို့ကောင်းကြောင်း စတဲ့အားပေးစကားများပြောဆိုခဲ့ကြောင်းသိရပါတယ်။ ထို့အပြင် တိုင်းရင်းသား​တွေနဲ့ ငါတို့နဲ့ တသားတည်း ဒီ​တော်လှန်​ရေးကို နိုင်​အောင်တိုက်ကြမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပြီး ရှေ့တန်းရောက် PDF ရဲဘော်များနှင့်အတူ PDF အလံအားအလေးပြုခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နှင့် အောင်ပန်းမြို့တွင် မီးကြိုးဖြတ်ခိုးသူများကို ရဲကမဖမ်း ပေးသဖြင့် ပြည်သူများဝိုင်းဝန်းဖမ်းဆီးမှုဖြစ်စဉ် ၂ခု ယနေ့၊ နံနက်အစောပိုင်းအချိန်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ‌ဒေသများတွင် ဆိုင်ကယ်ခိုးယူမှုများနှင့် ‌ဓာတ်တိုင်မှ နေအိမ်သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားကြိုးများ မကြာခဏဖြစ်ပွားနေမှုကြောင့် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာရဲစခန်းများထံ တိုင်ကြားသော်လည်း အရေးယူပေးမှုမရှိသည့် အတွက် ပြည်သူများကင်းစောင့်ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်ဟု ညောင်ရွှေမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

#ဖက်ဒရယ်ဂျာနယ်

#နေ့စဉ်သတင်းအကျဉ်း ပြည်တွင်း

https://www.facebook.com/federaljournal

https://www.federaljournalmm.org/