• Today is: Sunday, May 19, 2024

မိုင်းရှူးမြို့နယ်ရှိ တပ်စခန်းများဆုတ်ပေးရန် မြန်မာစစ်တပ်ဖက်ကတောင်းဆိုသော်လည်း တပ်ဆုတ် ပေးမည်မဟုတ်ဟု SSPP-SSA ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် ဇွန် – ၉

၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အာဏာသိမ်း မြန်မာစစ်တပ် မှ မိုင်းရှူးမြို့နယ် မြောက်ဘက်ရှိ SSPP-SSA တပ်စခန်း (၃)ခုကို တပ်ဆုတ်ပေးရန်တောင်းဆိုသည့်အပေါ် မဆုတ်ပေးနိုင်ကြောင်း SSPP-SSA မှ တုံ့ပြန်သည်။

ထိုတပ်စခန်းနေရာများသည် SSPP-SSA မှ ဆယ်စုနှစ်တစ်ခုစာ အခြေပြုခဲ့သည့်တပ်စခန်းနေရာများ ဖြစ်သည့် အတွက် တပ်ဆုတ်ပေးရန်မဖြစ်နိုင်ကြောင်းဆိုသည်။ “ကျွန်တော်တို့ SSPP-SSA တပ်မဟာ ( ၇၀၂ ) /တပ်ရင်း ( ၄၂၄ ) ဆယ်စုနှစ်တစ်ခုစာအခြေပြု လှုပ်ရှားလာနေတဲ့ စစ်စခန်း ၃ ခုကို မြန်မာစစ်တပ်က တပ်စခန်းဆုတ်ခိုင်း တာ ဟုတ်တယ်ဟု” SSPP-SSA မှတာဝန်ရှိသူက အတည်ပြုပြောကြားခဲ့ကြောင်း SSPP Info တွင်ဖော်ပြ ထားသည်။

(SSPP/SSAA တပ်စခန်း  ညွှန်းပြပုံ)

“ ဒီဘက်က ကျွန်တော်တို့ ဌာနချုပ်လုံခြုံရေး တပ်စခန်းဆိုတော့ သူတို့ အာရုံလာနောက်ချင်တာ ။ ဘာလို့ လဲဆိုတော့ တောင်ပိုင်းဘက် ဆနင်းတောင် အနီးနားတစ်ဝိုက်က RCSS နဲ့ ကျွန်တော်တို့ SSPP/SSA တပ်တွေ စစ်ရေးတင်းမှာနေတယ်လေ အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တယ် ။ တစ်ဖက်မှာ စစ်ရေးတင်းမှာ နေတဲ့ အခြေနေရှိနေလို့ ၊ ဒီဘက်က ကျွန်တော်တို့ အာရုံနောက်အောင်လုပ်တဲ့အကွက်ပဲ ၊ ကျွန်တော်တို့လည်း မဆုတ်ပေးနိုင်ဘူး စစ်လည်းပြင်ဆင် ထားပြီးပြီ ။ မြန်မာစစ်တပ်ဖက်က စစ်စထိုးရင်လည်း ကျွန်တော်တို့ဖက်က တုန့်ပြန်ဖို့အသင့်ပဲ” ဟု SSPP-SSA စစ်မြေပြင် တာဝန်ရှိသူတစ်ဉီး က ပြောကြားခဲ့ကြောင်းသိရသည်။

SSPP/SSA အနေနဲ့ စစ်ရေးပြင်ဆင်ကာအသင့်အနေအထားရှိနေပြီး မြန်မာစစ်တပ် စစ်စထိုးလာရင် တိုက်ပွဲနိုင်ခြေရှိကြောင်း ရှမ်းပြည်တောင်ပိုင်းဖက်တွင်လည်း လွိုင်လင်၊ မိုင်းပွန် ဆနင်းတောင်ဘက် ကို RCSS မှ ထိုးစစ်ဆင်ရန်ပြင်ဆင်နေသည့်အတွက် မြန်မာစစ်တပ်နှင့် RCSS တို့ ၂ ဖက် ညှပ်တိုက်မယ့်အခြေအနေရှိကာ စစ်ရေးတင်းမာလျှက်ရှိကြောင်း SSPP Info တွင်ဖော်ပြထားသည်။