• Today is: Sunday, May 19, 2024

စစ်ဘေးရှောင်များ လူသားချင်းစာနာမူ အကူအညီရရှိရေး ကချင်လူငယ်များအဖွဲ့ စုပေါင်းတောင်းဆို

ဓါတ်ပုံ-စီဂျေ

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၉

မြန်မာပြည်အနှံ့ စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ အကူအညီများ ရရှိနိုင်ရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် INGO, NGO အဖွဲ့အစည်းများအားလုံး ထောက်ပံ့ကူညီပေးရန် ယနေ့ တကျော့ပြန် ကချင်စစ်ဘေး တိမ်းရှောင်နေရသည့် (၁၁)နှစ်ပြည့်နေ့မှာ ကချင်လူငယ်များအဖွဲ့က စုပေါင်းတောင်းဆိုလိုက်ပါတယ်။

“အခုဆိုရင် မိုးရာသီလည်းရောက်ပြီ သွားလာရခက်ခဲတဲ့ကာလဖြစ်တယ်။ ဒီအချိန်မှာ လူထုတွေအတွက် ထောက်ပံ့မှုတွေအရေးကြီးလိုအပ်နေတယ်။ ဒီလို လိုအပ်နေတဲ့အချိန် ကူညီပံ့ပိုးပေးနေတဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာတွေ၊ ပို့ဆောင်လို့မရအောင်တားဆီးတာတွေမပြုလုပ်ဖို့လိုပါတယ်။ နိုင်ငံတကာကနေလည်း လူသားချင်း စာနာအကူအညီတွေဆောင်ရွက်ပေးဖို့၊ ဆေးဝါးပစ္စည်းတွေ၊ အမျိုးသမီးတွေအတွက် အမျိုးသမီး လစဉ်သုံးပစ္စည်းတွေလည်း အရေးတကြီးလိုအပ်နေတယ်ဆိုတာသိရတယ်။ ဒါတွေကို လိုအပ်နေတဲ့ သူတွေဆီ အမြန်ဆုံးရောက်ရှိစေဖို့ တောင်းဆိုသာဖြစ်တယ်” ဟု All Kachin Youth Union –  AKYU (ဥက္ကဌ) Ms. Elizabeth က ပြောပါတယ်။

ယနေ့ဇွန် ၉ ရက်နေ့ဟာဆိုလျင် ကချင်ဒေသရဲ့ တကျော့ပြန် စစ်ပွဲဟာ (၁၁)နှစ်တိုင်ပြည့်ခဲ့ပြီဖြစ်သလို စစ်အာဏာသိမ်းမှုကိုလည်း ဆန့်ကျင်တော်လှန်နေကြတဲ့ကာလဖြစ်သာကြောင့် အခုဆိုရင် ကချင်ဒေသ တွင်း သာမက မြန်မာတနိုင်ငံလုံး တောင်တန်း ပြည်မ မကျန် စစ်ဒဏ်ကို ခံစားနေရသာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်သည့် ပဋိပက္ခအတွင်း စစ်ကောင်စီတပ်က လူထုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအပါအဝင်၊ စစ်ရာဇဝတ်များကျူးလွန်နေသာကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက စစ်ကောင်စီ၏ တရားဝင်မှု ရရှိရေးကြိုးစားမှုအပေါ် အသိအမှတ်မပြုဖို့၊ ဆက်ဆံခြင်းမလုပ်ဖို့ ကချင်လူငယ်အဖွဲ့တွေက လိုလားကြပါတယ်။

“တရားမဝင် စစ်ကောင်စီကို အာဆီယံအပါအဝင် ဘယ်နိုင်ငံတကာကမှ မပတ်သက်မဆက်ဆံဖို့၊ နိုင်ငံတကာ အစည်းအဝေးတွေကို တက်ရောက်ခွင့်မပြုဖို့ပါ။ နောက်ပြီး နိုင်ငံတကာအနေနဲ့ လက်ရှိ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပူးပေါင်းပါဝင်၊ ကူညီပေးဖို့ကိုလည်း တောင်းဆိုပါတယ်။ ဘေးကနေပဲ စိတ်ပူပါတယ်။ စိုးရိမ်ပါတယ်ဆိုတဲ့ဟာမျိုးလောက် မဟုတ်ဘဲနဲ့ အသံထွက်သင့်တဲ့ နေရာ၊ ဝင်ရောက်ဆောင်ရွက်သင့်အရာတွေကို ဆောင်ရွက်ပေးဖို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု All Kachin Youth Union –  AKYU (ဥက္ကဌ) Ms. Elizabeth က ဆက်ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားအားလုံးလိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ တိုင်းရင်းသားတွေ အနေနဲ့ ကိုယ့်ကြမ္မာကိုကိုယ်ဖန်တီးခွင့်ရရှိရေးတို့အပါအဝင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့်  ကျောင်းသား လူငယ်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများနှင့် သတင်းမီဒီယာသမားများကို ခြွင်းချက်မရှိ လွှတ်ပေးရန် ထုတ်ပြန်ချက်မှာ ထည့်သွင်းတောင်းဆိုထားသာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ကေအိုင်အိုတို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားလာပြီး စစ်ကောင်စီတပ်၏ ပြင်းထန်သော ထိုးစစ်ဆင်တိုက်ခိုက်မှုတို့ကြောင့် ကချင်ဒေသအသီးသီးက ပြည်သူများ နှစ်သိန်းကျော် အိုးမဲ့၊ အိမ်မဲ့ ဖြစ်ကာ စစ်ဘေးဒဏ်ခံရသည်မှာ (၁၁)နှစ်တိုင် ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ တဖန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် ဦးဆောင်ပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့နောက် တစ်တိုင်းပြည်လုံးနီးပါး နေရာအနှံ့အပြား စစ်ပွဲအရှိန်များ မြင့်မားလာပြီး ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်ဘေး ရှောင်ပြည်သူ တစ်သန်းကျော်ရှိနေပြီဖြစ်ပါတယ်။