• Today is: Thursday, March 28, 2024

စစ်ကောင်စီသတင်းပေး ဗိုလ်မှူးသန်းနိုင်ဝင်း ရှင်းလင်းခံရပြီးနောက် မတူပီ ပြည်သူ ၆ ဦးဖမ်းဆီးခံရ

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၂၀

စစ်ကောင်စီသတင်းပေး ခလရ (၁၄၀) ဗိုလ်မှူးသန်းနိုင်ဝင်းကို CDF-Matupi တပ်ဖွဲ့ဘက်က ရှင်းလင်းခဲ့တယ်လို့ ယမန်နေ့ မတူပီပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ထားပါတယ်။

“အဓိကက ကျနော်တို့ မတူပီ ၁၄၀ ဗျူဟာရှိတယ်ပေါ့နော်၊ အဲဒီထဲကမှ သူက ဗျူဟာမှူးရဲ့ လူယုံတော် တစ်ယောက်ဖြစ်တယ်။ နောက်ပြီးတော့ ဗျူဟာမှူးကသူ့ကို ထောက်လှမ်းရေးအနေနဲ့လည်း သုံးတယ်။ ထောက်လှမ်းရေးဖြစ်တော့ သူကအရက်သမားယောင်ယောင်၊ အစကတော့ သူကတပ်ထဲမှာ နေတာ။ သူက လက်သမားလိုလို၊ ပရံသမားလိုလိုနဲ့ ခရီးသည်လိုလိုနဲ့ မတူပီကသတင်းတွေကို နှိုက်ခိုင်းတယ်။ ဘယ်လိုတွေ ဖြစ်သလဲဆိုတာ့ တပ်တွင်းထဲမှာက CDM ဝင်ချင်တဲ့ ရဲဘော်တွေလည်းရှိတဲ့အခါကျတော့ အဲဒါတွေကို လည်းသူက လိုက်လိုက်ပြီး စုံစမ်းတယ်။ CDM ဝင်ချင်တဲ့သူတွေကို ဖမ်းခိုင်းတယ်၊ အဲဒီလို ဒုက္ခပေးနေသူဖြစ်သာကြောင့် မြို့ပြင်ကိုခေါ်ပြီးမှ ရှင်းလိုက်တာပေါ့ ဟု CDF-Matupi ပြန်ကြားရေး တာဝန်ခံက ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။

စစ်ကောင်စီသတင်းပေး ခလရ (၁၄၀) ဗိုလ်မှူးသန်းနိုင်ဝင်းရှင်းလင်းခံရပြီး နောက် မတူပီ ပြည်သူ ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့လည်း CDF-Matupi ထုတ်ပြန်ထားပါတယ်။

“အဲဒီ ၆ယောက်ထဲမှာ အခုလောလောဆယ် ၂ယောက်ကိုပဲလွှတ်ပေးတယ်။ ၂ယောက်က စစ်ဆေး ပြီးတော့ နည်းနည်းအသက်ကြီးပိုင်းပေါ့နော် အသက်ကြီးပိုင်းကို လွှတ်လိုက်တယ်။ ကျန်တဲ့ ၄ယောက်ကို တပ်တွင်း အချုပ်ခန်းထဲမှာပဲ ချုပ်ထားတယ်လို့ ကျနော်တို့သိရတယ်” ဟု CDF-Matupi ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီသတင်းပေး ဗိုလ်မှူးသန်းနိုင်ဝင်းက တပ်တွင်း CDM လုပ်လိုသူများကို သတင်းပေး ဖမ်းဆီးခိုင်းသလို၊ မတူပီလူထုကြားတွင်လည်း သတင်းများရယူကာ အရပ်သားများကို ဖမ်းဆီးအရေး ယူခိုင်းခြင်းများ ပြုလုပ်လျက်ရှိသည်ဟု သိရပါတယ်။ ဒါ့အပြင် ၎င်းသတင်းပေးမှုများကြောင့် ဖမ်းဆီးခံရသည့် အရပ်သားများထဲက သတ်ဖြတ်ခံရသည့်အထိ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရပါတယ်။

လက်ရှိအချိန်တွင် မတူပီဒေသဘက်တွင် တိုက်ပွဲငြိမ်တက်နေသော်လည်း ပခုက္ကူဘက်ကနေ စစ်ကောင်စီတပ် ကားအစီး ၁၀၀ ကျော်ခန့်ဖြစ် အင်အားဖြည့်တင်းမှု ရှိလာသာကြောင့် တိုက်ပွဲအချိန် မရွေးပြန်လည် ပြင်းထန်စွာဖြစ်ပွားလာနိုင်ကြောင်း နားလည်ရပါတယ်။

ဒါ့အပြင်၊ မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ မနေ့ကစပြီး မင်းတပ်-မတူပီ လမ်းမကြီးကို စတင်ပိတ်ပင်ထားသာ ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် မင်းတပ်မြို့နယ်ကျေးရွာ တချို့ကို စစ်ကောင်စီဘက်က Drone များဖြင့် ထောက်လှမ်း နေလျက်ရှိပြီး ကျေးရွာတချို့တွင် ဖုန်းလိုင်းများပြတ်တောက်နေသည်ဟု သိရပါတယ်။  

ဒါ့အပြင် မင်းတပ်မြို့နယ်အတွင်း တိုက်လေ ယာဉ်များ ပျံသန်းနေလျက်ရှိ‌နေပြီး ကျောက်ထု အမြှောက် တပ်ထဲသို့ ရောက်နေသည့် ၁၀၅ စီးပါ စစ်ယာဥ်တန်းများက ကျောက်တောင်-ရေရှင် ဘက်သို့တပ်ဖြန့်နေ၍ စစ်ဘေးရှောင်ပြည်သူများ၊ ဒေသခံ များကို  မင်းတပ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက် သတိပေးထုတ် ပြန်ထားပါတယ်။