• Today is: Friday, May 17, 2024

အပတ်စဉ် တိုင်းရင်းသတင်းများ စုစည်းတင်ပြခြင်း

(No. 131 , September 24, 2021)

၁။ စစ်ကောင်စီ စွပ်စွဲသလို ဘာသာရေး သွေးခွဲခြင်းမဟုတ်ဟု ချင်းနှင့် ကချင် ခရစ်ယာန်အဖွဲ့ချုပ်များ ပြော
22 September 2021

စစ်ကောင်စီ စွပ်စွဲသလို ဘာသာရေး သွေးခွဲနေခြင်း မဟုတ်ကြောင်း ချင်းနှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်များက ငြင်းဆို သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၈ရက်က ချင်းပြည်နယ် ထန်တလန်မြို့တွင် စစ်တပ်၏ လက်ချက်ဖြင့် နေအိမ်တချို့ မီးလောင် ရာတွင် မီးသွားငြိမ်းသည့် သင်းအုပ်ဆရာ ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချူပ် (CBC) နှင့် ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)တို့က နောက်တရက်တွင် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်အပေါ် စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘာသာရေးသွေးခွဲသည့် ဘက်ကို ဦးတည်နေပြီး၊ အန္တရာယ်များကြောင်း ယနေ့ထုတ် စစ်တပ်ပိုင် မြဝတီနှင့် မြန်မာ့အလင်း သတင်းစာတွင် ဖြေကြားထားသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထန်တလန်မြို့က သင်းအုပ်ဆရာသည် စစ်တပ်၏ ပစ်ခတ်မှုကြောင့်သေဆုံးပြီး လက်ကိုဖြတ်ပြီး လက်စွပ်နှင့် နာရီများကို ယူသွားသည်ဆိုသော မဟုတ်မမှန် တဖက်သတ်စွပ်စွဲထားသည့် သတင်းများကို တွေ့နေရကြောင်း ယင်းကိစ္စကို တပ်မတော်က ထပ်မံ စုံစမ်းစစ်ဆေးနေကြောင်း၊ ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချူပ် (CBC) နှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ ထုတ်ပြန်ချက်သည် ထန်တလန်မြို့ ဖြစ်စဉ်ကို အခြေခံကာ ဘာသာရေး သွေးခွဲနေသည်ဟု မြင် ကြောင်း ဆိုသည်။

ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (CBC) အတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ လောဟာလိန်းက “အဖွဲ့ချုပ်အနေနဲ့ ထုတ် ပြန်တဲ့နေရာမှာ အတိမ်းအစောင်းမခံ၊ အမှားမခံဘဲနဲ့ သေချာလေ့လာပြီးတော့ ဆန်းစစ်ပြီးတော့ နယ်အဖွဲ့ ခေါင်း ဆောင်များနဲ့ သေချာ Comfirm လုပ်ပြီးတော့၊ အသင်းတော်များနဲ့လည်း Confirm လုပ်ပြီးတော့ ကျနော်တို့ ကိုယ်တိုင် မမြင်ရရင်တောင်မှ တိတိကျကျ သေချာအောင်လုပ်ပြီးမှ တခုခုထုတ်ပြန်ပါတယ်။ အကြီးအကျယ် အပြန်အလှန်သဘောနဲ့လည်း Debate မလုပ် ချင်ဘူး” ဟု ဆိုသည်။ ထို့ပြင် မြေပြင်တွင် အဖြစ်မှန် မည်ကဲ့သို့ ဖြစ်ခဲ့သည်ကို ပိုမိုရှင်းလင်းစေလိုပါက လွတ်လပ်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးသင့်ကြောင်း ၎င်းက ဆိုသည်။“ဘာသာရေး သွေးခွဲနေတယ်ဆိုတာတော့ မဟုတ်ပါ ဘူး။ ကျနော်တို့ အဲဒီလောက် သဘောထား မသေးသိမ်ပါဘူး။ လူမျိုးရေး၊ ဘာသာရေးလည်း မရည်ရွယ်ပါဘူး။ ဒါမျိုးဖြစ် မှာလည်း မဟုတ်ပါဘူး။ ဒီခေတ်ဒီအချိန်မှာ အဲဒီလို အမြင်ကျဉ်းမြောင်း တာတွေက ဘယ်သူမှ မရှိတော့ပါဘူး” ဟု ၎င်းက ဆို သည်။ ယခုကဲ့သို့ စစ်ကောင်စီဘက်က ချင်းနှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်များ၏ ထုတ်ပြန်ချက်များကို ငြင်းဆိုပြီး ဘာသာရေးဘက် ဦးတည်နေသည်ဟု ပြောဆိုခြင်းသည် ၎င်းတို့အပေါ် နိုင်ငံတကာဖိအား ကျရောက်လာနိုင်သည့်အတွက် စိုးရိမ်ပြီး ပြောဆိုခြင်းဖြစ်နိုင်ကြောင်း ဒေါက်တာခလန်ဆမ်ဆွန်က သုံးသပ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးကလည်း ထန်တလန်မြို့ရှိ နှစ်ခြင်းခရစ်ယာန်သင်းအုပ်ဆရာအား သတ်ဖြတ် ခြင်းနှင့် လူနေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းသည် လူထုကို ဆန့်ကျင်သော စစ်ကောင်စီက ပို့လွှတ်လိုက်သည့် သက်ရှိငရဲများ၏ နောက်ဆုံး ဥပမာပင်ဖြစ်ကြောင်း ၎င်း၏ တွစ်တာ စာမျက်နှာတွင်ရေးသည်။

၂။ အာဏာသိမ်းတပ် စစ်ကား ၃ စီးကို နမ္မတီးမြို့အနီး KIA မိုင်းခွဲ တိုက်ခိုက်
23 September 2021

တနိုင်းမြို့ဘက်သို့ ဦးတည်ကာ ချီတက်လာသော အာဏာသိမ်းစစ်တပ် ယာဉ်တန်းကို နမ္မတီးမြို့အကျော် ကျေးရွာတစ်ခုတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းက မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်ခန့်က စစ်ရိက္ခာများအပါအဝင် အင်အား ၁၀၀ ကျော်ခန့်ပါဝင်လာသော စစ်ကား ၃ စီးကို မရန်ကထောင်ကျေးရွာနှင့် မကောက်ဇွပ်ကျေးရွာ ၂ခုကြားတွင် KIA က မိုင်းခွဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ဖြစ်တဲ့နေရာက မရန်ကထောင်ကျေးရွာအလွန် မကောက်ဇွပ်အနီးမှာရှိတဲ့ အခင်းတစ်ခုနားမှာ ဖြစ်သွားခဲ့တယ်။ ကျနော်တို့က အဲ့အခင်းအနားမှာရှိနေတာဟုတ်တယ်။ စစ်ကား ၃စီးလာတော့ KIA က တောဘက်ကနေ မိုင်း ၂ခါခွဲလိုက်တာ။ အဲ့အချိန်မှာ စစ်ကားပေါ်မှာရှိတဲ့ စစ်သားတွေက ကားပေါ်က ဆင်းပြီး တောထဲပြေးဝင် သွားကြတယ်။ စစ်ကား ၃စီးက ပြန်ခေါက်သွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းပါတယ်” ဟု ပြောဆိုခဲ့သည်။

စစ်ကား ၃ စီးတွင် ပါရှိလာသည့် စစ်ကောင်စီတပ် စစ်အင်အား ၁၀၀ ကျော်ခန့်မှာ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ခြေကျင်ဖြင့် မကောက်ဇွပ် ကျေးရွာအနီးတဝိုက်တွင် ပုန်းခိုကာ လဝါးကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါ မိုင်းခွဲခံရသည့် စစ်ကောင်စီတပ်များမှာ ပြီးခဲ့သော အပတ်တွင် မြစ်ကြီးနားဘက်မှ မိုးကောင်းဘက်သို့ ပို့ဆောင်ထား သော အဖွဲ့ဖြစ်ပြီး မိုးကောင်းမြို့ဘက်မှ တနိုင်းဘက်သို့ ထွက်ခွာလာရာမှ မိုင်းခွဲတိုက်ခိုက် ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။ တနိုင်းမြို့နယ် တရုန်ကျေးရွာတွင် ပြီးခဲ့သည်အပတ်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၄၅ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

၃။ နယ်မြေကျူးကျော်လာသည့် စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၆)တို့ ပစ်ခတ်မှုဖြစ်ပွား
September 22, 2021

နယ်မြေကျူးကျော်ဝင်လာသည့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် KNU- ကရင်အမျိုးသားအစည်းအရုံး၊တပ်မဟာ (၆)ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ဖွဲ့ဝင်တို့ ယနေ့ နေ့လည် ၁၂နာရီဝန်းကျင် တွင် ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း KNU တာဝန်ရှိသူများထံမှ သိရသည်။

KNU တပ်မဟာ (၆)နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ နတ်ချောင်းအလယ်ရွာ(ဒေသအခေါ် တံတားဦး)တွင် စစ်ရေး လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နယ်မြေကျော်ဝင်လာသည့်အတွက် KNLA တပ်ရင်း (၁၇)၏ တပ်ခွဲ (၂) တပ်ဖွဲ့ ဝင်များနှင့် မိနစ် အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစော လစ္စတန်က ယခုလို အတည်ပြုပြောဆိုသည်။ ၎င်းက “သတင်းရတာက ဒီနေ့ ၁၂ နာရီလောက်ပေါ့။ အဲ့ဒီက ကျူးကျော်လာတော့ ပစ်ခတ်မှု နည်းနည်း ဖြစ်သွားတယ်ပေါ့။ တံတားဦးဘက်မှာဖြစ်တာ။ ထိခိုက်တာတော့ မကြားဘူး။ ကိုယ့်လူတွေက စောင့်တာက တစ်နေ ရာ၊ ဟိုက ပတ်ပြီး ဝင်လာတော့ တွေ့တော့မှ လှမ်းပစ်ရင်း ဖြစ်တာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။ မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရပ်တန့်သွားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပြန်ဆုတ်သွားခြင်း ရှိ၊မရှိကို မသိရသေး သည့်အတွက် အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ပဒိုစောလစ္စတန်က ဆက် ပြောသည်။

ယခု ပစ်ခတ်မှုမတိုင်ခင် ၎င်းနေရာ နတ်ချောင်းအလယ်ရွာအောက်ရှိ ပေါ်တော်မူကျေးရွာသို့ စက်တင်ဘာလ ၂၁ ရက်နေ့က အင်အား (၉၀)ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်းနှင့် စက်တင်ဘာလ ၂၂ ရက်နေ့တွင်လည်း ထပ်မံ ရောက်ရှိလာနေကြောင်း မျက်မြင်သက်သေ ဒေသခံများက ပြောဆိုပြီး အင်အားတိုးချဲ့ဝင် ရောက်လာမှုနှင့် ပစ်ခတ်မှု အသေးစိတ်ကို ဆက်လက် ကြိုးပမ်းနေဆဲဖြစ်သည်။

၄။ ကျောက်မဲ ဟူးကွက်ကျေးရွာ ပိတ်ခံထားရ စားသောက်ရန် အခက်အခဲဖြစ်
September 22, 2021

သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင်အခြေစိုက်သည့် လက်နက်ကိုင်တပ်ဖွဲ့က ဝင်ထွက်သွားလာခွင့် ပိတ်ပင်ခံ ထားရသည့်အတွက် စားသောက်ရန် အခက်အခဲများဖြစ်နေကြောင်း သတင်းရရှိသည်။ ဟူးကွက်ကျေးရွာအနီးတွင် ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲ ပြင်းထန်မှုဖြစ်ပွားခဲ့ပြီး၊ ထိုကျေးရွာ အခြေစိုက် တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့က ရွာအဝင်အထွက် ကန့်သတ်လိုက်ကာ ဒေသခံများစားနပ်ရိက္ခာခက်ခဲနေကြောင်း ဟူးကွက် ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။“ရွာထဲမှာ ပိတ်မိနေတာ တစ်လကျော်ပြီ၊ အစားအသောက် တွေ ပြတ်ကုန်ပြီ၊ မြို့ထဲကို စစ်ရှောင်လာဖို့ကလည်း မလွယ်ဘူး၊ လမ်းတွေပိတ်ထားတယ်၊ လမ်းက ပန်စလော့ရွာနားမှာ ပိတ်ထားတာ” ဟု ဟူးကွက်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟူးကွက်ကျေးရွာတွင် အိမ်ခြေ (၄၀၀)ခန့်၊ လူဦးရေ (၁၅၀၀)ဝန်းကျင်ရှိပြီး ပြီးခဲ့သည့် သြဂုတ်လ (၂၇)ရက်နေ့က ရွာအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်(၄)အိမ် ထိခိုက်ကာ ဒေသခံ (၂)ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး စစ်ရှောင်ထွက်ပြေး တိမ်း ရှောင်ခဲ့ရသူများလည်း ရှိကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံ က “အဝင်အထွက် ကန့်သတ်တယ်ဆိုတာက ယာယီပိတ်တာ တော့ ဖြစ်နိုင်တယ်၊ တိုက်ပွဲဖြစ်တဲ့ နေရာဆိုတော့ ပိတ်ထားတာပါ၊ ဒေသခံတွေ ဝင်ထွက်သွားလာနေမယ်ဆိုရင် တစ်ခြားတပ်ဖွဲ့ တွေနဲ့ မှားနိုင်တယ်၊ တိုက်ပွဲနဲ့ တိုးမှာစိုးလို့ပါ။ အဓိကတော့ ဒေသခံတွေ လုံခြုံပြီး အန္တရာယ်ကင်းဖို့အတွက်ပါ” ဟု ဆိုသည်။

ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာအတွင်း နည်းမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် ဒေသခံ သံဃာတော်နှင့် ရွာသူရွာသားတို့ စုပေါင်းပြီး (စက်တင်ဘာလ ၂၁ ရက်)တွင် သဘောထားနှင့် တောင်းဆိုချက်များကို ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ထဲတွင် RCSS/SSA တပ်မှ ကျေးရွာအတွင်း တပ်စွဲထားမှုကို ရုပ်သိမ်းပေးရန်၊ လက်နက်ကိုင်တပ်များ မြေမြုပ်မှိုင်း အသုံးမပြုရန်၊ ကျေးရွာအနီး မိုင်းမြုပ်နှံခြင်းများ မပြုလုပ်ရန်၊ ဝင်ထွက်သွားလာခွင့်နှင့် လက်ကိုင်ဖုန်း အသုံးပြု ခြင်း ပိတ်ပင်ထားမှုအား ပြန်လည်ရုပ်သိမ်းပေးရန်နှင့် အခြားတောင်းဆိုချက်များလည်း ပါဝင်ကြောင်း သိရသည်။ ထိုကျေးရွာ တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းနင်းမိပြီး ဒေသခံ (၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုလူနာများအား ကျောက်မဲဆေးရုံသို့ ပို့ဆောင်ပြီး ရွာသို့ ပြန်လာသည့် ရွာဥက္ကဌလည်း ရွာအဝင်တွင် ပစ်ခတ်ခံရပြီး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၅။ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည့် ပလက်ဝချင်းလူငယ် (၅) ဦးအနက် တစ်ဦး ပြန်လွတ်မြောက်လာ
September 23, 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် အာဏာသိမ်းစစ်ကောင်စီက ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည့် ပလက်ဝချင်းလူငယ် (၅) ဦး အနက် တစ်ဦးကို စက်တင်ဘာလ ၂၂ ရက်နေ့ ရုံးချိန်းအပြီးတွင် ပြန်လွတ်မြောက်လာကြောင်းသိရသည်။“ မနေ့က ပြန်လွတ် ပေးတယ်၊ ဦးရာကျော် တစ်ယောက်ပဲလွတ်သေးတယ်၊ သူက ပရဟိတလုပ်ငန်း တွေကို လုပ်နေပြီးတော့ ဒီအမှုမှာက ပါဝင်ပက် သက်မှုတွေလည်းမရှိပါဘူး၊ ဘာသာရေးခေါင်း ဆောင်တယောက်အနေနဲ့ရော နောက်ပြီး လူမှုဖွံ့ဖြိုးရေး ပရဟိတလုပ်ငန်းတွေ ကို လုပ်နေတဲ့သူ တယောက်အဖြစ် ပြန်ပြီးတော့ ထောက်ခံပြီးတော့လွတ်ပေးတာ။ သူကတော့ ကျန်းမာရေးကောင်း ပါတယ်။” ဟု ၎င်းနှင့် နီးစပ်သည့် ပလက်ဝမြို့ဒေသခံက ပြောသည်။

အဆိုပါ ပြန်လွတ်မြောက်လာသူ ဦးရာကျော်မှာ ပလက်ဝမြို့တွင် အဂ္ဂါပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း မှ ဒါရိုက်တာ တစ်ဦး ဖြစ်ပြီး တရားလိုဖြစ်သူ စစ်ကောင်စီဖက်မှ ထောက်ခံချက်ဖြင့် ပြန်လွတ်မြောက်လာခြင်းဖြစ်သည်။ ပလက်ဝမြို့က ချင်းလူငယ် (၅) ဦးကို ၅၀၅ (က) ဖြင့်အမှုဖွင့်ခံရပြီး ဦးရာကျော် တစ်ဦးသာ ပြန်လွတ် မြောက်လာသေးသောကြောင့် အပြည့်အဝပျှော်ရွှင်မှု မရှိသေးကြောင်းနှင့် ကျန် (၄) ဦးကိုလည်း စက်တင်ဘာလ ၂၄ ရက်နေ့တွင်လည်း ထပ်မံရုံးချိန်းဆိုထား ကြောင်းကိုလည်း ၎င်းကဆက်ပြောသည်။“ ကိုယ်ကတော့ ၅ ယောက်ထဲမှာ ၁ ယောက်ပဲ ပြန်လွတ်သေးတော့ တအားတော့ ပျှော်ရွှင်မှုမရှိပါဘူး၊ ကျန်တဲ့ သူတို့အတွက်ကိုတော့ စိတ်မကောင်းသေးဘူး၊ ကျန်တဲ့သူတွေလည်း ရင်ဆိုင်နေရသေးတော့ အဆင်ပြေမှာပါ ကောင်း မှာပါဆိုပြီးတော့ ထွက်တော့ထွက်တာပေါ့ဒါပေမယ့် ဘယ်လိုမျိုး ဘယ်လို ဖြစ်မလဲဆိုတာက လူကကြိုတင်ပြီးတော့ မပြောနိုင် တော့ မသိနိုင်ဘူးလေ” ဟု ပလက်ဝမြို့ဒေ သခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ ပလက်ဝတွင် ဗုံးနှစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဦးရာကျော်၊ ကိုအိုက်မင်း (အဆိုတော်)၊ ကိုအိုက်ထွန်းမင်း၊(ကုမ္ပဏီ)၊ ကိုအိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး(ခ) အားလူးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် အလှူငွေ ကောက်ခံသည့် ကိစ္စနှင့် ပက်သက်၍ ပုဒ်မ ၅၀၅(က) ဖြင့်အမှုဖွင့်ခံရခြင်းဖြစ်သည်။

၆။ AA ကို ရိက္ခာမထောက်ပံ့ရန် ဘူးသီးတောင်မြို့နယ်တွင်း သတိပေး
September 23, 2021

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာတာဝန်အချို့ကို ရက္ခိုင့်တပ်တော် (AA)သို့ စားနပ်ရိက္ခာများမထောက်ပံ့ရန် စစ်ကောင် စီတပ်က ခေါ်ယူသတိပေးခဲ့သည်ဟု ကျေးရွာတာဝန်ခံများအပြောအရသိရသည်။ ဘူးသီးတောင်မြို့နယ် အမှတ် (၅၃၅)တပ် ရင်းမှ တပ်ရင်းမူးက ငါးရံ့ချောင်းကျေးရွာအုပ်စုအတွင်းမှ ကျေးရွာတာဝန်ခံများအားခေါ်ယူပြီး ရွာသားများအတွက် နိုင်ငံတ ကာ ကြက်ခြေနီအဖွဲ့ (ICRC) ကထောက်ပံ့ပေးသည့် စားနပ်ရိက္ခာများကို AA အားမထောက်ပံ့ရန်ပြော သွားခြင်းဖြစ်သည်။

‘’ICRC ကပေးတဲ့ စားနပ်ရိက္ခာကိုအေအေ ကိုပေးလားမေးတယ်။ ရွာမှာ AA ကော်မတီဝင်ရှိလားမေးတယ်။ ထောက်ပံ့ ငွေတောင်းခံတာတွေရှိလား မေး တယ်။ ”ဟု တာဝန်ခံတစ်ဦးက ပြောသည်။ အလားတူ စက်တင်ဘာလ ၆ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီတပ်က AA ၏ တရားစီရင်ရေးနှင့် အုပ်ချုပ် ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် ခြင်းမပြုရန်နှင့်ပူးပေါင်းပါက အရေးသွားမည်ဟု သတိပေးထားသည်။

၇။ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်များတွင် ကိုဗစ်ပိုးတွေ့
23 September 2021

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်း စစ်ကောင်စီနှင့် ကရင်နီတပ်ဖွဲ့များကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဒုက္ခသည် အဖွဲ့တဖွဲ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၄၀ ဦး တွေ့ရှိကြောင်း သိရသည်။အဆိုပါ စစ်ဘေးရှောင် အဖွဲ့ထဲတွင် ဒုက္ခသည်ဦးရေ ၁၂၀ ဦး ရှိသည့်အနက် ၄၀ ဦးမှာ ကိုဗစ် ကူးစက်ခံနေရခြင်း ဖြစ်ပြီး ၎င်းတို့ အားလုံးသည် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အတွင်း တိုက်ပွဲများကြောင့် ငွေတောင်၊ စံပြ ၆ မိုင်၊ ၅ မိုင်၊ ဝမ့်လ ထွား၊ ဘတ်တလိန်၊ ဒေါခလိုက်လင်း၊ ဒေါပိုးစီ စသည့် ကျေးရွာများမှ ထွက်ပြေးလာရသူများ ဖြစ်သည်။

စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးနေသူတဦးက “အခု ရှောင်နေတဲ့ နေရာကတော့ လုံခြုံရေးအရ ပြောလို့မရ ပါဘူး။ ဒီးမော့ဆိုမြို့နယ်ထဲမှာပါပဲ။ ဒီမှာ ရောဂါကူးခံရတာက စစ်ကြည့်လိုက်တော့ သိရတာ။ ဆေးတွေလိုအပ်နေပါတယ်။ ဆေးကုသဖို့ကလည်း ဘယ်ကိုမှ ပို့လို့မရတော့ ကိုယ်ထူကိုယ်ထ ကုကြရမှာပါ။ စားနပ်ရိက္ခာရော ဆေး အကူ အညီရော အရမ်း လိုအပ်နေတယ်”ဟု ပြောသည်။ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ များလာသည့်အတွက် ဆရာဝန်အင်အား မလုံလောက်တော့ ကြောင်း၊ လမ်းကြောင်းများ ပိတ်ထားသည့်အတွက် ရှိသည့်ဆေးဝါးဖြင့်သာ အဆင်ပြေသလို ကုသနေရကြောင်း၊ သို့သော် လည်း တချို့နေရာများတွင် ကိုဗစ်ထက် စစ်ကောင်စီ လက်အောက်ခံ တပ်များက ပိုဆိုးနေသဖြင့် ရောဂါကို ဂရုမစိုက်နိုင်တော့ ကြောင်း စစ်ဘေးရှောင် ဒုက္ခသည်များအား ကူညီပေးနေသူများထံမှ သိရသည်။

ကယားပြည်နယ်တွင်း စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီစောင့်ရှောက်ရန် သီးသန့်ရန်ပုံငွေ ထူထောင်ထားနိုင်ခြင်း မရှိသ ဖြင့် နိုင်ငံတကာရောက် ကရင်နီလူမျိုးများ၊ အခြားအလှူရှင်များနှင့် တဦးချင်းစီက လှူသည့်ငွေများကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက စုဆောင်းပြီး ပြန်လည်ထောက်ပံ့နေရခြင်း ဖြစ်သည်။ ၂၀၁၉ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ ကယား တပြည်နယ်လုံးတွင် လူဦးရေ ၂၈၀,၀၀၀ ရှိပြီး ယခုအခါ လူဦးရေ ၁၅၀,၀၀၀ သိန်းခွဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ ထိုသို့ နေရပ်စွန့်ခွာ ပြေးနေရသည့် စစ်ဘေးရှောင် ဒုက္ခသည်များထဲတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံ ရသူများ တွေ့ရှိလာ ရပြီး တချို့မှာ ဆေးရုံများသို့ လက်လှမ်းမီသော်လည်း တချို့မှာ တောတောင်ထဲတွင် ကိုယ်ထူကိုယ်ထ စနစ် ဖြင့် ကုသနေကြ ရဆဲ ဖြစ်သည်။

၈။ ၅ လ ကြားဖမ်းခံရတဲ့ နမ္မတူမြို့နယ်ဒေသခံ ယနေ့ထိတိုင်ပြန်မလွှတ်သေး
September 23, 2021

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ရေအိုကျေးရွာဒေသခံ (၃) နှင့် မန်ဆာ ကျေးရွာဒေသခံ (၂) ဦးတို့ (၅)လကြာ ဖမ်းဆီးခံ ထားရပြီး ယနေ့ထိတိုင် ပြန်မလွှတ်ပေးသေးသဖြင့် ကျန်ရှိနေသည့် မိသားစုဝင်များ စားဝတ်နေရေးခက်ခဲနေကြောင်း စုံစမ်း သိ ရသည်။ ထိုအရပ်သား (၅)ဦးကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)တို့ ဧပြီ လ ပိုင်းအတွင်း ဖမ်းဆီးသွားခဲ့ရာ လက်ရှိမှာ (၅)လကျော်ရှိပြီး ယနေ့ထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးသည့် အပြင် မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မရရှိကြောင်း သိရသည်။

“ ဖမ်းသွားတာ ၄ – ၅ လလောက်ရှိတော့မယ်။ ဘာအဆက်သွယ်မှ ပြန်မရသေးဘူး။ ဆက်သွယ်လို့လည်း မရဘူး။ သူတို့ ပတ်သတ်တဲ့ သတင်းတွေ ဘာမှ မကြားရဘူး။ တစ်ခုခု ဖြစ်မှာကို စိုးရိမ်တယ်။”ဟု ရေအိုးကျေးရွာမှ အမျိုးသမီးတဦး က သျှမ်းသံတော်ဆင့် ကိုပြာသည်။ ထို (၅) ဦးကို ဖမ်းဆီးသွားပြီးနောက်ပိုင်း နောက်တွင် ကျန်ရှိခဲ့သည့် မိသားစုဝင်များက စားဝတ်နေရေးပိုမို ခက်ခဲလာသည့်အတွက် အမြန်ပြန်လွှတ်ပေးရန်လည်း ဖမ်းဆီးခံရသည့် မိသားစုဝင် က ပြောသည်။

“ ဖမ်းဆီးသွားတာကြာပြီး။ ဘာသတင်းမှာလည်း မကြားရဘူး။ ကျမသားနဲ့ စကားပြောချင်တာတောင် မရဘူး။ ကျမသားက ငယ်ငယ်လေးပဲရှိသေးတယ်။ သူတို့ကို ဖမ်းသွားပြီး ကျမတို့ အိမ်မှာမနေရဲတော့ဘူး။ အိမ်လည်းပျက်စီးနေပြီ။ ကျမမှာ သမီး ငယ်နဲ့ အမေအိုရှိနေတယ်။ ဆိုင်ကယ်လည်းမစီးတက်ဘူး။ စားဝတ်နေရေးအတွက် အရမ်းကို ခက်ခဲတယ်။ ပြန်လွတ်လာစေချင် တယ်။” ဟု ရေအိုကျေးရွာက ဖမ်းဆီးခံရသည့် ဦးကြာယုံ၏ အမျိုးသမီးက ပြောသည်။ ဖမ်းဆီးသွားသည့်သူကို ပြန်လွတ်ပေး ခြင်းရှိမရှိကို RCSS ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းခမ်းစံကို သျှမ်းသံတော်ဆင့် သတင်းဌာန မှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍မရခဲ့ပေ။

၉။ ပူတာအို ၄၆ တပ်ရင်းက သက်ကြီးရွယ်အိုများကို စစ်သင်တန်းပေးရန်ခေါ်ယူ ထိန်းသိမ်းထား
23 September, 2021

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ အသက်အရွယ်ကြီးရင့်ပြီး နာမကျန်းဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေကို ပြည်သူ့စစ် သင်တန်း တက်ဖို့ရန်ဆိုပြီး ၄၆ တပ်ရင်းမှာ မတရား ထိန်းသိမ်းထားတယ်လို့ ထိန်းသိမ်းခံရတဲ့ မိသားစုတွေထံက သိရပါတယ်။

ပူတာအိုအခြေစိုက် ၄၆ တပ်ရင်းမှာ ထိန်းသိမ်းခံရတဲ့လူကြီးတွေဟာ အသင်းတော်အစည်းအဝေးရှိတယ်ဆိုပြီး လိမ်လည်ခံရ တာဖြစ်တယ်လို့ ထိန်းသိမ်းခံရသူရဲ့ မိသားစုဝင်က ပြောပါတယ်။ “ကျမတို့အသင်းတော်မှာ အစည်းအဝေးရှိတယ်ဆိုပြီး စစ်ကောင်စီလက်ပါးစေတွေက ခေါ်သွားတာ။ ဟိုရောက်တော့ ဘယ်လိုတွေစည်းရုံးလိုက်သလဲမသိဘူး တပ်ထဲရောက်သွားပြီး တပ်ထဲမှာအပိတ်ခံရတာ”လို့ ထိန်းသိမ်းခံအဘိုးအိုတစ်ယောက်ရဲ့ မြေးဖြစ်သူက ပြောပါတယ်။

ပူတာအိုမြို့နယ် ကောင်ကထောင်ရပ်ကွက်နေဒေသခံတစ်ဦးကလည်း” ကောင်ကထောင် ရပ်ကွက်ကနေ လူကြီးအယောက် ၁၀ ကျော်ပါသွားတယ်။ ကျမအဖေဆို အသက် ၇၀ ကျော်ပြီ။ ဗိုက်မှာလည်းအကြီးစားခွဲစိပ်ထားတာ။ ပြန်လွှတ်ဖို့ပြောထားတာ ခုထိမလွှတ်ပေးသေးဘူး။ ဒူးနာ၊ မျက်စိမမြင်၊ သွားမပါတဲ့ အဘိုးအရွယ်တွေကို ဘာလို့ စစ်သင်တန်း တက်ခိုင်းတာလဲ မသိဘူး။ လူသားဒိုင်းလုပ်ဖို့ စဉ်းစားထားလို့လား မသိဘူး။ အဲလိုဓားစာခံမလုပ်ဘဲနဲ့ အမြန်လွှတ်ပေးဖို့ တောင်းဆိုချင် ပါတယ်”လို့ဆိုပါတယ်။ ပူတာအိုဒေသခံ သက်ကြီးရွယ်အိုတွေကို လိမ်လည်ပြီးစည်းရုံးခဲ့တဲ့ စစ်ကောင်စီ ဘက်တော်သားတွေက အသင်းတော်အသီးသီးမှာဩဇာအာဏာညောင်းတဲ့သူတွေဖြစ်တဲ့အတွက် မသိနားမလည်တဲ့ လူကြီးတွေက လိုက်သွားခဲ့တာလို့ သိရပါတယ်။

၁၀။ ဗန်းမော်မြို့နယ်၌ စစ်ကောင်စီက တပ်ဖြန့်၊ ဒေသခံအချို့ကို လမ်းပြအဖြစ်ခေါ်ဆောင်
24 September, 2021

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ စင့်ကင်၊ ငှက်ပျောတော၊ သဖန်းပင်ကျေးရွာတွေဘက် စက်တင်ဘာ ၂၃ ရက်နေ့ နေ့လယ် ပိုင်းကစတင်ပြီး စစ်ကောင်စီအင်အား ၁၀၀ ကျော်လောက် အသီးသီးခွဲ တပ်ဖြန့်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်ထိတ်လန့် နေကြတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့နယ်ရှိ အထင်ကရ တိမ်းဖာတောင်အနီးကနေလည်း ဒေသခံ ၅ ဦးကို စစ်ကောင်စီ တပ်ဖွဲ့က လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိမ်းဖာတောင်ကြားဘက်ကနေ တိန်းသော်- မံရေးရွာဘက်ဖြတ်ကာ နားလုံဖြတ်လမ်းအား အသုံးပြု ပြီး ဒေါ့ဖုန်းယာန်ဘက် ချီတက်ဖွယ်ရှိ တယ်လို့လည်း သိရပါတယ်။ အဆိုပါ ဒေါ့ဖုန်းယာန်မြို့နယ်မှာ တိုက်ပွဲများလချီ ဖြစ်ပွားခဲ့ ရာ အလော့ဘွမ်တောင်တန်း တည်ရှိနေပြီး စစ်ရေး ပြန်လည်တင်းမာလာနိုင်ခြေရှိနေတယ်လို့ စစ်ရေးလေ့လာနေသူ ဒေသခံ တစ်ဦးက ပြောပါတယ်။

၁၁။ မုံးကိုး စစ်ရှောင်စခန်းတွင် Covid-19 ပိုး ကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာ
24 September 2021

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ စစ်ဘေးဒုက္ခသည်စခန်းတွင် Covid-19 ပိုးကူးစက်ခံရသူ စစ်ရှောင် ၉၇ ဦး နှင့် ပရဟိတ ၅ ဦးထိ ရှိလာကြောင်း စစ်ရှောင်စခန်းတွင် စီမံခန့်ခွဲပေးနေသူ တစ်ဦးထံ မှ သိရသည်။“ဒီနေ့ ၃၂ ဦး စစ်တာ ၁၈ ဦးတွေ့တယ်။ ပထမအကြိမ် ၃၇ ဦး၊ ဒုတိယအကြိမ် ၄၂ ဦး၊ တတိယအကြိမ် ၁၈ ဦးပေါ့။ စုစုပေါင်း စစ်ရှောင် ပြည်သူ ၉၇ ဦး။ အဲဒါတောင် အရမ်းဖျားတဲ့သူတွေကိုပဲ ရွေးတာ။ ကုသဖို့ နေရာ၊ ထားဖို့ နေရာ မရှိတော့လို့။ ပရဟိတ တွေက ပထမက ၂ ဦး၊ ဒုတိယအကြိမ် ၁ ဦး၊ ခု တတိယအကြိမ် ၂ ဦး စုစုပေါင်း ၅ ဦး” ဟု သူက ပြောသည်။

အဆိုပါ ပိုးတွေ့လူနာများအနက် လူနာ ၄၀ ကျော်ကို ပြည်သူ့ဆေးရုံတွင် ကုသပေးနေဆဲဖြစ်ပြီး အသင်းတော်နှစ်ပါးတွင်ရှိနေ သောပရဟိတ ဆရာဝန် ၂ ဦးနှင့်အတူ စစ်ရှောင် ၆၀ ကျော်အတွက် ဆေးဖိုးနဲ့ဆေးပစ္စည်းတွေအရေးပေါ်လိုအပ်နေကြောင်းသိ ရ သည်။“ပြည်သူ့ဆေးရုံမှာဆိုရင် တစ်ယောက်ကို အနည်းဆုံး တရုတ်ယွမ်ငွေ ၁၀၀၀ လောက် ဖျားနာတဲ့ပေါ်မူတည်ပြီး ဆေး ရုံ မှာ ၄၀ လောက် ပို့ထားတယ်။ တရုတ်ငွေနဲ့ တွက်လိုက်ရင်မလွယ်ဘူး။ အခုက တစ်ယောက်မှ မဆင်းသေးတဲ့အတွက်။ ဘယ် လောက်တောင်းမလဲမသိဘူး။”ဟု အလွန်ခက်ခဲနေကြောင်း ကူညီနေသူတစ်ဦးကပြောသည်။ စစ်ရှောင်စခန်းအတွင်း ကျန်းမာ ရေးစည်းကမ်းချက်လိုက်နာမှုအားနည်းခြင်းနှင့်စနစ်မကျခြင်းတို့ကြောင့်ပိုးကူးစက်သူပိုများလာကြောင်းသူကဆက်ပြောသည်။

မုံးကိုးမြို့အနီးတွင် ဩဂုတ်လ ကုန်ပိုင်းမှစတင်ပြီး ယနေ့ချိန်ထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်း ထန်ခဲ့ သောကြောင့် အရပ်သားပြည်သူ ၄ ဦး လက်နက်ကြီး ကျည်ထိမှန်သေဆုံးခဲ့ရပြီး ဒေသခံ ၇၀၀ ကျော်မှာ ဩဂုတ်လ ၂၉ ရက်နေ့ကစ မုံးကိုးမြို့ပေါ် ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးလာခဲ့သည်။

၁၂။ ကြာအင်းဆိပ်ကြီးမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
23 September, 2021
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝေါမာကျေးရွာတံတားဦးမှာ စစ်ကောင်စီလက်အောက်ခံ ခမရ ၄၃၂ တပ်နဲ့ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်တော် (KNLA) တပ်ရင်း ၁၇၊ တပ်ခွဲ ၂ တို့ စက်တင်ဘာ ၂၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပါ တယ်။

ဗိုလ်မှူးအောင်နိုင်လင်း ဦးဆောင်တဲ့ ခမရ (၄၃၂) တပ်ရင်းက အင်အား ၇၀ လောက်နဲ့ လက်နက်အပြည့်အစုံနဲ့ ကြာအင်းဆိပ် ကြီးမြို့နယ် ဝေါမာ (အလယ်ရွာ)ကျေးရွာ တံတားဦးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကေအန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာ ရရှိခဲ့ပြီး KNLA ဘက် က ထိခိုက်ကျဆုံးမှုမရှိကြောင်း ထုတ်ပြန်ပါတယ်။ အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်အုပ်စုတပ်က ခမရ (၄၃၂)တပ်က ရမ်းသန်း ပစ်ခတ်နေပြီး ပြည်သူတွေရဲ့ နေအိမ် ကျည်ဆန်ထိမှန် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အလားတူ ကေအန်ယူ- ဒူးပလာယာခရိုင်၊ အမှတ်(၆)တပ်မဟာ၊ ဝင်းရေးမြို့နယ်၊ တပ်ရင်း(၁၆) ဘက်မှာလည်း စစ်သားတွေ ကို လျှို့ဝှက်ပို့ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

၁၃။ ကျိုက်ထိုမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအမျိုးသမီးတစ်ဦးအပါအဝင် လုပ်ငန်းရှင် ၅ ဦးကို စစ်တပ်က ဖမ်းဆီး
September 24, 2021

ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်တင်မာလွင်နှင့် လုပ်ငန်းရှင် ၅ ဦးအား စစ်တပ်က (စက်တင် ဘာလ ၂၂ ရက်နေ့) တွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းရှင်များကို ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်တပ်က မေးမြန်းစရာရှိဟုဆိုကာ ခေါ်ဆောင်သွားပြီး မိသားစုများ အဆက်အသွယ်မရရှိသေး ကြောင်း သိရသည်။

“မေးစရာရှိလို့လို့ပြောပြီးတော့ခေါ်တာပါ။ အခုထိပြန်မလွတ်သေးပါဘူး။ အဆက်အသွယ်လည်းမရသေးပါဘူး” ဟု ဖမ်းဆီးခံရ သည့် အုပ်ချုပ်ရေးမှူး မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ထို့အပြင် မျိုးမြင့်နှင့်သားများ လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ဦးမျိုးမြင့်၊ ဇွဲ ရတနာဆိုင်ပိုင်ရှင် ဦးမင်းဇော်၊ ဝင်းဝင်းဌေး ရွှေဆိုင်ပိုင်ရှင် ဦးခင်စိုးနှင့် ဦးမြသိန်း ဖုန်းပစ္စည်းဆိုင်ပိုင်ရှင် ကိုမျိုးလင်းထွဋ္ဋ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ ဖမ်းဆီးရခြင်းအကြောင်းအရင်းနှင့် လက်ရှိအခြေအနေကို မေးမြန်းရန် ကျိုက်ထို မြို့မရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားမှူမရှိခဲ့ပါ။

၁၄။ ကယားစစ်ဘေးရှာင်များအား ကူညီသူ ၂ ဦးနှင့် ဒေသခံ ၂ ဦး စစ်ကောင်စီ ဖမ်းဆီး
22 September 2021

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးနေသည့် လူမှုအရပ်ဘက် လုပ်ငန်း များ လုပ်ဆောင်သူ ၂ ဦးနှင့် ဒေသခံ ၂ ဦး ထပ်မံ ဖမ်းဆီးခံရသည်ဟု သတင်းရရှိသည်။ ကရင်နီ လူ့အခွင့်အရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက “Humanitarian နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူ ၂ ဦး က အမျိုးသမီးတဦးနဲ့ ဈေးဝယ် ပေး ရာမှာ ကူညီပေးတဲ့သူ ၁ ဦးပါ။ သူတို့က အရပ်သားစစ်စစ်၊ အရပ်ဘက်လုပ်ငန်း လုပ်နေသူတွေဆိုတာ ကျနော်တို့ အာမခံနိုင်ပါ တယ်။ နောက်ထပ် ဖမ်းဆီးခံရသူ၂ ဦးက အဘွားတယောက်နဲ့ သူ့မြေးနဲ့ တောင်ယာလုပ်ငန်းကနေ ပြန်လာရင်းနဲ့ ဖမ်းဆီးခံရ တာပါ” ဟု ပြောသည်။ ၎င်းတို့မှာ စက်တင်ဘာ ၁၂ ရက်နောက်ပိုင်း တပတ်အတွင်း ဖမ်းခံလိုက်ရခြင်း ဖြစ်ပြီး ယခုတိုင် စစ်ကောင်စီ လက်ထဲ၌ ထိန်း သိမ်းခံထားရဆဲ ဖြစ်သည်ဟု ကိုဗညားက ပြောသည်။

အလားတူ ထိုရက်ပိုင်းက လွိုင်ကော်မြို့၌ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ကြောင်း စွပ်စွဲက ဖမ်းဆီးထားသူ အမျိုးသား ၂ ဦး လည်း ရှိကြောင်း သိရသည်။ ကရင်နီ လူ့အခွင့်အရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက စစ်ကောင်စီအနေဖြင့် လူမှုကူညီ ရေးတွင် လုပ်ကိုင်နေသူများ၊ အရပ်သားများကို ဖမ်းဆီးပြီးနောက်တွင် မိသားစုများကို အကြောင်းကြားခြင်း၊ တရားရေးအရ ဆောင်ရွက်ခြင်းမပြုဘဲ ပြန်ပေးဆွဲသည့်ပုံစံဖြင့် ဖမ်းဆီးခြင်းများကိုလုပ်ဆောင်နေခြင်း ဖြစ်သည်ဟုပြောသည်။ “အကျိုးအ ကြောင်းတခုကြောင့် လိုအပ်လို့စစ်ဆေးမေးမြန်းဖို့ကို နိုင်ငံတော်အစိုးရကဖြစ်စေ သက်ဆိုင်ရာဖြစ်စေ စနစ်တကျ လုပ်ပိုင်ခွင့်ကို ကျနော်တို့ သိပ်စောဒက မတတ်ဘူး။ အခုက ဖမ်းဆီးတာမှာ လူသားချင်း စာနာထောက် ထားမှုကိုလုပ်နေတဲ့သူတွေဖြစ်လို့ ကျနော်တို့ ပြင်းပြင်းထန်ထန် တောင်းဆိုလိုတာက သူတို့ဘယ်မှာဖမ်းထားလဲ။ သူတို့လိုအပ်တဲ့ မိသားစုနဲ့တွေ့ခွင့်၊ ဥပဒေ ကြောင်းအရ မြန်မာနိုင်ငံရဲ့ ဥပဒေ၊ နိုင်ငံတကာ ဥပဒေအရ သူတို့ကို အကာအကွယ် ပေးခွင့်ရှိရပါမယ်။ အခုက လူပျောက်မှု၊ ပြန်ပေးဆွဲမှု ဖြစ်နေပါတယ်။ လူ့အခွင့် အရေးမှာ ပြန်ပေးဆွဲမှု တခုက အဆိုးဝါးဆုံးလို့ ပြောလို့ ရပါတယ်”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီသည် ကယားပြည်နယ်တွင်း စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန်၌ ၎င်းတို့၏ မြေပြင်ရှေ့တန်းတပ်ဖွဲ့များက ဖမ်းဆီး ထားသည့် အရပ်သားများ၏ စာရင်း၊ အခြေအနေများကို ထုတ်ဖော်ပြောဆိုခြင်း တစုံတရာမရှိပါ။ ဧရာဝတီမှ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို စက်တင်ဘာ ပထမပတ်နှင့် ဒုတိယပတ်အတွင်း မေးမြန်းထားရာတွင် ၎င်းတို့ အနေဖြင့် အရပ်သားများကို ဖမ်းဆီးခြင်းမရှိဘဲ တိုက်ပွဲတွင်း လက်နက်ခဲယမ်းဖြင့် ဖမ်းမိသူများကိုသာ ဖမ်းဆီးထားခြင်းဖြစ် သည်ဟု ပြန်လည်ဖြေဆိုထားသည်။ ကယားပြည်နယ်တွင်း စစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီပေးနေသူတဦးက “စစ် ကောင်စီဘက်ကတော့ အမြဲတမ်း ငြင်းနေတာပါ။ ကျမတို့ ဒေသမှာ မပြောနဲ့ ချင်းပြည်နယ်ဘက်မှာလည်း အိမ်တွေ မီးရှို့တာ၊ အရပ်သားတွေ ကို သတ်ဖြတ်တာ သူလုပ်တယ် ဝန်မခံပါဘူး။ ကျမတို့ ကရင်နီဒေသမှာလည်း ထိုနည်းတူပါပဲ။ သူတို့က ဖမ်းပြီးရင် သတ်ပြီးရင် မတရားနှိပ်စက်တယ်။ PDF လို့ အတင်း ဝန်ခံခိုင်းနေတာတွေ လုပ်နေတာပါ”ဟု ပြော သည်။ စစ်ကောင်စီတပ်များသည် ဇွန်နှင့် ဇူလိုင်လအတွင်းကလည်း ကယားပြည်နယ်တွင်း အရပ်သားများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။

၁၅။ “ဝ” ဒေသသို့ ကုန်အဝင်အထွက်တွေကို စစ်ကောင်စီက ပိုမိုတင်းကြပ်လာနေ
September 23, 2021

UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ “ဝ” ဒေသထဲသို့ မြန်မာပြည်တွင်းဘက်ကနေ တင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေကို စစ်ကောင်စီက ပိုမိုတင်းကြပ်လာနေပြီး “ဝ” ဒေသက မြန်မာပြည်ဘက်ကို တင်တွင်းလာတဲ့ ကုန်ပစ္စည်းအားလုံးကို ဒီရက် ပိုင်းအတွင်း စစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။ မူလကလည်းက ဆန်၊ ဆီ၊ ဆား၊ ပဲ အစရှိတဲ့ စားသောက်ကုန်ပစ္စည်း (၁ဝ) မျိုးကို UWSA ထိန်းချုပ်နယ်မြေထဲသို့ တင်သွင်းခွင့် ပိတ်ပင်ထားခဲ့တာဖြစ်ပြီး နားလည်မှုနဲ့ စားသောက်ကုန်အချို့ တင်သွင်း ခွင့်ပြုခဲ့ပေမယ့် ဒီရက်ပိုင်းအတွင်း ပြန်လည်တင်းကြပ်လာတာ ဖြစ်ပါတယ်။

“အရင်ကတော့ နားလည်မှုနဲ့ တင်သွားလို့ရတယ်။ အခုက အဲပစ္စည်းတွေပါလာရင် ဖမ်းတာတော့ မလုပ်ဘူး။ ချက်ချင်းပြန် လှည့်ခိုင်းတယ်။ နောက်ပြီးတော့ “ဝ” ထဲက ပစ္စည်းတွေလည်း ဒီမြန်မာဘက်ကို လုံးဝ တင်လာလို့ မရတော့ဘူး။ ကျနော် သွား တဲ့ ရက်တုန်းကဆို ကားတွေအများကြီး ပြန်လှည့်လာခဲ့ရတယ်” လို့ ကားသမားတစ်ဦးက ပြောပါတယ်။ အခုလို စစ်ကောင်စီ ဘက်က ကုန်ပစ္စည်း အဝင်အထွက်တွေကို ပိုမိုတင်းကျပ်လာတာဟာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ကားသမားတွေက ဆိုကြပါတယ်။“အဓိကတော့ သူတို့စစ်တာက ဆန်ပဲ။ အဲဒါ ပါလို့မရဘူး။ နောက်ပြီးတော့ ပရိဘောဂ တွေလည်း တင်လို့မရဘူး။ အချိုရည်နဲ့ ဘီယာတွေတော့ ရတယ်။ “ဝ” ဘက်ကနေလာရင် ဘာမှသယ်လာလို့မရဘူး။ ပါလာရင် အကုန်ပြန်ပို့ခိုင်းတယ်။ “ဝ” နယ်စပ်အထိ ပြန်လှည့်ပြီး သွားပို့ရတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

“ဝ” ဘက်သို့ တက်ရောက်မယ့် ကားသမားတွေဟာ တာကောအပ်တံတားအနီးရှိ စစ်ကောင်စီစခန်းမှာ ဝင်ရောက်စစ်ဆေးခံ ရပြီး သွားလာနေရတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ အဲဒီဒေသတစ်ဝိုက် စစ်ကောင်စီဘက်က တပ်အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အခုလို တင်းကြပ်လိုက်တာပါ။

၁၆။ ရခိုင်တွင် တစ်နှစ်ခန့်အတွင်း တရားမဝင်သစ်တန်ချိန်ပေါင်း ၅၀၀၀ ကျော်ဖမ်းဆီးရမိ
September 22, 2021

ရခိုင်ပြည်တွင် ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် သြဂုတ်လအထိ တရားမဝင်သစ်တန်ချိန်ပေါင်း ၅၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်သစ်တောဦးစီးဌာန၏ စာရင်းအရ သိရသည်။ တစ်နှစ်ခန့်အတွင်း သစ်တန်ချိန်စုစုပေါင်း ၅၁၈၁ ဒသမ ၅၀၉၁ တန်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အများဆုံးသစ်ဖမ်းဆီးရရှိမှုမှာ သံတွဲခရိုင်မှဖြစ်ကာ ၄၀၄၆ ဒသမ ၈၄၁၇ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်အောင်က “အများစုကတော့ သံတွဲခရိုင် အတွင်းက ဖမ်းဆီးရမိတာရှိပါတယ်။ တစ်နှစ်နဲ့ တစ်နှစ်တော့မတူပါဘူး။ ဘာကြောင့်လဲဆိုတော့ ခိုးတဲ့လူတွေက လမ်းကြောင်း မျိုးစုံကခိုးနေကြတော့ သူတို့သယ်ယူပို့တဲ့နေရာမှာ မူတည်တာပေါ့”ဟု ပြောသည်။“ကျနော်တို့အများဆုံးဖမ်းဆီးရမိတဲ့ သစ်တွေမှာ တန်ငါးထောင်ကျော်မှာ အခြားသောသစ်တွေများပါတယ်။ အခြားသောသစ်တွေက သစ်တန်ချိန်လေးထောင်ကျော် လောက်ရှိပါတယ်။ တခြားသစ်တွေက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်အဲဒါတွေကလည်း များတာပေါ့”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်အတွင်း ဖမ်းဆီးရမိသည့်သစ်များမှာ ရခိုင်တစ်ခုတည်းမှ ခိုးထုတ်သည့်သစ်များမဟုတ်ဘဲ တခြားဆက်စပ်ပြည်နယ် များဖြစ်သည့် ပဲခူးရိုးမနှင့် မင်းဘူးတို့မှ ရခိုင်ပြည်နယ်ဖက်သို့ သယ်ဆောင်လာသည့် သစ်များလည်းပါဝင်ကြောင်း ပြည်နယ် သစ်တောဦးစီးဌာနမှ သိရသည်။ “သစ်ခိုးမှုတွေအများစုကတော့ ဆက်စပ်ပြည်နယ်တွေပေါ့နော်။ အဲဒီပြည်နယ်တွေထဲက လာတာလည်းရှိတယ်။ ရခိုင်ပြည်နယ်မှာ မခိုးဘူးတော့မဟုတ်ဘူး။ ရခိုင်ကနေပြီးတော့ သစ်တွေခိုးနေတယ်။ ဒီလိုမျိုး မဟုတ် ဘူး။ သစ်တွေက တခြားပဲခူးရိုးကလာတာတွေရှိတယ်။ နောက်တစ်ခါ မင်းဘူးတို့ဘာတို့ အဲဒီဘက်တွေက လာတာတွေလည်းရှိ တယ်။ အဲဒီဘက်ကလာတဲ့သစ်တွေကို ရခိုင်ပြည်နယ်မှာဖမ်းဆီးရမိတဲ့ပမာဏာက များတယ်ပေါ့နော်”ဟု ၎င်းကဆိုသည်။

၁၇။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို R2P အစည်းအဝေးတက်ခွင့်ပြုသည့်အပေါ် စစ်ကောင်စီအဖွဲ့ ကန့်ကွက်
24 September, 2021

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို R2P ဆိုင်ရာဝန်ကြီးများအဆင့် နှစ် ပတ်လည်အစည်းအဝေးမှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့တဲ့အပေါ် အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က အပြင်း အထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ စက်တင်ဘာ ၂၂ ရက်က (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပမှာ အဆိုပါ အစည်းအဝေးကို Global Center for Responsibility to Protect (GCR2P) အဖွဲ့ကဦးဆောင် ကျင်းပရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပါဝင်တက်ရောက် မိန့်ခွန်းကြားခဲ့တာဖြစ်ပြီး စစ်ကောင်စီ ကိုယ်စားလှယ်ကတော့ တက်ရောက် ခွင့်မရခဲ့ပါဘူး။ ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဌာနက စက်တင်ဘာ ၂၃ ရက်မှာ ကြေညာချက် ထုတ်ပြန် ကန့်ကွက် လိုက်တာဖြစ်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အစည်းအဝေးမှာ ပါဝင်တက်ရောက်ခွင့်ပြုတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေရဲ့အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး ဒီဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေဖို့ လှုံ့ဆော်အားပေးရာရောက်ကြောင်းနဲ့ ဦးကျော်မိုးထွန်းနဲ့ ထိတွေ့ဆောင်ရွက်တာ အားပေးအားမြှောက်ပြုတာတွေ ကို ရှောင်ကြဉ်ဖို့လည်း နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်းတောင်းဆိုတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။ ဒါ့အပြင် ဦးကျော်မိုးထွန်းဟာ NUG အဖွဲ့ကို ကိုယ်စားပြု မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိကြောင်းသူ့ရဲ့ မိန့်ခွန်းမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အသိုက်အဝန်းမှ မမှန်မကန် အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်များပါဝင်ပြီး၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးစေကာ ပြည်ပစွက်ဖက်မှုကို ဖိတ်ခေါ်နေတဲ့ လက်ခံနိုင်ဖွယ် မရှိတဲ့ အချက်အလက်တွေပါဝင်နေတယ်လို့ဆိုပါတယ်။

အလားတူ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ခွင့်မရတဲ့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို နေပြည်တော်ကနေ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက် ရောက်ခဲ့ပြီး CRPH နဲ့ NUG တို့ ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချသွားဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ် အဖြစ် အသိအ မှတ်ပြုပြီး အထွေထွေညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ဆွေးနွေးခွင့် ပြုထားပါတယ်။

၁၈။ ပန်ဆိုင်းမြို့နယ် ဆိုင်ကယ်ဖြင့် ရွာလှည့်တံမြက်စည်းရောင်းသူ သေနတ်ပစ်သတ်ခံရ
September 22, 2021

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ ပန်ဆိုင်းမြို့နယ် မန်မိုင်ကျေးရွာတွင် (စက်တင်ဘာ ၂၂)ရက်မနက်ပိုင်းတွင် ဆိုင်ကယ်ဖြင့် ရွာလှည့်ပြီး တံမြက်စည်း ရောင်းသူတစ်ဦး သေနတ် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

(စက်တင်ဘာလ ၂၂) ရက် မနက် ၉ နာရီကျော်တွင် ပန်ဆိုင်းမြို့နယ် မန်မိုင်ကျေးရွာတွင် ဆိုင်ကယ်ဖြင့် တံမြက်စည်းရောင်း သူကို အမည်မသိလက်နက်ကိုင် လူ(၂)ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ၎င်းကို သေနတ် ၃ချက်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“ဒီနေ့ ၉ နာရီကျော် ၁၀ မိနစ် လောက်က ဖြစ်တယ်၊ ရွာထဲကို ဆိုင်ကယ်နဲ့ တံမြက်စည်းတင်ပြီး ဝင်လာတဲ့သူကို အရပ်ဝတ်နဲ့ လက်နက်ကိုင် လူနှစ်ယောက်က သေနတ်သုံးချက်နဲ့ ပစ်သွာတာ၊ သူကတော့ အဲ့နေရာမှာတင် ပွဲချင်းပြီးသေသွားတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦး က ဆိုသည်။

အဆိုပါ သေဆုံးသွားသူသည် ဗမာလူမျိုးဖြစ်ပြီး ၎င်း၏ နေရပ်လိပ်စာနှင့် အမည်များကို မသိရှိရကြောင်း ၎င်းကို လာရောက် ပစ်ခတ်သွားသူကိုလည်း ဘယ်အဖွဲ့အစည်းမှ ဖြစ်ကြောင်းလည်း အတည်ပြု ပြောဆိုခြင်းများလည်း မသိရကြောင်း ၎င်းက ပြောသည်။“သေသွားတဲ့သူက ဗမာလူမျိုးလိုပဲ သိရတယ်၊ ကျန်တာတော့ မသိရသေးဘူး၊ သူ့ကို လာပစ်တဲ့သူတွေက လည်း ဘယ်သူဘယ်ဝါမှန်းမသိရဘူး၊ သူသေဆုံးပြီး မကြာဘူး ရွာထဲကို ဌာနဆိုင်ရာတွေ စစ်တပ်ကလူတွေ လာကြည့်ကြတာများ တယ်၊ ၁၁ နာရီလောက်မှာတော့ မီးသတ်တွေ ရဲတွေက သူ့ Dead Body က လာသယ်သွားကြတယ်”ဟု အမည်မဖော်လို သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၁၉။ ထောင် ၂ နှစ်ခွဲချမှတ်ခံထားရသည့် ရခိုင် တက္ကသိုလ်ကျောင်းသား ၄ ဦး၏အယူခံလွှာပယ်ချခံရ၍ ပြည်နယ်တရား လွှတ်တော်အထိ ဆက်တက်မည်ဟုဆို
September 24, 2021

ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦး၏အယူခံတင်သွင်းမှုကို စစ်တွေခရိုင် တရားရုံးကပယ်ချလိုက်သော်လည်း ပြည်နယ်တရားလွှတ်တော်အထိ ဆက်လက်အယူခံတင်သွားဦးမည်ဟု သိရသည်။ အဆိုပါ ကျောင်းသား ၄ ဦးအတွက်အယူခံကို စက်တင်ဘာလ ၂၃ ရက်တွင် စစ်တွေခရိုင်တရားရုံးတွင် တင်သွင်းခဲ့ရာ လက်ခံကြား နာခြင်းမရှိဘဲ အမှုကိုပယ်ချလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင် က နိရဥ္စရာကို ပြောသည်။

“မနေ့က ၅၀၅(ခ) ကိုအယူခံတက်တယ်။ ၂၀၂၁ ရာဇဝတ်အယူခံမှုနဲ့ (၁)၊ နောက်ထပ်တစ်မှုက ဘေးစီမံ ၂၉ အရ ၂၀၂၁ ရာဇ ဝတ်အယူခံမှုနဲ့ (၂)နဲ့တင်သွင်းခဲ့တယ်။ ခရိုင်တရားသူကြီးကိုယ်တိုင် အမှုကိုလက်ခံပြီး လျှောက်လဲချက်ပေးရတယ်။ လျှောက် လဲချက်ပေးပြီးနောက်မှာ အမှုကိုပယ်ခဲ့တယ်။ အယူခံတက်တဲ့အကြောင်းပြချက်ကတော့ ဖြစ်ရပ်တစ်ခုတည်းအပေါ်မှာ အမှု ၂ ခုစွဲထားပြီး ပြစ်ဒဏ်ကိုလည်း သီးခြားစီ ၂ ခုချမှတ်ထားတာဟာ ဥပဒေနဲ့မညီသည့် အတွက် အယူခံတက်ရတာဖြစ်တယ်။” ဟု ပြောသည်။ ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ တွင် ပြုလုပ်မှု (သို့) ပျက်ကွက်မှုတစ်ခုခုသည် ဥပဒေနှစ်ရပ် (သို့) နှစ်ရပ်ထက်ပိုသော ဥပဒေများအရ ပြစ်မှုမြောက်လျှင် ပြစ်မှုကျူးလွန်သူအား ယင်းဥပဒေများအနက် ဥပဒေတစ်ရပ်ဖြင့်သာ တရားစွဲဆိုအပြစ်ပေးရမည်ဖြစ်ကြောင်းနှင့် ပြစ်မှုတစ်ရပ်တည်းအတွက် ပြစ်ဒဏ်တစ်ကြိမ်ထက်ပို၍ မခံစေရဟုလည်း ပြဋ္ဌာန်းထားကြောင်း တရားလွှတ်တော်ရှေ့နေဦးကျော်ညွန့်မောင်က ပြောသည်။

ယခုအမှုတွင် ပြစ်မှုကျူးလွန်သူများသည် တက္ကသိုလ်ကျောင်းသားလူငယ်များဖြစ်ပြီး ရိုးသားစွာဖြင့်အပြစ်ရှိကြောင်း ဝန်ခံထား ပါလျက် အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခြင်းသည် အင်မတန်မှနစ်နာမှုရှိသည့်အတွက် ကျောင်းသားများနှင့်ဆက်သွယ်၍ ရခိုင် ပြည်နယ်တရားလွှတ်တော်အထိ ဆက်လက်အယူခံတက်သွားဦးမည်ဟုလည်း ပြောသည်။ အယူခံပယ်ချခံလိုက်ရမှုနှင့် ပတ်သက်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုသော်ဇော်ထွန်းကလည်း “တရားမျှတမှုကတော့ ဒီတိုင်းပြည်မှာ ဒီလိုအခြေအနေမှာ ရနိုင်မဲ့အခြေအနေတော့မရှိဘူး။ ဒီအချိန်မှာ ဒီလိုပယ်ချခံရတာတော့ သိပ်တော့မဆန်းဘူး။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ တရားမျှတမှုရအောင် ဆက်လို့အကောင်းဆုံးကြိုးစားသွားမယ်” ဟုပြောသည်။

၂၀။ ဒုတိယဗိုလ်ချုပ်ကြီး စောစတီးလ် DKBA စစ်ဦးစီးချုပ်ဖြစ်လာ
September 23, 2021

၂၀၂၁ ခုနှစ်၊ ဇူလိုင်လထဲမှာ ကိုဗစ် – ၁၉ ရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးနေရာမှာ ဒုတိယဗိုလ်ချုပ်ကြီး စောစတီးလ်ကို စစ်ဦးချုပ်အဖြစ်ခန့်အပ်လိုက်တယ်လို့ စက်တင်ဘာ ၂၃ ရက် ဒီကနေ့မှာပဲ DKBA က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့က ဗဟိုအလုပ်အမှုဆောင် ၁၁ ဦး အစည်းအဝေးထိုင်ကာ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောစတီးလ် ကို ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ပြီး စစ်ဦးစီးချုပ်အဖြစ် တာဝန်ပေးလိုက်တာ ဖြစ်တယ်လို့ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောဟီဒို က RFA ကိုပြောပါတယ်။ ဒါပေမဲ့ ဒုတိယစစ်ဦးစီးချုပ်ဖြစ်လာမယ့်သူကိုတော့ တပ်မှူးတွေစုံညီ အစည်း အဝေးကျင်းပပြီးမှ ဆုံးဖြတ်သွားမှာဖြစ်ပြီး လက်တလော ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် အစည်းအဝေးကျင်းပနိုင်ဦးမှာ မဟုတ်သေးဘူးလို့ ဗိုလ်မှူးကြီး စောဟီဒို ကဆိုပါတယ်။ ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်ပေမယ့် ငြိမ်းချမ်းရေးနဲ့ပတ်သက် တဲ့ DKBA ရဲ့ မူဝါဒတွေကတော့အပြောင်းအလဲဖြစ်လာဖို့မရှိဘူးလို့ ဗိုလ်မှူးကြီး စောဟီဒို က RFA ကို ပြောပါတယ်။

DKBA ဟာ ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ် ရေးထိုးခဲ့တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်တပ်နဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိသလို အာဏာသိမ်းပြီးနောက် ပိုင်းမှာလည်း ဒေသဖွံ့ဖြိုးရေး ကိစ္စတွေအတွက် တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားပေမယ့် စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရပ်ဆိုင်း ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေပါတယ်။

၂၁။ နောင်မွန်ဒေသ စစ်ကောင်စီ လက်အောက်ခံ စစ်သင်တန်း ဒုတိယအကြိမ် ပြန်လည်စတင်နေ
22 September 2021

ပူတာအိုခရိုင် နောင်မွန်ဒေသတွင် KIA ကို တန်ပြန်တိုက်ခိုက်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီ USDP တို့ ဦးဆောင်သော စစ်သင်တန်း ဒုတိယအကြိမ် စတင်ဖွင့်လှစ်နေပြီဟု သိရသည်။ စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး ခေါင်လန်ဖူးဒေသ ဌာနေပြည်သူ့စစ်အဖွဲ့က ဦးဆောင်ပြီး နောင်မွန်မြို့ မှ ၁၀ မိုင်ခန့်ကွာဝေးသော မဂွေဇကျေး ရွာအခြေစိုက် ပြည်သူ့စစ်တပ်စခန်းတစ်ခုတွင် လူငယ် ၈၀ ဦးခန့်ဖြင့် စစ်သင်တန်း ပို့ချခံယူနေပြီဖြစ်ကြောင်း နောင်မွန်ဒေသခံ တစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“ဒီတစ်ခေါက် စစ်သင်တန်းမှာ တက်တဲ့ သူတွေက ၈၀ လောက်ရှိတယ်။ အဲ့ထဲမှာ အရင်အသုတ်တွေမှာ သင်ခဲ့ဖူးတဲ့သူတွေ လည်းပါတယ်လို့ကြားတယ်။ သင်တန်းက ၂၁ ရက်နေ့ကစတယ်။ သင်တန်းတက်တဲ့သူတွေက စစ်အာဏာရှင်စနစ်ကိုထောက် ခံတဲ့ သူတွေနဲ့ ပတ်သက်တဲ့သူတွေပါဘဲ”ဟု ပြောဆိုသည်။ စစ်သင်တန်းတွင် တက်ရောက်နေသူများမှာပြီးခဲ့သော ၂ လခန့်က ပြည်သူ့စစ်မလုပ်မနေရ တစ်အိမ်ဝင်တစ်အိမ်ထွက်လက်နက်ပေးမည်ဟုဆိုကာ စည်းရုံးထားသောသူများဖြစ်သည်ဟုသိရသည်။

နောင်မွန်ဒေသနည်းတူ ပူတာအိုတွင်လည်း စက်တင်ဘာ ၂၀ ရက်နေ့မှစတင်ပြီး ပြည်သူ့စစ် သင်တန်းပို့ချရန် စည်းရုံးခဲ့သော် လည်း လက်ရှိချိန်ထိ တက်ရောက်မည့်သူ မရှိသေးသောကြောင့် သင်တန်း ရက်ရွှေ့ဆိုင်းထားရကြောင်း သိရသည်။“ပူတာအို မှာ သူတို့ ၂၀ ရက်လောက်မှာ လုပ်ဖို့စီစဉ်ထားတယ်လို့ ကြားတယ်။ ပြီးခဲ့လလောက်ကနေ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက် စည်းရုံးနေတာကြားတယ်။ ဒါပေမယ့် အခုကလာသင်တဲ့သူ တစ်ယောက်မှ မရှိတဲ့အတွက် သင်တန်းရက် ပြန်ရွှေ့ထားတယ်လို့ ပြန်ကြားရတယ်”ဟု ပြောဆိုခဲ့သည်။ နောင်မွန်ဒေသတွင် ပြီးခဲ့သော မေလကစပြီး KIA ကို တိုက် ခိုက်ရန်အတွက် ဌာနေ ပြည်သူ့စစ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP တို့ပူးပေါင်းကာ ကျေးရွာအလိုက် လိုက်လံစည်းရုံးမှုများရှိ ခဲ့ပြီး ပထမအကြိမ် စစ်သင်တန်းတွင် လူငယ် ၂၀ ဦးခန့်ဖြင့် ပြုလုပ်ခဲ့သည်။ USDP ပါတီဝင်အချို့နှင့် ရဝမ်ယာဉ်ကျေးမှုအဖွဲ့ ၏ နာယက ဦးထုံဖူးဒဂုဏ်တို့ ဦးဆောင်ပြီး တစ်အိမ်ထောင်တွင် လက်နက်တစ်စုံရရှိရေးအတွက် ပြည်သူ့စစ်အဖွဲ့ထံ လက်နက် တောင်းခံခဲ့သည်။ သို့သော် နောင်မွန်ဒေသတွင် ယနေ့ချိန်ထိ စစ်ကောင်စီ လက်အောက်ခံတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ ပူတာအိုမြို့နယ်တွင်သာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

၂၂။ ကျိုက်ထိုမှာ အရပ်သား ၂ ဦး မြေမြှုပ်မိုင်းထိ၊ ၁ ဦး ဒဏ်ရာပြင်းထန်
September 23, 2021

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက အရပ်သားပြည်သူ ၂ ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနက် ၇ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ ချောင်းကွေ့ ကျေးရွာအနီးမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ကင်မွန်းချောင်းကျေးရွာ (ကင်မွန်းစခန်း) ဘက်သို့သွားနေစဉ် မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်လုံးမှာ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် မနက် ၉ နာရီခွဲအချိန်ခန့်ကလည်း ကျိုက်ထိုမြို့နယ်၊ ဆောင်နိုင်ကြီးကျေးရွာနဲ့ မဲရုံးကြီးကျေးရွာကြားမှာ အမျိုးသား တစ်ဦး မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူဟာ ဒဏ်ရာပြင်းထန် တဲ့အတွက် ကျိုက်ထိုပြည်သူ့ဆေးရုံကတဆင့် မော်လမြိုင်ကို ပို့ဆောင်ထားရပါတယ်။ “ဆောင်နိုင်ကြီးဘက်က မိုင်းထိလူနာ က ဒဏ်ရာပြင်းထန်လို့ မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်ရတယ်”လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတ အသင်း က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

၂၃။ ရခိုင်အရေး ဆန္ဒပြ၍ ဖမ်းဆီးထောင်ချခံရသည့် ကျောင်းသား ၂၅ ဦးအထိရှိလာ
September 22, 2021

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ချိန်က အင်တာနက်ကို အချိန် ကြာမြင့်စွာဖြတ်တောက်ခဲ့မှုကြောင့် လမ်းပေါ်ထွက်ကန့်ကွက်ဆန္ဒပြ၍ ဖမ်းဆီးထောင်ချခံထားရသည့် ကျောင်းသား ၂၅ ဦး အထိရှိလာကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ သိရသည်။ ဖမ်းဆီးထောင်ချထားရသည့် အထဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)မှ ကျောင်းသား ၂၁ ဦးနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၄ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ရခိုင်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း ကလေးသူငယ်များအပါအဝင် အရပ်သားအများအပြား ထိခိုက်သေဆုံးခဲ့ရပြီး တပြိုင်နက်တည်းတွင် အစိုးရက ရခိုင်ကမြို့နယ်အချို့ကို အင်တာနက်လိုင်းများပါ ဖြတ်တောက်ခဲ့သည်။ ယင်းသို့လုပ်ဆောင်ချက်များအပေါ် ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ကျောင်းသားများကို နိုင်ငံတော်အကြည်ညိုပျက် စေပုဒ်မ- ၅၀၅(က)၊ (ခ) စသည့်ပုဒ်မများတပ်ကာ ဖမ်းဆီးတရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ခဲ့သည်။

ယင်းကာလက အာဏာရှိအစိုးရအနေဖြင့် ကူညီနိုင်လျက်နှင့် မကူညီခဲ့မှုအတွက် ဝမ်းနည်းမိကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)မှ ဒု-ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ပြောသည်။ “စစ်အာဏာရှင်စနစ် မကောင်းဘူး ဆိုတာကို ထိုးပြခဲ့တဲ့ကျောင်းသားတွေကို မကူညီခဲ့တာတော့ဝမ်းနည်းစရာကောင်းတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့က ဒါကိုသိပ်ပြီးတော့ခံစားနေမှာမဟုတ်ဘူး။ ကျွန်တော်တို့ ဗကသ ရဲ့မူဝါဒအရ စစ်အာဏာရှင်စနစ်ကို ဆက်လက်တွန်းလှန်နေ တာဖြစ်တယ်”ဟု ကိုအောင်ပြည့်စုံဖြိုးက ပြောသည်။ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်း နှင့် ကိုကောင်းထွန်းတို့လေးဦးမှာလည်း ယခုစက်တင်ဘာလ ၁၆ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက် စေမှုပုဒ်မ ၅၀၅(ခ)၊ ဘေးစီမံပုဒ်မ-၂၉ တို့ဖြင့် ထောင်ဒဏ်(၂)နှစ်နှင့် (၂)လ ချမှတ်ခံလိုက်ရသည်။

၂၄။ မယ်တော်ဆေးခန်း ပြန်ဖွင့်၊ ကျန်းမာရေးဝန်ဆောင်မှု ၄မျိုးကို ရက်အကန့်အသတ်ဖြင့် ကုသပေးသွားမည်ဟု ထုတ်ပြန်
September 22, 2021

ကိုဗစ်ကပ်ရောဂါကြောင့် ယာယီ ပိတ်ထားရသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ၊ မယ်တော်ဆေးခန်းကို စက်တင်ဘာလ ၂၂ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီး နာတာရှည်ရောဂါသည် အပါအဝင် ကျန်းမာရေးဝန်ဆောင်မှု ၄မျိုးကို ရက်အကန့် အသတ်ဖြင့် ကုသပေးမည်ဟု ၎င်းဆေးခန်းက ကြေညာချက် ထုတ်ပြန်သည်။

ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် တစ်လကျော်ကြာ ယာယီပိတ်ထားရသည့် မယ်တော်ဆေးခန်းတွင် နာတာရှည်ရောဂါ အပြင် အခြားကျန်းမာရေးဝန်ဆောင်မှုများဖြစ်သည့် မျိုးဆက်ပွားကျန်းမာရေး ပြင်ပလူနာဌာန၊ ကလေးကာကွယ်ဆေး ထိုးဌာနနှင့် မျိုးဆက်ပွား ကျန်းမာရေး အတွင်းလူနာဌာနတို့ကို ရက်အကန့်အသတ်ဖြင့် ကုသပေးသွားမည်ဖြစ်ကြောင်း ဆေးခန်းတာဝန်ရှိ သူက ယခုလို ပြောသည်။ ဆေးခန်းပြောခွင့်ရ နော်ဆိုဖီယာလှက “ဒီအပတ်ထဲမှာ နာတာရှည်ရောဂါသည်တွေအတွက် ပြန်ဖွင့် ပေးတာပေါ့။ ပြန် ဖွင့်ပေးတယ်ဆိုပေမဲ့ တစ်ပတ်လုံး မဟုတ်ဘဲနဲ့ တစ်ပတ်ကို ၂ ရက်။ ပြီးတော့ ပြီးခဲ့တဲ့လကတည်းက ဖွင့်ထား ပေးတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးစောင့်ရှောက်မှု ပညာပေးဌာနကိုကျတော့ လူနာအရေအတွက်များတော့ တစ်ရက် ထပ် တိုးပြန်ဖွင့်ပေးထားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ကိုယ်ဝန်ဆောင်မိခင်များ စောင့်ရှောက်ခြင်း (ကိုယ်ဝန်အပ်လက်ခံခြင်း)၊ မိသားစုစီမံကိန်းနှင့်ဆိုင်သော သန္ဓေ တားနည်းများ၊ ကိုယ်ဝန်ပျက်ကျပြီးနောက် ကျန်းမာရေး ပြန်လည်ပြုစုစောင့်ရှောက်ပေးခြင်း၊ မိခင်နှင့်ကလေးများအတွက် မွေးဖွားပြီး ပြုစု စောင့်ရှောက်ပေးခြင်းဆိုင်ရာ မျိုးဆက်ပွားကျန်းမာရေး ပြင်ပဌာနကိုလည်း အပတ်စဉ် တနင်္လာ၊ အင်္ဂါနှင့် ကြာသပတေးနေ့ များတွင် ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။ ထို့အတူ ကလေးကာကွယ်ဆေးထိုးဌာနကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ နှင့် ကြာသပတေး နေ့များတွင် နံနက် ၈ နာရီမှ ၁၂ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ကလေးမွေးဖွားခြင်းဆိုင်ရာ၊ ကိုယ်ဝန် ပျက်ကျခြင်း၊ ကိုယ်ဝန်နှင့် နောက်ဆက် တွဲပြဿနာ၊ မွေးကင်းစ ပြဿနာဆိုင်ရာ မျိုးဆက်ပွားကျန်းမာရေး အတွင်းလူနာဌာနကို ၂၄ နာရီ အချိန်ပြည့် ဖွင့်လှစ် သွားမည်ဖြစ်သော်လည်း မွေးလူနာအတွက် ၎င်း၏ခင်ပွန်းဖြစ်သူအား လူနာစောင့်တစ်ဦး အဖြစ်သာ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း မယ်တော်ဆေးခန်း၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

၂၅။ မွန်ပြည်နယ် မိုးစပါးချေးငွေ မရသူများရှိနေ
September 24, 2021

မွန်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် မိုးစပါးချေးငွေ ပြန်ဆပ်ထားသသည့် လယ်သမားများ အချိန်ကြာမြင့်သည့်တိုင် ယခုနှစ်အတွက် မိုးစပါးချေးငွေမရသေးဟု ကျိုက်မရောမြို့နယ် ပေါလောကုန်းရွာမှ လယ်သမားတစ်ဦးက ပြောသည်။ “ကျနော်တို့ဒေသမှာ မိုးစပါးချေးငွေ ပြန်ဆပ်နိုင်တဲ့သူ ဒီနှစ်အတော်နည်းတယ်။ ဆပ်တဲ့သူတော်တော်များများလည်း နောက်နှစ်ချေးငွေအခုထိကို မရကြသေးဘူး။ အဲဒီတော့နောက်လူတွေကဆပ်ဖို့ ကြောက်နေကြတယ်။ ဒီနှစ်အတွက်ဆပ်လိုက်ပါပြီရဲ့ နောက်နှစ်အတွက် ထုတ်မပေးမှာကို စိုးရိမ်ပြီး မဆပ်ကြတာလည်း ရှိပါတယ်” ဟု ၄င်းကဆိုသည်။

သို့ရာတွင် မိုးစပါးချေးငွေဆပ်သူများကို ကျေးရွာအလိုက် ယခုနှစ်အတွက် ချေးငွေများ ထုတ်ပေးနေကြောင်း မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ် (မွန်ပြည်နယ်) မန်နေဂျာ ဦးကျော်စွာလှိုင်က ဆိုသည်။ “အခုထိမရကြသေးတာက မဆပ်တဲ့သူများတဲ့ ဒေသတွေဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က ချေးငွေဆပ်တာ အများဆုံးကျေးရွာတွေကနေ အနည်းဆုံးအထိ အစဉ်လိုက် ထုတ်ပေးနေလို့ပါ” ဟု ၎င်းကဆိုသည်။

မိုးစပါးချေးငွေများကို အထက်ကညွှန်ကြားထားသော သတ်မှန်နှုန်းထားများအတိုင်း ပြည့်မှီအောင် ထုတ်ချေးပေးနိုင်ရန် စီစဉ် နေကြောင်း၊ တောင်သူများ အနေဖြင့် လယ်ယာမြေလုပ်ပိုင် ခွင့်လက်မှတ် (ပုံစံ-၇) မူရင်းကို စိုက်ပျိုးစရိတ်ချေး ငွေမကြေ မခြင်း ဘဏ်မှာ အပ်နှံထားရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က သိရသည်။ ၂၀၂၀ ခုနှစ် မေလ ၁ ရက်နေ့မှ စပြီး မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကိုများ၏ အတိုးနှုန်းကို ၅ ရာခိုင်နှုန်းသို့ လျော့ချခဲ့ပြီး ပြန်ဆပ်ရမည့်သတ်မှတ် ရက်ကျော် လွန်ပါက တစ်လအတွက် ကျပ် ၁၀၀ လျှင် ပြား ၅၀ ကို ဒဏ်ကြေးအဖြစ်ပေးဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။

၂၆။ မိုင်းကိုင် စစ်ရှောင်များ စားနပ်ရိက္ခာ မကြာခင် ပြတ်လတ်တော့မည်
September 23, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ရက်ပိုင်းရောက်ရှိလာသည့် စစ်ရှောင်များ (၂၀၀၀) ကျော် စားနပ်ရိက္ခာ မကြာ ခင် ပြတ်လတ်မှု ရှိနိုင်ကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုမှာ စစ်ရှောင် (၁၄၃၆) ဦး၊ တုံလောကျေးရွာအုပ်စုမှာ (၆၀၀) ခန့်၊ ဟမ်းငိုင်းကျေးရွာအုပ်စုမှာ (၁၀၃) ဦး နှင့် မိုင်းကိုင်မြို့တွင်းရှိ ဆွေမျိုးများ နေအိမ်မှာ လည်း အနည်းငယ် သွားရောက်ခိုလှုံနေသည့် သူများလည်း ရှိကြောင်း သိရှိရသည်။

“စားသောက်ပိုင်းတွေ လိုအပ်တယ်။ဘာလို့လဲဆိုတော့ မနေ့က ဆန်တွေကို ခွဲဝေပေးတာ အိတ်ပေါင်း (၁၃၀) ကျော် လောက် တစ်အိမ်ကို (၃) ပြည်လောက်ပဲရတယ်။ အဲ့ကြောင့် အစားအသောက် ဆန် ဆီဆားတွေ လိုအပ်တယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသည့်သူ တစ်ဦး ကပြောသည်။ ဆန်ကို အဓိက လိုအပ်သော်လည်း မိုးရွာသီဖြစ်သဖြင့် ချက်ပြုတ်စားသောက်ရန် အခက်ခဲဖြစ်သောကြောင့် ရိက္ခာခြောက်များလည်း လိုအပ်ကြောင်း သတင်းရရှိသည်။“ကျမတို့ ဆန် နဲ့ ဆား ရှိရင် စားလို့ရပြီ။ အဓိက ဆန် တွေ လိုအပ်တာပေါ့” ဟု ပန်ကေတုမှာ ရောက်ရှိနေသည့် စစ်ရှောင် အမျိုးသမီး တစ်ဦး ကပြောသည်။

ကိုဗစ် -၁၉ ကာလလည်း ဖြစ်သည့်အတွက် ယခုလို စစ်ရှောင်များ စုပေါင်းပြီးနေထိုင်သည်ကိုလည်း ကူးစက်ရောဂါအတွက် လည်း စိုးရိမ်ရကြောင်း သိရှိရသည်။“ကိုဗစ် -၁၉ ကူးစက်ရောဂါကိုလည်း စိုးရိမ်ရတယ်။ လူတွေက စုပြီးနေထိုင်ရတယ်ဆို တော့ နှာခေါင်းစည်းတွေလည်း သိပ်မတပ်ကြဘူး။ ကိုဗစ် – ၁၉ အသိပညာပေးဖို့ အားနည်းနေသေးတယ် အသိပညာများများ လာပေးဖို့ မျှော်လင့်တယ်” ဟု ပန်ကေတု ကျေးရွာမှာ စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသား တစ်ဦး ကပြောသည်။ မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုအတွင်း စက်တင်ဘာ (၁၉) ရက်မှစတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲပြင်းထန်သော ကြောင့် စစ်ရှောင်များ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

၂၇။ တပ်မဟာ ၁ နယ်မြေတွင် အမျိုးသမီးနှင့်ကလေးများကို BGF က လူသားဒိုင်းအဖြစ်အသုံးပြု
24 September, 2021

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီရဲ့ လက်အောက်ခံ BGF တပ်က အမျိုးသမီးနဲ့ ကလေးသူငယ်အပါအဝင် လူဦးရေ ၃၀၀ လောက်ကို တပ်အချိန်းအပြောင်းပြုလုပ်ရာမှာ လူသားဒိုင်းအသုံးပြုခဲ့တယ်လို့ ကေအန်ယူတပ်မဟာ ၁ သထုံခရိုင်၊ အတွင်း ရေးမှူး ပဒို စောစိုးမြင့်က ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။ စစ်ကောင်စီ လက်အောက်ခံ BGF တပ်ရင်း ၁၀၁၃၊ တပ်ခွဲ ၂ တပ်စုမှူးဗိုလ်ကတုံး ဦးဆောင်တဲ့တပ်ဖွဲ့ဟာ ဘီးလင်းမြို့နယ် ကျေးရွာ ၄ ရွာက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် လူဦးရေ ၃၀၀ လောက်ကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တဲ့အပြင် စားနပ်ရိက္ခာ၊ စစ်သုံးပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ အတင်းအဓမ္မ ခိုင်းစေခဲ့တာပါ။

ပဒိုစောစိုးမြင့်က “အမှန်တကယ် နယ်မြေရှင်းလင်းချင်ရင် ပစ်တာခတ်တာရှိရင် ကေအန်ယူ၊ ကေအန်အယ်လ်အေနဲ့ ပစ်ကျ ပေါ့။ ရွာသားကို ဓားစာခံလုပ်တာတော့ မလုပ်သင့်ဘူး။ အမျိုးသမီးတွေကို လူသားဒိုင်းကာအနေနဲ့ သုံးနေတာ နအဖ၊ နဝတ အခုလက်ရှိစစ်ကောင်စီကော သုံးနေကြပဲ” လို့ ပြောပါတယ်။ ကုန်းရွာ၊ ပျဉ်မပင်ဆိပ်၊ ကြသောင်းဆိပ်၊ ကြိုးဝိုင်း စတဲ့ ကျေးရွာတွေက အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးတဲ့ကလေးငယ် ၁၂ ဦးအပါအဝင် လူဦးရေ ၃၀၀ လောက် ပေါ်တာအဖြစ် အဓမ္မခိုင်းစေခံခဲ့ရတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။ ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ် ကောင်စီနဲ့ BGF တပ်ဖွဲ့တွေရဲ့ အနိုင်ကျင့်ဖိနှိပ်မှုတွေ၊ အတင်းအဓမ္မ ခိုင်းစေတာတွေကြောင့် ဒေသခံအမျိုးသားတွေ ဘေးလွတ် ရာ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၈။ ထန်တလန်နှင့် ဟားခါး နှစ်မြို့ပေါင်း စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ ခန့်ရှိလာ
21 September, 2021

စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နဲ့ ဟားခါးမြို့ ၂ မြို့ပေါင်း စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ နီးပါးရှိလာပြီး ဒုက္ခသည်စခန်းတွေဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ ချင်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် ဉက္ကဋ္ဌ သိက္ခာတော်ရဒေးနစ်ငွန်ထောင်းမန်က ပြောပါတယ်။

ထန်တလန်မြို့က ပြည်သူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်ခြိမ်းခြောက်ခဲ့တာ ကြောင့်လည်း စက်တင်ဘာ ၂၀ ရက် နေ့မှာ မြို့လုံးကျွတ်ထွက်ပြေးခဲ့ရပါတယ်။ အနီးအနားရွာတွေကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ထန်တလန်မြို့ခံ တစ်ယောက် ကတော့ အခြေအနေတွေကို သေသေချာချာမသိဘဲ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။ ထန်တလန်မြို့ခံတွေဟာ ဟားခါး မြို့နဲ့အနီးပတ်ဝန်းကျင်က ဆွေမျိုးတွေရှိတဲ့ရွာတွေကို သွားရောက်ခိုလှုံနေကြသူတွေရှိသလို တချို့ကတော့ အိန္ဒိယနယ်စပ် မီဇိုရမ်ဘက်ကို ထွက်ပြေးကြတာလည်း ရှိပါတယ်။ စစ်ကောင်စီဟာ စက်တင်ဘာ ၂၀ ရက်နေ့ညပိုင်းမှာ ဟားခါးမြို့ကို လည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အခုထန်တလန်နဲ့ ဟားခါးမြို့က စစ်ဘေးရှောင် ပြည်သူတွေအတွက် ဒုက္ခသည်စခန်းတွေဖွင့်ဖို့ ပြင်ဆင်နေပေမဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဝင်လာတာတော့မရှိသေးဘူးလို့ သိက္ခာတော်ရဒေးနစ်ငွန်ထောင်းမန်က ပြောပါတယ်။ ချင်းခရစ်ယာန် သင်းအုပ်ဆရာတစ်ယောက်ကို စစ်တပ်ကပစ်သတ်တာ၊ ဘုရားကျောင်းတွေမှာ တပ်စွဲ သောက်စားမူးယစ်နေတာ၊ ဒေသခံ ပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်နေတာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို ချင်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်နဲ့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်တို့က အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ကြေညာထားပါတယ်။

၂၉။ ချောင်းတောင်တံတား လုံခြုံရေးအဖွဲ့အား လက်ပစ်ဗုံးလာပစ်သူတစ်ဦး သေနတ်ပြန်အပစ်ခံရသေဆုံး
September 23, 2021

မွန်ပြည်နယ် ရေးမြို့ ချောင်းတောင်တံတားဂိတ်သို့ ပြီးခဲ့သည့်ည (စက်တင်ဘာ ၂၀) သန်းခေါင်အချိန်ခန့်က လုံခြုံရေးဆောင် ရွက်နေသော ရဲနှင့်စစ်သားတို့ကို အမည်မသိလူတစ်ဦးမှ လက်ဗစ်ဗုံးလာပစ်သူတစ်ဦး သေနတ်ပြန်အပစ်ခံရသဖြင့် သေဆုံး သွား ကြောင်း ရဲအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါအမျိုးသားသည် ချောင်းတောင်ကျေးရွာဖက်အခြမ်း တံတားထိပ်လုံခြုံရေးကင်းတဲအား တံတားအောက်မှနေ၍ လက်ပစ်ဗုံးတစ်လုံးလာရောက်ပစ်ခဲ့ကြာင်း၊လုံခြုံရေးတပ်ဖွဲ့က သေနတ်ဖြင့်ပြန်လည်ပစ်ခဲ့ရာ အဆိုပါအမျိုးသား၏ ရင်ဝတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခါးစောင်းအထက် ကျည်ဖောက်ဒဏ်ရာ ၁ ချက်ရရှိပြီး တံတားအောက်မြက်တော၌ လဲကျသေဆုံးခဲ့ကြောင်း၊ ၄င်းပစ်ခတ်ခဲ့သည့် တရုတ်နိုင်ငံထုတ် 91 လက်ပစ်ဗုံးသည်လည်း ပေါက်ကွဲမှုမရှိကြောင်း သိရသည်။ အသက် ၃၅ နှစ်ခန့်ရှိသေဆုံးခဲ့သူ အဆိုပါအမျိုးသား မည်သူမည်ဝါဖြစ်သည်ကို အာဏာပိုင်များက ဆက်လက်စုံစမ်းဖော် ထုတ်နေကြောင်း သိရသည်။

အလားတူ ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်ကလည်း အဆိုပါ ချောင်းတောင်တံတားပေါ် ရေးမြို့ ဘက် အခြမ်းရှိ စစ်ဆေးရေးဂိတ်အား ၄င်းတို့ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရေးမြို့နယ် ကာကွယ်ရေးအထူးအဖွဲ့ YFTF ဆိုသည့် အဖွဲ့၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

၃၀။ အခြေခံစားသောက်ကုန်များ စျေးနှုန်းမြင့်တက်မှုက စစ်ဘေးဒုက္ခသည်များ၏ စားဝတ်နေရေးကိုပိုမိုအခက်အခဲဖြစ်စေ
September 22, 2021

အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည်တို့မှာ စျေးနှုန်းဆက်လက်မြင့် တက်လာနေခြင်းကြောင့် စစ်ဘေးဒုက္ခသည်များ၏ စားဝတ်နေရေးကို ပိုမိုအခက်အခဲဖြစ်စေကြောင်း ရခိုင်က စစ်ဘေးဒုက္ခ သည်များက ပြောဆိုသည်။ မြန်မာနိုင်ငံတွင် ဒေါ်လာစျေးမြင့်တက်မှုကြောင့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း များပါ စျေးနှုန်းမြင့်တက်လာခဲ့ပြီး ယနေ့အထိ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း စားသောက်ကုန်ပစ္စည်းရောင်းချသူများ ထံမှ သိရသည်။

ဆန်တစ်အိတ်လျှင် ယခင်က ငွေကျပ် ၄၇၀၀၀ စျေးရှိခဲ့ရာမှ ယခုအခါ ၅၄၀၀၀ ကျပ်အထိမြင့်တက်ပြီး ဟင်းချို့မုန့် တပိဿာ လျှင် ယခင် ၃၅၀၀ ကျပ်ရှိခဲ့ရာ ယခုအခါ ၇၀၀၀ ကျော်အထိ မြင့်တက်လျက်ရှိကြောင်းသိရသည်။ အလားတူ စားသုံးဆီ တစ်စည်လျှင် ယခင်က ၃၀၀၀၀ ကျပ်ဝန်းကျင်ရှိခဲ့ပြီး ယခုအခါ ၄၀၀၀၀ ကျပ်အထိ မြင့်တက်သွားကာ တခြားစားသောက် ကုန်များလည်း စျေးဆက်တိုက်မြင့်တက်နေသည်ဟု စျေးဆိုင်ပိုင်ရှင်များက ပြောဆိုသည်။ မြောက်ဦးမြို့မှ ကုန်စုံဆိုင်ပိုင်ရှင် ဦးစံလင်းအောင် “ဒေါ်လာစျေးနှုန်းမြင့်တက်လာတဲ့အတွက် ကုန်စျေးနှုန်းတွေဟာလည်း တစ်လထက်တစ်လ ပိုပြီးတော့ စျေး တက်လာတယ်။ စျေးဆိုင်ပိုင်ရှင်တွေမှာ အရင်းအနှီးတွေလည်းပိုများသွားတယ်။ အချိုမုန့်ဆိုရင် အရင် က ၃ အိတ်ရတဲ့ ပိုက်ဆံ ဟာ အခုတော့တစ်အိတ်ပဲ ရတော့တယ်။ ကုန်စုံဆိုင်ပိုင်ရှင်တွေမှာလည်း စျေးနှုန်းတက်ရင်တက်သလို ရောင်းချနေရပါတယ်“ဟု ၎င်းကပြောသည်။

ကုန်စျေးနှုန်းများမြင့်တက်လာသည့်အတွက် စစ်ဘေးရှောင်များ၏ စားဝတ်နေရေးမှာ ပိုမိုအခက်အခဲဖြစ်လာသည်ဟု ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတာဝန်ခံ ဒေါ်အေးအေးခိုင်က ပြောသည်။ စစ်ဘေး ရှောင်များ၏အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် အစိုးရများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းပေးရန်လိုအပ်သည်ဟု မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ ဦးညီပုကဆိုသည်။“ဒီကာလမှာကငွေကြေးအနေနဲ့လည်း ကြပ်တည်း ကြတယ်။ ကုန်စျေးနှုန်းတွေဟာလည်း စျေးမကျပဲ တက်ပဲတက်နေတယ်ဆိုတော့ စားသုံးသူတွေဟာ အရင်လိုမဝယ်နိုင်ကြ တော့ဘူး။ အရင်လို များများစားစားမဝယ်ကြတော့ဘူး။ ဆိုတော့ ကျမတို့မှာ အရောင်းနည်းသွားတာပေါ့နော်။ ကျမတို့ ဆိုင်ပိုင်ရှင်တွေဟာလည်း အရင်းအနှီးအများကြီး မစိုက်နိုင်တော့ဘူးဖြစ်လာတယ်“ ဟုဆိုသည်။

၃၁။ နမ္မတူမြို့နယ် စုကြေးငွေကျပ်သိန်း ၂၀၀၀ လိမ်လည်မှုရှိ
September 22, 2021

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ အမျိုးသမီး တစ်ဦးသည် စုကြေးငွေ ကျပ်သိန်း ၂၀၀၀ ကို လိမ်လည်ပြီး ထွက်ပြေး နေကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် စုကြေးငွေ အများအပြားပြုလုပ်ကြပြီး ထိုစုကြေးငွေကို လိမ်သွားသည် ဒေါ်စန်းစန်းထွေး သည် ထွက်ပြေး လွှတ်မြောက်နေကြောင်း ၊ ထိုလိမ်မှုကြောင့် ငွေကြေး ဆုံးရှုံးသည့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း နမ္မတူမြို့နယ် ငွေ လိမ်ခံရသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။“ နမ္မတူက ပိုက်ဆံစုစုပေါင်း ကျပ်သိန်း ၂၀၀၀ လောက်ပါသွားတယ်။ ငွေလိမ်ခံရတဲ့ ဦးလေးတယောက် ကျပ်သိန်း (၆၀) ဆုံးရှုံးတယ်။ ကျမလည်း (၁၅)သိန်းလောက် ပါသွားတယ် လေ။ နှစ်နှစ်ခါခါ မစားရက်ဘဲ စုထားတဲ့ ပိုက်ဆံလေ။ သူက သွေးတိုးရောဂါရှိတော့ အဲလူက ထွက်ပြေးသွားပြီးလို့သိလိုက် တာနဲ့ သွေးတက်ပြီး တစ်ရက်၊ နှစ်ရက်လောက်နေပြီး သေသွားတာ” ဟု ၎င်းအမျိုးသမီး က ဆိုသည်။

စုကြေးငွေ ကျပ်သိန်း ၂၀၀၀ လိမ်ညာသွားသည့် အမျိုးသမီးသည် လက်ရှိမှာမည်သည့်နေရာ ရှောင်ပြေးနေသည်မသိရှိကြောင်း ရဲများကို တိုင်ကြားအကြောင်းကြားထားသော်လည်း ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။ “အခုကာလနဲ့ က ဘာအလုပ်မှ မရှိဘူး။ ယောင်္ကျားလည်း အလုပ်နား၊ ရဲကိုသွားတိုင်လည်း ရဲတွေက မဖမ်းပေးနိုင်ဘူး။ အမှုဖွင့်တာမျိုးလည်းမရှိဘူး” ဟု အထက်ပါ အမျိုးသမီးတဦးက ပြောသည်။ နမ္မတူမြို့နယ်တွင် စုကြေးငွေကြောင့် လိမ်ပြီး ထွက်ပြေးသွားသည့် အကြိမ်ရေ (၄) ကြိမ်ရှိ ပြီးဖြစ်ကြောင်းသိရသည်။

၃၂။ မော်လမြိုင်မှာ စစ်ကောင်စီ မီတာခလိုက်ကောက်
September 23, 2021

မော်လမြိုင်မြို့ပေါ် ရပ်ကွက်အများစုမှာ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ထမ်း မီတာစာရေးတွေက မီတာခဆောင်ဖို့ မီတာဘေစာရွက်တွေ လိုက်လံပေးဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မီတာဘေ လိုက်လံပေး ဆောင်ရာမှာ အချို့ရပ်ကွက်တွေမှာ ၅ လစာ မီတာခပေးဖို့ အကြောင်းကြားလာသလို အချို့ရပ်ကွက်တွေမှာ ၇ လစာ မီတာခ ပေးဖို့ တောင်းခံလာတာ ဖြစ်ပါတယ်။ မီတာခတွေကို သက်ဆိုင်ရာ မြို့နယ်ရုံးတွေမှာ သွားရောက် အခွန်ဆောင်ကြဖို့နဲ့ သတ်မှတ်ရက်အတွင်း မီတာခ မဆောင်ရင် မီးဖြတ်မယ်လို့ ခြိမ်းခြောက်လာနေတာပါ။

“မီးတာခ မသွင်းရင် မီးဖြတ်မှာကို ကြောက်ပြီး သွားသွင်းတဲ့ သူတွေတော့ရှိတယ် ရပ်ကွက်ထဲမှာပေါ့၊ တချို့ကတော့ သွား သွင်းရင် ကောင်းမလား သူများတွေရော သွင်းလားဆိုပြီး စောင့်ကြည့်နေတဲ့ သူလည်းရှိတယ်၊ ကျွန်မတို့တော့မသွင်းဘူး” လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မီတာဘေ စာရွက်လာပေးရာမှာ မီတာခတွေကို တခါတည်း မသွင်းနိုင်ရင် သက်ဆိုင်ရာ လျှပ်စစ်ရုံးတွေနဲ့ ညှိနှိုင်းပြီး ခွဲဆောင်ကြဖို့ ပြောဆိုလာတာ ဖြစ်ပါတယ်။ မီတာဘေ စာရွက်လာပေးရာမှာလည်း အရင်က သုံးတာထက် ပိုမိုများပြားနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“မီတာဘေစာရွက်တော့ ရောက်လာပြီး၊ ၇ လစာအတွက် ၄ သိန်းကျော်ကျတယ်တဲ့၊ အဲလောက်မှာ မသုံးထားတာ၊ ပေးဖို့တော့ အစီအစဉ်မရှိဘူး”လို့ မြို့ခံပြည်သူတစ်ဦးက ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကတော့ အိမ်သုံးမီတာခတွေကို ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပေးအပ်ထားသလို လုပ်ငန်းသုံးမီတာခတွေကိုလည်း ဆိုင်းငံ့ထားတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။