• Today is: Wednesday, April 17, 2024

အပတ်စဉ် တိုင်းရင်းသတင်းများ စုစည်းတင်ပြခြင်း

(No. 132 , September 28, 2021)

 

၁။ ဒီးမော့ဆိုမြို့အတွင်းရှိ အိမ်အလုံး ၅၀ ကို စစ်ကောင်စီ ဖျက်ဆီး
27 September 2021

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကုန်းသာရွာနှင့် သေးဆူလဲရွာမှ နေအိမ်အလုံး ၅၀ ကို စစ်ကောင်စီဘက်မှ လက်နက်ကြီး များဖြင့် ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။ စစ်ကောင်စီ၏ တပ်မ ၆၆ က စက်တင်ဘာ ၂၅ နှင့် ၂၆ ရက်များ တွင် ကျေးရွာ နေအိမ်များကို ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး၊ အိမ် ၃၅လုံး မီးရှို့ ခံရကာ ကျန်အိမ် ၁၅လုံးမှာ လက်နက်ကြီး ထိ၍ ပျက်စီး သွားကြောင်း ကယား ပြည်နယ်တွင်း စစ်ရေးပဋိပက္ခကြား လူ့အခွင့်အရေး အခြေအနေများကို မှတ်တမ်းပြုစုနေသည့် ကရင်နီ လူ့အခွင့်အရေး အဖွဲ့နှင့် ဖျက်ဆီးခံလိုက်ရသည့် နေအိမ်များ၏ အိမ်ပိုင်ရှင်များက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက “ဒါစစ်ရာဇဝတ်မှု မြောက်တယ်လို့ ပြောလို့ရပါတယ်။ မြန်မာ့တပ်မတော်ရဲ့ တပ်ပိုင်းဆိုင်ရာ ကျင့်သုံးရမယ့် ကျင့်ဝတ်မှာလည်း ပြည်သူလူထုရဲ့ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးလို့ မရတာ ပါပါတယ်။ ဒါသူတို့ ရဲ့ မူပိုင်ကျင့်ဝတ်ပါ။ နောက်တခု စစ်ရာဇဝတ်မှု မြောက်တယ်လို့ ပြောလို့ရတာက မဆိုင်တဲ့ အိုးအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာ ပြည်သူ ပိုင်ပစ္စည်းကို ဖျက်ဆီးရုံတင်မကဘူး။ လူထုက အိမ်တအိမ်ရဖို့ တော်တော် ကြိုးစားခဲ့ရတာ စိတ်ပိုင်း ဆိုင်ရာအရရော အရမ်းကို စိုးရိမ်မှု ဖြစ်ရတယ်။ စိတ်ခံစားချက်တွေပါ ဖြစ်ရတာငြင်းလို့မရတဲ့ အပိုင်းပါ”ဟု ဆိုသည်။ ကိုစိုင်းကျော်သူရ တို့ မိသားစု၏ အိမ်သည် နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့များ မီးရှို့ဖျက်ဆီးသွားခြင်းကြောင့် အိမ်တအိမ်လုံးနီးပါး ပြိုကျပျက်စီးသွားပြီ ဖြစ်သည်။

ကုန်းသာကျေးရွာမှ ဒေသခံများသည် စက်တင်ဘာ၂၄ ရက်၊ ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ အင်အား ၂၀၀ ခန့် ရွာတွင်း ဝင် ရောက်လာသဖြင့် ရွာကို စွန့်ခွာကာ ထွက်ပြေးရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။ ဆက်လက်ပြီး ကိုစိုင်းကျော်သူရက “လက်ရှိ ကုန်းသာဒေသခံတွေ အခြေအနေက ရွာထဲပြန်နေထိုင်ဖို့ မဖြစ်နိုင်တော့ ဘူး။ အိမ်တွေ ပျက်စီးကုန်ပြီ။ ပြန်နေဖို့ အိမ် လည်းမရှိတော့ ဘူး။ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီတပ်ကို ကိုယ့်မြေပေါ်မှာ တစက်လေးမှ အနင်းမခံ၊ အဝင်မခံနိုင်တော့တဲ့ အတွက် တိုက်ပွဲ ပိုပြင်းထန်ဖို့ပဲ ရှိတယ်။ ကျနော်တို့ ပြည်သူတွေ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေက တောထဲမှာ မိုးထဲလေထဲ ထပ်နေရဦးမယ်ဗျ” ဟုလည်း ပြောဆိုသည်။ ကုန်းသာကျေးရွာအတွင်း အရပ်သားအိမ်များကို တပ်မ ၆၆က မီးရှို့ဖျက်ဆီး သွားသည်ဟူသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဘာမှ အိမ်မီး လောင်စရာ မရှိပါဘူး။ ငွေတောင်ရွာရဲ့ မြောက်ဘက် မီတာ ၂၀၀၀ လောက်မှာ ဖြစ်တဲ့ဟာပါ။ သူတို့ဟာ သူတို့ ရှို့ရင်တော့ မပြောတတ်ပါဘူး”ဟု တုံ့ပြန်ပြော ဆိုသည်။ စက်တင်ဘာ ၂၆ ရက်တွင် ကုန်းသာကျေးရွာတွင်း ရှိနေသည့် အသက် ၇၀ အရွယ် အဖိုးကိုလည်း စစ်ကောင်စီ ဘက်မှ ပစ်ခတ် သဖြင့် သေဆုံးခဲ့ပြီး ကုန်းသာကျေးရွာအနီးရှိ လယ်ကွင်းတွင်လည်း အမျိုး သားတဦး လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးခဲ့သည်။

၂။ ပင်လောင်းမြို့နယ် တောင်ရိုးအထောက်အကူပြု အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရ
September 26, 2021

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု ဆည်ခေါင်းကျေးရွာ တောင်ရိုးလူငယ်အထောက်ကူပြု အဖွဲ့ ဝင် တစ်ဦးဖြစ်သည့် ကိုအောင်ဆန်းကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာ ၂၄ ရက် ည (၅)နာရီ တွင် တောင်ရိုးလူငယ် အထောက်အပြုအဖွဲ့ဝင် ကိုအောင်ဆန်း ကို စစ်ကောင်စီအဖွဲ့မှ ၎င်း၏နေအိမ်ထိ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ကိုအောင်ဆန်းပိုင်ဆိုင်သည့် ကျပ်သိန်း (၁၅၀)တန် ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း သတင်းရရှိသည်။

“ ၅ နာရီအချိန်လောက်အိမ်မှာလာစောင့်ပြီးဖမ်းသွားတာ။ သူအိမ်က ကား၊ ကွန်ပျူတာ၊ ဖုန်း ဆိုလည်း (၅) သိန်းတန်တဲ့ ဖုန်း (၅) လုံးယူသွားတယ်။ သူတို့ သိမ်းသွားတဲ့ ပစ္စည်းတန်းဖို က သိန်း (၁၅၀) လောက်ရှိတယ်။ မေးမြန် စရာရှိလို့ဆိုပြီးခေါ်သွား တာ။ ခုထိပြန်မလွတ်လာသေးဘူး”ဟု ကိုအောင်ဆန်းနှင့်ရင်းနှီးသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ကိုအောင်ဆန်း ကို လာ ရောက်ဖမ်းဆီးသည့် စက်တင်ဘာ (၂၄) ရက် မနက်ပိုင်းတွင် တောင်ရိုးပြည်သူကာကွယ်ရေး တပ်ဖွဲ့ PDF က အဖွဲ့ကို ဖွဲ့စည်း ပြီးကြောင်း နှင့် စစ်ကောင်စီနှင့် အလုပ်တွဲလုပ်သူများကို တိုက်ခိုက်သွားမည် ဟု ထုတ်ပြန်ခဲ့ သည့်နေရက်ဖြစ်သည်။

ထိုကိစ္စနှင့် ဆက်စပ်သည် ဟု စစ်ကောင်စီက သံသယရှိသောကြောင့် ကိုအောင်ဆန်ကို လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုအောင်ဆန်းကို လာရောက်ဖမ်းဆီးရာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့အင်အားအလုံရင်းဖြင့်လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။“ သူတို့ အိမ်ကိုလာတာတော့ ၆ ယောက်လောက်ပဲလာတာ။ ကိုအောင်ဆန်းကို ဖမ်းသွားပြီးတော့ ပြောင်းဖူး ခြံ ထဲကနေ စစ်သားတွေ အများကြီးပဲ ထွက်လာတာ။ သူက ပရဟိတအလုပ်တွေ အများလုပ်တယ်။ သူကို PDF လို့ထင်ပြီးလာ ဖမ်းသွားတာ ထင်တယ်။ အဲနေ့က တောင်ရိုး PDF တွေက စာထုတ်ပြန်ခဲ့တယ်”ဟု ကိုအောင်ဆန်းနှင့် ရင်းနှီးသူက ပြော သည်။ ကိုအောင်ဆန်း သည် စစ်အာဏာမသိမ်းခင်က လူငယ်များကို စာသင်ပေးခြင်း၊ ကျောင်းမတက်နိုင်သည့် ကလေးများကို အထောက်ပံ့ပြုပေးခြင်း၊ တောင်ရိုးလူငယ်များကို ဖွံ့ဖြိုးတိုးတက်ရန်အတွက် စိတ်ပါဝင်စား ပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။

၃။ တပ်ဖွဲ့ဝင်များ KNU ထံ ပူးပေါင်းသွားသည့် သတင်းကြောင့် စစ်ကောင်စီတပ်များ မုန်းဒေသတွင် တပ်အင်အားတိုး ချဲ့ပြင်ဆင်
September 27, 2021

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသရှိ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ ကရင်အမျိုးသားအစည်း အရုံး-KNU တပ်မဟာ (၃) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA တပ်ရင်း (၈)ထံ သို့ သွားရောက်ပူး ပေါင်း သွားသည့် သတင်းကြောင့် လက်ရှိတွင် စစ်ကောင်စီဘက်မှ ၎င်းဒေသတွင် စစ်အင်အား တိုးချဲ့ ပြင်ဆင်နေကြောင်း KNU ဘက်က ပြောသည်။

မုန်းဒေသအခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၅၉၉) မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ဖွဲ့ဝင်တချို့ လက်နက်ကြီး လက်နက် ငယ်များဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က KNU တပ်မဟာ (၃) တပ်ရင်း(၈) ထံ ပူးပေါင်းလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီဘက်မှ တပ်အင်အား ၂၀၀ ကျော်ဖြင့် ၎င်းဒေသတွင် စစ်အင်အား ဖြည့် တင်းပြင် ဆင်မှုများ ပြုလုပ်နေကြောင်း KNU တပ်မဟာ (၃) တာဝန်ရှိ သူ တစ်ဦးက ယခုလို ပြောသည်။“ကျနော်တို့ ဘက်က စစ်ကောင်စီ တပ်တွေ ပြန်ဆုတ်သွားပြီးတော့ အခု မုန်းမြို့နယ်ဘက်က တပ်ရင်း (၈)ဘက်ကို တက်သွားကြတယ်။ သူတို့ရဲ့ ဗိုလ်ကြီးတွေ၊ စစ်သား တွေ တပ်ရင်း ၈ ဘက်ကို သွားခိုလှုံလိုက်တယ်ဆိုတဲ့ သတင်းကြောင့် တပ်ရင်း (၈)ဘက်ကို ပစ်မှတ်ပြန် ထားကြပြီးတော့ ၂၅ ရက်နေ့ မနက် (၂)နာရီလောက်မှာ အင်အားတစ်ရာကျော်လောက် ကြောင်ပြာစခန်းထဲကို ပြန်ဝင်ပူးပေါင်း ကြတယ်။ နောက်ညနေ ၃ နာရီ ၂၅ မိနစ်လောက်မှ တစ်ရာကျော် ထပ်ဖြည့်ထားသေးတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ပုံမှန်အားဖြင့် တပ်ဖွဲ့အင်အား ဆယ်ဂဏန်းသာရှိတတ်သည့် ပြာတပ်စခန်းတွင် လက်ရှိအင်အားရာနှင့်ချီ၍ ဝင်ရောက်လာကြ ပြီး တချို့တပ်ဖွဲ့ဝင်များမှာ KNLA တပ်ရင်း (၈) နယ်မြေသို့ ဦးတည်နေသည့် လမ်းတစ်ဝက်တွင် ရောက်ရှိနေကြပြီးဖြစ်သည်။ KNU ထိန်းချုပ်နယ်မြေသို့ ရောက်ရှိရန် အကွာအဝေးအားဖြင့် မိနစ်အနည်းငယ်ခန့်သာ သွားရောက်ရမည်ဖြစ်သည့်အတွက် လက်ရှိတွင် KNU ဘက်မှ သတိထားစောင့်ကြည့်နေရသည့် အနေအထားတွင်ရှိကြောင်း KNU ဘက်က ဆိုသည်။ ယခုလ ၂၂ ရက်မှ ၂၄ ရက် နေ့အထိ ၃ ရက်တာအတွင်း KNU တပ်မဟာ (၃) တပ်ရင်း (၉) နယ်မြေတွင် စစ်ကောင်စီတပ်နှင့် ပစ်ခတ် တိုက်ခိုက်မှုပေါင်း ၉ ကြိမ်ဖြစ်ပွားခဲ့ရာ ၎င်းပစ်ခတ်မှုတွင် စစ်ကောင် စီဘက်မှ ထိခိုက်ကျဆုံးမှုများသောကြောင့် စစ်ကောင်စီ တပ်များသည် ၂၄ ရက် နေ့တွင် တစ်ဝက် ပြန်ဆုတ်ခွာခဲ့ပြီး ၂၅ ရက်နေ့တွင် တပ်အားလုံး ပြန်လည်ဆုတ်ခွာခဲ့သည်ဟု KNU ဘက်က သတင်းထုတ်ပြန် ထားသည်။

၄။ TSYU ရုံးဝန်ထမ်းတစ်ဦး နဲ့ TEC ဘော်ဒါဆောင်က ကျောင်းဆရာ ၅ ဦး ဖမ်းဆီးခံရ
September 27, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ (TSYU)ရဲ့ ရုံးဝန်ထမ်းတစ်ဦးနဲ့ တအာင်း ပရဟိတ ပညာရေးဘော်ဒါဆောင် (TEC)မှ ကျောင်းဆရာ ၅ ဦး ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား ပါတယ်။ စက်တင် ဘာ ၂၅ ရက် မနက် ၁၂ နာရီကျော်မှာ TSYU ရုံးဝန်ထမ်းဖြစ်သူ မိုင်းအောင်သက်ဦးနဲ့ TEC ဘော်ဒါဆောင် မှ ကျောင်းဆရာ မိုင်းနိုင်ဝင်း၊ မိုင်းညီလွယ်၊ မိုင်းဘဦး၊ မိုင်းအောင်သန်းဌေး၊ မိုင်းကျော်ဝင်းတို့ ၅ ဦးကို ဖမ်းဆီးသွားတာပဲ ဖြစ်ပါတယ်။

မိုင်းအောင်သက်ဦးရဲ့ သူငယ်ချင်းတစ်ဦးက “သူတို့က အုတ်တံတိုင်းကျော်ပြီး ဝင်လာကြတာ။ အခန်းထဲ ဝင်လာပြီး သေနတ်နဲ့ ချိန် တယ်။ မျက်နှာကို ပိတ်တယ်။ မလှုပ်နဲ့ ပြောပြီးတော့ မီးမဖွင့်ခိုင်းဘူးတဲ့။ ယောက်ျားလေး ၅ ယောက်ကို အိမ်ရှေ့က သမံ တလင်းမှာ ဝမ်းလျားမှောက်ခိုင်းထားတယ်။ မိန်းကလေးတစ်ယောက်ကိုတော့ ဒူးထောက်ခိုင်းတယ်။ အိမ်ထဲလည်း အကုန်ဝင် မွှေတယ်ပြော တယ်” လို့ ပြောပါတယ်။“အောင်သက်ဦး ဘယ်သူလဲလို့မေးတော့ သူက ထူးလိုက်တာ။ အဲလိုနဲ့ အိမ်ထဲ သူ့ကို ခေါ်သွားပြီး မျက်နှာကို Mask နဲ့ အုပ်တယ်။ လက်ထိပ်ခတ်လိုက်တာတဲ့။ ကျန်တဲ့သူတွေက ပညာရေး လုပ်နေသူနဲ့ ဧည့်သည် တွေ နောက်သူတို့ရဲ့ ဖုန်းထဲ ဘာမှမတွေ့တော့ မဖမ်းဘူး။ အေအာင်သက်ဦး ရဲ့ ကွန်ပြူတာထဲ ရုံးဝန် ထမ်းတွေ သတင်းအချက် လက်မျှဝေတာ၊ NUG ရဲ့ ပညာရေး အချက်လက်တွေ့တော့ သူ့ကိုပဲ ဖမ်းသွားတာ” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။

ရပ်ကွက်(၁)နေ မိုင်းအောင်သက်ဦးကို လာဖမ်းစဥ်မှာ စစ်ကား အချုပ်ကားတွေနဲ့ အင်အား (၂၀)ကျော် ပါဝင်တဲ့ စစ်တပ်၊ ရဲ ဝတ်စုံ ဝတ်သူတွေအပါအဝင် အရပ်ဝတ်နဲ့ သေနတ်ကိုင်ဆောင်သူတွေဖြစ်ပြီး အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ မပါဝင်ကြောင်း ၎င်းက ဆိုပါတယ်။ ၁၂ နာရီကျော်ကနေ ၃ နာရီကျော်အထိ မွှေနှောက်စစ်ဆေးခဲ့ပြီးနောက် ဖုန်း ၂ လုံး၊ ကွန်ပျူတာ ၁ လုံး၊ Hard disk ၁ ခုနဲ့ Tablet ဖုန်း ၁ လုံးတို့ကို ယူဆောင်သွားကြောင်း သိရပါတယ်။ ရပ်ကွက် (၁၀)ရှိ TEC ဘော်ဒါဆောင်မှာ လာရောက်စဥ် ဘော်ဒါဆောင်ဝန်းထဲ နေထိုင်တဲ့ ကျောင်းဆရာ ၅ ဦးကို ဖမ်းဆီးသွားခဲ့ပြီး မျက်မြင်သက်သေ မရှိတဲ့အတွက် အသေးစိတ်အချက် လက် မသိရသေးကြောင်း ဘော်ဒါဆောင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ က ဖမ်းဆီးသွားပြီးနောက် စက်တင် ဘာ ၂၆ ရက်အထိ ၎င်းတို့ ၆ ဦးနဲ့ အဆက်သွယ် မရသေးကြောင်း သိရပါတယ်။

၅။ နိုင်ငံတဝန်းထိုးစစ်ဆင်ပစ်ခတ်သတ်ဖြတ်နေသည့် စစ်တပ်က စစ်ရေးလှုပ်ရှားမှု ၅ လ ရပ်စဲဟု ကြေညာ
28 September, 2021

နိုင်ငံတဝန်းထိုးစစ်ဆင်နေပြီး ပြည်သူလူထုကိုလိုက်လံဖမ်းဆီးပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်က စစ်ရေးဆိုင်ရာ လှုပ်ရှား မှုတွေ အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့် ရပ်စဲလိုက် ကြောင်း စက်တင်ဘာ ၂၇ ရက် မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆို သောအားဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ ထိထိ ရောက်ရောက် ဆောင် ရွက်နိုင်ရေးအတွက် လည်းကောင်း၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် တိုးမြှင့်ဆောင်ရွက် နိုင်ရေးအတွက်လည်း ရည်ရွယ်ပြီး ထပ်မံတိုးမြှင့်လိုက်တာလို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

စစ်တပ်အနေနဲ့ စစ်ရေးလှုပ်ရှားမှုများရပ်စဲကြောင်း ကြေညာချက်တွေကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ စက်တင်ဘာ ၂၇ ရက် အထိ အကြိမ် ၂၀ ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းကြောင်း စစ်တပ်က အကြိမ် ကြိမ်ထုတ်ပြန်နေပေမဲ့ တဖက်မှာလည်း တိုက်ပွဲတွေက ရပ်စဲသွားခြင်းမရှိဘဲ တိုင်းရင်းသားဒေသတွေမှာရော ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာပါ စစ်တပ်က ပြည်သူလူထုကို နေ့စဉ် ဖမ်ဆီးနှိပ်စက် ပစ်ခတ် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

၆။ ပင်လောင်းမြို့နယ်၌ စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး အယောက် ၂၀ ခန့် ဒဏ်ရာရ
28 September, 2021

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီး စစ်ကောင်စီ ယာဉ်တန်းကို စက်တင်ဘာ ၂၇ ရက် ညနေ ၃ နာရီခွဲက ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဖယ်ခုံတပ်ရင်းမှ တိုက်ခိုက်ခဲ့တယ်လို့ KNDF က ထုတ်ပြန် ထားပါတယ်။ အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်ကို အင်အားဖြည့်တင်းဖို့ ထွက်လာတယ်လို့ ယူဆရ တဲ့ ၄၅ စီးပါ စစ်ကောင်စီတပ်ယာဉ်တန်း ကလောမြို့မှ ဖယ်ခုံမြို့ဘက်ကိုဆင်းလာစဉ် ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့ (KNDF) ဖယ်ခုံတပ်ရင်းက တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံးအယောက် ၂၀ ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း၊ KNDF ဖယ်ခုံ တပ် ရင်းမှ အထိအခိုက်မရှိခဲ့ကြောင်း KNDF က အတည်ပြု ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲဖြစ်ပွားရာနေရာမှ ဖယ်ခုံမြို့ဘက်သို့ ဆက် လက်ထွက်လာဖို့ ကြိုးစားနေချိန် ဖယ်ခုံမြို့နယ် နဲ့မိုးဗြဲအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီး တွေနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့ရာ ပြည်သူအချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာဘက် ကိုလည်း လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

၇။ သောင်ရင်းမြစ်ရေ လျှံတက်မှုကြောင့် မြဝတီမြို့၌ အနိမ့်ပိုင်းရပ်ကွက်ရှိ အိမ်ခြေ ၁၀၀၀ ကျော် ရေဘေးဒုက္ခ ကြုံနေရ
September 27, 2021

ကရင်ပြည်နယ် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေ လျှံတက်မှုကြောင့် မြစ်ကမ်းအနီး အနိမ့်ပိုင်း ရပ်ကွက်များရှိ အိမ်ခြေ ၁၀၀၀ ကျော် ရေဘေးဒုက္ခ ကြုံနေရကြောင်း သိရသည်။ စက်တင်ဘာ ၂၆ ရက် ညနေပိုင်းကတည်းက သောင်ရင်းမြစ်ရေသည် တရိပ် ရိပ်တက် လာပြီး ညလယ်ပိုင်း အရောက်မှာ စိုးရိမ်ရေအမှတ် အထက် ၃ ပေကျော်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မြစ်ရေ မြင့်တက်လာမှု ကြောင့် မြစ်ကမ်းအနီး အနိမ့်ပိုင်းရပ်ကွက်များ ဖြစ်သော ကျောက်ဖျာဂိတ် ၊ သဲပုံဂိတ်၊ သရက်ပင်ဂိတ်၊ သဖန်း ပင်ဂိတ်၊ ခွန်ဆာဂိတ်၊ ကျောက်တန်းဂိတ်၊ ဝါးတောဂိတ် အစရှိသည့် နေရာများနှင့် မြို့ပေါ်လူနေရပ်ကွက် တစ်ချို့မှ အိမ်ခြေ ၁၀၀၀ ကျော်ခန့် ရေဘေးဒုက္ခကြုံ နေရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများ အတွက် နီးစပ်ရာနေရာများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး လူဦးရေ ၃၀၀၀ ဝန်း ကျင်ခန့် ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေထိုင်လျက် ရှိသည်။ ယခုအခါ တတိယအကြိမ် သောင်ရင်းမြစ်ရေ လျှံမှု ကြောင့် ရေကြီးရေလျှံမှုဖြစ်ပြီး လက်ရှိ နေ့လည်ပိုင်းအထိ နောက်ဆုံးသတင်းအရ သောင်ရင်းမြစ်ရေမှာ အကျဘက် ရောက်နေ ပြီး စိုးရိမ် ရေအမှတ်အောက် ရောက်ရန် နီးစပ်နေပြီးဖြစ်ကြောင်း သိရသည်။

၈။ ကန်ပက်လက်တွင် အရပ်သား ၃ ဦးကို စစ်ကောင်စီက ပစ်သတ်
September 28, 2021

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နှင့် ၃ မိုင်ခန့်အကွာ လေယာဉ်ကွင်းသစ်ဖောက်လုပ်ရန် မြေထိုးထားသည့် နေရာတွင် အရပ် သား ၃ ဦးကို စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါဒေသခံများမှာ တိုက်ပွဲများကြောင့် စက်တင် ဘာလ ၂၅ ရက်က ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ် ဆောနယ်ဘက်ရှိ အညာကတင်း ကျေးရွာသို့ စစ်ရှောင် နေသူများ ဖြစ်ကြ သည်။ ထိုစစ်ရှောင်စခန်းမှ ဒေသခံ ၉ ဦးသည် ကန်ပက်လက်ရှိ ရဲလောင်းပန်း ကျေးရွာဘက်သို့ ပစ္စည်းပြန် ယူရန် လာရောက်ကြ စဉ် အထက်ပါနေရာ၌ စစ်တပ်နှင့် တွေ့ပြီးနောက် ၎င်းတို့ထဲမှ ၃ ဦးမှာ ပစ်သတ်ခံရကြောင်း၊ အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ကျန်သူများကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ကန်ပက်လက် CDF မှ ပြောရေးဆိုခွင့်ရှိသူတဦးက “အသတ်ခံရတာက အမျိုးသား ၃ ယောက်ပါ။ တယောက်က ကျော့တော် ရွာက။ နောက်တယောက်က ပန်းလောင်းရွာကပါ။ သူတို့ထဲမှာ ၂ ယောက်ကတော့ လူငယ်တွေ။ ကျန်တဲ့ တယောက်ကတော့ အ သက် ၆၀ ကျော်လောက်ရှိမယ်။ အသက်တော်တော်ကြီးနေပြီ။ သူတို့ စီးတဲ့ဆိုင်ကယ်ကို ချောက်ထဲကိုပစ်ချပြီးတော့မှ မီးရှို့ ထားခဲ့တယ်”ဟု ၎င်းကပြောသည်။ ဒေသခံအရပ်သားများ ဖမ်းဆီးသတ်ဖြတ်ခံရသည့်နေရာမှာ ကန်ပက်လက်မြို့နယ် ကန့်သာ ရုံအုပ်စု ရဲလောင်း ပန်းကျေးရွာနှင့်ကန်းလောင်းကျေးရွာအောက် (လေယာဉ်ကွင်းစတင်ဆောက်လုပ်သည့်နေရာ)တွင်ဖြစ်သည်။

” လေယာဉ်ကွင်းမှာ တပ်စွဲနေတာကိုသိတော့ ကျနော်တို့က ပြောက်ကျားဝင်ပစ်တာပေါ့နော်။ ၂၅ ရက်နေ့မှာတခါ။ ၂၆ ရက်နေ့ မှာ တခါ ၂ ခါ ဖြစ်ပါတယ်။ စစ်ကောင် စီ ဘက်က တိုက်ပွဲ ၂ ခုအတွင်းမှာ ၁၀ ယောက်လောက်တော့ ကျလိမ့်မယ်။ ကျနော် တို့က မောင်းပြန်နဲ့ အတွဲလိုက် ဝင်ဆွဲခဲ့တာပါ။ ကျနော်တို့ဘက်က လက်နက်ကြီး ကျည်ထိလို့ ၂ ယောက် ဒဏ်ရာရတယ်” ဟု CDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။ ယခုအခါ ချင်းပြည်နယ် ကန်ပက်လက်ဒေသတွင် စစ်ရှောင်နေရသူဦးရေ ၂၀၀ ခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

၉။ မိုင်းကိုင်မြို့နယ် စစ်ရှောင်(၂၆၀)ကျော် ထပ်မံတိုးလာ
September 27, 2021

သျှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ကုန်းစုံဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၂၆၀)ကျော်ထပ်မံတိုးလာ ကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ (၂၆) ရက် နေ့လည် ၂ နာရီခန့်က လက်နက်ကြီးသံကြားရသဖြင့် စစ်ရှောင် (၂၆၀) ကျော် ကုန်းစုံဘုန်းကြီးကျောင်းသို့ ထပ်မံရောက်လာကာ လက်ရှိမှာ စစ်ရှောင်သူ (၅၀၀) ခန့်ရှိပြီး ဖြစ်ကြောင်း သိရသည်။

“နမ့်အွတ်ရွာထဲက တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ ကုန်းစုံဘုန်းကြီးကျောင်းမှာနေရင် အသံတွေကြားနေရ တယ်။ မနေ့ညက လေးလုံး ထိုးတွေနဲ့ ကျောင်းထဲအများကြီးဝင်လာကြတယ်။ (၂၆၀)ကျော်ထပ်ရောက်လာတယ် ” ဟု ဟမ်းငိုင်း ဒေသခံတစ်ဦး က သျှမ်း သံတော်ဆင့် ကိုပြောသည်။“ဟိုခဲဘက်တော့ ငြိမ်သွားပြီ။ ခုက ဟမ်းငိုင်းဘက်လာဖြစ်နေတယ်။ ဟိုခဲဘက် ငြိမ်သွား ပေမယ့် ဒေသခံ တွေ မပြန်ရဲသေးဘူး။ စစ်ရေးတင်းမာနေတုန်းမလို့” ဟု ပန်ကေတု ဒေသခံ တစ်ဦး ကပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း တုံလောကျေးရွာအုပ်စုမှာ (၃) နေရာ၊ ဟမ်းငိုင်းကျေးရွာအုပ်စု (၂) နေရာ၊ ပန်ကေတုကျေးရွာအုပ်စု (၄) နေရာ၊ ဟိုနားအုပ်စု (၁) နေရာ၊ မိုင်းကိုင်မြို့ ရပ်ကွက်(၆) ရှိ လွယ်လိုင်ဘုန်းကြီးကျောင်းမှာ (၁) နေရာနှင့် ဟိုနွဲ့ ကျေးရွာ တွင် (၁)နေရာ စစ်ရှောင်စခန်း စုစုပေါင်း (၁၂) နေရာရှိပြီး စစ်ရှောင် (၃၀၀၀) ဝန်းကျင်ရှိသွားပြီး စားနပ်ရိက္ခာလိုအပ်နေ ကြောင်း သိရှိသည်။ သျှမ်းတပ်(၂)တပ် တိုက်ပွဲအမြန်ရပ်တန့်ရန် သျှမ်းပြည်လူထုနှင့် သံဃာတော်များက အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း တိုက်ပွဲရပ်တန့်သွားခြင်းမရှိဘဲ ပိုပြင်းထန်လာကြောင်းသိရသည်။

၁၀။ တနိုင်းသွားလမ်း လီဒိုလမ်းမပေါ် တွင် အာဏာသိမ်းနှင့် KIA တိုက်ပွဲ ပြင်းထန်နေ
26 September 2021

တနိုင်းဘက်ကို ဦးတည်ကာ တက်လာသည့် အာဏာသိမ်းစစ်တပ်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ခွမ်ဆိုင်ယန် နှင့် ဒွမ်ဘန်ကျေးရွာ ၂ ခုကြားတွင် ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများပြောဆိုချက်မှ သိရ သည်။ “အခုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာက ခွမ်ဆိုင်ယန်ကျေးရွာအကျော်နားမှာဖြစ်နေတယ်။ ဒွမ်ဘန်ကမရောက်သေးဘူး။ စစ်သား တွေ ကားလမ်းမကြီးအတိုင်း စစ်ကြောင်းတက်လာတာကို KIA က ခုခံကြားဖြတ်တိုက်ခိုက်နေတာဟုတ်တယ်။ အခု တိုက်ပွဲဖြစ်နေတော နာရီဝက်လောက်ရှိပြီ။ အခုချိန်ထိ ပစ်နေကြတုန်း။ ထိခိုက်မှုတွေက မသိရသေးဘူး”ဟုပြောဆိုသည်။

KIA နှင့်တိုက်ပွဲဖြစ်ပွားနေသည့် အာဏာသိမ်းစစ်တပ်အဖွဲ့မှာ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်ဝန်းကျင်တွင် လဝါးကျေးရွာနှင့်တဆက်တည်းရှိသော ခွမ်ဆိုင်ယန်ကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲနေရာယူခဲ့သောအဖွဲ့ဖြစ်ပြီး ဒွမ်ဘန် ဘက် သို့ ပြန်တက်လာခဲ့ရာ KIA က ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းစစ်တပ်အဖွဲ့ စစ်အင်အား ၁၀၀ ကျော် ခန့်က ခွမ်ဆိုင်ယန်ကျေးရွာအတွင်း အပြင် နေရာများတွင် ဝင်ရောက်တပ်စွဲခဲ့သောကြောင့် ကျေးရွာဒေသခံများ ၁၅၀ ခန့်က လဝါးကျေးရွာ ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ခွမ်ဆိုင်ယန်ကျေးရွာဒေသခံများအနေဖြင့် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ ကျေးရွာအတွင်း တိုက်ပွဲပြင်းထန်လာပြီး ကားမိုင်းနှင့် ဒွမ်ဘန်စစ်တပ်ကုန်းတို့မှ ကျေးရွာဘက်သို့ဦးတည်ကာ လက်နက်ကြီးများပစ်ခတ်လာမည်ကိုစိုးရိမ်သဖြင့် လဝါး ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု ခွမ်ဆိုင်ယန်ဒေသခံတစ်ဦးက ယခုလိုပြောဆိုထားသည်။“ရွာဘက်ကို စစ်သားတွေ စစ်ကြောင်းဝင် လာတော့ KIA ဘက်ကလည်း ပစ်မယ်လို့ပြောထားတယ်။ စစ်သားတွေပြန်ဝင်လာတော့ တိုက်ပွဲ ဖြစ်မှာစိုးရိမ်လို့ အားလုံးထွက် ပြေးကုန်တယ်။ အခုက စစ်သားတွေက ရွာအဝင်မှာ ရှိနေကြတယ်။ အဲ့လိုဘဲ KIA ကလည်း သိပ်မဝေးတဲ့နေရာမှာရှိတယ်။ တိုက်ပွဲ ဖြစ်လာတဲ့အခါ အနီးပတ်လည်မှာရှိတဲ့ ကားမိုင်းနဲ့ ဒွမ်ဘန်စစ်တပ်ဘက်က လက်နက် ကြီးတွေ ပစ်ထည့်မှာကြောက်ကြတယ်။ အခုရွာမှာက ရွာစောင့်ဘဲရှိတော့တယ်”ဟု ပြောဆိုသည်။ အဆိုပါ အာဏာသိမ်းစစ် တပ်အဖွဲ့မှာ စစ်တင်ဘာလ ၂၃ ရက်နေ့ နံနက် ပိုင်းက မိုးကောင်းမြို့ဘက်မှ စစ်ကား ၃ စီးဖြင့် တက်လာသော အဖွဲ့ဖြစ်ပြီး လက်ရှိတိုက်ပွဲဖြစ်ပွားသည့်နေရာများတွင် အာဏသိမ်း စစ်တပ်အဖွဲ့က နေ့စဉ်စစ်အင်အားတိုးချဲ့လျက်ရှိနေကြောင်း ဒေသခံများ ပြောဆိုချက်မှသိရသည်။

၁၁။ တောင်စွန်းရွာ စစ်ကောင်စီစခန်းမှ လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ရွာသားများ ထွက်ပြေး တိမ်းရှောင်နေရ
September 25, 2021

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ပရဝဏ်မြေတွင် အခြေချနေထိုင်သည့် စစ် ကောင်စီလုံခြုံရေးတပ်ဖွဲ့မှ စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၈ နာရီကျော်အချိန် ကျေးရွာများအနီးတွင် လက်နက်ကြီး လက် နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုသိရသည်။ စစ်ကောင်စီ စခန်း မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ကျေးရွာများအနီးတွင် ရမ်းသမ်းပစ်ခတ်သည့်အတွက် ရွာသားအများစု ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မည်သည့်အစုအဖွဲ့များမှ ၎င်းတို့ကို လာရောက်ပစ်ခတ်မှုမရှိဘဲ ယခုလိုမကြာခဏ ရမ်းသမ်း ပစ်ခတ်နေသည့်အပေါ် ဒေသအတွင်း တိုက်ပွဲဖြစ်လာမည်ကို ရွာသားအများစုက စိုးရိမ်နေကြသည်ဟု ပြောသည်။

“ ၈ နာရီကျော်အချိန်မှာ တောင်စွန်းစခန်းက စစ်တပ်တွေ ရွာအနီးမှာပဲ လက်နက်ကြီး ၂ လုံးပစ်တာ ကြားတယ်။ လက်နက် ငယ် သက်သက်က အချက် ၅ဝ ကျော်မယ်ထင်တယ်။ သူတို့ဘာသာ သူတို့ပစ်ဖေါက်တာလေ။ ရွာသားတွေခု ထွက်ပြေးတိမ်း ရှောင်နေရ တယ်။ မနေ့ညကလည်း သေနတ်ပစ်ဖောက်သေးတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ကေအိုင်စီ သို့ပြောသည်။ တောင်စွန်းရွာတွင် အခြေချနေထိုင်သည့် စစ်ကောင်စီစခန်းနေရာသည် KNU -ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ ဝင်းရေးမြို့နယ် အုပ်ချုပ်မှုနယ်မြေလည်းဖြစ်ပြီး ၎င်းတို့အခြေချနေထိုင်သည့် ကျေးရွာအခြေပြုစခန်းများတွင် မကြာခဏဆို သလို သေနတ်ပစ် ဖောက် ခြိမ်းခြောက်လျက်ရှိသည်ဟု ရွာသားများထံမှ သိရသည်။

၁၂။ ဖယ်ခုံမြို့နယ်အတွင်းက ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေဆက်ဖြစ် ဒေသခံနေအိမ်တွေထိခိုက်ပြီး ရွာသားတွေ ထိခိုက် သေဆုံးမှုရှိနေ
September 28, 2021

ရှမ်း၊ ကယားနယ်စပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ် ကသဲရွာနဲ့ကုန်းဆုံရွာအနီးမှာ စစ်ကောင်စီနဲ့ဒေသခံ ကာကွယ်ရေးတပ်တွေကြား မနေ့ စက်တင်ဘာ ၂၇ ရက်နေ ညနေပိုင်းက တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီဘက်က ဒီးမောဆို ဘက်ကနေ ဖယ်ခုံ၊ မိုးဗြဲဘက်တွေထိ အင်အားအလုံးအရင်းနဲ့တိုးချဲ့လာတာကြောင့် ဖယ်ခုံမြို့အတွင်းက ကုန်းဆုံး ကျေးရွာနဲ့ ကသဲ ကျေးရွာအနီးမှာရှိတဲ့ ပင်လောင်း- ဖယ်ခုံလမ်းမပေါ်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့ဖယ်ခုံ ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန် ထားပါတယ်။

မနေ့တိုက်ပွဲကြောင့် ကျေးရွာအတွင်းနေထိုင်တဲ့ အမျိုးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦးလက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့သလို ဒီကနေ့ (စက်တင်ဘာ ၂၈)မနက်ပိုင်းမှာလည်း ကသဲကျေးရွာအနီးက ရထားသံလမ်းပေါ်မှာ ပစ်ခတ်ခံထားရပြီး သေဆုံးနေတဲ့ နွားကျောင်း သားတစ်ဦးရဲ့အလောင်းကိုတွေ့ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ပါတယ်။“ကုန်းဆုံနားမှာဖြစ် တာ ဒါနဲ့ဆို နှစ် ကြိမ်မြောက်ပါ။ ကုန်းဆုံရွာထဲက ကနှစ်အိမ်ကတော့လက်နက်ကြီးထိတယ်၊ ရမ်းကားပစ်နေတာတွေကြောင့် ညနေပိုင်းက မိုင်းခွဲ အသံလား သေနတ်အသံလားမသိဘူး။ ရွာထဲမှာနေတဲ့လူတွေလည်းထိတယ်၊ ပေါင်ကိုထိတာ အသက်တော့ မသေပါဘူး။ ပစ်နေ ပေမယ့် အိမ်ကပစ္စည်းတွေအခိုးခံရမှာစိုးလို့ ပြေးလည်းမပြေးရဲကြဘူး”လို့ ကုန်းဆုံကျေးရွာသား တစ်ဦး က ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာအနီးက ကျေးရွာသားတွေအနေနဲ့ စပါးသိမ်းရာသီရောက်ပေမယ့်လည်း တောင်ယာတွေထိ မသွား နိုင်တာ တစ်လနီးပါးရှိနေပြီလို့ဒေသခံရွာသားတွေကပြောပါတယ်။ လက်ရှိ ကယားပြည်နယ်အတွင်းနဲ့ ရှမ်းကယား နယ်စပ် အတွင်း ကတိုက်ပွဲတွေနဲ့ပတ်သက်လို့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိပါဘူး။

၁၃။ ထားဝယ်မြို့၌ စစ်ကောင်စီမှအလိုရှိနေသူနှင့် တက်တူးချင်းတူနေသည်ဟုဆိုကာ လူငယ်တစ်ဦးအား ဖမ်းဆီး
September 28, 2021

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်က ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ကွက်မှ လူငယ်တဉီးသည် မွန်းတည့် ၁ နာရီခန့်က မိသားစု ကိစ္စတစ်ခုလုပ်ဆောင်ရန် ဗျောတောဝရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရာ ရုံးစောင့်စစ်သားက ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း အဖမ်း ခံရသူ၏ မိတ်ဆွေဖြစ်သူကပြောသည်။ အဖမ်းခံရသူမှာ အသက် ၂၃ နှစ်အရွယ် မောင်နိုင်သူရ(ခေါ်)ဖိုးဝဒု ဖြစ် ပြီး လက်တွင်ထိုးထား သည့် တက်တူးကို ၎င်းတို့ရှာဖွေနေသည့် သံသယရှိသူ၏ တက်တူးနှင့်ဆင်တူသည်ဟုဆိုကာ ဖမ်းဆီးခဲ့ ကြောင်း မိတ်ဆွေဖြစ်သူ ကပြောသည်။

ဖမ်းဆီးပြီးနောက် ကိုနိုင်သူရ၏ နေအိမ်ကိုလာ လာရောက်ရှာဖွေခဲ့ကြောင်းသိရသည်။ ကိုနိုင်သူရ သည် ထော်လာဂျီလိုက်သည့် နေ့စားအလုပ်သမားတစ်ဦးဖြစ်ပြီး သာမန်ပြည်သူတစ်ဦးဖြစ်ကြောင်း မိတ်ဆွေဖြစ်သူက ပြောသည်။ ကိုနိုင်သူရကို ယနေ့အထိ ပြန် မလွှတ်သေးသည့်အပြင် မည်သည့်နေရာတွင်ဖမ်းဆီးထားသည်ကို မသိရကြောင်း ၄င်းကဆိုသည်။ ထားဝယ်တွင် အကြမ်း ဖက် စစ်ကောင်စီက လူငယ်များအား ဆက်တိုက်ဖမ်းဆီးမှုများလုပ်ဆောင်လျက်ရှိသည်။

၁၄။ အာဏာသိမ်း စစ်ခေါင်းဆောင် ပူတာအို ပြန်လာမည်ဟု သတင်းထွက်ပေါ်နေ
27 September 2021

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လကုန်ပိုင်းအတွင်း ပူတာအိုသို့ လာရောက်မည်ဟု သတင်းများထွက်ပေါ် နေကြောင်း ဒေသတွင်း သတင်းများထွက်ပေါ်နေသည်။ စက်တင်ဘာလ မကုန်မှီ ပူတာအို၊ နောင်မွန်နှင့် ခေါင်လန်ဖူး ၃ နေရာ သို့ လာရောက်မည်ဖြစ်သောကြောင့် တပ်တွင်းပြင်ဆင်မှုများ ရှိနေကြောင်း စစ်တပ်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“စစ်ကောင်စီ ဥက္ကဌ လာဖို့ရှိတယ်လို့ ကြားတယ်။ ဒီလမကုန်ခင်တဲ့။ သူတို့ရဲ့စစ်တပ်အတွင်းနဲ့ လုံခြုံရေးကအစ ပြင်ဆင်နေ တယ် လို့ကြားတယ်။ ပြီးရင် ပူတာအိုဒေသမှာရှိတဲ့ ရပ်မိရပ်ဖတွေနဲ့ လာရောက်တွေ့ဆုံဖို့လည်းရှိတယ်တဲ့။ ရက်တော့အတိ အကျမသိရဘူး” ဟု အမည်မဖောလိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ရောက်ရှိလာမည့် ပူတာအိုခရီးစဉ်တွင် ဌာနေ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် လက်ရှိ နောင်မွန်နှင့် ခေါင်လန်ဖူး ဒေသ ပြည်သူ့စစ်လက်အောက်တွင် စစ်သင်တန်းတက်နေသော အဖွဲ့များနှင့်လည်း တွေ့ဆုံရန်လည်း စီစဉ်နေကြောင်းသူက ဆက်ဆိုထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် စက်တင်ဘာလ ၁၈ရက်နေ့ မြစ်ကြီးနားသို့ ရောက်ရှိခဲ့ပြီး စက်တက်ဘာလ ၁၉ရက်နေ့တွင် ပူတာအိုဒေသို့ သွားရောက်ရန်စီစဉ်ခဲ့သော်လည်း လုံခြုံရေးအရ ပြောဆိုကာ အဆိုပါခရီးစဉ် ပျက်ပယ်သွားခဲ့ခြင်းဖြစ်သည်။ ပူတာအို ခရီးစဉ် ပျက်ပယ်ခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင်က ပူတာအိုမြို့အတွင်း အခြေစိုက်ထားသော စစ်တပ်အဖွဲ့၊ နောင်မွန်မြို့ အနီးရှိ မဂွေဇပြည်သူ့စစ်အဖွဲ့နှင့် ကြံ့ခိုင်ရေးအဖွဲ့တို့ဖြင့်တွေ့ဆုံရန် စီစဉ်ခဲ့ကြောင်းသိရသည်။

၁၅။ ရေး အစင်စံပြကျေးရွာက စစ်ကောင်စီသတင်းပေး သေနတ်နဲ့ ပစ်သတ်ခံရ
September 26, 2021

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်စံပြကျေးရွာက စစ်ကောင်စီ သတင်းပေး ဦးကျော်သူထွန်းအား စက်တင်ဘာလ ၂၄ ရက် ညနေ ၆ နာရီခွဲခန့်မှာ သေနတ်နှစ်ချက်ပစ်သတ်ခဲ့တယ်လို့ ရေးမြို့နယ် ကာကွယ်ရေးအထူးတပ်ဖွဲ့ YSTF က ထုတ်ပြန်ပါတယ်။

ဦးကျော်သူထွန်းဟာ CDM ဝန်ထမ်းများနှင့်တော်လှန်ရေး တက်ကြွလှုပ်ရှားသူများကို သတင်းပေးနေတဲ့ ဒလံတစ်ဦးဖြစ် တယ်လို့ ရေးမြို့နယ် ကာကွယ်ရေးအထူးတပ်ဖွဲ့က ဆိုပါတယ်။

”အစင်အုပ်ချုပ်ရေးမှူးနောက်တကောက်ကောက်လိုက်နေတဲ့သူ ဟုတ်တယ်၊ ဒီညနေမှာပဲ သေနတ်ပစ်သတ်ခံထိတာ ကြား တယ်၊ သူနဲ့ရွာလူကြီးက စစ်သားတွေ သိချင်တဲ့ သတင်းတွေ စုံစမ်းခိုင်းတာလုပ်ပေးတယ်။ ရွာမှာဆို သူတို့နှစ်ယောက်က အလိုတူအလိုပါပဲ၊ လူကြီးပိုင်းတွေလာရင် အပေါ်ဖားအောက်ဖိတဲ့သူမျိုးတွေ။“ဟု ဒေသခံတစ်ဦးက အတည်ပြုပြောပါတယ်။ အဲဒီ့အပြင် စက်တင်ဘာ ၂၄ ရက် ညနေ ၃ နာရီခွဲ အချိန်မှာလည်း ရေးမြို့၊ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ရဲ့ နေအိမ်ကို ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ YSTF က ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

၁၆။ လားရှိုး – သိန္နီကြား တိုက်ပွဲ ဖြစ် ကားလမ်းကို ယာယီပိတ်ထား
September 27, 2021

သျှမ်းပြည် မြောက်ပိုင်းရှိ လားရှိုး-သိန္နီကြားတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တို့ ဖြစ်ပွားသည့်အတွက် ပြည်ထောင်စု ကားလမ်းမကြီးကို ယာယီပိတ်ဆို့ခဲ့ကြောင်း သတင်းသိရသည်။ စက်တင်ဘာ ၂၆ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှစတင်ပြီး စစ်ကောင်စီတပ် ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့သည် လားရှိုး – သိန္နီကြားရှိ နမ့်တွန်း ကျေးရွာအုပ်စု နမ့်ဟူးကျေးရွာနှင့် မန်ဒေါင်ကျေးရွာ ကြားမှာထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ကားလမ်းအသုံးပြုမှု ကို ယာယီပိတ်ခံ လိုက်ရကြောင်း အဆိုပါ လမ်းကြောင်းတွင်ကားမောင်းသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်၊၊

“မနေ့ မနက်ပိုင်းမှာ တိုက်ပွဲသံတွေ စကြားခဲ့တာ၊ ညနေ ၄ နာရီ ၂၀ မိနစ် ဝန်းကျင်မှာ သိန္နီနဲ့ လားရှိုးကြားမှာ ရှိတဲ့ S ကွေ့နား မှာ တိုက်ပွဲသံကြားခဲ့ရပါတယ်၊ လားရှိုး ဘက်ခြမ်းနဲ့ နီးတယ်၊ မနေ့မှာ တိုက်ပွဲသံတွေ ကြားရပြီးတော့ နမ့်တွန်းရွာက S ကွေ့နားကမိန်း လမ်းမ ပိတ်ထားလိုက် တာ ဒီနေ့ မနက်ရောက်တော့ ပြန်ဖွင့်ပေးလို့ သွားနိုင်ပြီ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ စစ်ကြောင်းချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကိုးကန့်တပ်မတော် (MNDAA) တပ်တို့ကကြားဖြတ် တိုက်ခိုက်သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။“တိုက်ပွဲက မနက် ၉ နာရီဝန်းကျင် ကနေ ၁၀ နာရီနီးနီးထိ ကြားရတယ်၊ နေ့ခင်းပိုင်းမှာလည်းသေနတ်သံတွေ တစ်ချက်တစ်ချက် ကြားရတယ်၊ ညနေပိုင်းမှာတော့ အသံမကြားရတော့ဘူး၊ ဒါပေမဲ့ လမ်းကို တော့ ပိတ်ထား လိုက်တယ်၊ ဒီနေ့ မနက်ပိုင်းမှာ ပြန်ဖွင့်ပေးတာ” ဟု အဆိုပါ လမ်း ကြောင်းတွင် ခရီးသွားခဲ့သူ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ရက်ပိုင်းကာလအတွင်း လားရှိုးနဲ့ သိန္နီကြားရှိ ကားလမ်းမပေါ်တွင် မကြာခဏ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသား လက် နက်ကိုင်တိပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မကြာခဏ ဖြစ်ပေါ်တတ်သော ကြောင့် အဆိုပါ ကားလမ်းကို အမှီပြု အလုပ်လုပ် ကိုင်နေကြသည့် ပြည်သူများက ဝမ်းရေးအတွက်နှင့် လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်းလည်း သိရသည်။

၁၇။ ဘူးသီးတောင်တွင် မွတ်ဆလင်ကျေးရွာလူကြီးတချို့ကို စစ်တပ်က ဖမ်းဆီးမှုများ ရှိနေ
27 September 2021

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်တောင်မြို့နယ် စိမ်းညှင်ပြင်ရွာနှင့် ဂူတာပြင်ကျေးရွာ မွတ်ဆလင် ကျေးရွာလူကြီးများကို စက်တင်ဘာ လ ၂၅ ရက် နံနက် ၁ နာရီ ဝန်းကျင်ခန့်က စစ်တပ်မှ လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံ ရွာ သား တဦးက ပြောသည်။ အဆိုပါ ဖမ်းဆီးခံရသည့် မွတ်ဆလင် ကျေးရွာလူကြီး၂ ဦးမှာ စိမ်ညှင်ပြင် ကျေးရွာနေ အသက် ၅၀ အရွယ် ဦးကာ ဒေနှင့် ဂူတာပြင် ကျေးရွာ နေ အသက် ၅၅ နှစ်အရွယ် ဦးအာယုတို့ ဖြစ်ကြောင်း ဂူတာပြင်ကျေးရွာအုပ်စုမှ မွတ်ဆလင် ကျေးရွာ လူကြီးတဦးက ပြောသည်။ ၎င်းက “ဘာကြောင့် ဖမ်းတယ်ဆိုတာမျိုးတော့ တိတိကျကျမသိဘူး။ အပြင်မှာ သတင်းတွေ ထွက်နေတာက ARSA အဖွဲ့ကို ရိက္ခာ ထောက်ပံ့တယ်။ သူတို့နဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ တိုင်တဲ့လူ ရှိတယ်နဲ့တူတယ်။ အဲဒီကိစ္စတွေ ကြောင့် ဖမ်းတယ်လို့လည်း ပြောနေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးခံ မွတ်ဆလင်ကျေးရွာလူကြီး ၂ ဦးသည် ကျေးရွာအတွင်း အေးအေးဆေးဆေးနေထိုင်ကြသည့်သူများ ဖြစ်သ လို စိမ်းညှင်ပြင်ကျေးရွာ ဈေးကြီး၏ ဈေးကော်မတီဝင်များလည်း ဖြစ်ကြောင်း ကျေးရွာသားများက ဆိုကြသည်။ လက်ရှိ အချိန်တွင် အဆို ပါ ဖမ်းဆီးခံ မွတ်ဆလင် ကျေးရွာသား ၂ ဦးကို ဘူးသီးတောင် မြို့နယ်အတွင်းက စစ်ဘက် ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ရုံးဌာန ချုပ်တွင် ထိန်းသိမ်း စစ်ဆေးနေကြောင်းလည်း သိရသည်။ သြဂုတ်လ ၂၉ ရက်ကလည်း မောင်တောမြို့ နယ် ဦးရှည့်ကျ မွတ်ဆလင် ကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၃၀ ကျော် အရွယ် ရော်ဘီအာလောင်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး နောက် စစ်ကြောရေး ကာလ အတွင်း သြဂုတ်လ ၃၁ ရက်တွင် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဘူးသီးတောင်မြို့နယ်အတွင်းက မွတ်ဆလင် ကျေးရွာသားများအား ယခုလအတွင်း၌ စစ်တပ်ခေါ်ယူပြီး ရက္ခိုင် စစ်တပ် (AA) အဖွဲ့ ဝင် များအား ရိက္ခာထောက်ပံ့မှုများ မပြုလုပ်နှင့် AA အဖွဲ့၏ အုပ်ချုပ်ရေး ကဏ္ဍများတွင်လည်း ပူးပေါင်း ပါဝင်ခြင်း မပြု လုပ်ရန် သတိပေးခဲ့မှုများ ရှိခဲ့သည်။ ယခုလ စက်တင်ဘာလ ၁၉ ရက်ကလည်း ဘူးသီးတောင်မြို့နယ် ပီရွက်ကျေးရွာအနီး စေတီတောင်တွင် တပ်စွဲနေ ထိုင်သည့် ခမရ (၃၅၃) တပ်ရင်းမှ တရဂူ ရခိုင်တိုင်းရင်းသား ကျေးရွာ အပါအဝင် ကျေးနုတ်သီး မွတ်ဆလင်ကျေးရွာ၊ ငါးရံ့ချောင်းကျေးရွာ၊ တောင်ပဇာကျေးတို့မှာ ရပ်မိရပ်ဖများကိုလည်း ရက္ခိုင့်စစ်တပ် (AA) ထောက်ပံ့မှု မပြုလုပ်ရန်နှင့် AA ဖွဲ့ ပေး သည့် ကျေးရွာအုပ်ချုပ်ရေး အခန်းကဏ္ဍများတွင်လည်း ပါဝင်မှုမပြုရန် ခေါ်ယူ သတိပေးခဲ့ကြောင်း လည်း သိရသည်။

၁၈။ ဟားခါးမြို့ Hakhathar ၁ ရပ်ကွက်တွင် စစ်ကောင်စီတပ်စွဲပြီး လူနေအိမ်များ ဖောက်ထွင်းမှုရှိနေ
September 27, 2021

ချင်းပြည်နယ် ဟားခါးမြို့ Hakhathar (၁) (Vailamtlang) ရပ်ကွက်အတွင်းရှိ ခရိုင်မီးသတ်တပ်ဖွဲ့ရုံးတွင် အင်အား ၁၀၀ ခန့် ရှိသော အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားပြီးအနီးနားရှိ လူနေအိမ်များ ဖောက်ထွင်းမှုရှိနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များ ရပ်ကွက်အတွင်းသို့ တပ်စွဲလာသည့်အတွက် အနီးနားပတ်ဝန်ကျင်မှ အိမ်ခြေ ၁၂ အိမ်ခန့်သည် ပြောင်း ရွှေ့သွားကြပြီး လူမနေသည့်အိမ်များကို စစ်ကောင်စီတပ်က ဖောက်ထွင်းကာ ပစ္စည်းများသိမ်းယူကြကြောင်း နေအိမ်ဖောက် ထွင်းခံရသူတစ်ဦးက ပြောသည်။“ခရိုင်မီးသတ်ရုံးမှာ စကစက တပ်စွဲလာတော့ အနီးနားမှာရှိတဲ့ ပြည်သူတွေကမနေရဲကြ တော့ဘူး အိမ်သော့ခတ်ပြီး ပြောင်းရွှေ့ကြတယ်၊ မနေ့ကကျနော့အိမ်ဆိုရင် ဖောက်ခံရပြီး ပစ္စည်းတွေခိုးသွားကြတယ်” ဟု နေအိမ်ဖောက် ထွင်းခံရသည့် ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်စွဲထားသည့် အဆိုပါရပ်ကွက်တွင် ပြီးခဲ့သည့် အပတ်က CDF နှင့် စစ်ကောင်စီတို့ ပစ်ခတ်ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

၁၉။ ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင် ကို စစ်တပ်ဖမ်းဆီး
September 27, 2021

ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် နေထိုင်သောရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင် ကို စက်တင် ဘာလ ၂၅ ရက်နေ့ညတွင် စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “CDM ဝန်ထမ်းတွေနဲ့ PDF တွေကို ထောက်ပံ့ပေးနေတယ်ဆိုပြီး ဖမ်းဆီးသွားတာဖြစ်နိုင်တယ်” ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ ယခင်ကလည်း ဦးနေထက်သိန်းနိုင် ကို စစ်တပ်က ခေါ်ယူစစ်ဆေးမှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး PDF နှင့် NUG ကို ထောက်ပံ့မှုများ မပြုလုပ်ရန် သတိပေးထားကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

လတ်တလောတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့်တရားစွဲခံနေရသော မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အေးဇံ ၏ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စရိတ်အတွက် ငွေကြေးထောက်ပံ့ပေးခဲ့သည့် လုပ်ငန်းရှင်များအနက် ရိုးရိုးလေး ကုမ္ပဏီ ပိုင်ရှင် ဦးနေထက်သိန်းနိုင်က အများဆုံးထည့်ဝင်ပေးခဲ့သူဖြစ်ကြောင်း ယခင်သတင်းများက ဖော်ပြခဲ့သည်။

ဦးနေထက်သိန်းနိုင် သည် ကျိုက်ထီးရိုးဒေသတဝိုက်တွင် ဟိုတယ်၊ စားသောက်ဆိုင်၊ မော်တော်ယာဉ်လိုင်းများအပါအဝင် လုပ်ငန်းများစွာ ပိုင်ဆိုင်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ခေတ်အဆက်ဆက်က အစိုးရတာဝန်ရှိသူများနှင့် နီးစပ်သည့် ဆက်ဆံ ရေးရှိသူတစ်ဦးဖြစ်သည်။

၂၀။ MNDAA ကိုးကန့်တပ်ဖွဲ့က ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး
28 September, 2021

မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ကိုးကန့်တပ်ရဲ့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေး အဖွဲ့က မုံးကိုးခရိုင်အတွင်းမှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးနေတယ်လို့ ကိုးကန့် အုပ်ချုပ် ရေးပိုင်းက သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁)၊ မုံးကိုးခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၁၉ ရွာမှာနေထိုင်တဲ့ အသက် ၁၂ နှစ်ကနေ ၆၀ နှစ်ကြားက လူဦးရေ ၇၉၁ ဦးကို ပထမအကြိမ်ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ တယ်လို့ MNDAA ကိုးကန့်အုပ်ချုပ်ရေးပိုင်းက ဆိုပါတယ်။ အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာရှိတဲ့ တိုင်းရင်း သား လက်နက် ကိုင်တော်လှန်ရေး တပ်ဖွဲ့ဟာလည်း သက်ဆိုင်ရာထိန်းချုပ်နယ်မြေတွေအတွင်းက ပြည်သူလူထုတွေကို တရုတ် နိုင်ငံ ကထုတ် လုပ်တဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေထိုးပေးနေပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတဲ့ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်ပြီးလက်ရှိလည်း မုံးကိုးဒေသမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပါတယ်။

၂၁။ မြောက်ဦးမြို့လယ်ရှိ လမ်းပျက်စီးနေမှုကို ကျောက်၊ သဲများနှင့်သာ ပြုပြင်နေမှုအပေါ် ဒေသခံများဝေဖန်
September 28, 2021

UNESCO စာရင်းဝင်ရန်ကြိုးပမ်းနေသည့် မြောက်ဦးမြို့၌ မြို့လယ်လမ်းများပျက်စီးနေမှုကို စည်ပင်မှ ကျောက်၊ သဲများနှင့် သာပြုပြင် နေမှုအပေါ် ဒေသခံများ ဝေဖန်ပြောဆိုကြသည်။ မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်ရှိ လူသွားလူလာများသည့် လမ်း သည် ချိုင့်ခွက်များဖြင့်ပျက်စီးနေပြီး ယင်းသို့ပျက်စီးနေမှုများကို စက်တင်ဘာ ၂၇ ရက်နေ့တွင် စည်ပင်မှ ကျောက်၊သဲများဖြင့် ပြုပြင်ပေးခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရွံ့နစ်များဖြစ်သွားခဲ့ကာ ဒေသခံများသွားလာရန် အဆင်မပြေဖြစ်နေ ကြောင်း သိရသည်။

မြောက်ဦးလူငယ်များအစည်းအရုံးဥက္ကဋ္ဌ ကိုခိုင်မင်းသျှင်က “မြောက်ဦးမှာ လမ်းတွေကပျက်စီးနေတာကြာပြီ။ အဲဒါကိုလုပ် လည်း မလုပ်ပေးကြဘူး။ မနေ့ကစလို့လုပ်တယ်။ အင်းခွက်၊ ချိုင့်ခွက်တွေကို လမ်းဖာပေးကြတယ်။ အုတ်ပိုင်းတွေနဲ့ လုပ်ပေး ကြတယ်။ နယ်ဖက်တွေမှာပဲ အဲဒီလို လမ်းဖာပေးလို့အဆင်ပြေတာပါ။ ဒီလိုမြို့ပေါ်တွေမှာလုပ်ရင်တော့ အဆင်မပြေဘူးလို့ ကျနော်တို့မြင်ပါ တယ်။ စျေးကြီးအနီးကလမ်းဆိုရင် ဒီနေ့မနက်ပိုင်းမှာ ရွံ့အိုင်တွေဖြစ်နေပြီ။ လူသွားလူလာလည်း အရမ်းများ တော့ ရွံအိုင်တွေဖြစ်သွား တာပေါ့“ဟု ပြောသည်။ မြောက်ဦးမြို့မစျေးအနီး ပေ ၃၀၀ ခန့်ရှိသည့်လမ်းမှာ ရွံ့အိုင်များနှင့် ဗွက်ထနေပြီး အမည်မသိလူတစုမှ ယင်း ကဲ့သို့ လမ်းပြု ပြင်မှုကို လှောင်ပြောင်ကာ ရွံ့အိုင်ထနေသည့် လမ်းပေါ်တွင် အပင်များ စိုက်ပျိုးထားခဲ့သည်ကိုလည်း တွေ့ရသည်။

အဆိုပါလမ်းတွင် ချိုင့်ခွက်ကြီးများဖြစ်နေပြီး လမ်းသွား၊ လမ်းလာသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်သလို ချိုင့်ခွက်များ ကြောင့် ဆိုင်ကယ်မတော်တဆမှုများလည်း ရံဖန်ရံခါဖြစ်ပွားမှုရှိသည်ဟု မြောက်ဥိီးမြို့ဒေသခံ ကိုရင်ဆို့ကပြောသည်။ “ကျနော့် အမြင် ကတော့ ခေါင်းမရှိဘူးကြလို့ပဲမြင်တယ်။ အင်း၊ ချိုင့်တွေမှာ ကျောက်၊သဲနဲ့မြေဖို့လိုက်တော့ ရွံ့ကျွံမှာပေါ့။ ဒီလိုဖြစ် မယ်ဆိုတာကို သူတို့မတွေးမိဘူးလားတော့မသိဘူး။ မသင့်တော်ဘူးလို့ပဲထင်တယ်။ လုပ်ပေးရင်လည်း အကောင်းဖြစ်အောင် လုပ်ပေးစေချင်ပါ တယ်။ အင်း၊ ချိုင့်တွေကိုရှောင်ပြီးတော့သွားရင်း အရင်တပတ်လောက်က အဖိုးအိုတစ်ယောက်တောင် ဆိုင်ကယ်မှောက်သွား သေးတယ်“ဟု ၄င်းကဆိုသည်။ မြောက်ဦးမြို့ရှိလမ်းများမှာ နွေရာသီတွင်ဖုန်ထပြီး မိုးရာသီရောက်လျှင် ရွံ့ကျွံသည့်အတွက် ကတ် တရာလမ်းများခင်းပေးရန်လိုအပ်ကြောင်း Media မှတဆင့် သက်ဆိုင်ရာအစိုးရထံကို တောင်းဆို သည်ဟုလည်း ဒေသခံများကပြော ဆိုသည်။

၂၂။ ဟိုပုံးမြို့ နယ်တွင် ရုတ်တရက် သေဆုံးသူများလာ
September 27, 2021

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ဟိုပုံးကိုရင်လေး ဈာပနသွားလာပြီးနောက်ပိုင်း ကိုဗစ်- ၁၉ ပိုးတွေ့များပြားလာပြီး၊ ရုတ် တရက် သေဆုံးသူ နေ့တိုင်းနီးပါး ရှိလာကြောင်း စုံစမ်းသိရသည်။

အဆိုပါ ဟိုပုံးမြို့တွင် စက်တင်ဘာ တတိယအပတ်ထဲတွင် ကိုဗစ် ၁၉ ကြောင့် သေဆုံးသူ (၃) ဦးရှိပြီး စက်တင်ဘာ ၂၆ တွင် အသက် (၂၀) လူငယ်တဦး သေဆုံးသွားကြောင်း သိရသည်။“ အရင်ပတ်က (၃) ယောက်သေသွားတယ်။ တယောက်က ဆေးရုံမှာသေသွား တယ်။ ထပ်တယောက်က လမ်းဘေးမှာလှဲကျပြီး သေသွားတယ်။ ကျန်တယောက်တော့ အိမ်မှာပဲ နေပြီး သေသွားတာ။ ပြီးတော့ မနေ့က တယောက်ထပ်သေသွားတယ်။ ကိုဗစ်ကြောင့်သေသွားတယ်လို့ ပြောရမှာပေါ့” ဟု ဟိုပုံးမြို့ ဒေသခံ အမျိုးသားတဦးက ပြော သည်။ ထိုအပြင် ဟိုပုံကိုရင်လေး ဈာပနကို သွားလာပြီးနောက်ပိုင်း ဟိုပုံးမြို့တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ များလာကြောင်း သိရသည်။

“ ကိုရင်လေး ဈာပနာသွားလာပြီးနောက်ပိုင်းမှာ ပိုးတွေ့လူနာပိုများလာတယ်။ အဓိကတော့ တောင်ပိုင်းရပ်ကွက်နဲ့ ဌာန ဆိုင်ရာတွေ မှာ ပိုပြီးတွေ့တယ်။ ရောဂါလက္ခဏာက တန်မပြဘူး။ အရှေ့တပတ်ကနေပြီးတော့ စတွေ့တာများတယ်။”ဟု ဟိုပုံး မြို့ ဒေသခံ အမျိုးသားတဦး ကပြောသည်။ ထိုသို့ တောင်ပိုင်းရပ်ကွက်ထဲတွင် မိသားစုအလိုက် ကိုဗစ် ၁၉ ပိုးတွေ့ရှိ နေကြရပြီး တရက်လျှင်ပျမ်းမျှ (၁၀) ဦးအထက်ပိုးတွေ့လာကြောင်း ဟိုပုံးမြို့ ဒေသခံက ပြောသည်။ ဟိုပုံးကိုရင်လေး ဈာပနာ ကို သွားလာ သည့် ပြည်သူများအနေဖြင့် Quarantine ဝင်ရန်အတွက် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် က ထုတ်ပြန်ထားခဲ့သော်လည်း ပြည်သူ တချို့က Quarantine ဝင်ရောက်ခြင်းမရှိကြောင်းသိရသည်။

၂၃။ ဘီးလင်းမြို့နယ်က ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ
27 September, 2021

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊အလူးလေးကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် တယောက် စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁ နာရီခွဲ လောက်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင် ဦးသန်းထွန်းဝင်း ကို သူကိုယ်ပိုင်ဖွင့်ထားတဲ့ ထမင်းဆိုင်မှာ အမည်မသိ သေနတ်သမား နှစ်ယောက်က ဆိုင်ကယ်နဲ့ လာရောက် ပြီး သေနတ်နဲ့ ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဦးသန်းထွန်းဝင်းဟာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် သေနတ်ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် စဉ် သေဆုံးသွားခဲ့တာပါတယ်။ ဦးသန်းထွန်းဝင်းဟာ ပြီးခဲ့တဲ့မေလက သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတဲ့ ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေရဲ့ ယောက်ဖဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးသန်းထွန်းဝင်းကို လုပ်ကြံခဲ့တာဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဘီးလင်း တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဦးသန်းထွန်းဝင်း ဟာ စစ်ကောင်စီကို သတင်းပေးပြီး တော်လှန်ရေးအင်အားစုတွေကို အနှောင့်အယှက်ပေးနေလို့ သုတ်သင်ရ တာလို့ ဆိုထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီ သတင်းပေး ဒလန်တွေနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဆက်လက် ချေမှုန်း သွားမယ်လို့ ဘီးလင်းတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၄။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေစျေးနှင့် ဒေါ်လာစျေး စံချိန်တင်မြင့်တက်လာနေ
September 27, 2021

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ရွှေစျေးနှင့် ဒေါ်လာစျေးနှုန်းများမှာ ဆက်တိုက်ဆိုသလို မြင့်တက်လာ ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ၁၆ ပဲ ရွှေတစ်ကျပ်သားကို ၁၄ သိန်း ၅ သောင်းဝန်းကျင်သာရှိခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်လာနေပြီး ယင်းနောက်ပိုင်း တွင် ရွှေစျေးမှာ ဆက်တိုက်ဆိုသလို မြင့်လာခဲ့ကာ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရွှေစျေးမှာ ၁၉ သိန်းခွဲကျော်အထိ စျေးနှုန်းမြင့်တက်လာ နေခြင်းဖြစ်သည်။

ရွှေစျေးမှာ စက်တင်ဘာလအစောပိုင်းတွင် ၁၇ သိန်းအထိရှိရာမှ စက်တင်ဘာလ ၂၇ ရက်နေ့ သုံးပတ်တာအတွင်း ၁၉ သိန်း ငါးသောင်းဝန်းကျင်အထိ မြင့်တက်လာနေခြင်းလည်းဖြစ်သည်။ စစ်တွေမြို့ မြင့်ရတနာရွှေဆိုင်မှ ကိုညဏ်ထွန်းအောင် “မနေ့ တော့ ၁၉ သိန်းနှစ်သောင်းလောက်ရောင်းနေပေမဲ့ ဒီနေ့တော့ နည်းနည်းတက်သွားပါတယ်။ ၁၉ သိန်း ၅ သောင်းအထိ စျေး တက်လာပါ တယ်”ဟု ၎င်းကပြောသည်။ ယင်းကဲ့သို့ ရွှေစျေးတက်ခြင်းကြောင့် ရွှေဆိုင်များတွင် အရောင်းလုံးဝကျဆင်းသွား ခဲ့ ကြောင်းလည်း ရွှေဆိုင်ပိုင်ရှင်များက ပြောကြသည်။

လက်ရှိ ရွှေအရောင်းဝယ်စျေးကွက်တွင် ရွှေဝယ်ယူသူများထက် ရွှေပေါင်နှံသူများက ပို၍များပြားလာကြောင်း သိရသည်။ တစ် ဖက် တွင်လည်း ရွှေစျေးမြင့်တက်လာသကဲ့သို့ ဒေါ်လာစျေးလည်းမြင့်တက်လျက်ရှိခြင်းကြောင့် ကုန်စည်စျေးနှုန်းများ သိသိသာသာ မြင့်တက်လျက်ရှိနေသည်။ သီဒ္ဓီအောင်ရွှေဆိုင်မှ ကိုမျိုးမျိုးက “အခုက ဒေါ်လာစျေးတက်လာတော့၊ ရွှေစျေးလည်းတက် ပါတယ်။ အဓိကတော့ ဒေါ်လာစျေးကြောင့်တက်တာပါ။ ရွှေးစျေးနဲ့ ဒေါ်လာနဲ့ကမှီနေတာကို ”ဟု ပြောသည်။ ဒေါ်လာ စျေး နှုန်းမှာ အာဏာ မသိမ်းမီက အမေရိကန်တစ်ဒေါ်လာကို ၁၃၅၇ ကျပ်မှ ယနေ့တွင် တစ်ဒေါ်လာလျှင် ၂၂၃၅ ကျပ်အထိ မြင့်တက် လာခြင်းဖြစ်သည်။

၂၅။ ဂုံးစျေးနှုန်းကျနေ၍ ဂုံးကောက်ယူရောင်းချနေသူများ အဆင်မပြေ
September 27, 2021

ကိုဗစ်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် ယခုနှစ်တွင် ဂုံးစျေးများကျဆင်းလာသဖြင့် ဂုံးကောက်ယူရောင်းချနေသူများနှင့် ဂုံးမွေးမြူ ရေးလုပ်ကိုင်နေသူများမှာ အဆင်မပြေမှုများရှိနေကြောင်း သိရသည်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ယခင် နှစ်များက ဂုံးတစ်ကီလိုလျှင် ၃၅၀၀ ကျပ်အထိစျေးရှိခဲ့သော်လည်း ယခုနှစ်တွင် ဂုံးတစ်ကီလိုလျှင် ၂၅၀၀ ကျပ်သာစျေးနှုန်းရှိ ကြောင်း ဂုံးရောင်း ချသူများထံမှ သိရသည်။

ယင်းသို့ ဂုံးစျေးနှုန်းကျဆင်းလာ၍ ဂုံးမွေးမြူရေးလုပ်ကိုင်နေသူများမှာ လုပ်ငန်းအဆင်မပြေဖြစ်လာကြောင်း တောင်ကုတ်မြို့ နယ် ခရိုင်ကျေးရွာမှ ဂုံးမွေးမြူရေးလုပ်ကိုင်သူ ကိုမောင်မောင်ရီက DMG သို့ ပြောသည်။ “ဂုံးစျေးတွေကကျတယ်။ ဒီနှစ်ထဲမှာ တစ်ကီလိုကို ၂၅၀၀ ဘဲရတယ်။ သားပေါက်ဝယ်ယူတာနဲ့ လုပ်အားအတွက် အခြေအနေမကောင်းဘူး။ အရင်းတိတိရဖို့တောင် မလွယ်ဘူး။ ဒီနှစ်က ဂုံးအသေအပျောက်လဲများတယ်”ဟု ၎င်းကဆိုသည်။ ဂုံးများရှားပါးခြင်းကြောင့်လည်း မြစ်ပြင်တွင် ဂုံးရှာ ဖွေသူများမှာ ယခင်နှစ် က လုတစ်ဦးတစ်နေ့ရှာဖွေလျှင် ဂုံး ၁၀ ကီလိုအထက်ရရှိကြသော်လည်း ယခုနှစ်တွင် တစ်နေ့လျှင် ၅ ကီလိုခန့်ရရှိရန်ပင် ခက်ခဲလာနေကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံခြားသို့ ဂုံးများတင်ပို့နေသည့် ကုန်သည်များမှာလည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် တင်ပို့ရာ တွင် အရှုံးနှင့်ရင်ဆိုင်နေရကြောင်း တောင်ကုတ်မြို့နယ်မှ ဂုံးရောင်းဝယ်ရေးပြုလုပ်နေသည့် ကိုရွှေမြကပြောသည်။ “ကျနော်တို့ လဲ အရှုံး နဲ့ရင်ဆိုင်ရတယ်။ အခု ကုန်တင်ခစျေးတွေကမြင့်တက်သွားတာ၊ လမ်းတွေကကြန့်ကြာပြီး ဂုံးတွေကအသေအပျောက် များတယ်။ ထပ်ပြီး ဂုံးစျေးကနိမ့်တော့ ကျနော်တို့လဲ တော်တော်အခက်အခဲဖြစ်တယ်။ ဒီမှာကလဲ စျေးကိုလျှော့လို့မရဘူး။ ဒီအတိုင်းရေရှည် ဆိုရင်အဆင်မပြေဖြစ်မှာသေချာတယ်”ဟု ၎င်းကဆိုသည်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။