• Today is: Tuesday, April 30, 2024

ကယားစစ်ဘေးရှောင် ၄၀ ကျော်တွင် ကိုဗစ်ပိုးတွေ့

ကယားစစ်ဘေးရှောင် ၄၀ ကျော်တွင် ကိုဗစ်ပိုးတွေ့

ဖက်ဒရယ် ဂျာနယ်
စက်တင်ဘာ ၁၇ ရက်၊ ၂၀၂၁

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်း စစ်ဘေးရှောင်နေသည့် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၃၀၀ ကျော်အနက် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူဦးရေ ၄၀ ကျော် ယနေ့ စစ်ဆေးတွေ့ရှိကြောင်း သတင်းရရှိသည်။

ဒေသခံတဦးက “အကုန်လုံးကို Quaratine စင်တာ ပို့လိုက်ပြီ။ လူက ယောင်္ကျား၊ မိန်းမ၊ ကလေး အပါအဝင် ၄၅ ယောက်။ ရဟန်းက နှစ်ပါး၊ ကိုရင်က နှစ်ပါး အားလုံးပေါင်း ၄၉ ယောက်။ သူတို့ နေရပ်ရင်းရွာတွေကတော့ အစုံပဲ။ ဒီးမော့ဆိုဘက်ကတော့ များတယ်” ဟု ပြောသည်။

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၄၉ ဦးအနက် ၄၅ ဦးမှာ စစ်ဘေးရှောင် ဒုက္ခသည်များဖြစ်ပြီး သံဃာနှစ်ပါးနှင့် ကိုရင်နှစ်ပါးမှာ စစ်ဘေးရှောင်ဒုက္ခသည်များကို လက်ခံထားသည့် ဘုန်းကြီးကျောင်းမှ ဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်ဒုက္ခသည်များ ခိုလှုံနေသည့် လွိုင်ကော်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း တကျောင်းအတွင်း ဖျားနာနေသူများ ရှိသဖြင့် ဆရာတော်များက ဦးစီး၍ ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးကြရာတွင် ပိုးကူးစက်ခံရသူများ ရှိနေခြင်းကို သိရှိရခြင်း ဖြစ်သည်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရသည့် စစ်ဘေးရှောင်ဒုက္ခသည် အများစုသည် စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေးတပ်များအကြား ဒီးမော့ဆိုမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး တလျှောက်၌ တိုက်ပွဲဖြစ်ကြရာတွင် ရွာလုံးကျွတ် ထွက်ပြေးရသည့် ငွေတောင်၊ ဝမ့်လထွား၊ စံပြ ၆ မိုင် စသည့် ကျေးရွာများမှ ပြေးလာကာ လွိုင်ကော်မြို့နယ်အတွင်း စစ်ဘေးရှောင်နေကြသူများ ဖြစ်သည်။

အချို့ဒုက္ခသည်များသည်လည်း လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်ဒုက္ခသည်များ ဖြစ်သည်။
ဆေးစစ်ရာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရကြောင်း တွေ့ရှိရသည့် စစ်ဘေးရှောင် ဒုက္ခသည်များနှင့် ရဟန်း နှစ်ပါး၊ ကိုရင် နှစ်ပါး တို့ကို ပရဟိတအသင်းများ၏ အကူအညီဖြင့် လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံရှိ Quarantine စင်တာများသို့ ပို့ဆောင်ထားပြီ ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ သတင်းဌာန ၊ Free Burma Ranger – Karenni တို့၏ သတင်း အရင်းအမြစ်ကို အခြေပြု၍ တင်ဆက်သည်။
ပုံစာ - ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင် ပြည်သူများ
ဓာတ်ပုံ - Free Burma Ranger- Karenni