• Today is: Tuesday, April 30, 2024

ဝ ပြည်နယ်ကိစ္စ

■ ဝ ပြည်နယ်ကိစ္စ

  • မင်းသေ့

ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်က ဘာလဲဆိုတာကို တစ်ချက် ပြန်လေ့လာသင့်တယ် ထင်တယ်။ မြန်မာပြည်မှာ – ၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်အစိုးရရယ်လို့ ပေါ်လာပေမယ့် ပြည်နယ်အစိုးရတွေမှာ ဗဟိုအစိုးရ (တနည်း) ပြည်ထောင်စုအစိုးရရဲ့ လက်တံခြေတံတွေအောက်က မလွတ်ပါဘူး။ ၂၀၁၀ – ၂၀၂၀ အတွင်းမှာ တစ်စုံတစ်ရာ လွတ်လပ်သောလုပ်ပိုင်ခွင့် ရှိခဲ့တယ်လို့ ပြောနိုင်ပေမယ့် လက်တွေ့မှာ ဗဟိုဦးစီးစနစ်ရဲ့ ဘောင်ထဲမှာသာ ရှိခဲ့ပါတယ်။ သက်ဆိုင်ရာဌာနအလိုက် ဗျူရိုကရေစီယန္တရားမှာ ဥပဒေ / နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်း / စည်းမျဉ်းစည်းကမ်းတွေရဲ့ ရှုပ်ထွေးစွာ ပတ်ချည်တုပ်ခံထားရလေတော့၊ ပြည်နယ်အစိုးရတွေဟာ ဗဟိုအစိုးရရဲ့ လက်ဝေခံသက်သက်သာ ဖြစ်နေခဲ့ပါတယ်။ ထိုနည်းလည်းကောင်း ၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်ဟာ ဗဟိုက ဝန်ကြီးဌာနတွေနဲ့ ပြန်လည် ထိန်းချုပ်ထားလေတော့၊ လူးခွင့်လွတ်ခွင့်မရခဲ့ပါဘူး။

မြန်မာပြည်ဟာ — ဒီမိုကရက်တစ်အုပ်ချုပ်စီမံမှု (democratic governance) ကို ကနဦးနိဒါန်းပျိုးခဲ့နိုင်ပေမယ့် ၂၀၁၅ – ၂၀၂၀ အရပ်သားအစိုးရလက်ထက်မှာလည်း ဗဟိုဦးစီးစနစ်ဘောင်ထဲက ရုန်းမထွက်နိုင်ခဲ့ပါဘူး။ နိုင်ငံရေးသမားတွေဟာ ဒါဟာ ၂၀၀၈ အခြေခံဥပဒေကြောင့်လို့ ပြောပေမယ့်၊ တစ်ဖက်မှာလည်း ဗျူရိုကရေစီကိုယ်၌က လုပ်ထုံးလုပ်နည်းတွေနဲ့ ထိန်းချုပ်ထားတာ၊ ကစားတာ၊ ဂွင်ဖန်တာတွေနဲ့ internal politics တွေကြောင့် ပြည်နယ်အစိုးရအဖွဲ့တွေမှာ ဗဟိုကနေ လုံးဝ ကင်းလွတ်နေတဲ့ လုပ်ပိုင်ခွင့်တွေ မရှိခဲ့ပါဘူး။ အများစုကြီးစိုးတဲ့ ဒီမိုကရေစီစနစ်ဖြစ်ခဲ့လေတော့၊ အုပ်စုအားကြီးတဲ့ အစုအဖွဲ့ခေါင်းဆောင်တွေရဲ့ ပယောဂကနေ ကင်းလွတ်အောင် ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကလည်း မလုပ်နိုင်ခဲ့ပြန်ဘူး။

လိုရင်းချုပ်ရရင်၊ မြန်မာပြည်မှာ ပြည်နယ်အစိုးရရယ်လို့ သီးခြားနာမည်ထွက်ပြီး ပေါ်ပေါက်လာခဲ့ပေမယ့် စစ်တစ်ပိုင်းအစိုးရနဲ့ အရပ်သားအစိုးရအမည်ခံ ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုရှိလေတာကြောင့် ပြည်နယ်အစိုးရတွေမှာ ပြည်နယ်အစိုးရနဲ့ ထိုက်တန်တဲ့ လုပ်ပိုင်ခွင့်တွေ မရခဲ့ပါဘူးူး။၂၀၀၈ အခြေခံဥပဒေအခင်းအကျင်းအောက်က ဖြစ်ပေါ်လာတဲ့ ဇာတ်ကွက်မို့၊ ပေးထားချက် ဇာတ်ညွှန်းအရ ပိုက,လို့ မရတာတွေလည်း ခပ်များများ ရှိနေခဲ့ပါတယ်။ ထို့နောက် သတိချပ်ဖို့က — မြန်မာပြည်မှာ ဖြစ်ခဲ့တာက တောင်းယူလို့ ဖြစ်လာခဲ့တဲ့ ပြည်နယ်အစိုးရ အသွင်အပြင်မို့ ဒီလိုဖြစ်ခဲ့တာလို့လည်း တွက်ဆနိုင်ပါတယ်။

စစ်အစိုးရနဲ့ စစ်တစ်ပိုင်းအစိုးရတွေရဲ့လက်အောက်မှာ — အင်အားကို အခြေပြုပြီး မတည်ဆောက်ရင် ပေးစာကမ်းစာလောက်ပဲ ရတယ်ဆိုတာ သိနားလည်ကြဖို့ ဖြစ်ပါတယ်။ သဒ္ဓါကြေးလောက်နဲ့ တင်းတိမ်နေရတာကို မလိုချင်ရင်တော့ — တချို့ကို တိုက်ယူရမှာ ဖြစ်ပြီး၊ တချို့ကို အင်အားအခြေပြု ခြေကုတ်ယူပြီး လုပ်ပိုင်ခွင့်ကို တည်ဆောက်ရမယ်လို့ ယူဆပါတယ်။

လက်ရှိ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟာ ပြည်နယ်အဆင့်ဖြစ်လာခဲ့မယ်ဆိုရင်တော့၊ ဒါဟာ အင်အားကို အခြေတည်ပြီး တည်ဆောက်ထားတဲ့ ပြည်နယ်အစိုးရဖြစ်လာမှာမို့၊ ယခင် (သို့မဟုတ်) ယခုတည်ရှိနေခဲ့တဲ့ ပြည်နယ်အစိုးရတွေထက် လုပ်ပိုင်ခွင့်အရာမှာ အလွန်အမင်း သာလွန်နေပါလိမ့်မယ်။ ဖက်ဒရယ်ထက် ကျော်လွန်သော ကွန်ဖက်ဒရေးရှင်းအဆင့်ရှိတဲ့ ပြည်နယ်အစိုးရ ဖြစ်လာပါလိမ့်မယ်။ ဒီအဆင့်ဟာ internal sovereignty ရှိတဲ့ ပြည်နယ်တစ်ခုကို ဖြစ်လာမယ့် အနေအထားကို တွေ့နိုင်ပါတယ်။ ဝခေါင်းဆောင်တွေ ကိုယ်၌ကလည်း ဘယ်သူပေးပေး မပေးပေး ကိုယ့်ဘာသာကို ပြည်နယ်အစိုးရအသွင်မျိုး လုပ်ပိုင်ခွင့်တွေ တည်ဆောက်ထားပြီး ဖြစ်ပါတယ်။

ဝခေါင်းဆောင်တွေရဲ့ သဘောထားမှာ ဗဟို (ပြည်ထောင်စု) ကို ကတိပေးထားတာက နှစ်ခု ။ နံပါတ် (၁) ခွဲမထွက်ဘူး၊ နံပါတ် (၂) နိုင်ငံခြားဆက်ဆံရေးကလွဲလို့ ဗဟိုက ဝင်ပါစရာ မလိုဘူး။ ဒီနှစ်ချက်က အနှစ်ချုပ်ဖြစ်ပါတယ်။ ဒါကို informal အနေအထားမှာ တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း formal ဖြစ်ဖို့၊ legally ဖြစ်ဖို့၊ legitimacy အဆင့်ထိ မြှင့်ဖို့ကတော့ နိုင်ငံရေးအရ ဆက်ပြီး ကစားကွက် ဆက်ထွင်နေရမှာဖြစ်ပါတယ်။ ဒါကို လောလောဆယ်အားဖြင့် ချက်ချင်းလက်ငင်း မရနိုင်ပေးပေမယ့်၊ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ဝခေါင်းဆောင်တွေလိုချင်တဲ့အနေအထားဟာ သိပ်မကြာခင် နှစ်ပိုင်းအတွင်းမှာ ရောက်လာပါလိမ့်မယ်။ နိုင်ငံရေးဆိုတာ ဒီလိုပဲ တစ်ရစ်ချင်းစီ တည်ဆောက်ယူရတာလို့ နားလည်အပ်တယ်။ လက်ရှိ ဝခေါင်းဆောင်တွေမှာက လိုချင်တာ အကုန်မရသေးပေမယ့်၊ လိုချင်တာတွေ အတော်များများကို ရထားတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါဟာ တောင်းယူလို့ မဟုတ်ဘဲ၊ အင်အားအခြေပြု တိုက်ယူထားလို့ ဖြစ်တယ်ဆိုတာကို သတိချပ်ပါ။

အကယ်၍ ဝပြည်နယ်ဖြစ်လာခဲ့သည်ရှိသော် — ပြည်နယ်နယ်နိမိတ် အသစ်ပြန်လည်ရေးဆွဲပြဋ္ဌာန်းဖို့တွေ ဖြစ်လာပါလိမ့်မယ်။ စစ်ခေါင်းဆောင်တွေဟာ စစ်ရေးမြေပုံအတိုင်းသာ နယ်နိမိတ်တွေကို သတ်မှတ်ကြတာမို့၊ ကိုယ်စိုးမိုးထားနိုင်တဲ့ ဧရိယာဟာ ကိုယ့်ဧရိယာဖြစ်လာပါလိမ့်မယ်။ အကယ်၍ ဝပြည်နယ်ရယ်လို့ legal document တစ်ခု ဖြစ်လာတဲ့အခြေအနေကို ရောက်လာခဲ့ရင် သံလွင်မြစ်အရှေ့တစ်ခြမ်းလုံးဟာ ဝပြည်နယ်ဖြစ်လာနိုင်သလားဆိုတာ ဆက်လက်လေ့လာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အလားအလာအားဖြင့်တော့ ကြိုတင်တွက်ဆထားဖို့ လိုကြောင်း….. တင်ပြလိုက်ရပါတယ် ခင်ဗျား။