• Today is: Sunday, May 19, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 76, October 18, 2022)

 

၁။ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိများအပါအဝင် ၁၆ ဦး ဖမ်းဆီးခံရ
October 17, 2022
KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ နို့တကောမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)သို့ စစ်ကြောင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း-ခမရ ၃၅၈ အား ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၇ ပူးပေါင်းတပ်၏ တိုက်ခိုက်ခြင်းခံခဲ့ရပြီး စစ်ကြောင်းမှူးအပါအဝင် တပ်ဖွဲ့ ဝင် ၁၆ ဦး အရှင်ဖမ်းဆီးခံရသည်ဟု သိရသည်။ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ကြာအင်းရွာနှင့် တဂေးရွာအကြားတွင် ယမန်နေ့ နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိတစ်ကြိမ်၊ ညနေ ၄ နာရီတွင် တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကြောင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦး၊ ဒုအရာခံဗိုလ် ၁ ဦးနှင့် တပ်သားများအပါအဝင် အားလုံးပေါင်း ၁၆ ဦးကို လက်နက်နှင့်အတူ အရှင် ဖမ်းဆီးရမိပြီး ၆ ဦးသေဆုံးခဲ့သည်ဟု KNLA တပ်ရင်း ၁၇ တပ်ခွဲမှူး ဗိုလ်ကြီးသယ်ဖာထောက ကေအိုင်စီ သို့ အတည်ပြုပြောဆို ခဲ့ကြောင်းသိရသည်။ ဗိုလ်ကြီးသယ်ဖာထောက “ စစ်ကြောင်းတစ်ကြောင်းလုံးက အရာရှိအားလုံး ဖမ်းမိတယ်။ စစ်ကြောင်းမှူး၊ တပ်ခွဲမှူး၊ ဒုအရာခံဗိုလ်တွေပါတယ်။ တပ်သားတွေရောအပါ အားလုံး ၁၆ ဦး လက်နက်တွေနဲ့ ဖမ်းမိတယ်။ ၆ ဦးသေဆုံးတယ်။ လက်နက် ၁၈ လက် သိမ်းဆည်းရမိတယ်” ဟု အတည်ပြုပြောသည်။

အဆိုပါ ဖမ်းဆီးရမိထားသူများကိုလည်း စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု KNU ဒူးပလာယာခရိုင် တာဝန်ရှိသူများက ပြောသည်။ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းထားဝယ်အခြေစိုက် စကစ ၁၃ လက်အောက်ခံ ခမရ ၃၅၈ တပ်ရင်းသည် ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့ ရှေ့တန်းစခန်းမှ ကရင်ပြည်နယ်တောင်ပိုင်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ပြီးခဲ့သည့် စက်တင်ဘာလက သိမ်းပိုက်ခြင်းခံထားရသော ကျိတ်စခန်းကို ပြန်လည်သိမ်းယူရန် အင်အား ၄ဝ ကျော်ဖြင့် လာရောက်ရာတွင် KNLA နှင့် နဂါးနီစစ်ကြောင်းတို့ ၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံရခြင်းဖြစ်သည်ဟု သိရှိရသည်။ ထို့အတူ အောက်တိုဘာလ ၁၆ ရက်နေ့နံနက် ၁ နာရီကျော်တွင်လည်း ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက်ခြေလျင်တပ်ရင်း-ခလရ ၃၂ တပ်ရင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ် စာရေးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သေးကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂။ တိုက်ပွဲထဲက လက်နက်ကြီးကျည်ရွာထဲကျ၍ ကျောက်စာတိုင်ကျေးရွာမှာ ခမီလူမျိုး ၃၀၀ ကျော်ထွက်ပြေးရ
Octobr 17, 2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စု၊ ကျောက်စာတိုင်(ခမီ) ကျေးရွာ အတွင်းသို့ တိုက်ပွဲမှ လက်နက်ကြီးကျည်များကျရောက် ပေါက်ကွဲသဖြင့် ရွာသား ၃၀၀ ကျော်သည် ရွာကိုစွန့်ခွာကာ ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် လာကြသည်ဟု သတင်းရရှိသည်။ အောက်တိုဘာလ ၁၆ ရက် နံနက် ၆ နာရီဝန်းကျင်က ဘူးသီးတောင် မြို့နယ်၊ ဂူတာပြင် ကျေးရွာနှင့် ကျောက်စာတိုင် ကျေးရွာအနီးတို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ ၎င်းတိုက်ပွဲက ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ကျောက်စာတိုင်(ခမီ)ကျေးရွာ အတွင်းသို့ ကျရောက်ခဲ့သဖြင့် ကျေးရွာသားများမှာ ရွာကို စွန့်ခွာထွက်ပြေးလာကြရသည်ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံ တစ်ဦးကပြောသည်။ “ဂူတာပြင်။ ကျောက်စာတိုင်ပတ်ဝန်းကျင်မှာ မကြာမကြာဖြစ်တယ်။ ဖြစ်နေတာလည်းကြာပြီ ရက်ပေါင်း ၁၀ လောက်ရှိပြီ ဖြစ်နေတာ။ မနေ့က မနက်တိုက်ပွဲထဲက လက်နက်ကြီးကျည်တွေကျတော့ ရွာလုံးကျွတ် ထွက်ပြေးလာရ တယ်လို့တော့ သိရတယ်” ဟု ၎င်းက ပြောသည်။

ထွက်ပြေးရှောင်တိမ်းလာရသည့် ကျောက်စာတိုင်(ခမီ)ကျေးရွာသားများသည် ဘူးသီးတောင်မြို့ပေါ်ရှိ ဂန္ဓာရီရွာသစ် (ခမီ)ရွာ၊ ဂန္ဓာရီဘုန်းကြီးကျောင်းတို့တွင် ခိုလှုံနေကြသည်ဟု သိရသည်။ “ဂန္ဓာရီကျောင်းမှာရောက်နေကြတယ်။ မနေ့က စာရင်းပြုစုထားတာတော့ ၃၀၈ ယောက်ရှိတယ်။ စားရေး။ သောက်ရေးကတော့ အခက်အခဲရှိနေတယ်။ ကယ်ဆယ်ရေးလည်း ယာယီပိတ်ထားတော့ ဘာမှမရသေးဘူး။ အခုလောလောဆယ်တော့ ဂန္ဓာရီကျောင်းက ကူညီဆောင်ရွက်ပေးနေတယ်” ဟု အည်မဖော်လိုသည့် ဂန္ဓာရီကျောင်း တိုက်စစ်ဘေးရှောင်စခန်း တာဝန်ခံတစ်ဦးက ပြောသည်။ ကျောက်စာတိုင်(ခမီ)ကျေးရွာတွင် အိမ်ခြေ ၆၄ အိမ်၊ ကျား ၁၆၀ယောက်၊ မ ၁၄၈ယောက်ရှိပြီး စုစုပေါင်းလူဦးရေ ၃၀၈ ဦးရှိကာ သက်ကြီးရွယ်အိုနှင့် ကလေး သူငယ်များပါမကျန် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သိရသည်။

၃။ NCA လုပ်ငန်းစဉ်များအတွင်း အတင်းဖိအားပေးမှုမျိုး ရှိခဲ့တယ်လို့ RCSS ပြောဆိုလာ
October 17, 2022
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးသည့် ၇ နှစ်တာ ကာလ အတွင်း ဆွေးနွေးပွဲတွေမှာ သဘောတူညီချက်များကို အတင်းအကြပ် ဖိအားပေး သဘောတူ ခိုင်းတဲ့ ဖြစ်စဉ်များ ရှိခဲ့တယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က ပြောဆိုလာတာပါ။ အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်ရှိ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် (NCA) လက်မှတ်ရေးထိုးခြင်း (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲ အခမ်းအနားမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ကိုယ် စားလှယ် ဗိုလ်မှူးကြီး ဆောင်းဟန်က အမှတ်တရ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောဆိုခဲ့တယ်လို့ RCSS အာဘော် Tai Freedom – Burmese Version စာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဗိုလ်မှူးကြီး ဆောင်းဟန်က “NCA လက်မှတ် ရေးထိုးပြီး (၇)နှစ်တာကာလမှာ မိမိတို့အားလုံးအတွက် သင်ခန်းစာ တွေ အများကြီး ရရှိခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပွဲ တွေမှာ သူ့မူကိုယ်မူ့ အသေစွဲကိုင်ခြင်း၊ ဆွေးနွေးဖော် ဆွေးနွေးဖက် အပေါ် လေးစားမှု မရှိခြင်း၊ အပေါ်စီးမှ အတင်းအကြပ် မဖြစ် နေ ဖိအားပေး သဘောတူစေခြင်း၊ ဆွေးနွေးပွဲ အခင်းအကျင်းက တဖက်ဆွေးနွေးဖော်အတွက် အဆင်မပြေခြင်း၊ ဆွေးနွေးတဲ့နေ ရာကို တဖက် သတ်သတ်မှတ်ခြင်း စတာတွေဟာ ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ဖို့အတွက် ကြီးမားတဲ့ အဟန့်အတားတွေ ဖြစ်ခဲ့ တယ် ဆိုတာ အားလုံးသိရှိပြီး ဖြစ်တယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် နောက်ဆွေးနွေးပွဲများမှာတော့ နှစ်ဖက်ဆွေးနွေးဖော်များအတွက် မျှတတဲ့ ဆွေးနွေးပွဲမျိုးကို မဖြစ်မနေ ညှိနှိုင်းပြီး အတူတကွ ပူးတွဲ ဖန်တီးဖို့နှင့် နှစ်ဖက်ကြား ခိုင်မာသည့် ယုံကြည်မှု တည်ဆောက် ခြင်းကို ဆောင်ရွက်နိုင်မှသာ အားလုံး၏ ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်လို့ ဗိုလ်မှူးကြီး ဆောင်းဟန်က ပြောခဲ့တာပါ။ ထို့အပြင် NCA အကောင်အထည် ဖော်ခဲ့သည့် ၅ နှစ်တာ ကာလအတွင်းမှာလည်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ စားဝတ်နေရး၊ တရားဉပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများအပါအဝင် ကဏ္ဍတော်တော် များများကို ထိုက်သင့်သလောက် ဆောင်ရွက်နိုင်ခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖောဖော်ဝါရီ ၁ ရက်နေ့ကစပြီး NCA စာချုပ် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များဟာ အားလုံးရပ်တန့် သွားလို့ စိတ်မကောင်း ဖြစ်ရတယ်ဟု ဗိုလ်မှူးကြီး ဆောင်းဟန်က ထည့်သွင်းပြောဆိုခဲ့တယ်လို့ ဖော်ပြ ပါတယ်။ ဗိုလ်မှူးကြီး ဆောင်းဟန်က “၂၀၂၁ ခုနှစ်မှာ နိုင်ငံရေး အကျပ်အတည်းကြောင့် NCA စာချုပ် အကောင်အထည် ဖော်ခြင်း လုပ်ငန်းတွေဟာ ရပ်တန့်သွားခဲ့ပါတယ်။ NCA အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံ ဆက်လက်ကျင်းပဖို့ဟာလည်း ပါဝင်တဲ့ အစုအဖွဲ့တွေ့ မရှိတော့လို့ မဖြစ်နိုင်တော့တဲ့ အခြေအနဆီ တွန်းပို့ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအတွက် မိမိတို့မှာ နှမျောခြင်းတွေ၊ စိတ်မကောင်းခြင်းတွေ ဖြစ်ခဲ့ပါတယ်”လို့ ပြောဆိုခဲ့တာပါ။ တစ်ဖက်တွင်လည်း NCA စာချုပ်နှင့်အညီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံကို (၄) ကြိမ် ကျင်းပ နိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂)၊ (၃) တို့ကို ချုပ်ဆိုနိုင်ခဲ့ သည် သာမက အရပ်သား ကာကွယ်ရေး ကိစ္စရပ်များ၊ ဒေသအတွင်းတည်ငြိမ် အေးချမ်းမှုများ၊ ပြည်သူလူထုများ၏ လူမှုစီးပွား ကိစ္စအဝဝများကို လက်လှမ်းမီသလောက် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ RCSS က ဆိုထား ပါတယ်။

၄။ ကွတ်ခိုင်မြို့ ပန်ယန်ခါးဒုက္ခသည်စခန်းမှာ ကလေးငယ်တွေ ဖျားနာနေပြီး ဆေးဝါးပြတ်လပ်နေ
October 17, 2022
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မုံးစီးအုပ်စု ပန်ယန်ခါးရွာ ဒုက္ခသည်စခန်းမှာ ကလေးငယ်အများစု ဖျားနာ နေပြီး ဆေးဝါးတွေလည်း ပြတ်လပ်နေတယ်လို့ ဒုက္ခသည်စခန်းမှာနေထိုင်သူတွေက ပြောပါတယ်။ ဖျားနာတဲ့ ကလေးငယ် တွေ ဟာ အသက် ၁၀ နှစ်အောက် အရွယ်တွေဖြစ်ပြီး ပါတာစီတမော့လို အကိုက်အခဲပျောက်ဆေးတောင် သောက်ဖို့မရှိဘူးလို့ အဲဒီ စခန်းမှာနေထိုင်တဲ့ ဒေါ်ဂျုံဆေးက ကိုပြောပါတယ်။ “ရာသီတုပ်ကွေးလိုမျိုးဖြစ်ပြီး ကလေးတွေဖျားကြတာ။ အခုထိ ဆယ် ယောက်ဝန်းကျင်က ဖျားနေတုန်းပဲ။ အိပ်ယာထဲက မထနိုင်တဲ့ကလေးတွေလည်း ရှိတယ်။ ဘာဆေးမှ မရှိဘူးဖြစ်နေတာ ” အဲဒီ ဒုက္ခသည်စခန်းမှာ အရင်က နိုင်ငံတကာအဖွဲ့အစည်းအချို့က‌နေ ကျန်းမာရေးဝန်ထမ်းတွေ ထားပေးပေမယ့် အခုတော့ ဆေးဝါး မရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မလာကြ‌တော့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် လက်ရှိ ကျန်းမာရေးအတွက် တိုင်းရင်းဆေးဝါး တွေကိုပဲ အဓိက အားထားနေရတယ်လို့ ဒေါ်ဂျုံဆေးက ပြောပါတယ်။

ပန်ယန်ခါးဒုက္ခသည်စခန်းမှာ လူဦးရေ ၂၅၃ ဦးနေထိုင်ပြီး ကလေးငယ်က တစ်ရာဝန်းကျင် ရှိတယ်လို့ အဲဒီစခန်းမှာ‌ နေထိုင်သူတွေက ပြောပါတယ်။ အဲဒီဒုက္ခသည်တွေဟာ ၂၀၁၂ ခုနှစ်မှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ် မုံးစီးအုပ်စုမှာရှိတဲ့ KBC ဘုရားကျောင်းထံ ထွက်ပြေးခဲ့ကြသူတွေဖြစ်ပြီး ၂၀၂၀ ခုနှစ် မေလမှာ ဘုရားကျောင်းဝန်းထဲကနေ ပန်ယန်ခါးရွာကို ပြန်လည်ရွှေ့ပြောင်းသွားခဲ့တာပါ။ အရင်က စားဝတ်နေရေးအတွက် ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (WFP) က အခုနှစ် ဇွန်လအထိ ထောက်ပံ့ပေးခဲ့ပေမယ့် အခုနောက်ပိုင်း ထောက်ပံ့မှုတွေ မရတော့တာကြောင့် စားဝတ်နေရေးပါ အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

၅။ CDF-Matupi တပ်ရင်း(၂) မှ ရင်အုပ်အတွင်း ကျည်ဆန်ဝင်နေသည့် ရဲဘော်အား ခွဲစိတ်ကုသမှုခံယူရန်နှင့် ဆေးဝါးများ ဝယ်ယူရန် ငွေကြေးလိုအပ်နေ
October 17, 2022
ချင်းပြည်နယ်၊ မတူပီမြို့၊ CDF-Matupi၊ တပ်ရင်း(၂) မှ ရဲဘော်ဂျက်ထာမှာ စက်တင်ဘာလ ၂၅ ရက်နေ့က ခရိုင်ရုံး အနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှုခံယူရန်နှင့် လိုအပ်သော ဆေးဝါးများဝယ်ယူနိုင်ရန် ငွေကြေးလိုအပ်နေကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ အသက် ၂၁ နှစ်အရွယ် ရဲဘော်ဂျက်ထာမှာ မေးရိုး နှင့် ရင်အုပ်တွင် ကျည်ထိမှန်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး မေးရိုးဒဏ်ရာအား ခွဲစိတ်ကုသပြီးသော်လည်း ငွေကြေးအခက်အခဲ ကြောင့် နှစ်ပတ်ကျော်ကြာသည်အထိ ရင်အုပ်တွင် ဝင်နေသော ကျည်ဆံအား ခွဲစိတ်ထုတ်ယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ “မေးရိုးနဲ့ ရင်အုပ်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။ မေးရိုးမှာ ရရှိတဲ့ ဒဏ်ရာကိုတော့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ခွဲစိတ် ထားပါပြီ။ ပြန်လည်သက်သာလာဖို့အတွက် အခြေအနေအတိုင်းအတာ တစ်ခုအထိတော့ စောင့်ကြည့်ရအုံးမယ်။ ရင်အုပ်ထဲက ကျန်နေတဲ့ ကျည်ဆန်ကိုတော့ ခွဲစိတ်မှုခံယူရမလားဆို ဆရာဝန်တွေနဲ့ မတိုင်ပင်ရသေးဘူး”ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် တပ်ရင်း-၂ ၏ ကူညီထောက်ပံ့မှုအချို့နှင့် မိသားစုဝင်များ၏ ထောက်ပံ့ငွေအနည်းငယ်ဖြင့်သာ ခွဲစိတ်ကုသ နေရပြီး ရင်အုပ်အတွင်းရှိ ကျည်ဆန်ကို ဆက်လက်ခွဲစိတ်မှုပြုလုပ်ရန်နှင့် လူနာ၏ လိုအပ်သော ဆေးဝါးများဝယ်ယူရန် ငွေအနည်းငယ်သာရှိ၍ အခက်ကြုံနေရကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ “ဘယ်လိုဆက်လက် ကုသရမဆိုတာ လည်း မသိရသေးဘူးပေါ့နော်။ မေးရိုးခွဲစိတ်မှုက သက်သာပြီးမှ ရင်အုပ်ထဲက ကျည်ဆန်ကို ထုတ်လို့ ရမရဆိုတာ ဆရာဝန်တွေနဲ့ ပြန်တိုင်ပင်ရအုံးမယ်၊ လက်ရှိမှာတော့ ခွဲစိတ်ဖို့နဲ့ လိုအပ်တဲ့ဆေးဝါးတွေ ဝယ်ယူဖို့အတွက် အခက်အခဲဖြစ်နေပါတယ်”ဟု ဒဏ်ရာ ရရဲဘော်ဂျက်ထာ၏ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ လက်ရှိတွင် ရဲဘော်ဂျက်ထာမှာ လွတ်မြောက် နယ်မြေတစ်ခု၌ ခွဲစိတ်ကုသမှုခံယူနိုင်ရန် လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုနှင့် ရာသီဥတုဆိုးဝါးဒဏ်ကို ဖြတ်ကျော်လာခဲ့ရ ကြောင်း သိရသည်။ ရင်အုပ်အတွင်းမှ ကျည်ဆံအား ခွဲစိတ်မထုတ်ယူသေးသ၍ အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် အမြန်ဆုံးခွဲစိတ်ကုနိုင်ရေးနှင့် ဆေးဝါးဝယ်ယူရန် ငွေကြေးအခက်အခဲများအတွက် ဖုန်းနံပါတ် (+918798173730)သို့ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်းရဲဘော်ဂျက်ထာ၏ မိသားစုဝင်များက အကူအညီတောင်းခံထားသည်။

၆။ မန်တုံဒေသတွင် ကေအိုင်အေပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
October 18, 2022
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၄)၊ တပ်ရင်း (၃၄) မန်တုံဒေသမှာ အောက်တိုဘာ ၁၇ ရက် မနက် ၉ နာရီလောက် ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်မ (၉၉) လို့ ယူဆရတဲ့ စစ်အင်အား ၂၀၀ ဝန်းကျင်ဟာ ပြီးခဲ့တဲ့ရက်တွေက ကေအိုင်အေ တပ်စခန်းချထားတဲ့နေရာကို ထိုးစစ်ဆင်လှုပ်ရှားလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ မနေ့မနက် ၁၁ နာရီလောက်မှာတော့ မန်တုံ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ တယ်လို့ PDF တပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့တုန်းကလည်း မန်တုံ ခလရ ၁၃၀ နဲ့ ရဲတပ်စခန်းကို ကေအိုင်အေနဲ့ KPDF ပူးပေါင်း တပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ မနေ့မနက် ၆ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း ထီးချိုင့်ဒေသမှာ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှု အခြေအနေကိုလည်း အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

၇။ မိုးကောင်းမြို့ ၄ မိုင်ဆရာတော် သေနတ်နှင့်ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ
October 17, 2022
ကချင်ပြည်နယ်၊ မိုးကောင်းမြို့အဝင် ရေရှင်ကျေးရွာအုပ်စု ၊ ၄ မိုင်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သီလာနန္ဒကို ယမန်နေ့ ည ၈ နာရီခန့်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့၍ ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများထံက သိရသည်။ အဆိုပါ ကျောင်းထိုင်ဆရာတော်သည် ယမန်နေ့ညပိုင်းက ဘုန်းကြီးကျောင်းဝင်းတွင် အုပ်ချုပ် ရေးမှူးနှင့် စကားပြောနေစဉ် အမည်မသိလက် နက်ကိုင်အဖွဲ့မှ ကားဖြင့် လာရောက်ကာ ပစ်ခတ်ခဲ့၍ ယင်းနေရာတွင်ပင် ပျံလွန် တော်မူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ “အုပ်ချုပ်ရေးမှူးနဲ့ သူတို့ (ကျောင်းထိုင်ဘုန်းကြီး) ကျောင်းထဲမှာ စကားပြော နေကြတဲ့ အချိန်မှာ ပစ်ခတ်ခံလိုက်ရတာ ဟုတ်တယ်။ ကားနဲ့လာပြီး ဝင်ပစ်သွားတော့ ဘုန်းကြီးက သေနတ်ဒဏ်ရာတော်တော်များ တယ်။ အုပ်ချုပ်ရေးမှူးကတော့ ဘာမှမဖြစ်ဘူး။ လွတ်သွားတယ်လို့ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အသက် (၆၀) အရွယ် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သီလာနန္ဒအား မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်းကို ယခုအချိန်ထိ ထုတ်ပြန်ထားခြင်းမရှိပေ။

၈။ စကစနှင့်ပူးပေါင်းပြီး CDM ၀န်ထမ်းများအား နည်းမျိုးစုံနဲ့ ဒုက္ခပေးလို့ ရှင်းလင်းခြင်းဖြစ်ဟု CDF-Matupi ထုတ်ပြန်
October 17, 2022
မတူပီမြို့နယ်ပညာရေးမှူး ဦးတင်လွေးသည် စကစနှင့် ပူးပေါင်းပြီး CDM ၀န်ထမ်းများအား နည်းမျိုးစုံနဲ့ ဒုက္ခပေးမှု ကြောင့် CDF-Matupi က ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ “CDM သမားများအား Non-CDM ပြန်လည် ပြုလုပ်ကြရန် ဖိအားပေးခြင်း၊ CDM စာရင်းများကို စစ်ကောင်စီထံ ပေးပို့ခြင်း၊ အချို့သော CDM သမားများ၏ စာရင်းကို လျို့ဝှတ် ပြီး စစ်ကောင်စီအငြိမ်းစား ဗှိုလ်မှူး၀င်းနိုင် နှင့် ပူးပေါင်း၍ CDM သမားများ၏ လစာကိုထုတ်ယူကြောင်း သိရသည်” ဟု CDF-Matupi က ထုတ်ပြန် သည်။ ဦးတင်လွေးအား CDF-Matupi က စာအားဖြင့် ၃ကြိမ်၊ နူတ်အားဖြင်းအကြိမ်ကြိမ် သတိပေး သော် လည်း CDF-Matupi ကို ပြန်လည်ခြိမ်း‌ေခြာက်မှုများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဦးတင်လွေးကို အောက်တိုဘာ ၁၆ ရက် ည ၈ နာရီတွင် ၎င်းရဲ့ နေအိမ်၌ CDF-Matupi က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

၉။ လက်နက်ကြီးကျရောက်မှုကြားက တောင်သူတွေ လယ်ယာစပါးရိတ်သိမ်းနေရ
October 17, 2022
ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ တောင်ယာ၊ လယ်ယာအတွင်းမှာပါ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး မကြာခဏကျရောက်မှုရှိနေတဲ့ကြားက တောင်သူတွေဟာ စိုက်ပျိုးထားတဲ့လယ်ယာစပါးတွေကို ရိတ်သိမ်းနေကြရပါတယ်။ လယ်ကွင်းမှာ မပေါက်ကွဲသေးတဲ့ကျည်တချို့လည်းရှိနေတာကြောင့် စပါးရိတ်သိမ်းတဲ့အခါ မမြင်မိဘဲ စက်နဲ့တက်ကြိတ်မိပြီး ထိခိုက်သွားမှာကို စိုးရိမ်မှုရှိသလို လက်နက်ကြီးကျရောက်တာကိုလည်း နားစွင့်နေရတယ်လို့ စပါးရိတ်စက်မောင်းသူတစ်ဦးက ပြောပါတယ်။ “တချို့ စိုက်ပြီးသား လယ်တွေဆိုလည်း လက်နက်ကြီးကျတယ်။တချို့နေရာတွေ ကျတဲ့နေရာတွေဆိုလည်း စပါးရိတ်သာရိတ်နေရတာပေါ့နော်။ မကွဲတဲ့ အလုံးသွားနင်းမိမှာ သွားပြီး စက်နဲ့ သွားပြီးရိုက်မိမှာဘာတွေ အဲ့လိုမျိုး ရင်တွေ တထိပ်ထိပ်နဲ့ ရိတ်နေရတယ်ပေါ့။ အဲ့လိုမျိုး အခက်အခဲတွေ အများကြီး ရှိတယ်။ နောက်တခု ကျနော်တို့ ဒီမှာ စပါး လာရိတ် တာလည်း ရိတ်သာရိတ်နေရတာ ကျနော်တို့က ဒီ ရှင်းရှင်းပြောမယ်ဆို ကျနော်တို့က တောထဲတောင်ထဲတွေမှာ သွားအိပ်နေရ တာပေါ့။ အိမ်မှာဆို မအိပ်ရဲဘူး။ ဘာလို့ဆိုလက်နက်ကြီးက အချိန်မရွေးလာနိုင်တယ်။ အခုဒီမှာ ရိတ်တာလည်း လက်နက်ကြီးလည်း အချိန်မရွေး လာနိုင်တယ်။ ဆိုတဲ့အခါကျတော့ နားစွင့်ပြီးမှ အလုပ်လုပ်နေရတယ်။ ဒီလိုမျိုး အခက်အခဲတွေ အများကြီး ရှိလာတယ်ပေါ့နော်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာပေါ့နော်။”လို့ သူက ပြောပါတယ်။

တောင်သူအချို့ကတော့ လက်နက်ကြီးကျထားတဲ့ နေရာတစ်ဝိုက်က လယ်ကွက်တွေကို မရိတ်သိမ်းတော့တာတွေ လည်းရှိတယ်လို့ ဆိုပါတယ်။ အဖက်ဖက်က ကုန်ဈေးနှုန်းမြင့်တက်နေသလို ဓာတ်မြေဩဇာ ဖိုးမတတ်နိုင်တာကြောင့် တောင်သူ တွေ အနေနဲ့ ၁၀ ဧကရှိတဲ့လယ်ကို ၅ ဧကလောက်သာ စိုက်ပျိုးနိုင်ကြပြီး စပါးအထွက်နည်းတယ်လို့ ဆိုကြပါတယ်။ စစ်ဘေး ရှောင် နေရတာတစ်ဖက် စိုက်ပျိုးထားတဲ့စပါးခင်းကို အချိန်ပြည့်မကြည့်နိုင်တာကြောင့် အထွက်နှုန်းနည်းနိုင်တယ်လို့ တောင်သူ ဦးငါးရယ်က ပြောပါတယ်။ “ပြီးခဲ့နှစ်တွေဆို ကျနော့်ဟာက အိတ် ၁၀၀ ရတယ်ဆို ဒီတစ်နှစ်ကတော့ လုံးဝ စိတ်မချရတော့ဘူး။ ဒီတစ်နှစ်ကတော့ ၅၀ ဒါမှမဟုတ် ၆၀ အဲ့လောက်ပဲရတော့မယ်။ အများကြီး ကျသွားတယ်။ ဘာလို့ကျတာလည်းဆိုရင် မြေဆီလွှာတွေ ကျနော်တို့ မကျွေးနိုင်တော့ မြေသြဇာတွေ ကျနော်တို့ မဝယ်နိုင်တော့ဘူး။ တကယ်လို့ ဝယ်မယ်ဆိုရင်လည်း ကျနော်တို့ စားဖို့သောက်ဖို့ ကွမ်းယာသော်လည်းကောင်း ဆီသော်လည်းကောင်း ဆား ငရုတ်သော်လည်းကောင်း ဝယ်ဖို့ မရှိ တော့ဘူး။ တကယ်လို့ စားဖို့သောက်ဖို့ မဝယ်ပြန်ဘူးဆိုလည်း ခက်ပြန်တယ်။ တကယ်လို့ ဝယ်မယ်ဆိုရင်လည်း မြေသြဇာဖိုး လည်း ခက်ပြန်ရော။ အရမ်းကို အခက်အခဲ ဖြစ်တယ်။ မြေသြဇာကို မထည့်နိုင်တော့ အကုန်လုံးကတော့ ကျသွားတယ်ပေါ့။ ဒီနှစ် တော့ ပိုပိုလျှံလျှံ အရင်နှစ်တွေလိုမျိုးတော့ မရနိင်တော့ဘူး။ ကျဖို့ပဲ ရှိတယ်။”လို့ ဦးငါးရယ် ကပြောပါတယ်။

၁၀။ ဟားခါးမြို့မှာ ပစ်ခတ်သံများကြားရပြီးနောက် စုပေါင်းရုံးမီးလောင်
October 18, 2022
ချင်းပြည်နယ် ဟားခါးမြို့မှာ ယနေ့မနက်ပိုင်း ၁ နာရီခန့် လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရပြီး နောက် မြို့နယ်စုပေါင်းရုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ “ကျနော်တို့ ၁နာရီလောက်မှာ သေနတ်သံတွေကြားရတယ်၊ ပြီးတော့ စုပေါင်းရုံးက မီးလောင်တယ်၊ လက်နက်ကြီးသံတွေက တအားပြင်းတယ်၊အိမ်တွေတောင် အကုန်လှုပ်သလို ခံစား ရတယ်၊ နှစ်ဖက်ပစ်ခတ်နေကြတာလား ဆိုတာတော့ မသိဘူး “လို့ ဟားခါးမြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ဟားခါးမြို့ စုပေါင်းရုံးဟာ တော်တော်များများလောင်ပြီးတော့ ပစ္စည်းဆုံးရှုံးမှုတွေ များနိုင်တယ်လို့လည်း ရုံးနဲ့ နီးစပ်သူထံက သိရပါတယ်။

ဟားခါးမြို့မှာ ရှိတဲ့ စုပေါင်းရုံးဟာ မြို့နယ် ပညာရေးရုံး၊မြို့နယ် လူ၀န်ကြီးကြပ်ရေးမှူးရုံး၊မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် ရဲစခန်း၊ မြို့နယ် စည်ပင်ရုံး စတဲ့ မြို့နယ်ရုံးဆိုင်ရာ တွေ ထားတဲ့ စုပေါင်းရုံးဖြစ်ပါတယ်။ အခုမီးလောင်သွားတဲ့ နေရာဟာ လက်ရှိ ချင်းပြည်နယ် စစ်ကောင်စီအစိုးရ ရဲ့ အနီးနားမှာရှိတဲ့ ရုံးဖြစ်ပါတယ်။ ဟားခါးမြို့ဒေသခံတစ်ဦးက “ဒီမနက်ပိုင်း (၁)နာရီ ဝန်းကျင်လောက်က သေနတ်ပစ်ခတ်သံကြားရတယ် အဲဒါပြီးတော့ လောင်သွားတယ်ထင်တယ်၊ မီးလောင်ပြီးမကြာဘူး မီးသတ် ကားလည်း ဆင်းလာတယ်လို့ကြားတယ်၊ ရုံးအောက်ပိုင်းတော့ တော်တော်လောင်သွားတယ်ထင်တယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အောက်တိုဘာလ (၁၅ )ရက်နေ့ကလည်း ဟားခါးထာရ်ရပ်ကွက်မှာ တည်ရှိတဲ့ ခရိုင်မီးသတ်ရုံး မီးလောင်မှုဖြစ်ပွားခဲ့လို့ မီးသတ်ယာဉ်ကား (၂)စီး မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။

၁၁။ မူဆယ်တွင် အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး ပြန်ပေးဆွဲခံရပြီး ယွမ် ၅ သိန်းဖြင့် ပြန်ရွေးခဲ့ရ
October 17,2022
ရှမ်းပြည်နယ် မူဆယ်မြို့ ခရစ်ယာန် ရပ်ကွက်တွင် အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းက အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး ပြန်ပေးဆွဲခံရပြီး ယွမ် ၅ သိန်းဖြင့် ပြန်ရွေးခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ CCTV မှတ်တမ်း အရ ကလေး ၃ ဦး လမ်းလျှောက်သွားစဉ် လမ်းကြားတွင် ရပ်ထားသည့် ကားအဖြူမှ လူထွက်လာပြီး ကလေး ၁ ဦးကို ကားထဲသို့ ဖမ်းထည့်ကာ ကားမောင်းထွက်သွားသည်ကိုတွေ့ရသသည်။ “မနက်ပိုင်း တရုတ်ကျောင်း တက်တဲ့အချိန် ဖမ်းသွားတယ်” ဟု ၎င်း မိသားစုနှင့် နီးစပ်သူ ၁ ဦးက ပြောသည်။ လမ်းလျောက်ထွက်လာသော ကလေး ၃ ဦးအနက် ၁ ဦးကို ရွေးဖမ်းရခြင်းမှာ ငွေကြေးတတ်နိုင်သည့် အခြေအနေကို သိရှိထားသောကြောင့် ဖြစ်နိုင်သည်ဟုလည်း ဒေသခံတစ်ဦးက သုံးသပ်သည်။

၎င်း နေရာတွင်ပင် အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်းတွင်လည်း အမျိုးသမီး၏ ဖုန်း လုယက်ခံရသည်ဟု မြို့ခံ များပြောသည်။ “ဟုတ်တယ်။ ကလေးကို ပြန်ပေးဆွဲ သဘောနဲ့ ခေါ်သွားတယ်။ ဒီနေ့လည်း အဲ နေရာမှာပဲ အဖွား တယောက်ရဲ့ ဖုန်းလုပြီးတော့ အရမ်းမြန် ထွက်ပြေးသွားတယ်” ဟု အနီးနားက မြို့ခံ ၁ ဦးက ရှင်းပြသည်။ စစ်ကောင်စီ အာဏာ သိမ်းပြီး နောက် မူဆယ်မြို့တွင် ခိုးမှု၊ ဓားပြ တိုက်မှု၊ လုယက်မှု၊ လူသတ်မှု၊ ပစ်ခတ်မှုတွေ ပိုများလာသည်။ မူဆယ်တွင် လိုင်စင်မဲ့ ကားများနှင့် ခိုးမှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု ကျူးလွန်နေကြသောကြောင့် သက်ဆိုင်ရာမှ ထိန်းသိမ်းပေးရန် ဒေသခံအချို့လည်း တောင်းဆိုနေကြသည်။ ယခုနှစ်အတွင်း ရှမ်းမြောက် ကွတ်ခိုင်မြို့မှ မူလတန်း ကလေး ၁ ဦး၊ နမ့်ခမ်း မြို့မှ မူလတန်း ကလေးငယ် ၁ ဦး တို့လည်း ပြန်ပေးဆွဲ ခံခဲ့ရဖူးသည်။

၁၂။ မင်းပြားမြို့နယ်တွင် နှစ်ရက်ကြာပျောက်ဆုံးနေသည့် အမျိုးသမီးတစ်ဦးကို ဒဏ်ရာများဖြင့်သေဆုံးလျက်ပြန်တွေ့
October 17, 2022
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာမှ အမျိုးသမီးတစ်ဦးသည် ငါးဖမ်းလှေတစ်စီးနှင့် အတူ နှစ်ရက်ကြာ ပျောက်ဆုံးနေပြီးနောက် အောက်တိုဘာ ၁၅ ရက်နေ့က ဒဏ်ရာများနှင့် သေဆုံးလျက်အလောင်းကို ပြန်လည်တွေ့ရှိကြောင်း သိရသည်။ ၎င်းအမျိုးသမီးကြီးမှာ ဖားပြိုကျေးရွာနေ ဒေါ်မအေးလှ (၅၂နှစ်)ဖြစ်သည်။ သေဆုံးသူ ဒေါ်မအေးလှ၏ အလောင်း ပေါ်တွင် လည်ဂုတ်၊ ညာဖက်နှစ်ရွက်အပေါ်တွင် တုတ်ဖြင့် ရိုက်ထားသည့် ဒဏ်ရာ၊ လည်ပင်းကိုလက်နှင့်ဖျစ်ညစ်ထားသည့်ပုံစံ ဒဏ်ရာနှင့် လက်မောင်းများနှင့် ကျောကုန်းများ၊ ခါးတို့တွင် တုတ်ဖြင့်ရိုက်ထားသည့် ဒဏ်ရာများဖြင့် ညိုမဲဒဏ်ရာများရှိနေပြီး သူမ၏မျက်နှာပေါ်ရှိ နှာခေါင်းရိုးကျိုးနေကာ ညာဖက်မျက်လုံးတွင်လည်း ဒဏ်ရာများရှိကြောင်း ဒေါ်မအေးလှ၏သားဖြစ်သူက နိရဉ္စရာသို့ပြောဆိုခဲ့ကြောင်းသိရသည်။ သူမသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်က ၎င်း၏ခင်ပွန်းဖြစ်သူနှင့်အတူ နံနက် ၅ နာရီခန့်က ရွာနှင့်နှစ်မိုင်ခန့်ဝေးသည့် အရှေ့ဘက်ချောင်းကြောသို့ ၎င်းတို့၏လှေနှင့် ငါးရှာ၊ ပိုက်ချရန်သွားခဲ့သည်ဟု သိရသည်။

ဒီရေကျနေ၍ ပိုက်ချနေခဲ့ပြီး ဒီရေပြန်တက်လာ၍ ထိုပိုက်ကို ပြန်ဆယ်ခဲ့ပြီး နောက်တွင် ၎င်းသည်ပိုက်ထဲရှိ အမှိုက် များကို ဖယ်ထုတ်ပြီး ပုဇွန်နှင့် ငါးများကို ရွေးယူ၍ ငါးဖမ်းလှေပေါ်တွင် ကျန်ခဲ့ကာ ၎င်း၏ ယောင်္ကျားမှာ သူမနှင့် အလှမ်းဝေး သည့်နေရာသို့ ၎င်းတို့၏ ကျွဲများကို ရှာဖွေရန် သွားရောက်ခဲ့ကြောင်း သိရသည်။ ဒေါ်မအေးလှ ပျောက်ဆုံးသွားပြီးသည့် နောက်တွင် ၎င်းနောက်ဆုံးရှိနေခဲ့သည့် နေရာအနီးတဝိုက်သို့ ရွာသားများနှင့်မိသားစုများက နှစ်ရက်ဆက်တိုက် သွားရောက် ရှာဖွေခဲ့ရာ လွန်ခဲ့သည့်အောက်တိုဘာလ ၁၅ ရက်၊ စနေနေ့တွင် ၎င်းမ၏အလောင်းကို ရွာအရှေ့ဘက် နှစ်မိုင်ခန့်ဝေးသည့် ချောင်းကြောအနီး၏ ချုံပုတ်ပေါ်တွင် တွေ့ရှိခဲ့ရကြောင်း ဒေါ်မအေးလှ၏ သားဖြစ်သူက ပြောသည်။ “အလောင်းကတော့ ချောင်းမှာပေါ်ပြီးတော့ ချုံထဲမှာတင်ကျန်နေပါတယ်။ ပြောရမယ်ဆိုရင်တော့ ဖြစ်စဉ်ကအလောင်းဖျောက်တဲ့ ပုံစံမျိုးပါ။ ကျနော်တို့ ကြာသပတေးနေ့တစ်ရက် ညပိုင်းမှာ အဲဒီနေရာကိုသွားရှာခဲ့တုန်းက တွေ့လည်းမတွေ့ခဲ့ဘူး။ မနက်မိုးလင်း သောကြာနေ့ မှာ တစ်ရက်လုံး သွားရှာခဲ့တယ် ချောင်းတစ်ကြောလုံး အထက်အောက် လုံးဝမတွေ့ခဲ့ဘူး။ စနေနေ့ မနက်မှာတော့ တွေ့တယ် အဲဒီ နားမှာ။ ပြန်တွေ့တဲ့အခါ အိမ်ကဝတ်သွားတဲ့ အဝတ်အစားတွေ မရှိတော့ဘူး။ ဒါပေမယ့် သူ့မှာ ဘောလုံးဘောင်း ဘီမျိူးဝတ်ထားပါတယ်။ သူ့ခါးမှထုပ်ပြီးပါသွားတဲ့ ရွှေတွေနဲ့ပိုက်ဆံတွေလည်းပါသွားပါတယ်”ဟုပြောသည်။ အဆိုပါ အသတ်ခံရ သည့် အမျိုးသမီးတွင် ကိုယ်ပေါ်၌ဆောင်ထားသည့် ရွှေ ၄ ကျပ်ခန့်နှင့် ငွေကျပ် ငါးသိန်းကျော်တို့မှာလည်း ပျောက်ဆုံးသွားပြီး ၎င်း၏ လှေနှင့် ငါးရှာသည့်ပိုက်တို့မှာလည်း ပျောက်ဆုံးသွားကြောင်းနှင့် ယခုဖြစ်ရပ်တွင် ကိုယ့်ရပ်ရွာထဲက လူများပါနိုင်ကြောင်း နှင့် အဆိုပါ ဒေါ်မအေးလှတွင် ရွှေ၊ ငွေများကို ၎င်းကိုယ်နှင့်မခွာ ယူဆောင် သွားတတ်သည်ကို အခြားရွာမှလူများ မသိနိုင် ကြောင်းနှင့်အဆိုပါအကြောင်းကိုသိထားသည့် ရပ်ရွာထဲမှလူများလည်းပါဝင်နိုင်သည်ဟု ၎င်း၏သားဖြစ်သူက မှတ်ချက်ပြုသည်။

၁၃။ ကနဲလေး စစ်ကောင်စီစခန်းရှိ တပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ KNLA ၂၀၁ ထံ လာရောက်ပူးပေါင်း
October 17, 2022
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) နယ်မြေ မြဝတီမြို့တောင်ဘက်ရှိ ကနဲလေး စစ်ကောင်စီ တပ်စခန်းမှ တပ်ကြပ်တစ်ဦးသည် လက်နက်အပြည့်အစုံနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA အမှတ် ၂၀၁ တပ်ရင်းထံ လာရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။ ကနဲလေးစစ်ကောင်စီစခန်းရှိ အမြောက်တပ်ရင်း ခမရ ၃၁၅ မှ တပ်ကြပ်မိုးဝင်းသည် အထက်အရာရှိ၏ နှိပ်ကွပ်မှုဒဏ်ကို မခံနိုင်၍ MA လက်နက်တစ်လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆံ ၁၀၃ တောင့်နှင့်အတူ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ရက်နေ့ နံနက် ၃နာရီအချိန်တွင် လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု KNLA တပ်ရင်း ၂၀၁ တာဝန်ရှိသူက ပြောသည်။ တပ်ကြပ်မိုးဝင်းက “ဝင်းထဲက ဆရာကြီးတွေက ကျနော့်ကိုနှိပ်ကွပ်လို့ ၊ ကျနော် မနေ ချင်တော့လို့ အဲလိုထွက်လာတာပေါ့နော်။ ဆရာကြီးပိုက်ဆံပျောက်တာကို ကျနော်တို့ကိုထင်တယ်၊ ကြက်ဥပျောက်တာ ကို လည်း ကျနော်တို့ကိုထင်တယ်။ စိတ်ကုန်လွန်းအားကြီးလို့ မနေချင်လို့ ကျနော်ထွက်တာဗျာ” ဟု ပြောသည်။

ထို့အပြင် ကနဲလေး အနီးအနားဝန်းကျင်တွင် KNLA စခန်းရှိသည်ကို သိရှိထားသည့်အတွက် လိုက်စုံစမ်းမေးမြန်းပြီး လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ရှေ့ဆက်တွင် စစ်အာဏာရှင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်သွား မည် ဟုလည်း တပ်ကြပ်မိုးဝင်းက ဆက်ပြောသည်။ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးသည့်နောက်ပိုင်း ကေအဲန်ယူ တပ်မဟာ(၆) နယ်မြေ ဒေါနအရှေ့ဘက်ခြမ်းတွင် KNLA တပ်ဖွဲ့ထံ လာရောက်ပူးပေါင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးကျော်ရှိပြီဟု KNLA တပ်ဖွဲ့၏ ပြုစုထားသည့် စာရင်းအရ သိရသည်။

၁၄။ ဝိုင်းမော်တွင် ဘတ္ထရီဖြင့်ကျင်စက်တို့ ငါးဖမ်းရင်း အမျိုးသားတစ်ဦး သေဆုံး
October 17, 2022
ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာတွင် အမျိုးသားတစ်ဦး ဘတ္ထရီကျင်စက်ဖြင့် ရှော့ခ်တိုက်ငါးဖမ်းရာမှ ယမန်နေ့ နေ့လယ် တစ်နာရီခန့်က ဓါတ်လိုက်ကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ငါးရှော့ခ်တိုက်ဖမ်းဆီးနေချိန် မတော်တဆ ရေထဲသို့ ချော်လဲရာမှ ဓါတ်လိုက်သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ကူညီဆောင်ရွက်ပေးခဲ့သည့် ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက The 74 Media ကိုပြောဆိုခဲ့ကြောင်းသိရသည်။ “သူက ငါးရှော့ခ်တိုက်တဲ့ချိန် ချော်လဲသွားပြီး ရေထဲကျသွားတာပေါ့။ အဲ့မှာ သူတစ်ယောက်ထဲဆိုတေ့ာ လျှပ်စစ်ပိတ်ပေးမဲ့သူ မရှိတော့ အချိန်ကြာပြီး သေသွားတာပေါ့။ သူက တနိုင်တပိုင်လုပ်စား တာပေါ့နော်။ ရွာထဲမှာရှိတဲ့ မြောင်းလိုမျိုးပေါ့။ ရေပေးတဲ့မြောင်းလေ အဲ့မှာ ဖြစ်သွားတာ” ဟုပြောသည်။ သေဆုံးသွားသော အမျိုးသားမှာ အသက် ၂၉ နှစ်ခန့် ကိုစိုင်းမောင်ကွယ်ဖြစ်ပြီး တရုတ်နိုင်ငံမှ ပြန်လာပြီး လေးရက်နေ့မြောက်တွင် သေဆုံးသွားခြင်း ဖြစ်သည်။ အောင်မြေ (၂) ကျေးရွာသည် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု တစ်ရာ့ငါးဆယ်ကျော်၊ လူဦးရေစုစုပေါင်း ရှစ်ရာကျော်နေထိုင်ပြီး ဝိုင်းမော်မြို့မှ ၉ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါးရစ်ငါးသန် ရာသီချိန်ဖြစ်သော မေလ မှ ဩဂုတ်လအထိ ငါးများဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ဘတ္ထရီဖြင့်ရှော့တိုက်ခြင်း၊ ဆေးခတ်ခြင်း မပြုလုပ်ရန် နှစ်စဉ်ထုတ်ပြန်လျက်ရှိသည်။

၁၅။ (၁၀၅)မိုင်မှာ လောင်းကစားဝိုင်း စောင့်နေတဲ့ ပြည်သူ့စစ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံး
October 17, 2022
ရှမ်းမြောက် မူဆယ်မြို့ (၁၀၅)မိုင်မှာ လောင်းကစားဝိုင်းအတွက် လုံခြုံရေး စောင့်နေတဲ့ ပြည်သူ့စစ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ မနေ့ နေ့လယ် ၃ နာရီကျော်မှာ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီး ဆံပင်ညှပ် ဆိုင်ရှေ့မှာ ပြည်သူ့စစ်ထဲက ကိုစောဖြိုး (၃၀ နှစ်)ဆိုသူဟာ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။ မူဆယ် (၁၀၅)မိုင်မှ အမည်မဖော်လိုသူတစ်ဦးက “လင်မယား ပစ်ခံရတာတော့ မကြားမိဘူး။ ပစ်သတ်ခံရသူက ဒီ(၁၀၅)မိုင်ကလူပဲ သူက ပြည်သူ့စစ် ဖြစ်တယ်။ သူတို့နေတဲ့နေရာ ပစ်ခံရတာတော့ မဟုတ်ဘူး။ လမ်းသွားရင်း ဆံပင်ညှပ်ဆိုင်အရှေ့မှာ ပစ်ခံရတယ်” လို့ ပြောပါ တယ်။ (၁၀၅)မိုင် ပြည်သူ့စစ် ဦးဆောင်တဲ့ ဦးစောပိုင်ဟာ ကုန်သွယ်ရေးဇုန် မျက်နှာချင်း ဆိုင်ရှေ့မှာ ဂိမ်းဆိုင်ဖွင့်ထားပြီး ပစ်သတ် ခံရတဲ့ ကိုစောဖြိုးက ဂိမ်းဆိုင်မှာ လုံခြုံရေးစောင့်နေသူဖြစ်ပြီးတော့ ဘာကြောင့် ပစ်သတ်ခံရလဲဆိုတာကို မသိရသေးပါဘူး။ မူဆယ်ဒေသဘက်မှာ စစ်ကောင်စီ အပါအဝင် လက်နက်ကိုင်ပေါင်းစုံ လှုပ်ရှားနေကြတဲ့ဒေသဖြစ်ပြီး မကြာခဏ ပစ်သတ်ခံရ တာတွေလည်း ရှိနေပါတယ်။

၁၆။ ကျောက်တော်တွင် စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံး
October 18, 2022
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ အောက်တိုဘာ ၁၇ ရက် ညက စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီး မွတ်စလင် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကျောက်တော် အခြေ စိုက် စခက(၉)၊ခမရ ၃၇၅၊၃၇၆ တပ်ရင်းတွေက မနေ့က အောက်တိုဘာ ၁၇ ရက် ည ၇ နာရီ ၁၀ မိနစ်လောက်ကစလို့ သူတို့ တပ်စွဲထားတဲ့နေရာတွေကနေ ပြည်သူတွေနေတဲ့ ရပ်ကွက်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ ကျောက်တော်မြို့ ဒေသခံ တယောက်က ပြောပါတယ်။ “အဲဒီစစ်(…)တွေရဲ့ ပစ်ခတ်မှုကြောင့် မနေ့ကည ၉ နာရီလောက်မှာ ကျောက်တော်မြို့ ပိုက်သည် (မွတ်စလင်)ရပ်ကွက်ကို ကျရောက်ပေါက်ကွဲပြီး အသက် ၃၀ နှစ်အရွယ် မဂျမီနာရဲ့ ညာဘက်ပေါင်ရင်းကို လက်နက်ကြီးထိမှန် ပြီး အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်။” ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို ကျောက်တော်မြို့နယ် အပေါက်ဝတိုက်နယ် ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမဲ့ ပေါင်မှာရရှိခဲ့တဲ့ ဒဏ်ရာ အရမ်းပြင်းထန်တာကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဒေသခံတဦးက “စစ်(…)တွေဟာ ကစ္ဆပနဒီတံတားနား၊ လင်းမွေတောင်၊ စခက ၉ ဘက်တွေကနေ နေရာအနှံ့ကနေ ရမ်းကားပစ်ခတ်ကာ တံတားအနောက်ဘက် မောင်းတံဂိတ်မှာရှိတဲ့ စစ်(…)တွေဟာ ၇ နာရီနဲ့ ၅၀ မိနစ်လောက်မှာ မြို့ထဲတွေကို ဝင်ရောက်ပြီး ရမ်းကားပစ်ခတ်ခဲ့လို့ ကျောက်တော်မြို့ အနောက်ဘက်ကိုလည်း လက်နက်ကြီးကျည် ၂ လုံး ကျရောက်ခဲ့တယ်” လို့ ပြောပါတယ်။ မင်းပြားမြို့နယ်မှာလည်း မနေ့က အောက်တိုဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တမင်ပစ်ခတ်လို့ ကျောင်းဆရာမတယောက်၊ ကလေးငယ် တယောက်အပါဝင် အမျိုးသမီး ၃ ယောက်သေဆုံးပြီး ၁၀ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

၁၇။ အရက်မူးသူ တစ်ဦး ပြည်သူ့စစ်ကို ဓားနဲ့ခုတ်
October 18, 2022
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုရှိ ဟိုနောင်ကျောင်းတိုက်တွင် အရက်မူးပြီး သောင်းကျန်း နေသည့် ပြည်သူတစ်ဦးက နယ်ထိန်းပြည်သူ့စစ်တစ်ဦးကို ဓားဖြင့် ခုတ်လိုက်ကြောင်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီဝန်းကျင်တွင် ဟိုနောင်ကျောင်းတိုက်မှ နှစ်စဉ်ပြုလုပ်နေသော ဆီမီးပူဇော်ပွဲထဲတွင် အရက်မူးပြီး သောင်းကျန်း နေသော ဂျွန်အောင် ဆိုသူက နယ်ထိန်းပြည်သူ့စစ်တစ်ဦးကို ဓားဖြင့် ခုတ်လိုက်ကြောင်း နောင်မွန်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂျွန်အောင် ဆိုတဲ့တစ်ယောက်က သူ အရက်မူးပြီး သူများကို ရန်ရှာတာ။ နယ်ထိန်း ပြည်သူ့စစ် က သူ့ကိုသွားထိန်းတော့ ရုတ်ရင်းဆန်ခတ်ဖြစ်ပြီး ဓား နဲ့ ခုတ်လိုက်တာ။ ဘယ်နှစ်ချက် ခုတ်မိသလဲတော့ သေချာမသိရဘူး။ နယ်ထိန်း ပြည်သူ့စစ်လည်း သေနတ်ထုတ်ပြီး လေးချက်လောက်ပစ်လိုက်တာ။ သူ့ခြေထောက်ကို သေနတ်နှစ်ချက် မှန်သွား တယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဓားဖြင့် ခုတ်ခံရသော နယ်ထိန်းပြည်သူ့စစ် ကိုဒုံးညိုဆိုသူက ထိခိုက်ဒဏ်ရာရရှိသဖြင့် တောင်ကြီးဆေးရုံသို့ ဆေးကုသမှု ခံယူနေပြီး အရက်မူးသည့် ဂျွန်အောင်ဆိုသူအား ရဲတပ်ဖွဲ့များက ဖမ်းဆီးသွား ကြောင်းသိရသည်။ ထို့အပြင် အရက် မူးပြီး သောင်းကျန်းနေသော ပြည်သူတစ်ဦး နှင့် နယ်ထိန်းပြည်သူ့စစ် တစ်ဦးအား အချင်းချင်း ပဋိပက္ခဖြစ်ပွားပြီးနောက် ဆီမီး လာရောက် ပူဇော်သော ပြည်သူ များလည်း ကြောက်လန့်တကြား ဖြစ်သွားကြောင်း နောင်မွန်ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံ ကြားတော့ ဘာဖြစ်တာလဲပေါ့။ ပွဲလာလည်တဲ့သူ၊ ဆီမီး ပူဇော်လာတဲ့ သူတွေလည်း ကြောက်လန့် ကုန်တယ်။ အိမ်ကို ပြန်ကုန်ကြတာ၊ ပွဲလည်းမစည်တော့ဘူး။ အခုက အရက်သမား၊ မူးယစ်ဆေးဝါး သုံးစွဲတဲ့ သူတွေ အရမ်းကို ကြောက်ဖို့ ကောင်းလာတယ်“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

၁၈။ INGO/NGO များကို လွတ်လပ်စွာသွားလာခွင့်ပေးရန် ရခိုင်က စစ်ဘေးရှောင်များ တောင်းဆို
October 18, 2022
ရခိုင်ပြည်အတွင်းတွင် တိုက်ပွဲတကျော့ပြန် ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီသည် INGO/NGO များကို ခရီးသွား လာခွင့် ပိတ်ပင်လိုက်သဖြင့် စစ်ဘေးရှောင်များမှာ အငတ်ဘေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ မရရှိနိုင် သည့်အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။ စစ်ကောင်စီသည် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ မထောက်ပံ့သည့် အပြင် ရခိုင်ပြည်အတွင်းက မြို့နယ် (၆)မြို့နယ်ကိုလည်း အကူအညီပေးရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန် လူသားချင်းစာနာမှု ဆိုင်ရာ အဖွဲ့အစည်းများကို စက်တင်ဘာလ ၁၅ ရက်နေ့က ညွှန်ကြားခဲ့သည်။ ထို့ကြောင့် အကူအညီမဲ့နေသော စစ်ဘေးရှောင် များမှာ အလုံးစုံ ဒုက္ခရောက်နေကြခြင်းဖြစ်သည်ဟု ဆိုကြသည်။ “အခုလက်ရှိကတော့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်း တာတွေ၊ စစ်ဘေးရှောင်တွေကို လာလှူကြတဲ့ UN ဖြစ်ဖြစ်၊ တခြားလှုမှုအဖွဲ့တွေကိုရော အကန့်အသတ်တွေလုပ်ပြီး တားမြစ် တာတော့ ကျွန်တော်ကတော့ မသင့်တော်ဘူးလို့ မြင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ဒုက္ခ ရောက်နေတဲ့ ပြည်သူတွေကို အကူအညီပေးသင့်တာလို့ပဲမြင်ပါတယ်”ဟု ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင် စခန်း တာဝန်ခံ ဦးဦးသန်းအေးက ပြောသည်။ စစ်ကောင်စီအနေဖြင့် လွန်ခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လတို့မှ စတင်ကာ စစ်ဘေးရှောင်များကို ဆန်ရိက္ခာ ထောက်ပံ့မှု မပြုလုပ်တော့ပေ။ လက်ရှိတွင် WFP မှ လူတစ်ဦးလျှင် ငွေ ၁၈၀၀၀ ကျပ် ထောက်ပံ့ မှုကိုသာ စစ်ဘေးရှောင်များ အားကိုးနေရသည်။ သို့ရာတွင် စားရေးသောက်ရေး အဆင်မပြေသောကြောင့် အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုံ ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တစ်ဖက်တွင်လည်း တိုက်ပွဲဖြစ်ပွားလာသည်နှင့်အမျှ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များကို ကုန်းလမ်း၊ ရေလမ်း သွားလာခွင့် ပိတ်ပင်ထားမှုများရှိသည်။ အချို့မြို့နယ်များတွင် သွားလာရာ၌ ဟန့်တားစစ်ဆေးမှုများ ရှိနေသောကြောင့် ကုန်စည်စီးဆင်းနည်းပါးသွားပြီး ကုန်စျေးနှုန်းများလည်း အလွန်မြင့်တက်သွားသဖြင့် စစ်ဘေးရှောင်များ ပိုမိုဒုက္ခရောက်ရသည်ဟု ရသေ့တောင်မြို့နယ်မှ လူမှုကူညီရေး ပြုလုပ်နေသူတစ်ဦးက ဆိုသည်။ “လမ်းကို အဓိကဖွင့်ပေးဖို့ လိုတယ်။ ကျွန်တော်တို့ စားနပ်ရိက္ခာပိုင်းတွေ အခက်အခဲရှိတယ်။ ကုန်စျေးနှုန်း မြင့်တာကလည်း လူတိုင်းသိတဲ့အတိုင်းပါ။ ကျန်းမာရေးဆိုလည်း ကိုယ်ဝန်သည်တွေကို ပို့ဆောင်ရတာတွေ အခက်အခဲရှိတယ်။ လမ်းကြောင်းကပိတ်ထားတော့ စုံစမ်းပြီးမှ တခါ စစ်သားတွေ ချောင်းနားမှာ မရှိမဲ့အချိန်တွေကိုကြည့်ပြီး ချောင်းကြားလေးတွေကနေ ပို့ပေးနေရတယ်”ဟု သူကပြောသည်။ တစ်ဖက်တွင်လည်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် ရခိုင်ပြည်အတွင်းက လူမှုကူညီရေး အဖွဲ့အစည်းများကို သွားလာခွင့်ကန့်သတ်ခြင်း၊ ကူညီထောက်ပံ့ပေးမှု ပြုလုပ်နေသူအချို့ကိုလည်း မြန်မာစစ်တပ်က ဖမ်းဆီးရန်ကြိုးပမ်းမှုများ ရှိနေ သဖြင့် စစ်ဘေးရှောင်များလက်ထဲသို့ လူသားချင်း စာနာထောက်ပံ့ရေးပစ္စည်းများ လွယ်လွယ်ကူကူ မရောက်ရှိတော့ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများက ဆိုကြသည်။

၁၉။ ကယားကယား(ကရင်နီ)ပြည် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်မှ ၁၈ ဦးသေဆုံးဟုဆို
October 18, 2022
ကယား(ကရင်နီ)ပြည်နယ်မှာ စက်တင်ဘာလ ၁၇ ရက်နေမှ အောက်တိုဘာ ၁၅ ရက်အထိ KA၊KNDF၊USSFU၊Loikaw PDF တပ်ပေါင်းစုနဲ့စစ်ကောင်စီ တပ်ဖွဲ့တို့တိုက်ပွဲ( ၉)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၈ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာမှာ မောချီးစုပါးရွာ၊ ကယန်းသာယာရွာလမ်းခွဲ၊ နန်းကွတ်ရေစီးကွေ့၊ ပွန်ချောင်း၊ နွားလဝို့နယ်မြေနဲ့ ဝါရီကောစူတို့မှာဖြစ်ပွားခဲ့ကြတာပါ။ တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိမှုမှာ စုပေါင်းတပ်ဖွဲ့ဘက်မှ ၅ ဦး(မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၃ ဦးနဲ့အထိနာကျဆုံးမှုရှိခဲ့တယ်လို့ KNDF/B-14 မှထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ ၁၇ ရက်ကစပြီး အောက်တိုဘာ ၁၅ ရက်အထိ နှစ်ဘက်ထိတွေ့တိုက်ပွဲ ၉ ကြိမ်တိုက်ပွဲအတွင်းတပ်ပေါင်းစုဘက်မှ Sniper mission ၂ ကြိမ်လည်းပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။

၂၀။ ကျန်းမာရေး အကြောင်းပြ နေအိမ်များ လူတစ်စု ဆေးလိုက်လံဖြန်းနေ
October 18, 2022
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်းရှိ ပြည်သူနေအိမ်များကို ကျန်းမာရေးအရဟု အကြောင်းပြကာ နေအိမ်များထဲ ပိုးသတ်ဈေးဖြန်းခြင်း၊ နေအိမ်ကို ဆေးသုတ်ပေးခြင်းများ ပြုလုပ်လာနေကြောင်းသိရှိရသည်။ သျှမ်းပြည် ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ် တို့တွင် ကျန်းမာရေးအရ ဟုဆိုပြီး နေအိမ်များထဲ ပိုးသတ်ဆေး လိုက်လံ ဖြန်း ပေးနေကြောင်းသိရသည်။ “ သူတို့ တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီးတော့ ဆေးလိုက်ဖြန်းပေးနေတာ။ ကျန်းမာရေး အရဆိုပြီးတော့ လိုက်ဖြန်းပေးတာ။ ပိုးသတ်ဆေးတဲ့။ တစ်ချို့အိမ်တွေကလည်း ပေးဝင်တယ်။ တစ်ချို့အိမ်တွေကလည်း ပေးမဝင်ဘူး။ သူတို့က ဒီမြို့က လူတွေနဲ့လည်း မတူဘူး” ဟု ကွတ်ခိုင်မြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလက စတင်ပြီး ကွတ်ခိုင်မြို့နယ် တွင်သာမက တစ်ခြားမြို့နယ်ဖြစ်သော နမ့်ခမ်း၊ မူဆယ်၊ လားရှိုးဘက်တွင်လည်း ဆေးလိုက်လံ ဖြန်းပေးနေ ကြောင်းသိရှိရသည်။ထိုသို့ ဆေးလိုက်ဖြန်းပေးနေသောကြောင့် ပြည်သူများက စိုးရိမ်နေကြောင်း သိရသည်။

“သူတို့ ဘာလာလုပ်တာလဲတော့ မသိဘူး။ သတင်းယူချင်တာလား မသိဘူး။ ကြောက်တော့ ကြောက်ရတယ်။ ကျနော် တို့တော့ ပေးမဝင်ဘူး။ အိမ်သာတွေထဲမှာ ပိုးသတ်ဆေးတွေ လာဖြန်းပေးမယ်လို့ပြောတာ။ ဒါမယ့် မယုံရဘူး။ ထောက်လှမ်း ရေးတွေ လားမသိဘူး” ဟု မူဆယ်မြို့ ဒေသခံ တစ်ဦးက ပြောသည်။ အလားတူ သျှမ်းပြည်တောင်ပိုင်း ဘက်တွင်လည်း နေအိမ် တွေကို ဆေးလာသုတ်ပေးပြီး ငွေကြေးတောင်းခံမှုများလည်း ရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် လူစုတစ်ဖွဲ့က နေအိမ်ထဲဝင်လာပြီး ဆေးအတင်းလာရောက် သုတ်ပေးကာ ငွေတောင်း ခံမှုလည်းရှိခဲ့ကြောင်းသိရသည်။ “လူ (၅) ယောက်လောက်ရှိတယ်။ အိမ်ကိုလာပြီးတော့ ဆေးသုတ်ပေးမယ်ဆိုပြီး အတင်းဝင် လာသုတ်သွားတာ။ မသုတ်ဘူးပြောလည်း အတင်းသုတ်သွားတာ။ တစ်ဝက်တစ်ပျက် နဲ့ ဆုတ်ဆုတ်ပြတ်ပြတ် သုတ်သွား ပေးတာ။ ပြီးတော့ ပိုက်ဆံပေးလိုက်ရတယ်” ဟု အောင်ပန်းမြို့ ဒေသခံ တစ်ဦး ကပြောသည်။ အာဏာသိမ်းပြီး နောက်ပိုင်းတွင် သူခိုး၊ ထောက်လှမ်းရေးများလည်း ပေါ်များလာကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။ လင်းခေးမြို့ ဒေသခံ အမျိုးသမီး တစ်ဦးလည်း “အခု နောက်ပိုင်း သူခိုးတွေ၊ ထောက်လှမ်းရေးတွေ များလာတယ်။ နေအိမ်တွေထဲ ဝင်ချင်တာ။ ဈေးရောင်းရင် လည်း နေအိမ်ထဲ ဝင်လာချင်တာ။ ပြီးတော့ ကိုယ့်မြို့က ဒေသခံတွေ မဟုတ်ဘူးဆိုတာ သိတယ်။ တစ်ခြား မြို့ကလာပြီးတော့ လာလုပ်စား နေကြများတယ်” ဟု ပြောသည်။

၂၁။ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဝင်ငွေမရှိတဲ့ ဒေသခံနဲ့ စစ်ဘေးရှောင်တွေ အခက်တွေ့နေ
October 17, 2022
ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း ဒေါလာစောအုပ်စုအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို လက်ရှိမှာလည်း ကုန် ဈေးနှုန်းမြင့်တက်မှုကြောင့် ငွေရေးကြေးရေးအဆင်မပြေတဲ့ ဒေသခံနဲ့ စစ်ဘေးရှောင်တွေ အခက်တွေ့နေတယ်လို့ ပြောဆိုကြပါ တယ်။ “လက်ရှိ ကုန်စျေးနှုန်းအနေနဲ့က အခြေခံလူတန်းစားတွေအတွက် ဘယ်လိုမှမတတ်နိုင်တဲ့ စျေးနှုန်းတွေဖြစ်တယ်။ ဒါတော့ လက်ရှိ အနေအထားပေါ့ ဘာလို့လဲဆို ကြက်ဥတစ်လုံးကို ၂၅၀၊ ၃၀၀ ဝန်းကျင်ရှိတယ် ဆီ အသေးတစ်ဘူး ၃၀၀၀၊ ၄၀၀၀ ဆိုတော့ တစ်နပ်၊ နှစ်နပ်ပဲ စားလို့ရတယ်။ ပုံမှန် ဝင်ငွေမရှိတဲ့ မိသားစုအတွက်က ခက်ခဲတယ်၊ ဒီနေရာက အလှမ်းဝေးနေတော့ နှစ်ဆပိုပြီး ခက်ခဲတယ် ဒါတော့ အမှန်တရားပဲပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကုန်စျေးနှုန်းအနေနဲ့ ရောင်းဝယ် တဲ့ သူ အပေါ်မှာ မူတည်ပြီး ဒေါလာစောအုပ်စုဘက်မှာတော့ ဟိုယာဘက်နဲ့ နှိုင်းယှဉ်ရင် စျေးသက်သာတယ်လို့ ဆိုကြ ပါတယ်။ နေ့စား လိုက်လျှင် တစ်ရက်ကို ၅ထောင်ကျပ်သာရရှိတာကြောင့် ဆပ်ပြာတစ်ဘူး ၃ထောင်ကျပ်၊ ဓာတ်ခဲတစ်စုံကို ၂ ထောင်ကျပ် ပေးရ တဲ့အခါ တခြားဝယ်ဖို့လိုအပ်တဲ့ကုန်ခြောက်အတွက် ထပ်မံစုဆောင်းပြီးဝယ်ရတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။

ဖရူဆိုမြို့နယ်ကို စစ်ရှောင်တာ တစ်နှစ်ကျော်ရှိနေပြီး အလှူရှင်လည်းပုံမှန်မရှိသလို ဝင်ငွေလည်းမရှိတဲ့အတွက် စားဝတ်နေရေးပိုမိုခက်ခဲတယ်လို့ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။ “စစ်ရှောင်လာတာ တစ်နှစ်နဲ့ တစ်လရှိပြီ။ ခုနောက်ပိုင်း တစ်လကို စစ်ဘေးရှောင်တစ်ဦးကို ဆန် ၃ ပြည် ပေးတယ်၊ နှစ်ပတ်လောက်စားရင် ကုန်သွားတယ်၊ ဝင်ငွေမရှိတော့ ပိုခက်ခဲ တယ်”လို့ သူမက ပြောပါတယ်။ လက်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှောင်ကော်မတီအနေနဲ့ တစ်လတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ဆန်၊ ရိက္ခာခြောက်ထုတ်ပေးနိုင်ပြီး ရေရှည်အတွက် စိုးရိမ်ပူပန်မှုရှိတယ်လို့ ဆိုကြပါတယ်။ ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင် ၆ ထောင်ကျော်ရှိပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့အတွက် တောင်ယာ လယ်ယာလုပ်ကိုင်နိုင်ခြင်းမရှိ ကြသလို အလှူရှင်ကိုသာ မှီခိုအားထားနေရတယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။

၂၂။ ဖားကန့်တွင် ပစ်သတ်ခံလိုက်ရသည့် အခွန် ဒုဦးစီးမှုး၏ ရုပ်အလောင်းတွေ့ရှိ
17th October 2022
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အခွန်ဦးစီးဌာနမှ ဒုဦးစီးမှူး နှင့် စသုံးလုံးမှ အရာရှိတစ်ဦးတို့ ပစ်သတ်ခံရမှုတွင် အခွန် ဒုဦးစီးမှူး၏ ရုပ်အလောင်းကို အောက်တိုဘာလ ၁၆ ရက်နေ့ တွေ့ရှိခဲ့သည်ဟု ဒေသခံများပြောသည်။ အောက်တိုဘာလ ၁၄ ရက် နေ့ ၄ နာရီအချိန်တွင် အခွန် ဒုဦးစီးမှူးနှင့် စသုံးလုံး အရာရှိ ၂ ဦးသည် ဖားပြင်ကျေးရွာ အနှိပ်ခန်းတစ်ခုအတွင်း ရှိနေစဉ် အမည် မသိအဖွဲ့အစည်းတစ်ခုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆန်ခါအုပ်စု ဆွတ်အောင်ရွာအရောက်တွင် ပစ်သတ်လိုက် သည်ဟုသိရသော်လည်း ဒုအခွန်ဦးစီးမှူး၏ ရုပ်အလောင်းသာတွေ့ရှိရကြောင်း ဖားကန့်ဒေသခံတစ်ဦး က ပြောသည်။ “သူတို့ ၂ ယောက်စလုံးကို ဖားပြင်အနှိပ်ခန်းကနေ ခေါ်သွားပြီးတော့ ဆန်ခါအတက် ဆွတ်အောင်ရွာအရောက်မှာ ပစ်သတ်လိုက် တယ်။ ဒါပေမယ့် စသုံးလုံးအရာရှိတစ်ယောက်က မသေဘူးလို့ပြန်သိရတယ်။ သူတို့က ၂ ယောက်စလုံးကိုသေပြီဆိုပြီး အလောင်းကို အဲ့နေရာမှာပဲ ပစ်ထားခဲ့တာ။ ဒေသခံတွေပြန်တွေ့တဲ့အခါမှာ အလောင်းက တစ်ခုထဲပဲပြန်တွေ့ကြတယ်။ အဲ့တစ်လောင်းက အခွန် ဦးစီးမှူးရဲ့ အလောင်းဖြစ်နေတယ်”ဟုပြောဆိုသည်။

လက်ရှိတွင် သေဆုံးမှုမရှိဘဲ လွတ်မြောက်နေသည့် စသုံးလုံးမှ အရာရှိမှာ မည်သည့်နေရာတွင် ဆေးကုသမှုခံယူနေရ သည်ကို  အသေးစိတ် မသိရသေးကြောင်း သူကဆက်ဆိုသည်။ “မသေပဲ လွတ်သွားတဲ့ သူကို ဆေးရုံတွေမှာ လိုက်စုံစမ်းကြည့် တာမရှိဘူး လုံခြုံတဲ့နေရာ ဗျူဟာတို့မှာပဲ ဆေးကုပေးနေတယ်လို့ထင်ကြတယ်။ သူတို့ ၂ ယောက်ရဲ့ နာမည်ကတော့ သေချာမ သိရသေးဘူး။ သေဆုံးသွားတဲ့ အခွန် ဦးစီးမှူးကတော့ မိုးကောင်းဘက်က ပြောင်းလာတာ ဟုတ်တယ်”ဟုဆိုသည်။

၂၃။ ရပ်စောက်မြို့နယ် ဘုန်းကြီးကျောင်းဝင်းထဲ စစ်ကောင်စီ နေရာယူပြီး တဖက်သတ် ပစ်ခတ်နေ
October 17, 20220
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်စုံကျေးရွာမှ ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ နေရာယူထားပြီး တဖက်သတ် သေနတ် ပစ်ခတ်နေကြောင်းသိရသည်။ (အောက်တိုဘာ ၁၇) ရက် မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှ စတင် ကာ ကျောက်စုံကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်းနေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် နောင်လုံကျေးရွာ အုပ်စု တောအုပ်အတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော် ဆင့်ကို ပြောဆိုခဲ့ကြောင်းသိရသည်။ “နေ့လည် ၁ နာရီ နောက်ပိုင်းကနေ စပြီးတော့ ကျောက်စုံဘုန်းကြီးကျောင်း ဝင်းထဲ စခန်းချ နေတဲ့ စစ်ကောင်စီတွေက နောင်လုံ ကျေးရွာအုပ်စုဘက် ရောက်သွားပြီး 60 MM လက်နက်ကြီး နဲ့ တောတွေ တောင်တွေထဲကို တစ်ဖက်သတ်လှမ်းပစ်နေတာ၊ ပြည်သူတွေကတော့ တော်တော်စိုးရိမ်နေကြတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီသို့ လက်နက်လှမ်းပစ်သည့် တောတောင်အနီးပတ်ဝန်းကျင်တွင် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့ SSPP/SSA တို့ နေရာယူ လှုပ်ရှားမှု ရှိသည့်အတွက် ၎င်းတို့မှ တန်ပြန်ပစ်ခတ်ပါက ပြည်သူ့အိမ်ရာများ ထိခိုက်နိုင်သည့် အတွက် ပြည်သူများက စိုးရိမ်ကြောင်း သိရသည်။ “ရွာ နဲ့ လည်း သိပ်အလှမ်းမဝေးတဲ့အတွက် တကယ်လို့ တောထဲရှိတဲ့ တပ်ဖွဲ့ က စစ်ကောင်စီတွေကို တန်ပြန် ပစ်လိုက်ရင် လက်နက်ကျည်ဆန်တွေ ရွာထဲ ကျမှာကို ရွာသားတွေက ကြောက်နေရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။ ဘုန်းကြီးကျောင်းဝင်းအတွင်း နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့တို့ သည် ဘုန်းကြီး ကျောင်းဝင်းထဲမှ တစ်ဆင့် နောင်လုံကျေးရွာ အုပ်စု သာစည်ကျေးရွာ ခမ်းခွဲမှ နောင်ချိုဘက်သွားသည့် လမ်းခွဲတွင်လည်း စစ်အင်အား အများအပြားဖြင့် စစ်ဆေးမှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ဆက်ပြောသည်။ လက်ရှိတွင် ကျေးရွာအ တွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့ နေရာယူလှုပ်ရှားမှု အများအပြား ရှိသည့်အတွက် ဒေသခံ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်ကြောက်လန့်နေကြောင်း သတင်း သိရသည်။

၂၄။ ကရင်နီစစ်ရှောင်ကူညီဖို့ ဈေးရောင်းပွဲတော်ပြုလုပ်ပြီး ရန်ပုံငွေရှာဖွေ
October 18, 2022
ကရင်နီပြည်တွင်းက စစ်ရှောင်တွေကိုကူညီဖို့အတွက် ဒီးကူပွဲပြုလုပ်ပြီး ရန်ပုံငွေရှာတဲ့အစီအစဉ်တစ်ခုကို အောက်တိုဘာလ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ Karenni Community Chaigmai Thailand (KCCT) နဲ့ Karenni Tweets တို့ ပူးပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ “ ဒီးကူပွဲဆိုပေမယ့်လည်း စျေးရောင်းပွဲတော် လုပ်တယ်ပေါ့နော။ စစ်ရှောင် တွေအတွက် အဓိက ထားပြီးတော့ ရန်ပုံငွေရှာခြင်းဖြစ်ပါတယ်။ ရလာတဲ့ အကျိုးအမြတ်တွေအားလုံး က အခုရယ်လို့ မဟုတ်ပါ ဘူးပေါ့နော။ ဒီအာဏာသိမ်းကတည်းက အစ်မတို့ လုပ်ဖြစ်တာပါ။ ပထမဆုံးအသုတ်က CDM အတွက်ပေါ့နော။ ဒုတိယ နောက်ပိုင်းကျတော့ စစ်ရှောင် ဒုက္ခရောက်တဲ့ လူတွေအတွက်ပေါ့နော။ “ လို့ ပွဲကို ဦးဆောင်ပြုလုပ်တဲ့ KCCTအတွင်းရေးမှူး နော်ဒါးဒါး က ရည်ရွယ်ချက်ကို ပြောပြပါတယ်။ ဒီးကူပွဲ ရန်ပုံငွေရှာတဲ့ အစီအစဉ်မှာဆိုရင် ရိုးရာအစားအသောက်ကို ဝယ်ယူ အားပေးနိုင်တာအပြင် ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲ၊ အပျော်ဘောလီဘောကစားခြင်းနဲ့ တိုင်းရင်းသားရိုးရာအက ဖျော်ဖြေ တင်ဆက် တာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အစီအစဉ်ကတော့ စစ်ရှောင်တွေရဲ့ ဆေးဝါးလိုအပ်မှုပိုင်းနဲ့ ရိက္ခာပိုင်း တွေမှာ အဓိက ကူညီနိုင်ဖို့အတွက် ဖြစ်တယ်လို့ အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ကရင်နီလူငယ်တစ်ဦးကပြောပါတယ်။ “ ကျနော်တို့ ရည်ရွယ်ချက်က ပြည်တွင်းအတွက် ရန်ပုံငွေရှာတာပေါ့။ အဓိက ကရင်နီပြည်တွင်းမှာရှိတဲ့ IDPsတွေအတွက်ပေါ့။ ကျနော်တို့ ထောက်ပံ့ချင်တာက medical care နဲ့ ရိက္ခာ ပေါ့။ များသောအားဖြင့် ကျနော်တို့ focus ထားချင်တာက ဆေးဝါးပိုင်းပေါ့ စစ်ရှောင် တွေကိုပဲပေါ့။ “ လို့ ကရင်နီလူငယ်တစ်ဦး ကပြောပါတယ်။ အခုလို စျေးရောင်းပွဲတော်ပြုလုပ်ပြီး ရန်ပုံငွေရှာတဲ့ အစီအစဉ်ကို KCCTအဖွဲ့ကတော့ အာဏာသိမ်းပြီးကတည်းက စတင်ဆောင်ရွက်လာခဲ့တာဖြစ်ပြီး ဒီးကူပွဲခေါင်းစဉ်နဲ့ ဆောင်ရွက် တာကတော့ ၂ ကြိမ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တခြား ရိုးရိုးစျေးရောင်းပွဲတော်ပြုလုပ်ပြီး ရန်ပုံငွေရှာတတာကိုတော့ ၆ ကြိမ် ပြုလုပ်ခဲ့ပြီလို့ သိရပါတယ်။

၂၅။ ထိုင်းနယ်စပ်ရောက် ရွှေ့ပြောင်းကျောင်းသားလူငယ်များကို ဒါရိုက်တာကိုပေါက်၏ “မသောက်မိသောမိုးခါးရေ ”ဇာတ်လမ်းတို ပြသ
October 17, 2022
ရုပ်ရှင် ဒါရိုက်တာ ကိုပေါက်ရိုက်ကူး၍ နွေဦးတော်လှန်ရေး အထောက်အပံ့ ရန်ပုံငွေရရှိရန် ပြည်ပနိုင်ငံများတွင် ပြသနေ သော “မသောက်မိသောမိုးခါးရေ ”ဇာတ်လမ်းတို ရုပ်ရှင်အား ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဆာသူးလေ မြန်မာကျောင်း သူ ကျောင်းသားများ သင်ကြားရေးစင်တာခန်းမ၌ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် အခမဲ့ပြသပေးခဲ့ သည်။ မြန်မာ့ နိုင်ငံနွေဦးတော်လှန်ရေးဖြစ်စဉ်များအား ကျောင်းသားလူငယ်များ သိရှိနာလည်စေပြီး ကောင်းသည့်လမ်းစဉ် ကောင်းသည့်စနစ် တစ်ခု လက်ဆင့်ကမ်း ပေါ်ပေါက်လာရန် ရည်ရွယ်ချက်ဖြင့် ယနေ့ ဆာသူးလေ အထက်တန်းကျောင်းမှ အလယ်တန်းနှင့် အထက်တန်းကျောင်းသားကျောင်းသူ ၁,၀၀၀ ကျော်အား အခမဲ့ ပွဲချိန် နှစ် ချိန် ပြသခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကျောင်းသားကျောင်းသူများမှ ဇာတ်လမ်းတို ရုပ်ရှင်နှင့် ပတ်သက်၍ ရုပ်ရှင်ဒါရိုက်တာ ကိုပေါက်နှင့် အွန်းလိုင်း မှ ၎င်းတို့သိရှိ လိုသည့် ရုပ်ရှင်ရည် ရွယ်ချက်၊ ရုပ်ရှင်ဖန်တီးရိုက်ကူးမှု၊ ရုပ်ရှင်အတတ်ပညာများနှင့် ပတ်သက်၍ နှစ်ဖက်အပြန် အလှန် မေးခွန်းမေးမြန်းဆွေးနွေးဖလှယ်ခြင်း အစီအစဉ် များပါ လုပ်ဆောင်ခဲ့ကြပြီးနောက် ကျောင်းသားကျောင်းသူများအား ခွန်အားဖြည့် မိငယ်သီချင်း၊ မသောက်မိသောမိုးခါးရေ ဇာတ်၀င်သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေ နှုတ်ဆက်ခဲ့သည်။ အဆိုပါ မသောက်မိသော မိုးခါးရေဇာတ်လမ်းတို ရုပ်ရှင်အား ပြည်ပနိုင်ငံ ရပ်ခြား ၁၄ နိုင်ငံ ရှိ မြို့ပေါင်း ၃၀ ကျော်တွင် ဘာသာစကား ၈ မျိုးခန့်ဖြင့် စာတန်းထိုး ထုတ်လုပ်ကာ ပြသနေပြီး အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း ပြသနိုင်ရန် ချိတ်ဆက်စီစဉ် လုပ်ဆောင်နေသည်ဟု စီစဉ်သူများက ပြောသည်။ လက်ရှိတွင် ရန်ပုံငွေ လက်မှတ်ဖြင့်ပြသနေသည့် နိုင်ငံများတွင် အားပေး ကြည့်ရှုသူ များပြားနေသဖြင့် ရုပ်ရှင်ပြချိန် ပွဲချိန်တိုး၍ ပြသအောင်မြင်မှုရရှိနေကြောင်း သိရပါသည်။

၂၆။ တာချီလိတ် ဆရာတော် ၁ ပါး နှင့် ဒကာ ၄ ဦး တရုတ်စာပါ ကော်ဖီသောက်ပြီး သတိလစ်သွား
October 17, 20220
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဆရာတော်တစ်ပါး နှင့် ဒကာ ၄ ဦးတို့သည် တရုတ်စာတမ်းပါ (COFFEE SHQ) တံဆိပ် ကော်ဖီကို သောက်မိပြီးနောက် သတိလစ်မေ့သွားကြောင်းသိရှိရသည်။ (အောက်တိုဘာ ၁၇) ရက် နံနက် ၇ နာရီ ဝန်းကျင်တွင် တာချီလိတ်မြို့ ကျောက်တောင်ရပ် နတ်မောက် ရွှေသူဌေးကုန်းကျောင်းတိုက်တွင် ဒကာတော်တို့ အလုပ်သွားရန် အတွက် နံနက်စာကို ထိုကော်ဖီ သောက်သုံးပြီး သတိမေ့လစ်သွားကြောင်း သိရသည်။ “သူတို့ မနက်အလုပ်သွားဖို့ မနက်စာဆိုပြီး ဆရာတော်က ကော်ဖီကို ပေးလိုက်တာတဲ့။ သောက်ပြီးတော့ သတိမေ့သွားတာ။ ၂ ယောက်တော့ သတိရှိနေသေးတယ်။ အခုတော့ တာချီလိတ်ဆေးရုံကို ပို့ထားလိုက်တယ်။ ကျန်မားရေးအခြေနေတော့ အရမ်းမဆိုးဘူး။ အဲ့ကော်ဖီကို ဘယ်ကနေရလဲ မသိဘူး ” ဟု တာချီလိတ်မြို့ ကိုလှမိုး ပရဟိတ အဖွဲ့က ပြောသည်။

ဆရာတော်တို့ သောက်သုံးခဲ့သည့် ကော်ဖီသည် မူးယစ်ဆေးဝါးတစ်မျိုးဖြစ်ပြီး KTV နှင့် ကလပ်များတွင် စိတ်ကြွအောင် အသုံးပြုပြီး အနည်းငယ်သာ အသုံးပြုရကြောင်း သိရသည်။ ထိုအပြင် ထို ကော်ဖီတံဆိပ်သည် ဈေးကွက်ထဲ ရောင်းချမှု မရှိ ကြောင်းသိရသည်။ “ဆရာတော်တို့ ဘယ်နားကနေ ရလာလည်းတော့ မသိဘူး။ အဲ့ကော်ဖီက KTV မှာ အသုံးပြုတယ်လို့ကြား တယ်။ မူးယစ်ဆေးဝါးတစ်မျိုးပဲတဲ့။ သောက်ပြီးရင်တော့ မူးတာပေါ့။ ပြီးတော့ နည်းနည်းပဲ သောက်ရတာ။ အဲ့အထုတ် သေး တစ်ထုတ်ကို ၈ ခွက်စာသောက်ရတာ။ ဆရာတော်တို့က မသိလို့ထင်တယ်။ တစ်ယောက်ကို တစ်ထုတ်သောက်လိုက်ကြတာ” ဟု တာချီလိတ် ပရဟိတအဖွဲ့တစ်ခုက ပြောသည်။ အလားတူ ကုန်စုံဆိုင် အမျိုးသမီးတစ်ဦးကလည်း “ကျမတို့ ဆိုင်မှာအဲ့လို ကော်ဖီတံဆိပ် မရောင်းဘူး။ အရင်ကလည်း မတွေ့ဖူးဘူး။ သူက တရုတ်နိုင်ငံထုတ် ကော်ဖီဖြစ်တယ်။ ဖေ့ဘုတ်ပေါ်တွေ တင်လာ မှ မြင်ဖူးတယ်” ဟု ပြောသည်။ လက်ရှိတွင် ထိုကော်ဖီကို ဆရာဝန်တွေက ယူဆောင်သွားပြီး ဓာတ်ခွဲခန်းတွင် စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

၂၇။ KIA တပ်မဟာ ၂ နယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား၊ သုံးစွဲသူများကို ထိရောက်စွာအရေးယူ ရှင်းလင်းသွားမည်ဟုဆို
17 October 2022
စစ်ကောင်စီအာဏာသိမ်းမှုကို အခွင့်ကောင်းယူပြီး KIA အမှတ် (၂) တပ်မဟာ နယ်မြေအတွင်း မူးယစ်ဆေးဝါး ရောင်း ဝယ်ဖောက်ကား သုံးစွဲခြင်း လုံးဝ မပြုလုပ်ရန် ကေအိုင်အို အနောက်ပိုင်းတိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ အောက်တိုဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့် သတိပေး ထုတ်ပြန်လိုက်သည်။ တပ်မဟာ ၂ နယ်မြေအတွင်း နေထိုင်သော ပြည်သူ များအပါအဝင် အဖွဲ့အစည်းများ လုပ်ငန်းရှင်များ အားလုံးအား သတိပေးထားသည့် ထုတ်ပြန်ချက်ဖြစ်သည်။ သတိပေးထုတ်ပြန် ချက်ကို လိုက်နာမှုမရှိ‌သောသူများအား ထိရောက်စွာအရေးယူ ရှင်းလင်းသွားမည်ဟု သတိပေးချက်၌ ပါရှိသည်။

၂၈။ ကရင်ပြည်နယ်တွင် Sport Complex ဖော်ဆောင်မည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ပြောဆိုလာ
October 18, 2022
အားကစားနည်းမျိုးစုံအား လေ့ကျင့်ယှဉ်ပြိုင်နိုင်ရန် Sport Complex တစ်ခုကို ကရင်ပြည်နယ်တွင် ဖော်ဆောင်မည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။ ယမန်နေ့ အောက်တိုဘာ ၁၇ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့ ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ကြည့်ရှုရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ “အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ အားကစားနည်းမျိုးစုံကို အဆင့်မီလေ့ကျင့်ယှဉ်ပြိုင်နိုင်ဖို့ ပြည်နယ် Sport Complex တစ်ခုကို ဖော်ဆောင်ပေးဖို့လိုပါတယ်”ဟု ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အားကစားကွင်းအနီး၌ ပြည်နယ်အဆင့် နှင့် လျော်ညီသည့် မိုးလုံလေလုံအားကစားရုံအသစ်တစ်ခု ဆောက်လုပ်ရေး၊ ဒိုင်ဗင်စင်ပါသည့် အဆင့်မီရေကူးကန် တည်ဆောက် ရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

၂၉။ ပင်းတယမှာ CDM ဆရာမနဲ့ ၅၀၅ ထုတ်ခံထားတဲ့ အမျိုးသား တိမ်းရှောင်စဥ် ဖမ်းခံရ
October 17, 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာမှာ CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာမနဲ့ သူ့ရဲ့ အမျိုးသား ၅၀၅(က)ထုတ်ခံထားရတဲ့သူတို့ တိမ်းရှောင်နေတုန်း ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်က ဖမ်းဆီးခံခဲ့ရတယ်လို့ နီးစပ်သူ ဆီကသိရပါတယ်။ ဖမ်းခံရတဲ့သူတွေဟာ ရွာငံမြို့နယ်ဘက်ကနေ ပင်းတယမြို့နယ်ဘက်မှာ လာတိမ်းရှောင်ရင်းနဲ့ ဖမ်းဆီးခံ လိုက်ရတာလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “ရွာငံမှာအဆင်မပြေလို့ ပင်းတယဘက်ကို ပြောင်းလာကြတာ။ အဲ့မှာ တောင်ယာလုပ်ကိုင်စားမယ့်ပုံနဲ့ပေါ့။ အဲ့မှာ ဘယ်သူက သိပြီး သွားပြောလိုက်တာလဲ မသိဘူး။ ဘယ်ကို ဖမ်းခေါ်သွား တယ်ဆိုတာလဲ မသိဘူး”လို့ ၎င်းက ပြောပါတယ်။

ကျောင်းဆရာမနဲ့ ၎င်းရဲ့ခင်ပွန်း ဖမ်းဆီးခံရတဲ့အပြင် ၎င်းတို့နဲ့ အတူနေထိုင်တဲ့ အမျိုးသား နှစ်ဦးကိုပါ စစ်ကောင်စီ အဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူ ၄ ဦးကို ဘယ်ကိုခေါ်သွားလဲ အတိအကျ မသိရှိရ သလို အခုချိန်ထိလည်း အဆက်သွယ်မရသေးဘူးလို့ နီးစပ်သူထံကနေ သိရပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကနေ တိမ်းရှောင်နေရသူတွေ အနေနဲ့ ပုံမှန်အတိုင်း ပြန်လည်နေထိုင်နိုင်ပြီလို့ အာဏာသိမ်းစစ်ကောင်စီက လက်အောက်ခံ အုပ်ချုပ် ရေးမှူးတွေကနေတဆင့် ဝါဒဖြန့် ကြေညာထားပြီး မြေပြင်မှာ ဖမ်းဆီးမှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

၃၀။ နမ္မတူမြို့နယ် နေအိမ်များ ဖောက်ထွင်းခံရ ငွေကြေးအများအပြား ခိုးယူခံရ
October 18, 20220
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ချောင်းသာကျေးရွာအုပ်စု ရေအိုးကျေးရွာတွင် ပြည်သူ့နေအိမ် ဖောက်ထွင်းခံရပြီး ငွေကြေး ကျပ်သိန်း ၅၀ ကျော် ဆုံးရှုံးသွားရကြောင်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ ည အချိန်တွင် နမ္မတူ မြို့နယ် ရေအိုးကျေးရွာတွင်ရှိသည့် ဦးကြာယုံ နေအိမ် ဖောက်ထွင်းခံရပြီး သေတ္တာအတွင်း ထည့်ထားသည့် ပိုက်ဆံ ကျပ်သိန်း ၅၀ ကျော် ခိုးယူခံလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူခိုးက လှေကားကို အသုံးပြုပြီး ပြတင်းပေါက်ကနေ အိမ်ထဲကို ဝင်ခိုးတာ၊ စနေနေ့ ညက ကျနော်တို့ အပြင်ရောက်နေချိန်ကို လာခိုးသွားတာဖြစ်မယ်၊ တနင်္ဂနွေ မနက်ခင်းမှ အိမ်ကို သူခိုးဝင်ခိုးပြီး ပိုက်ဆံပျောက်မှန်း သိရတယ်၊ ငွေ သိန်း ၅၀ ကျော် ဆုံးရှုံးရတယ်” ဟု ဦးကြာယုံ၏ ဆွေမျိုးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဝါတွင်းကာလ ဝါခေါင်လပြည့်နေ့တွင်လည်း အိမ်ရှင် ဒေါ်အေးနေ ဘုန်းကြီးကျောင်းသို့ ဥပုသ် သွားယူစဥ် နေအိမ်ဖောက်ထွင်းခံရပြီး ပိုက်ဆံ ၃ သိန်းကျော် ခိုးယူခံလိုက်ရကြောင်းလည်းသိရသည်။ “သူခိုးတွေက အိမ်ရှင်တွေမရှိတဲ့အချိန် ကို ချောင်းပြီး ဝင်ခိုးနေကြတာ၊ ဒေါ်အေးနေ အိမ်ကိုဝင်ခိုးတဲ့ အမျိုးသားကလည်း အိမ်ရှင် ဥပုသ်သွားယူနေချိန် ဝင်ခိုးတာ၊ အိမ် သား တွေလည်း ရွာထဲက အလှူဆီ ရောက်နေလို့ ဘယ်သူမှ မရှိတဲ့ အချိန်ပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။ ရေအိုး ကျေးရွာသည် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့မှ ထိန်းချုပ်ထားသည့်ရွာဖြစ်ပြီး ခိုးယူဖောက်ထွင်းမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း သူခိုးကို ဖမ်းမိခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

၃၁။ လောင်းလုံးမှာ ရဲတပ်ကြပ်ကြီးဟောင်းတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံပြီး ရင်ဘတ်တွင် ကျည်ဆံထုတ်ချင်းပေါက်၍ အသက်အန္တရာယ်စိုးရိမ်ရ
October 18, 2022
တနသာ်ရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့ရှိမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီးဟောင်းတစ်ဦး ယနေ့ နံနက်အစောပိုင်းက လမ်းမှာပစ်ခတ်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်များထံမှသိရပါတယ်။ အောက်တိုဘာလ ၁၈ ရက် နံနက် ၅ နာရီခွဲ ခန့်အချိန်က လောင်းလုံးမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီးဟောင်း ဦးချိုလွင်အား လောင်းလုံးမြို့ လမ်းပိုင်းတစ်နေရာမှာ ပစ်ခတ်ခဲ့တယ်လို့ လောင်းလုံး PDF က ပြောပါတယ်။ “ဦးချိုလွင်ဟာ တော်လှန်ရေးအစကာလက သပိတ်စစ်ကြောင်းများအား အကြမ်းဖက် ဖမ်းဆီးဖြိုခွင်းမှု၊ စရဖနှင့်စစ်ကောင်စီတပ်သားများအား စစ်ကြေးကောက်ခံပေးမှု၊ စစ်ကောင်စီအား လျှို့ဝှက်စွာ သတင်းပေး နေသူဖြစ်ပြီး စစ်ကောင်စီမှပေးသည့် ပျူစောထီးသင်တန်း ဖြစ်မြောက်ရေးအတွက် စည်းရုံးလှုံ့ဆော်ပေးနေသူ တစ်ဦး ဖြစ်တယ် “လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သေနတ်နဲ့ပစ်ခတ်ချိန်မှာလဲကျနေတဲ့ ဦးချိုလွင်ကို အနီးအနားရှိ ပြည်သူတွေက ဝိုင်းအုံ ပြီးလာရောက်ကြည့်ရှုနေတာကြောင့် အပြီးပစ်ခတ်ရှင်းနိုင်ခြင်းမျိုးမရှိပဲ ဆုတ်ခွာလာခဲ့ရပြီး ၎င်း၏ ရင်ဘတ်တွင် ကျည်ဆံ တစ်ချက် ထုတ်ချင်းပေါက်သွားပြီး အရေးပေါ်ကားနဲ့လာရောက်တင်ဆောင်သွားတယ်လို့ သိရပါတယ်။ ပြည်သူလူထုများအနေနဲ့ မလိုလားအပ်တဲ့ အပြုအမူများမပြုလုပ်ကြရန်နဲ့ သေနတ်သံကြားရင် ဘေးကင်းလုံခြုံတဲ့နေရာတွင် နေပေးကြဖို့ကိုလည်း လောင်းလုံး PDF မှ အထူးမေတ္တာ ရပ်ခံတောင်းဆိုထားပါတယ်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။