• Today is: Sunday, May 19, 2024

နယ်မြေရဲစခန်းတိုက်ခိုက်ပြီး အပြန်လမ်းမှာ နှစ်ဖက်တိုက်ပွဲပြန်ဖြစ်လို့ MSRO အဖွဲ့ တာဝန်ခံ တဦး ကျဆုံး

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၈

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အနောက်ဘက် ၇ မိုင်ခန့်အကွာရှိ အစင်ကျေးရွာအုပ်စု၊ ဇီးဖြူသောင်ကျေးရွာ နယ်မြေရဲစခန်းကို သွားရောက်တိုက်ခိုက်ပြီး အပြန်လမ်းမှာ နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တာကြောင့် MSRO အဖွဲ့ တာဝန်ခံတစ်ဦး ကျဆုံးသွားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဇီးဖြူသောင်ကျေးရွာရှိ နယ်မြေရဲစခန်းကို မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) အဖွဲ့ တာဝန်ခံတစ်ဦးဖြစ်သူ အဂ္ဂ ဦးဆောင်တဲ့အဖွဲ့ဟာ မနေ့က အောက်တိုဘာ ၁၇ ရက်နေ့ မွန်းလွဲ ညနေပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

နယ်မြေရဲစခန်းကို တိုက်ခိုက်ပြီးအပြန် ရေးမြို့၊ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ ဒူးယားကျေးရွာ အုပ်စု၊ ပလိုင်ကီးကျေးရွာအနီးအရောက် မွန်းလွဲ ညနေပိုင်း (၄း၃၀ မိနစ်)မှာတော့ စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုးပြီး တိုက်ပွဲ ထပ်ဖြစ်ချိန် MSRO အဖွဲ့ တာဝန်ခံတစ်ဦးဖြစ်တဲ့ အဂ္ဂ ကျဆုံးသွားပြီး ကျန်အဖွဲ့ဝင်တွေက လွတ်မြောက် သွားတယ်လို့ သိရပါတယ်။

“ကြားသိရတာက MSRO အဖွဲ့က ၉ ဦးလောက်ရှိမယ်။ ဇီးဖြူသောင် နယ်မြေရဲစခန်းကို သူတို့သွားပစ်တာ။ စကစ ရဲစခန်းဘက် ကလည်း ပြန်ပစ်တယ်။ ပစ်တော့ သူတို့တွေပြန်ဆုတ်လာတာ။ ပြန်ဆုတ်လာတဲ့လမ်း ဒူးယားနဲ့ ပလိုင်ကီး အနီးအရောက်မှာတော့ ဆင်းလာတဲ့ စကစ တပ်ဖွဲ့တွေနဲ့ ထပ်တိုးတယ်လို့ သိရတယ်။ အဲဒီမှာ ပစ်ခတ်မှု ထပ်ဖြစ်ပြီး ခေါင်းဆောင် အဂ္ဂ ကျသွားတာ”လို့ အဲဒီအခြေအနေကို သိရှိသူတွေက ပြောပါ တယ်။

တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာမှာတော့ စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ကိုသီဟနေစိုး(ခ) တိုလီ(ခ) ကိုအဂ္ဂ ဟာ MSRO ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်သလို ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ လူငယ်ရေးရာတာဝန်ခံတစ်ဦးလည်း ဖြစ်ပါတယ်။

MSRO အဖွဲ့ တာဝန်ခံ အဂ္ဂဟာ ပြီးခဲ့တဲ့အပတ်ထဲကဘဲ MSRO အဖွဲ့ရဲ့ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ဖက်ဒရယ်ဂျာနယ် မြန်မာကို အင်တာဗျူး ဖြေကြားပေးခဲ့သူလည်း ဖြစ်ပါတယ်။