• Today is: Thursday, February 2, 2023

ဘာမန်နိုက်ဇေးရှင်း (Burmanisation) နဲ့ ယဉ်ကျေးမှုစိုးမိုးခြင်း

ဘာမန်နိုက်ဇေးရှင်း (Burmanisation) နဲ့ ယဉ်ကျေးမှုစိုးမိုးခြင်း

  • စည်းနရီ

ယဉ်ကျေးမှုအရ စိုးမိုးခြင်းအကြောင်းကို နိုင်ငံရေးအရ အလွန်အရေးကြီးတဲ့ အကြောင်းအရာတခုအဖြစ် စတင်စဉ်းစားခဲ့သူတွေထဲမှာ အရေးအကြီးဆုံးသူတဦးကတော့ အီတလီနိုင်ငံရေးသမား အန်တိုနီယိုဂရမ်ချီ ဖြစ်ပါတယ်။ ကွန်မြူနစ်အယူအဆအရ အုပ်စိုးသူလူတန်းစားဟာ အုပ်ချုပ်ခံလူတန်းစားကို အမြတ်ထုတ်ဖို့ ယဉ်ကျေးမှုတွေကို အသုံးချတယ်လို့ မြင်ပါတယ်။

လူ့အသိုင်းအဝိုင်းတခုအတွက် စနစ်သစ်တခုကို ထူထောင်ဖို့ ရှုမြင်တဲ့အခါမှာ နိုင်ငံရေးအရ တော်လှန်လိုက်တယ်ဆိုတာနဲ့တင် အဆုံးမသတ်ပဲ ယဉ်ကျေးမှုအရ စိုးမိုးလက်ဝါးကြီးအုပ်ထားတာကို ဖြိုဖျက်တွန်းလှန်ဖို့ပါ အရေးကြီးပါတယ်။ ဒီလိုယဉ်ကျေးမှုအရ စိုးမိုးပြီး လက်ဝါးကြီးအုပ်ထားတာကို Cultural Hegemony လို့ ခေါ်ပါတယ်။ ဒီစိုးမိုးချယ်လှယ်မှုကို ဖြိုဖျက်ချမှသာ စစ်မှန်တဲ့စနစ်အပြောင်းအလဲကို ဖြစ်စေနိုင်မယ်လို့ “ထောင်တွင်းမှတ်စုများ” စာအုပ်မှာ ဂရမ်ချီက ပြောပါတယ်။

ကွန်မြူနစ်အမြင်ကနေ ဆန့်ထုတ်တွေးတောကြည့်မယ်ဆိုရင် ကိုယ့်စာပေ၊ ကိုယ့်သမိုင်း၊ ကိုယ့်ဘာသာစကားနဲ့ အမျိုးသားလူထုတစ်ခုအဖြစ် အသိဉာဏ်ဖွံ့ဖြိုးလာတဲ့ လူမျိုး (Nations) တွေရဲ့ ယဉ်ကျေးမှုတွေကို ကြီးထွားရှင်သန်ခွင့်မပေးဘဲ အခြားလူမျိုးတစ်မျိုးက ဝါးမြိုပျောက်ဆုံးစေပြီး ဖြစ်စေချင်တဲ့ ယဉ်ကျေးမှုတရပ်ကို ပုံစံမျိုးစုံနဲ့ အစားထိုးသွတ်သွင်းကာ နိုင်ငံရေးအရ အနိုင်ယူတဲ့ပုံစံကို Cultural Hegemony လို့ ခေါ်ပါတယ်။

အုပ်ချုပ်သူလူတန်းစားတွေဟာ Cultural Hegemony ကို အသုံးပြုလေ့ ရှိကြပါတယ်။  အုပ်ချုပ်သူလူတန်းစားတွေဟာ အုပ်ချုပ်မှုကို ခံရတဲ့၊ ခံရမယ့် လူတွေ(ပြည်သူ) အပေါ်မှာ သူတို့မြင်စေချင်တဲ့ပုံစံ လောကအမြင်ကို သွတ်သွင်းပေးပြီး အကြည်အသာအုပ်ချုပ်ခံနေအောင် နိုင်ငံရေးအရ သဘောတူညီချက် (Consent) ယူတဲ့အလုပ်ကို လုပ်ကြပါတယ်။ ထိုအလုပ်ကို အုပ်ချုပ်သူအနေနဲ့ အုပ်ချုပ်ခံ (ပြည်သူ) ကနေ လုပ်ပိုင်ခွင့် (Legitimacy) ရယူတယ်လို့ ဆိုပါတယ်။

ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးဘုရင်ဖြစ်တဲ့ သီပေါမင်းလက်ထက်မှာ အင်္ဂလိပ်နယ်ချဲ့တို့ ကျူးကျော်တိုက်ခိုက်ခဲ့တာကြောင့် ကုန်းဘောင်မင်းဆက်ကြီး ပျက်သုဉ်းသွားခဲ့ရပါတယ်။ ထိုမတိုင်ခင်က  ရခိုင်နိုင်ငံနဲ့ မွန်နိုင်ငံတွေဟာ ကုန်းဘောင်နိုင်ငံရဲ့ လက်အောက်ခံကိုလိုနီအဖြစ်ကို ရှိပြီးသားဖြစ်နေပါတယ်။

ဗြိတိသျှက လွတ်လပ်ရေးပေးတဲ့အခါမှာတော့ သီးသန့်တခြားနိုင်ငံရေးယူနစ်တွေဖြစ်တဲ့ ကချင်၊ ရှမ်း၊ ချင်း၊ ကရင်နီ စတဲ့ အမျိုးသားနိုင်ငံရေးယူနစ်တွေနဲ့ ပူးပေါင်းပြီး ပြည်ထောင်တွေကို စုစည်းလို့ ပြည်ထောင်စုတခုဖန်တီးမယ်လို့ သဘောတူခဲ့ကြတယ်။ ဒါပေမယ့် ဗမာနိုင်ငံရေးယူနစ်ရဲ့ ခေါင်းဆောင်သူတွေဟာ သူတို့မြင်စေချင်တဲ့ လောကအမြင်နဲ့ ယဉ်ကျေးမှုတွေကို သွတ်သွင်းရင်း ကတိဖောက်ခဲ့တယ်။ ယဉ်ကျေးမှုစိုးမိုးမှုကို အခြေကုပ်ယူပြီး ပညာရေး၊ စီးပွားရေး၊ လူမှုရေးတွေကနေ ဗမာနိုင်ငံရေးယူနစ်ရဲ့ အာဏာလက်တံတွေကို ဖြန့်ထုတ်ခဲ့ကြပါတယ်။

အဲ့သည်လိုကနေ လူမျိုးစုအစုံနေပြီး၊ ယဉ်ကျေးမှုအစုံရှိနေတဲ့ နိုင်ငံတော်ဆိုပြီး မြန်မာအမျိုးသားနိုင်ငံကြီးတည်ထောင်လို့ တခြားလူမျိုး (Nations) တွေရဲ့ အမျိုးသားဝိဉာဉ်တွေကို ဖျက်ဆီးခဲ့ကြပါတယ်။ ဒါကို တနိုင်ငံလုံး တမျိုးသားတည်းဝါဒ (One nation) အယူအဆ (ဝါ) Burmanisation ဗမာဇာတ်သွင်းတယ်လို့ သမုတ်နိုင်ပါတယ်။ ဗဟုယဉ်ကျေးမှုဝတ်ရုံအောက်မှာ ကိုလိုနီစနစ်ကို အသက်ဝင်စေတော့တာပါပဲ။

မြန်မာနိုင်ငံအနေနဲ့ အစိုးရစာသင်ကျောင်းတွေမှာ မြန်မာဘာသာ တမျိုးတည်းကိုအခြေခံပြီး သင်ကြားသလို၊ ယဉ်ကျေးမှုဆိုင်ရာ၊ သမိုင်းဆိုင်ရာ ဘာသာရပ်တွေမှာလည်း မြန်မာ့သမိုင်းတစ်ခုတည်းကိုသာ သင်ကြားပေးခဲ့တာကြောင့် ဗမာအပါအဝင် လူမျိုးစုံတိုင်းရင်းသားတို့ဟာ အမျိုသားရေးအမွေအနှစ်နဲ့ သမိုင်းကြောင်းကို မသိမနားလည်းဘဲ ကြီးပြင်းခဲ့ကြရပါတယ်။

လူမျိုးတခုဟာ အလုပ်အကိုင်စီးပွားရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့မိခင်ဘာသာစကားကို မသင်ရပဲ တခြားဘာသာစကားသင်ယူရတာ ကောင်းမွန်တဲ့အချက်မဟုတ်ပါဘူး။ ဗြိတိသျှတွေ ဒီလိုလုပ်တုန်းကတော့ တို့ဗမာအစည်းအရုံးကနေ တွန်းလှန်ခဲ့တာပဲ မဟုတ်လား။

ယဉ်ကျေးမှုမှာလည်း ဆို၊ က၊ ရေး၊ တီးမှာ ဗမာ့ယဉ်ကျေးမှုပဲတွေ့ရတယ်။ ယဉ်ကျေးမှုကို Public good (လူထုဥစ္စာ)အဖြစ် မြင်တဲ့ရှုထောင့်ကနေ စဉ်းစားကြည့်တဲ့အခါ အမျိုးသားယဉ်ကျေးမှုက ဘာလို့ ဗမာ့ယဉ်ကျေးမှုပဲ ဖြစ်နေသလဲ ပြန်ကြည့်ရပါတယ်။ လူများလို့ဆိုတာ မှန်တဲ့အဖြေမဟုတ်ပါဘူး။

အမျိုးသားယူနစ်တွေကို ဝါးမြိုပြီး နယ်ပယ်အရ ကြီးမားခြင်း၊ လူဦးရေအရ များပြားခြင်းဟာ Internal colonialism အတွင်းဘက်လှိုက်စားတဲ့ကိုလိုနီစနစ်လို့ပဲ ပြောရမှာပါပဲ။ တိုင်းရင်းသားအားလုံးရဲ့ တန်းတူညီမျှရေးကို အလေးထားဖို့ သဘောတူပြီး နိုင်ငံတော်သစ်ကြီးတစ်ရပ် တည်ထောင်ခဲ့တဲ့နိုင်ငံကြီးတခုအနေနဲ့  ဒီလိုကတိပျက်မှုတွေကို လက်ခံလို့ မရပါဘူး။

ဒီနေရာမှာ အငြင်းပွားစရာတခုက အမျိုးသားနိုင်ငံတော်တည်ဆောက် (Nation Building) ပြီး တမျိုးသားတည်းစိတ်ကို တည်ထောင်ဖို့ လုပ်တာလား၊ ကိုလိုနီစနစ်လားလို့ မေးစရာဖြစ်တယ်။ နှစ် ၇၀ ကျော် ကြာတဲ့ပြည်တွင်းစစ်ဟာ ကိုလိုနီစနစ်ဖြစ်တယ်ဆိုတာကို ထပ်ပြောစရာမလိုလောက်အောင် ရှင်းလင်းတဲ့အချက်အလက်ပဲ ဖြစ်လိမ့်မယ်လို့ ထောက်ပြချင်ပါတယ်။

နောက်ထပ် မှတ်သားစရာက ဒီနိုင်ငံရေးကတိပျက်ပြီး ယဉ်ကျေးမှုဝါးမြိုဗိုလ်ကျတာဟာ မူလအစ လွတ်လပ်ရေးမရခင်ကတည်းက နိုင်ငံရေးခေါင်းဆောင်တွေက စလုပ်ခဲ့ပြီး စစ်တပ်က နိုင်ငံရေးသမားတွေရဲ့ နောက်ကလိုက်တာဖြစ်လို့ ဖြေရှင်းမယ်ဆို ဘက်စုံဖြေရှင်းရမယ့် ပြဿနာဖြစ်ပြီး စစ်ပွဲနိုင်ရုံနဲ့ (လက်နက်ကိုင်တိုက်ခိုက်နေကြရုံနဲ့) ပြီးမယ့်အရာမဟုတ်ကြောင်းကိုလည်း အသေအချာ ရှင်းလင်းနေရမှာပဲ ဖြစ်ပါတယ်။

ဒါမှလည်း အုပ်စုရပိုင်ခွင့် (Group rights) များကို ချိုးဖောက်ထားတဲ့ ကတိပျက် ကိုလိုနီစနစ်ကနေ ဒီမိုကရေစီကို ဖော်ဆောင်ရန်မဖြစ်နိုင်ကြောင်းကိုလည်း ရှင်းလင်းစွာသိရှိမှာဖြစ်ပါတယ်။ နိုင်ငံရေးယူနစ်အသီးသီးရဲ့ နိုင်ငံရေးအရ ဆက်ခံ နိုင်ငံရေးလုပ်သူ ခေါင်းဆောင်တွေအနေနဲ့ ပင်လုံကတိကဝတ်အပါအဝင် နိုင်ငံတော်တည်ဆောက်ရေးအတွက် ချုပ်ဆိုခဲ့တဲ့ ကတိကတဝတ်၊ သဘောတူညီချက်တွေကို ရိုးသားမှန်ကန်သောစိတ်ဓာတ်နဲ့အကောင်အထည်ဖော် ဆောင်ရွက်မှသာလျှင် တကယ့်နိုင်ငံကြီး ဖြစ်လာမှာ ဖြစ်သလို တနိုင်ငံတည်းသားစိတ် (Civic nation) အဖြစ်ကို မှန်ကန်စွာကူးမြောက်လို့ရမှာလည်း ဖြစ်ပါတယ်။