• Today is: Thursday, April 18, 2024

သီပေါ၊ ကုန်းသားမှာ ရှမ်းနှစ်သစ်ကူးပွဲ လုံခြုံရေးယူနေတဲ့ SSPP/SSA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် တိုက်ပွဲဖြစ်

 ဓါတ်ပုံ – SSPP INFO
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂၅
 
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာအတွင်းမှာ ရှမ်းနှစ် သစ်ကူးပွဲနှင့် ကောက်သစ် ဆွမ်းကပ်လှူပွဲအတွက် SSPP/SSA တပ်ဖွဲ့တို့ လုံခြုံ ရေးယူပေးထားတဲ့ နယ်မြေထဲ အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ကျူးကျော်ဝင်ရောက်တာကြောင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ SSPP သတင်းအရင်းအမြစ်က ထုတ်ပြန်ပါတယ်။
 
“နိုဝင်ဘာလ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ ကုန်းသာကျေးအုပ်စု ကုန်းသာကျေးရွာတွင် ရှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်သစ်ဆွမ်းကပ်လှူပွဲ ကျင်းပပြုလုပ်အပြီး နိုဝင်ဘာ ၂၅ နံနက်အစောပိုင်း ပွဲကော်မတီနှင့် ကျေးရွာ ဒေ သခံတို့ ပွဲခင်းသိမ်းနေချိန် အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကောစီတပ်ဖွဲ့ ခလရ ၆၈ နှင့်ခလရ ၂၃ တို့ ကုန်းသာရွာ ထဲသို့ ကျူးကျော်ဝင်ရောက်လာတာကြောင့် ကုန်းသာကျေးရွာအတွင်း လမ်းလုံခြုံရေး ယူထားတဲ့ SSPP/SSA တပ်ဖွဲ့တို့ကြား နံနက်ပိုင်း ၆ နာရီ ၁၅ မိနစ်ကနေ နံနက် ၇ နာရီထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့” ဆိုပါတယ်။
 
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ချို့သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်လာတာကြောင့် ကုန်းသာကျေးရွာအုပ်စုက ဒေသခံ ၆၀၀ ခန့်ဟာ လုံယွန်းဘုန်းကြီး ကျောင်းနှင့် သီပေါမြို့ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးသိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
 
နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ကုန်းသာကျေးရွာမှာတော့ နှစ်ဖက်စလုံးက စစ်အင်အားဖြည့်ကာ ဆက်လက် စစ်ရေး တင်းမာမှု ဖြစ်နေတယ်လို့ ဆိုပါတယ်။
 
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဟာ စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ၂ ကြိမ်တိုင် တက်ရောက် ဆွေးနွေးထားတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။