• Today is: Friday, May 17, 2024

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ အခြားတိုင်းပြည်တွေက အာဆီယံရဲ့ မူဝါဒကို လေးစားလိုက်နာသင့် တယ်လို့ အင်ဒိုနီးရှား ပြော

ဓါတ်ပုံ – THE HINDU (Follow ASEAN path on Myanmar, says Indonesian FM, after New Delhi engages military rulers)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၂

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ အခြားတိုင်းပြည်တွေက မတူညီတဲ့ လမ်း ကြောင်းကို ချမှတ်တာထက် အာဆီယံအဖွဲ့ရဲ့မူဝါဒကို လေးစားလိုက်နာသင့်တယ် လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားလိုက်တယ်လို့ အိန္ဒိယ သတင်းဌာန The Hindu က ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုအလွန် စစ်ကောင်စီက အရပ်သား အစိုးရကို ဖြုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်နဲ့ချီတဲ့ ခေါင်းဆောင်တွေကို အကျဉ်းချပြီးနောက် အာဏာ ရရှိလာ ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ ဆက်ဆံတဲ့ အိန္ဒိယနိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မာဆူဒီက အခုလို ဝေဖန် ပြောကြားခဲ့တာပါ။

အိန္ဒိယနဲ့ အခြားတိုင်းပြည်တွေရဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုက အာဆီယံနိုင်ငံတွေရဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေး ကြိုးပမ်းမှုတွေကို အားနည်းစေသလို ထိရောက်မှု မဖြစ်စေနိုင်ဘူးလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ် ရပ်တန့်ဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးကြား တွေ့ဆုံဆွေးနွေးဖို့၊ အထူးသံတမန်ခန့်အပ်ဖို့၊ အာဆီယံက လူသားချင်းစာနာမှုအကူအညီ ပေးအပ်နိုင်ဖို့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံနိုင်ရေး မြန်မာနိုင်ငံသို့ အထူးကိုယ်စားလှယ် သွားရောက်ခွင့်ရရှိရေး ပါဝင်တဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို လိုက်နာကြဖို့ အိန္ဒိယနဲ့ အခြား တိုင်း ပြည်တွေကို မာဆူဒီက တိုက်တွန်းလိုက်ပါတယ်။

အိန္ဒိယကိုတော့ တိုက်ရိုက်ခေါ်ဝေါ်ပြောဆိုခဲ့ပေမယ့် အခြားတိုင်းပြည်များဆိုတဲ့ ပြောဆိုမှုကတော့ ဘယ်နိုင်ငံ တွေကို ပြောချင်တာလဲဆိုတာတော့ ရှင်းရှင်း လင်းလင်း ဖော်ပြထားတာ မတွေ့ရပါဘူး။

စစ်ကောင်စီခေါင်းဆောင်များကို အနောက် ဒီမိုကရေစီ အင်အားစု နိုင်ငံကြီးတွေ့ အာဏာသိမ်း စစ်ကောင်စီကို ဒဏ်ခတ် အရေးယူမှုတွေ ပြုလုပ်နေသလို မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် လျှောက်လှမ်း နိုင်ရေးအတွက် ပံ့ပိုးကူညီနေပေမယ့် ရုရှားနဲ့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံ တွေက စစ်ကောင်စီနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံမှုတွေကို ဆက်လက် ပြုလုပ်နေတာပါ။

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ကို မကြာမီ ကမ္ဘောဒီးယားနိုင်ငံကနေ လွဲပြောင်း ယူရတော့မှာလည်း ဖြစ်ပါတယ်။