• Today is: Tuesday, April 30, 2024

စစ်အာဏာရှင်စနစ် တွန်းလှန်ရာမှာ ပိုမိုထိရောက်နိုင်ဖို့ ကလေးဒေသ ကော်မတီကို အထက်ချင်းတွင်း ဒေသ ကော်မတီအဖြစ် CNO/CNDF ပြောင်းလဲ ဖွဲ့စည်း

ဓါတ်ပုံ – CNO

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၂

စစ်အာဏာရှင်စနစ် တွန်းလှန်ရာမှာ ပိုမိုထိရောက်နိုင်ဖို့ ကလေးဒေသကော်မတီ ကို အထက်ချင်းတွင်း ဒေသ ကော်မတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်တာလို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ၏ အထွေထွေ အတွင်းရေးမှူး ဆလိုင်း ဗန်ထောင်းထန် က ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိ CNO/CNDF ၏ လှုပ်ရှား တနေရာဖြစ်တဲ့ (အထက်ချင်းတွင်း ဒေသ) ကလေးဒေသ ဟာ PDF-Kalay၊ CDF-KKG ၊ ပကဖ စတဲ့ အဖွဲ့အစည်း တွေနဲ့ မဟာမိတ် စစ်ဆင်ရေးများ ဆောင်ရွက် နေတဲ့ နယ်မြေဒေသလည်း ဖြစ်သလို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၏ တပ်ရင်း (၁)ရဲ့ ခွဲထုတ် တပ်ရင်း (၄) နယ်မြေအဖြစ်လဲ ပြောင်းလဲ ဖွဲ့စည်းခဲ့တာပါ။

CNO/CNDF ၏ စိုးမိုးနယ်မြေဟာ ဖလမ်းဒေသ၊ အထက်ချင်းတွင်းဒေသနဲ့ India ဒေသဆိုပြီး ဒေသ (၃) ခု ခွဲခြား သတ်မှတ်ထားသလို ဗဟိုကောင်စီမှာ အားလုံးပြန်လည် စုစည်းတယ်လို့ သိရပါတယ်။

ဒေသအလိုက် အုပ်ချုပ်ရေး၊ နိုင်ငံရေးဆိုင်ရာများကို လွတ်လပ်စွာ အပြည့်အ၀ စီမံခန့်ခွဲခွင့်ကို အပ်နှင်း ပြီး CNDF တပ်ပိုင်း ဆိုင်ရာနှင့် ပတ်သက်ပြီး Commander in Chief ရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက် မှာ တည်ရှိတယ်လို့ သိရပါ တယ်။

“ဒေသ(၃) ခုကို ဒေသအလိုက် အုပ်ချုပ်ရေး၊ နိုင်ငံရေးဆိုင်ရာ ကိစ္စနှင့် ပက် သက်ပြီး လွတ်လပ်ခွင့် အပြည့်အဝ ပေးထားတယ်။ အရေးကြီးတဲ့ ဆုံးဖြတ် ချက်တွေကို ဆုံးဖြတ်ချမှတ်တာ ပိုများတယ်။ တပ်ဖက်ပိုင်း ဆိုင်ရာ (CNDF) နှင့် ပက်သက်ပြီးတော့ Commander in Chief ရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက် မှာ ရှိတယ်။ သို့သော် ဒေသတွေကို defense secretary နဲ့ CHIEF OF STAFF တွေရဲ့ ကိုယ်စားလုပ်ပိုင်ခွင့်အာဏာတွေကို ပေးထားတဲ့အခါကြတော့ တာဝန် ရှိသူတွေက ကိုယ်စား လှယ် အာဏာကျင့်သုံးခွင့် ရှိကြတယ်”လို့ ပြောပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)ဟာ နိုင်ငံရေးအရ မဟာမိတ်များနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ပြီး ဒေသအလိုက် စီမံ အုပ်ချုပ်လုပ်ပိုင်ခွင့်တွေကို အတိုင်းတာ တစ်ခုအထိ လွပ်လပ်စွာ အပ်နှင်း ပေးထားတယ်လို့ သိရပါတယ်။