• Today is: Friday, April 26, 2024

စစ်ကောင်စီက CNA ဌာနချုပ်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဟာ နိုင်ငံရေးအရ မှားယွင်းတဲ့ လုပ်ရပ်လို့ ICNCC ထုတ်ပြန်

ဓာတ်ပုံ – CHRO

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၃ 

စစ်ကောင်စီက CNA ဌာနချုပ်တည်ရှိတဲ့ Camp Victoria ကို လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းဟာ နိုင်ငံရေးအရ အလွန်ပင် မှားယွင်းတဲ့ လုပ်ရပ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ(ICNCC) က ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် အခုလို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဟာ လူမျိုးရေးအရလည်း ပြန်လည် ဖြေဆည်ရာ ခက်ခဲတဲ့ စိတ်ဒါဏ်ရာများကို ပိုမိုနက်ရှိုင်းခိုင်မာသွားစေတယ်လို့ ICNCC က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းအမျိုးသားတပ်မတော် (CNA) ဌာနချုပ်တည်ရှိတဲ့ Camp Victoria ကို  ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်း မြန်မာစံတော်ချိန် ၄ နာရီ မိနစ် ၃၀ ခန့်မှာ တိုက်လေယာဉ် ၅ စင်းဖြင့် စတင်ပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။

“စစ်ကောင်စီက ကျနော်တို့ရဲ့ ဌာနချုပ်ကို ဖျက်ဆီးပစ်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းနေတာကြာပြီ၊ မြေပြင်မှာ ကျနော်တို့ကို မယှဉ်နိုင်တာကြောင့် လေကြောင်းကိုအားပြု တိုက်ခိုက်တာဖြစ်တယ်၊ ဒါပေမယ့် လေကြောင်း ဘယ်လောက်ပဲသုံးပါစေ ကျနော်တို့ကို ဖြိုနိုင်မှာ မဟုတ်ဘူးဆိုတာပါပဲ၊”

“ကျနော်တို့ကို ဖိနှိပ်ဖို့ ကြိုးစားလေလေ ကျနော်တို့က စစ်ရှိန်မြှင့်လေလေပဲဖြစ်မှာ၊ ဒီနေ့ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် အထူးဝမ်းနည်းခံပြင်းမိတယ်၊ ချင်းလူမျိုးတွေအတွက် တကယ့်ကို မေ့မရနိုင်တဲ့ နေ့တစ်နေ့ ဖြစ်တယ်” လို့ CDF-Daai ရဲ့ ပြောခွင့်ရ Salai Ai Bax က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသား တပ်မတော် (CNA) တပ်ဖွဲ့၀င်များ ရဲဘော်များဖြစ်တဲ့ စစ်သမီး ၂ ဦး၊ စစ်သား ၃ ဦး စုစုပေါင်း ၅ ဦး ကျဆုံး သွားပါတယ်။

စစ်ကောင်စီ လေယာဉ်များဟာ အိန္ဒိယလေပိုက်နက်ထဲကနေ Camp Victoria ကို ပစ်ခတ်ခဲ့သလို အိန္ဒိယ ပိုင်နက်ထဲကိုလည်း အနည်းဆုံး ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြောဆိုမှု ရှိခဲ့နေပါတယ်။

စစ်ကောင်စီကတော့ ၂၀၂၃ နှစ်ကို အပစ်ရပ်ဖြစ် ထပ်မံတနှစ်ထပ်တိုးလိုက်တယ်လို့ ပြောဆိုထားသလို ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တိုးမြှင့်ရန် ၄ နှစ်ကျော် အပစ်အခတ်ရပ်စဲ ပြီးနောက် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက် စဉ်ဆက်မပြတ် အကောင်အထည် ဖော်ဆောင် ဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ညက ကြေညာထားတာပါ။

စစ်ကောင်စီက အပစ်ရပ်စဲမယ်လို့ ပြောပေမယ်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း အစရှိတဲ့ တိုင်းရင်းသားများ ဒေသနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့ တည်ရှိတဲ့ နေရာများကို ပစ်မှတ်ထား ဝေဟင်အင်အား အပါအဝင် မြေပြင် အင်အားများစွာဖြင့် ထိုးစစ်ဆင်  တိုက်ခိုက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် လာတာ တွေ့ရပါတယ်။