• Today is: Tuesday, May 21, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

ဖက်ဒရယ်ဂျာနယ်မြန်မာရဲ့ အပတ်စဉ်လူမျိုးပေါင်းစုံသတင်း

(No. 11, February 7, 2023)

၁။ ဖယ်ခုံ၊ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်သား တဆယ့်ငါးဦးသေဆုံး
February 6, 2023

ရှမ်း၊ ကယားထိစပ်ရာနေရာဖြစ်တဲ့ ဝေါရီကောခူကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ရက်နေ့ကစပြီးဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ဦးသေဆုံးသလို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဘက်က ၁ဦးကျဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ KNDF ဖယ်ခုံက ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ညပိုင်းက လွိုင်ကော်ကနေ ဖယ်ခုံမြို့နယ်မိုးဗြဲဘက်ကို စ်စကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ဖယ်ခုံတော်လှန်ရေး အဖွဲ့တွေ တိုက်ပွဲစဖြစ်ခဲ့တာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။ ရှမ်း၊ ကယား ထိစပ်ရာနေရာဖြစ်တဲ့ ဝေါရီကောခူကျေးရွာအနီးမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလည်းရှိခဲ့ပြီး ပစ်ခတ်မှုမှာ အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသမီး တဦးဒဏ်ရာရ ခဲ့သလို ဝမ်းနည်းခြင်းမယ်တော်သခင်ကက်သလစ်ဘုရားကျောင်း အပါအဝင် လူနေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့တဲ့ အကြောင်း ကရင်နီပြည်နယ်လူငယ့်အစည်းအရုံး(UKSY)က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း အဲဒီရွာက ဒေသခံတွေဟာ နီးစပ်တဲ့ တောတောင်တွေထဲနဲ့ ရှမ်း၊ ကယားနယ်စပ်ဘက်ကို ညတွင်းချင်း စစ်ရှောင်နေရတယ်လို့လည်း စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၂ ရက်ကစပြီး ကရင်နီဒေသကမြို့နယ်လေးခုကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီးနောက် စစ်ဘေးရှောင် စခန်း နေရာတွေအပေါ် လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာ တယ်လို့ ကရင်နီစစ်ရှောင် အရေးကူညီနေသူတွေကပြောပါတယ်။ ပြည်တွင်းမှာ စစ်အာဏာသိမ်းထားတဲ့ ၂ နှစ်တာ ကာလအတွင်း ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၀၀ ကျော်ရှိခဲ့သလို ဒေသခံ ၂ သိန်းကျော်ဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ https://www.faceboo k.com/deltanewsagency/photos/a.697365477307820/18 54689634908726/

၂။ ပလက်ဝမြို့နယ်တွင် ဇန်နဝါရီလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံး
February 6, 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဇန်နဝါရီလအတွင်း တိုက်ပွဲငါးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင် စီတပ်သား ၁၆ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF–Paletwa က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂ ရက်မှ ၁၆ ရက်နေ့အတွင်း CDF – Paletwa တပ်ရင်း(၂) ထိန်းချုပ်နယ်မြေ အတွင်း တိုက်ပွဲ ငါးကြိမ်ဖြစ်ပွားခဲ့ကြောင်းဆိုသည်။ ပလက်ဝမြို့နယ် ရှင်းလက်ဝ စစ်ဆေးရေးဂိတ်၊ ရှင်းလက်ဝ နှင့် ခုံရွာကြားတို့ တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF – Paletwa ၊ ချင်းအမျိုးသား တပ်မတော် (CNA) ၊ ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ – အထူးတပ်ဖွဲ့( CJDC – Special Force) စသည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။ “စစ်ကောင်စီဂိတ်ကို ကျနော်တို့ဘက်က သွားတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကြောင်းတွေထိုးလာတဲ့ အတွက် ကြားဖြတ် တိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။ အဓိကတိုက်တဲ့ပုံစံက မိုင်းနဲ့ ချုံခိုတိုက်တာဖြစ်ပါတယ်” ဟု CDF – Paletwa ဗဟို ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ Paul က ပြောသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၆ ဦးသေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှ MA-1 တစ် လက်သိမ်းဆည်းနိုင်ခဲ့ကာ ရဲဘော်နှစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်းဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ် ဖွဲ့များ၏ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။ ခုံရွာနှင့် ရှင်းလက်ဝရွာ ကြားတိုက်ပွဲများကြောင့် ခုံရွာမှ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေရပြီး ရှင်းလက်ဝ ရွာ မှာ စစ်ကောင်စီတပ် အခြေချ တပ်စွဲထားခြင်းနှင့် အခြားသောအကြောင်းများကြောင့် စစ်ဘေးရှောင် ခြင်းမရှိ ကြောင်းသိရသည်။

CDF – Paletwa တွင် တပ်ရင်းလေးရင်းဖြင့်ဖွဲ့စည်းထားပြီး စစ်ကောင်စီတပ်ဂိတ်နှင့် အထိုင်စခန်းများ သွားရောက် ပစ်ခတ်ခြင်းများရှိသကဲ့သို့ စစ်ကြောင်းများကိုလည်း ကြားဖြတ်ချုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ပလက်ဝမြို့နယ်သည် အင်တာနက်လိုင်း၊ ဖုန်းအဆက်အသွယ်နှင့် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲနိမ့်ကျ လျက်ရှိပြီး ချင်းကာ ကွယ်ရေးတပ်ဖွဲ့အနေဖြင့် လက်နက်ခဲယမ်းနှင့် စစ်ဆင်ရေးကိရိယာများလိုအပ်နေကြောင်း ဗဟိုကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ ထံမှသိရသည်။ ပလက်ဝမြို့နယ်အား စစ်အုပ်ချုပ်ရေး (မာရှယ်လော) ထုတ်ပြန် ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်မှ အပြည့် အဝမအုပ်ချုပ်နိုင်သည့် အပြင် CDF – Paletwa ထိန်းချုပ်နယ်မြေများ တိုးပွားလျက်ရှိပြီး အုပ်ချုပ် ရေး၊ ကျန်းမာရေးနှင့် ပညာရေး လုပ်ငန်းများလုပ်ကိုင်လျက်ရှိ ကြောင်း Paul မှ ဆက်လက် ပြောဆိုသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်း၍ စစ်မှန်သော တိုင်းရင်းသားအားလုံး တန်းတူမှုရှိ သည့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတွင် ပြည်သူများအနေ ဖြင့် CDF – Paletwa လက်တွဲ၍ ယခု ထက်ပိုမိုပါဝင်ပေးကြရန် CDF – Paletwa ဗဟိုကာကွယ်ရေးကော်မတီဥက္ကဋ္ဌ မှ မေတ္တာ ရပ်ခံပြောကြားသည်။ https://www.facebook.com/MizzimaDaily/photos/a.320351647999747/6384599121574939/

၃။ ကေအန်ယူတပ်မဟာ ၄ နှင့် ကော်သူးလေတပ်အကြား အမြန်ဆုံးဆွေးနွေးအဖြေရှာရန် တနင်္သာရီလူထု တောင်းဆို
February 7, 2023

ကရင်အမျိုးသားအစည်းအရုံး- ကေအန်ယူလက်အောက်ခံ တပ်မဟာ (၄)နဲ့ ကော်သူးလေ တပ်မတော်တို့အနေနဲ့ ကရင် ပြည်သူလူထုရဲ့ မျက်နှာကို ‌ထောက်ပြီး အမြန်ဆုံးဆွေးနွေးအဖြေရှာဖို့ တနင်္သာရီတိုင်းအတွင်းရှိ ကရင်ပြည်သူ လူထုတွေ က ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။ လတ်တလော ထွက်ပေါ်လာတဲ့အဆိုပါတပ်ဖွဲ့ ၂ ဖွဲ့ရဲ့ အပြန်အလှန် ထုတ်ပြန် ချက်တွေကြောင့် တဖက်နဲ့ တဖက် ဆက်ဆံရေးပိုမိုတင်းမာလာတာတွေ့ရှိလာရပြီး ကရင်အမျိုးသားလက်နက်ကိုင် အချင်းချင်း အကြား ဖြစ်ပေါ်တဲ့ ပဋိပက္ခတွေဖြေရှင်းရာမှာ လက်နက်နဲ့ ဖြေရှင်းတာ ဟာ ကရင်လူထုအနေနဲ့ လုံးဝလက်ခံနိုင်တဲ့ အရာမဟုတ် ကြောင်း ထုတ်ပြန်ထားပါတယ်။ ပဋိပက္ခ ကြီးထွားလာပါက၊ ကရင်အမျိုးသားအတွင်းသာမက ကရင်မဟုတ်တဲ့ လူမျိုးစုတွေ အကြား မလိုလားအပ်တဲ့ တင်းမာမှု၊ မုန်းတီးမှုတွေ ဖြစ်ပေါ်လာစေနိုင်ပြီး ပြည်သူလူထုအကြား စိတ်ဝမ်းကွဲမှု၊ မယုံကြည်မှုတွေ ကိုလည်းဖြစ်ပေါ်စေနိုင်တယ်လို့ သတိပေး ထားပါတယ်။ တနင်္သာရီတိုင်းအတွင်းရှိ ကရင်ပြည်သူလူထုများ ကိုယ်စား ပြောခွင့်ရ သူ နော်ထီးခူ က “အခုကျမတို့ရဲ့ ဘုံရန်သူကတော့ စကစ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ကျမတို့ရဲ့ ပန်းတိုင်က တူတာဖြစ်တဲ့ အတွက် တဖက်နဲ့တဖက် ပဋိပက္ခဖြစ်ရင် ရန်သူရဲ့ ထောင်ချောက်ဖြစ်တယ်။ ကျမတို့ အဲလိုဖြစ်သွားမယ်ဆိုလို့ရှိရင် ကျမတို့ အဓိက တိုက်ထုတ် ချင်တဲ့ ရည်မှန်းချက်တို့ ဘုံရန်သူတို့က ပျောက်သွားပြီးတော့ ကျမတို့ ဒီလက်နက်ကိုင် အချင်းချင်း ပြန်ပြီး တော့မှ တိုက်မယ်ဆိုလို့ရှိရင် ပြည်သူတွေအနေနဲ့ ပိုပြီးနစ်နာခံစားမှုတွေ များကြီးရှိမယ်။ ဆိုတော့ အဲဒါ ကျမတို့ ကရင်ပြည်သူ တွေအနေနဲ့ အေးချမ်းစွာ တဖွဲ့နဲ့တဖွဲ့ အဖြေရှာဖို့ပဲ ကျမတို့က တိုက်တွန်းလိုတယ်။ တဖွဲ့နဲ့တဖွဲ့ လက်နက်ပဋိပက္ခနဲ့ ဖြေရှင်းတဲ့ ဟာ လုံးဝ သဘောမတူဘူးပေါ့” လို့ ပြောပါတယ်။

ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့- KNDO ရဲ့ စစ်ဦးစီးချုပ် တာဝန်မှရပ်ဆိုင်းခြင်းခံခဲ့ရတဲ့ ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဟာ ကော်သူးလေတပ်မတော်-KTLA ကို ဖွဲ့စည်းလိုက်ကြောင်း ပြီးခဲ့နှစ် ဇူလိုင် ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ် ပြန်ပြီးတဲ့နောက် ဗိုလ်စောအယ်ခွီဦးဆောင်တဲ့ ကော်သူးလေတပ်ဖွဲ့က ကေအန်ယူတပ်မဟာ (၄) နယ်မြေ အတွင်း လှုပ်ရှားနေပြီး ကေအန်ယူတပ်မဟာ ၄ နဲ့အပြန်အလှန် ထိပ်တိုက်ပဋိပက္ခတွေရှိခဲ့ပါတယ်။ အခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာတော့ ကေအန်ယူ တပ်မဟာ ၄ ကနေပြီး တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ PDF တွေအားလုံး ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ ကော်သူးလေတပ်ကနေ ထွက်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။ ဗိုလ်စောအယ်ခွီး အဖွဲ့ရဲ့ ကြေညာချက်မှာတော့ စစ်ကောင်စီနဲ့ ပူးပေါင်း နေတဲ့ အဖွဲ့တခုဟာ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ် ငွေညှစ် ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတာကြောင့် အဲဒီအဖွဲ့ကနေ PDF တွေ ထွက်ခွာဖို့နဲ့ မထွက်ရင် ဖြစ်လာမယ့် အကျိုးဆက်ဟာ မလိုက်နာသူအပေါ်တွင် သာမူတည်မယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းအတွက် ကရင်လူမျိုးတွေအနေနဲ့ မဟာလူမျိုးကြီးဝါဒ ချုပ်ငြိမ်းရေး၊ လက်ရှိ အာဏာရှင်စနစ် အဆုံးသတ်ရေး၊ တရားမျှတမှု ရှိပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ သာယာတဲ့ လူ့ဘောင်သစ်စနစ်ကိုသာ လိုလားထောက်ခံ ကြောင်း ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ https://burmese.dvb.no/archives/577631

၄။ ဒီးမော့ဆိုမြို့နယ်၊ ဇရပ်ဖြူလမ်းပိုင်းတွင် အိမ်စီးကားတစ်စီးမိုင်းနင်းမိပြီး ယာဉ်ပေါ်ပါ ၄ ဦးသေဆုံး
February 6, 2023

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဇရပ်ဖြူရွာလမ်းမိုင်းတွင် ဖေဖော်ဝါရီလ ၆ ရက် နေ့လည် ၂ နာရီခန့်က အိမ်စီကား တစ်စီး မိုင်းနင်းမိကာ ယာဉ်ပေါ် အမျိုးသား ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေလွိုင်ကော် (ကယား)ပရဟိတအသင်းထံမှ သိရသည်။ လွိုင်ကော်မြို့မှ ဇရပ်ဖြူကျေးရွာဘက်သို့ မောင်းနှင်လာသော အိမ်းစီးကား Air Wax အဖြူရောင်ယာဉ် တစ်စီးသည် ဇရပ်ဖြူ ကျေးရွာ အကျော်လမ်းမိုင်းတွင် ကားမိုင်းနင်းမိကြောင်း ဒေသခံများ၏ အကူအညီ တောင်းခံချက်အရ သွားရောက်ကူညီ ကယ်ဆယ်ရာ ယာဉ်ပေါ်ပါ အမျိုးသား ၆ ဦးအနက် ၄ ဦးမှာသေဆုံး လျက်လည်းကောင်း၊ ၂ ဦးမှာ အပြင်းအထန်ဒဏ်ရာဖြင့် လည်းကောင်း တွေ့ရှိခဲ့ရကြောင်း သိရသည်။

“ရောက်ရှိချိန် ကားပေါ်မှာလိုက်ပါလာတဲ့ ကျား ၂ ဦးအပြင်းအထန်ဒဏ်ရာတွေနဲ့ တွေ့ရပြီးတော့ ကျန်တဲ့ ၄ ဦးက ပွဲချင်းပြီးသေဆုံးသွားတယ်ဗျ၊ အသက်ရှင်လျက်ရှိတဲ့ လူနာတွေနဲ့ ပြန့်ကျဲနေတဲ့ အလောင်းတွေကို လွိုင်ကော်ဆေးရုံကို ပို့ဆောင် ပေးခဲ့ပါတယ်၊ သေဆုံးသွားတဲ့ ၃ ယောက်ရဲ့နာမည်တွေတော့ သိရထားရပြီ၊ ကျန်သေဆုံးအလောင်း တစ်လောင်းနဲ့ အပြင်း အထန် ဒဏ် ရာရတဲ့ အမျိုးသားနှစ်ယောက်ကတော့ မသိရသေးဘူး” ဟု ရွှေလွိုင်ကော် (ကယား) ပရဟိတ အသင်းမှ ဒုဥက္ကဌ ကိုအောင်မိုးမြင့် က ပြောကြားသည်။ သေဆုံးအလောင်း ၃ လောင်းနှင့် အသက်ရှင်ကျန်ရစ်သူတစ်ဦးကို ရွှေလွိုင်ကော် ပရဟိတ အသင်း ယာဉ်ဖြင့်ဖြင့်လည်းကောင်း၊ ကျန် သေဆုံး အလောင်းတစ်လောင်းနှင့် လူနာတစ်ဦးကို ရွှေညောင်ပင် ပရဟိတ အသင်း ယာဉ်ဖြင့်လည်းကောင်း လွိုင်ကော်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ သေဆုံးသူများမှ ကိုအောင်စိုးမိုး၊ ကိုထွန်းမင်းလတ်၊ အသက် ၄၁ နှစ်အရွယ် ကိုစိန်မင်းနှင့် အမည်မသိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။ https://www.f acebook.com/khitthitnews/photos/pcb.1721917058245633/1721917001578972/

၅။ လွိုင်ကော်မှာ စစ်ကြောင်းထိုးမယ့် သတင်းကြောင့် ဒေသခံသုံးထောင်ကျော် ထွက်ပြေး
February 6, 2023

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပီကင်းကောခူနဲ့ ဝါရီကောခူရွာကို ဖေဖော်ဝါရီလ ၅ ရက်နေ့ညပိုင်းက စစ်ကြောင်း ထိုးမယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံ ၃၀၀၀ ကျော် ထပ်မံထွက်ပြေးနေရတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစု (PKPF) အဖွဲ့က ပြောပါတယ်။ အဲဒီအထဲမှာ ပီကင်းကောခူရွာက ဒေသခံ ၁၂၀၀ ဝန်းကျင်နဲ့ ဝါရီကောခူရွာက ဒေသခံ ၁၅၀၀ ကျော် ပါဝင်တယ်လို့ PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “မနေ့ညက ၇ နာရီလောက်မှာ ရွာလုံးကျွတ်နီးပဲ ထွက်ပြေးကြ တာ။ အဓိက စစ်ကောင်စီက စစ်ကြောင်းထိုးလာမယ်ဆိုတဲ့ သတင်းကြောင့် ပြေးကြတာပေါ့နော်။ လောလောဆယ်တော့ ဘေး လွတ်မယ်ထင်တဲ့နေရာကိုစုပြီး ပြေးနေကြတယ်” ထွက်ပြေးရတဲ့ အထဲမှာ အခြားရွာတွေကနေ လာရောက်ပုန်းရှောင်နေရသူ တွေပါ ပါဝင်ပြီး အရေအတွက် တိတိကျကျကို မသိရသေးပေမယ့် အကူအညီပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ PKPF တာဝန် ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ဝါရီကောခူရွာအနီး စစ်ကောင်စီတပ်နဲ့ ကရင်နီ အမျိုးသားကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းကပါ တိုက်ခဲ့တာကြောင့် ဝါရီကောခူရွာ က အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့ပါတယ်။ လွိုင်ကော်မြို့နယ် အတွင်းမှာ ဇန်နဝါရီဆန်းပိုင်း ကစပြီး တိုက်ပွဲနေ့စဉ်ဖြစ်နေပြီး စစ်ကောင်စီတပ်က ဒုက္ခသည်စခန်းတွေကိုပါ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ ဒုက္ခသည်စခန်းဆိုတဲ့ နေရာတွေဟာ KNDF တပ်ရင်း (၁၀) အခြေစိုက်စခန်းဖြစ်လို့ တိုက်ခိုက်ခဲ့ တာဖြစ်ပြီး နယ်မြေအေးချမ်းရေးအတွက် ဆက်ပြီးဆောင်ရွက်နေ တယ်လို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီဟာ လက်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ဘော်ခဲမြို့နယ် တွေကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး စစ်ကြောင်းတွေပါ ဆက်ထိုးလာနိုင်တာကြောင့် ဒုက္ခသည်အရေးနဲ့ စစ်ရေးအခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ ကိုဗညားက ပြောပါတယ်။ https://www.rfa.org/burm ese/news/kayah-refugees-02062023052318.html

၆။ လူထုအကျိုးစီးပွားများ နှောင့်ယှက်ဖျက်ဆီးမှုမှန်သမျှတိုက်ဖျက်သွားမည်ဟု ကရင်လက်နက်ကိုင်အဖွဲ့များပြော
February 6, 2023

နိုင်ငံတည်ငြိမ်းအေးချမ်းရေးသည် ပြည်သူလူထုအတွက် အထူးလိုအပ်သောကြောင့် ပြည်သူလူထု၏ စည်းစိမ် ဥစ္စာနှင့် အကျိုးစီးပွားများ အနှောင့်အယှက်ပေးဖျက်ဆီးသည့် အရာမှန်သမျှကို ဆန့်ကျင်တိုက် ဖျက်သွားမည်ဖြစ်ကြောင်း ကရင် လက်နက်ကိုင် စည်းလုံးညီညွတ်ရေးလုပ်ငန်းကော်မတီ (UCKAG) က ထုတ်ပြန်ခဲ့သည်။ ကရင်လက်နက်ကိုင် စည်းလုံးညီညွတ် ရေးကော်မတီ (Unity Committee For Karen Army Group) တွင် ပါဝင်သည့် ကရင်တိုင်းရင်သား လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့ ကိုယ်စားပြုကော်မတီဝင်မှ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်ပြုလုပ်သည့် တစ်ရက်တာ ကော်မတီအစည်းအဝေးအပြီးတွင် ထိုကြေ ညာ ချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ အစည်းအဝေးတက် ရောက်ခဲ့သူ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC )အဖွဲ့မှ ဗိုလ်မှူးကြီး စောကျော်ညွန့် က “နိုင်ငံအခြေအနေ က သိတဲ့အတိုင်းပဲ နေရာတိုင်းမှာတိုက်ပွဲတွေဖြစ်တယ်။ လူထုတွေ ထိခိုက်မှုမရှိအောင် လက်လှမ်းမှီသလောက် ဘယ်လိုကာကွယ်ရမလဲ၊ ဘယ်လိုလုပ်ပေးရမလဲဆိုတာ ကော်မတီမှာ ဆွေးနွေး ဖြစ်တယ်။ အသေးစိတ်ဘယ်လို လုပ်ဆောင်မလဲတော့ ဒီတစ်ရက်တာအစည်းအဝေးထဲမှာတော့ မဆွေးနွေးရသေးဘူး။ ပြောလို့မရသေးဘူး။”ဟု ပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကရင်အမျိုသားနှင့်ပြည်သူလူထုတစ်ရပ်လုံးမှ ရင်ဆိုင်ရမည့် အန္တရာယ် နှင့် ထိခိုက်နစ်နာမှုများကို အကာကွယ်ပေး သွားမည်ဖြစ်ကာ အကြမ်းဖက်ကြောက်ရွံ့စေမှုများကိုလည်း တိုက်ဖျက် သွားမည်ဖြစ် ကြောင်းလည်း ကော်မတီ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ ၎င်းတို့၏ ကော်မတီသည် တန်းတူရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး၏ အခြေခံမူနှင့် သဘောထားများအပေါ် ရပ်တည်သည့်အတွက် ကြောင့် မူမဲ့လုပ်ရပ်မှန် သမျှကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။ ထို့အပြင် ကရင် လက်နက်ကိုင်များ စည်းလုံးညီညွတ်ရေးသည် ကရင်လက်နက်ကိုင်အဖွဲ့အစည်းအတွက် သော်လည်းကောင်း၊ မိခင် ကေအဲန်ယူ အတွက်သော်လည်းကောင်း၊ ကရင်တမျိုးသားလုံးနှင့် ပြည်သူလူထု တရပ်လုံးအတွက်သော်လည်းကောင်း၊ ရဟန်းရှင် လူပုဂ္ဂိုလ် များ၊ နိုင်ငံနှင့် ကရင်ပြည်နယ်အတွက်လည်းကောင်း အထူးအရေးကြီးကြောင်းလည်း ၎င်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထား သည်။ ကရင်လက်နက်ကိုင်များ ညီညွတ်‌ရေး‌ကော်မတီကို ကရင်လက်နက်ကိုင်အဖွဲ့များအကြား အချင်းချင်းပစ်ခတ်မှု မဖြစ်ရန် နှင့် မူးယစ်‌ဆေးဝါးကိစ္စများ တိုက်ဖျက်သွားရန် ရည်ရွယ်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)၊ KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ)နှင့် ကရင်နယ်ခြားစောင့်တပ် BGF စသည့် ကရင်လက်နက်ကိုင် အဖွဲ့ (၅)ဖွဲ့မှ အဖွဲ့ဝင်(၁၇)ဦးဖြင့် ၂၀၁၃ ခုနှစ်၊ ‌မေလ ၂၈ ရက်‌နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ https://kicnews.org/2023/02/%e1%80%9c%e1%80%b0%e1%80 %91%e1%80%af%e1%80%a1%e1%80%80%e1%

၇။ ဆီဆိုင်မြို့နယ် စစ်ရှောင်စခန်း ၄ နေရာ ကလေးငယ်များ ပညာသင်ကြားခွင့်မရ
February 6, 2023

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် ကယားပြည် (ကရင်နီ) မှ စစ်ရှောင်ကလေးငယ်များသည် စာသင်ပေးမည့် ဆရာ၊ ဆရာမများ မရှိသည့်အတွက်ကြောင့် ပညာသင်ကြားခွင့်မရကြောင်း သတင်းရရှိသည်။ စစ်ကောင်စီတပ် ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲကြောင့် (၁) နှစ်ကျော်ကြာ ဆီဆိုင်မြို့နယ် နောင်ထော်ရွာ၊ ပန်တိုင်းရွာ၊ ဘုရားဖြူ နှင့် နောင်တိမ်ရွာသို့ ရောက်ရှိလာသည့် စစ်ရှောင်များထဲမှ အသက် ၆ နှစ်အထက် နှင့် အသက် ၁၂ နှစ်အောက် ကလေး ငယ်များသည် ပညာသင်ကြားမှု အခွင့်အရေး ဆုံးရှုံးနေကြောင်း စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။ “ဒီမှာက ပညာရေး ခေါင်းစဉ်နဲ့ လာတဲ့ ပရောဂျတ် မျိုးလည်း မရှိဘူး၊ အလှူရှင်ကလည်း နည်းတယ်။ ပညာရေးပရောဂျတ် နဲ့လာတဲ့ နေရာလည်း ရှိတယ်။ သူတို့လည်း ပုံမှန်တော့ မလာနိုင်ဘူး။ တချို့က ဒီလိုအလုပ်မျိုး လုပ်ရမှာလည်း ကြောက်သလို တချို့က စားဝတ်နေရေး အခက်ခဲတွေ ရှိတော့ လုံခြုံရေးကိုလည်း သူတို့ စိတ်ပူကြတယ် “ ဟု စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ပြောသည်။

စစ်ရှောင် ကလေးငယ်များမှာ စစ်တပ်၏ လက်အောက်ခံ အစိုးရကျောင်းတွင် ပညာသင်ကြားချင်သော်လည်း ကျောင်း ပြောင်းလက်မှတ်မရှိသည့် အတွက်ကြောင့် သင်ကြားမှုမရကြကြောင်း သိရသည်။ ထို့အပြင် ပညာသင်ကြားမှု အခွင့်အရေး ဆုံးရှုံး နေ ရသည့် ကလေးငယ်များအတွက် ဝမ်းနည်းစရာ ကောင်းကြောင်း၊ ကလေးငယ်များ၏ အနာဂတ်ကာလအတွက်လည်း စိုးရိမ် ပူပန်မှုများပြားလာကြောင်း ဆီဆိုင်မြို့ဒေသခံ အသက် ၄၀ နှစ် အမျိုးသား တစ်ဦးက ပြောသည်။ “ စာမသင်ရတဲ့ ကလေးငယ် တွေအတွက်တော့ စိုးရိမ်စရာတွေ အရမ်းကောင်းတယ်။ အသက် ၆ နှစ်အရွယ် ကလေးငယ်တွေဆို အခြေခံလည်းမရှိဘူး၊ သူတို့ ကို စာသင်ပေးမယ့် ဆရာ၊ ဆရာမလည်း မရှိဘူး။ တချို့ကလေးတွေလည်း အတန်းနည်းနည်းတက်ပြီး တဝက်တပြတ် ဖြစ်သွား တဲ့သူ၊ တချို့ကလေးတွေက (၂-၃) နှစ် နဲ့ ကျောင်းနဲ့ဝေးကွာနေတာ တွေ့ရတော့ ကျနော့် ရင်ထဲမှာ ရင်နစ်ဖို့ကောင်းတယ် “ ဟု ၎င်း ကပြောသည်။ https://www.facebook.com/shannewsburmese/photos/a.341540565938393/5907943982631329/

၈။ ကံပေါက်ဒေသက ဒယ်လ်ကိုသတ္တုတွင်း မြေပြို၊ တနိုင်တပိုင် ခဲမဖြူရှာနေတဲ့သူတစ်ဦးသေဆုံး
February 7, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ဒယ်လ်ကိုကုမ္ပဏီ သတ္တုတွင်းမိုင်းဧရိယာအတွင်း အခုလ ၆ ရက်နေ့က မြေပြိုခဲ့လို့ တနိုင်တပိုင်ခဲမဖြူတူးနေတဲ့ အမျိုးသမီးတစ်ဦးသေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသူအမျိုးသမီးမှာ အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်ချောချော ဖြစ်ပြီး ဒဏ်ရာရရှိသူကတော့ အသက် ၄၆ ဝန်းကျင်အရွယ် ဒေါ်ဝေ ဆိုသူဖြစ်တယ်လို့သိရပါတယ်။ ဒေါ်ချောချော ကတော့ မြေပိတဲ့နေရာမှာပဲ သေဆုံးခဲ့တာဖြစ်ပြီး ဒေါ်ဝေမှာ ကံပေါက် တိုက်နယ်ဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရကာ အဲဒီနေ့ ညနေမှာ ထားဝယ်ဆေးရုံကြီးကို ရွှေ့ပြောင်း ကုသမှုခံယူခဲ့ရ တယ်လို့ ဒေသခံတွေကပြောပါတယ်။ “ တချို့က ဒေါ်ဝေ လည်း ဆုံးပြီလိုလို ဘာလိုလိုပြောနေကြတယ်။ ထားဝယ်မှာ ဆေးကုနေ တာဆိုတော့ အတိအကျတော့ မပြောနိုင်သေး ဘူး။”လို့ ကံပေါက်ဒေသခံတစ်ဦးကပြောပြပါတယ်။ သူတို့ဟာ ဧရာဝတီတိုင်း ဘက်ကနေ ကံပေါက်ဒေသဘက်မှာ လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံနောက်တစ်ဦးကတော့ “ သူတို့(ဒယ်လ်ကိုကုမ္ပဏီ) ဆီက လျော်‌ကြေးငွေရလိမ့်လို့တော့မထင်ဘူး။ ရရင်တော့ တမျိုးပေါ့လေ။ ဒယ်လ်ကိုက အန္တရာယ်ရှိတဲ့ မြေဧရိယာဘာညာ ဆိုတာသတ်မှတ်ပေးထားတယ်။ အဲဧရိယာထဲမှာ အခုလိုဖြစ် တာဆို ကုမ္ပဏီဘက်က ပိုလို့တောင်ခေါင်းရှောင်လို့‌ကောင်းအုံးမယ် ” လို့ ပြောပါတယ်။ အဆိုပါကုမ္ပဏီဟာ အာဏာမသိမ်းခင်က မြေတူးစက် ၅ စီး၊ မြေသယ်ကား ၁၀ စီးလောက်နဲ့ လုပ်ငန်းခွင်မှာလည်ပတ်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီး ခြောက်လခန့်ကစလို့ မြေတူးစက် ၁၀ စီး၊ မြေသယ်ကား အစီး ၂၀ လောက်ထိတိုးကာ နေ့ရောညပါ မရပ်မနားအလုပ်လုပ်လာကြတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။ ကုမ္ပဏီဘက်က အခုလို စက်အားရော လူအားပါ တစ်ဆတိုးပြီး မြေတူးတာတွေ တရစပ်လုပ် ဆောင်လာတဲ့အတွက် အခုလို မြေပြိုပြီး အလုပ်သမားသေဆုံးမဲ့ ကိစ္စတွေထပ်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ https://www.facebook.com/photo/?fbid=225486109869146&set=a.196212682796489

၉။ ဂွေထုပြည်သူ့စစ်နယ်မြေတွင် သစ်ကားကြီးများကြောင့် ကျေးရွာလမ်းအချို့ ပျက်စီးနေကြောင်း ဒေသခံများဆို
February 6, 2023

ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ထိန်းချုပ်နယ်မြေအတွင်း သစ်ကားကြီးများဖြတ် သန်းသွားလာမှု များသောကြောင့် လမ်းများပျက်စီးကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေကြောင်း သိရသည်။ စစ်ကောင်စီ လက် အောက်ခံ ဂွေထုပြည်သူ့စစ်နယ်မြေဖြစ်သော နောင်းချိန်းကျေးရွာမှ ဂွေထုကျေးရွာသွားရာ ကျေးရွာချင်းဆက်လမ်း အချို့တွင် သစ်ကားကြီးများသွားလာနေခြင်းကြောင့် မုဆိုးမကျေးရွာ၊ နောင်းမွန်ကျေးရွာ၊ ဂွေထုကျေးရွာလမ်းတစ်လျှောက် အချို့နေရာများ တွင် ချိုင့်ခွက်များဖြစ်ကာ ပျက်စီးနေခြင်းဖြစ်သည်ဟု နောင်းမွန် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သစ်ကားက ဝိတ်ရှိ တော့ လမ်းတွေလည်းချိုင့်ကုန်ပြီ၊၊ နောင်းချိန်းကျေးရွာ ကနေ ညောင်ပင်သာကျေးရွာအထိတော့ မနှစ်ကပဲ လမ်းလုပ်ထားပြီ။ အခုက အဲ့ဒီလမ်းတွေကျော်ရင် နောင်းမွန် ကျေးရွာရောက်ခါနီးမှာ လမ်းတွေက တော်တော်ချိုင့်နေပြီ၊ ကားသေးတွေဆိုရင် တော်တော်နဲ့သွားမရဘူး”ဟု ပြောသည်။ ပွင့်လင်းရာသီတွင် သွားလာရေးခက်ခဲနေသဖြင့် မိုးရာသီတွင် ပိုမိုခက်ခဲသွားနိုင်သည်ဟု အသက် ၃၀ခန့်အရွယ် နောင်းမွန်ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။ “နောင်းမွန်ကျေးရွာရောက်ခါနီးမှာ ပိုဆိုးတယ်။ သွားဖို့အရမ်းခက်ခဲတယ်လေ။ မိုးရာသီဆိုရင်သွားလို့တောင်မရဘူးလေ အရမ်းခက်ခဲတယ်။ လမ်းက ချိုင့်နေတော့ ရေကပြည့် မသွားမရလို့ သာသွားနေတာ။ နွေရာသီဆိုရင်လည်း ဖုန်ကထ လမ်းဘေးမှာနေရတာ အဆင်ကို မပြေဘူး”ဟု ဆိုသည်။

ဂွေထုပြည်သူ့စစ်နယ်မြေတွင် အချိန်ကြာသစ်ထုတ်နေမှုကြောင့် သစ်တောပြုန်းတီးလာပြီး ဒေသခံပြည်သူများ နေအိမ် တွင် အသုံးပြုရန် သစ်ရှားပါးလာကြောင်း ဒေသခံများထံမှသိရသည်။ ယခုသစ်ထုတ်သည့်နေရာသည် ဂွေထုကျေးရွာ အထက်ပိုင်း ပြည်သူ့စစ်တပ်စခန်းတည်ရှိရာ လဝါယန်ကျေးရွာအကျော် ဒေသအခေါ် လိုင်ငေါ့တောင်နှင့် ဘွမ်ဆဲန်တောင်တို့မှ ထုတ်ယူနေ ကြောင်း အသက် ၅၀ အရွယ်ခန့် ဂွေထုဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ “သူတို့ထုတ်တဲ့နေရာက ဒီကတောင်မြင်ရတဲ့ တောင် တခြားသူတွေပြောပြောနေတဲ့ ဘွမ်ဆဲန်ဘွမ်ကထုတ်တာ၊ ပြီးရင်ကားနဲ့သယ်ပြီး သူတို့ပဲ ပိုင်တဲ့ သစ်စက်နေရာသုံး လေး ခုမှာ လုပ်တာဟုတ်တယ်”ဟုပြောသည်။ သစ်များထုတ် ယူပြီး ကားကြီးများနှင့်သယ်ကာ ဒေသအခေါ် ကျွန်းခြံ၊ နောင်းချိန်း ကျေးရွာထိပ်နှင့် လဝါယန်အနီးရှိ နိမ်ရှောင်ဆီပန့် အနီးရှိ သစ်စက်များတွင် သစ်ချောထုတ်လုပ်နေကြောင်း သိရသည်။ သစ်ကား ကြီးများ ဖြတ်သန်းနေသောဒေသသည် လဆန်အောင်ဝါပြည်သူ့စစ်အဖွဲ့၏ နယ်မြေဖြစ်ပြီး အဆိုပါပြည်သူ့စစ်နယ်မြေတွင် တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်း၊ သဲကျောက်ထုတ်ယူခြင်း၊ ရွှေတူးခြင်းများအပြင် လောင်းကစားရုံများလည်းရှိနေကြောင်း သိရသည်။ https://www.facebook.com/The74Media/photos/pcb.741579064028284/741576474028543/

၁၀။ စစ်ကောင်စီစခန်းကို Drone ဖြင့် တိုက်ခိုက်မှုအတွင်း တပ်ခွဲမှူး ၂ ဦးအပါအဝင် ၄ သေဆုံးခဲ့ဟု KNDO ပြော
February 6, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆) နယ်မြေ၊ မြဝတီမြို့တောင်ဘက် ထီးကပလယ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO ဦးဆောင် သည့် ပူးပေါင်း တပ်ဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ရက်နေ့တွင် Drone ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရင်း(၂)ရင်းမှ တပ်ခွဲမှူး (၂)ဦးအပါအဝင် (၄) ဦးသေဆုံးသည်ဟု KNDO က ပြောသည်။ KNDO တပ်ရင်း ၈ (လုံခြုံရေးတပ်ရင်း)၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA ၁၀၃ တပ်ရင်း နှင့် Federal Wings Drone ပူးပေါင်းတပ်ဖွဲ့တို့က ထီးကပလယ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၃၂ နှင့် ခမရ ၅၈၅ ကို သွားရောက်တိုက်ခိုက်ရာတွင် ထိုတပ်ရင်း နှစ်ရင်းမှ တပ်ခွဲမှူး ၂ ဦးလုံး သေဆုံးခဲ့သည်ဟု KNDO တပ်ရင်း (၈) တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီးစောအယ်မြထူး က ပြောသည်။ ၎င်းက“ (ကရင့်) တော်လှန်ရေးနေ့နဲ့ စစ်တပ်အာဏာသိမ်းတဲ့နေ့ အဲဒီ ၂ ရက်မှာ ကျနော်ကိုယ်တိုင်ဦးဆောင်ပြီး KNLA တပ်ရင်း (၁၀၃)နဲ့ပေါင်းပြီး သွားတိုက်တာဖြစ်တယ်။ အဲဒီမှာ ကျနော်တို့က သူတို့ခေါင်းဆောင် တွေနေတဲ့တဲကို အားပြင်းတဲ့ ကျည်ကိုသုံးပြီး ပစ်မှတ်ထား ပစ်တယ်။ အဲဒီမှာသူတို့ တပ်ရင်း (၂)ရင်းက တပ်ခွဲမှူး တွေက အဲဒီမှာရှိတော့အကုန် ထိတယ်။ ”ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ခလရ ၃၂ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဝင်းနိုင်မှာ ထိုစခန်းတွင်ပင် ပွဲချင်းပြီး သေဆုံး ကာ ဒဏ်ရာပြင်းထန်သည့် ခမရ-၅၈၅ တပ်ရင်းမှ တပ်ခွဲမှူးဗိုလ်ကြီး ဝေလင်းစိုးနှင့် ၎င်း၏ ရဲဘော် ၂ဦး တို့မှာ ဝေါလေဗျူဟာ ကုန်းတွင် ပြန်လည်သေဆုံးခဲ့သည်ဟု ဒုဗိုလ်မှူးကြီး စောအယ်မြထူးက ဆက်ပြောသည်။ ၎င်းအပြင် ထီးကပလယ် စစ်ကောင်စီ တပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လတုန်းကလည်း KNLA၊ KNDO နှင့် မဟာမိတ် ပူးပေါင်းတပ်တို့မှ တက်ရောက်တိုက် ခိုက်မှုလုပ်ဆောင်ရာ အောက်စခန်းကုန်းအထိ တက်ရောက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူဖြင့် လာရောက်ပစ်ခတ်သည့်အတွက် အဆိုပါ စခန်းကို မသိမ်းပိုက်နိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။ https://kicnew s.org/2023/02/%e1%80%91%e1%80%ae%e1%80%b8%e1%80%80%e1%80%95%e1%80%9c%e1

၁၁။ ရှားတောမြို့နယ်မှာ သွားလာခွင့်လက်မှတ်ရယူပြီးမှသာ သွားလာကြရန် စစ်ကောင်စီစာထုတ်
February 6, 2023

ဇန်နဝါရီလ ၃၁ ရက်နေ့ကစပြီး ကရင်နီပြည် ရှားတောမြို့နယ်မှာ စစ်ကောင်စီထံကနေ သွားလာခွင့်လက်မှတ်တွေ ရယူ ပြီးမှ သွားလာကြဖို့ စစ်ကောင်စီက စာထုတ်ထားတယ်လို့ ရှားတောမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ဒီရှားတောမြို့ ပေါ်မှာ ရှိတဲ့လူတွေခါကျတော့ တောင်ယာသွားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် လယ်ထဲသွားတာပဲဖြစ်ဖြစ် ပေါ့နော။ လွိုင်ကော် သွား တာပဲဖြစ်ဖြစ် အဲဒီလိုသွားလို့ရှိရင် စစ်ကောင်စီဘက်မှာ လက်မှတ်တွေယူသွားပြီးတော့ ဒီ ၃၁ ရက်နေ့မှာ သူတို့ ထုတ်ပြန်ထား တာရှိတယ်။ အခုချိန်ဆိုလို့ရှိရင်လည်း အဲဒါသူတို့ လက်မှတ်ယူပြီးတော့မှ သွားလာနေကြရတယ်ပေါ့။ ရှားတောက လူတွေခါကျ တော့။” လို့ ရှားတောမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေဟာ သွားလာမယ့် သူရဲ့ အမည်၊ ယာဉ်အမှတ်၊ ယာဉ်အမျိုး အစား၊ ကုန်ပစ္စည်း စတဲ့ အချက်အလက် တွေပါဝင်တဲ့ လက်မှတ်သွားကို ဖြည့်စွက်ပြီးမှသာ သွားလာခွင့်ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကနေ ဘာကြောင့်ယခုလို ပြုလုပ်ရတယ်ဆိုတာကိုတော့ တိတိကျကျမသိရပေမယ့် လက်ရှိမှာတော့ ဒေသခံတွေဟာ လက်မှတ်ရရှိမှသာ သွားလာနေရတဲ့အတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ ရှားတောဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။ “ကျမတို့ရဲ့ တကယ့်တောင်ပေါ်ကျေးရွာမှာနေတဲ့ ပြည်သူလူထုတွေအတွက် ခါကျတော့ သူတို့ဆီမှာ တကူ တက သွားယူရအောင်ဆိုလို့ရှိရင်လည်း သူတို့က သူတို့လုံခြုံရေးပိုင်းဆိုင်ရာဆိုရင် အရမ်း အဆင်မပြေဘူးပေါ့နော။ သွားရေး လာရေးက အဆင်မပြေဘူးဆိုလို့ရှိရင် ကျမတို့က တောထဲ သွားတာပဲဖြစ်ဖြစ် အကယ်၍ သူတို့နဲ့ ထိပ်တိုက်သွားတိုးမယ်မတိုး ဘူးဆိုတာဘယ်သူမှ မပြောနိုင်ဘူးပေါ့နော။ ပြည်သူလူထုတစ်ဦး အနေနဲ့ တောထဲသွားမယ်ဆိုလို့ရှိရင် သူတို့ လက်မှတ်မပါဘူးဆို ရင် တောင်ပေါ်ကျေးရွာတွေ ပြည်သူလူထုအနေနဲ့ စိုးရိမ်ရတဲ့ဟာပေါ့နော။” လို့ သူက ပြောပါတယ်။ စစ်ကောင်စီက ခွင့်ပြုထား တဲ့ လက်မှတ်မပါပဲ သွားလာတဲ့အခါ အစစ်ဆေးနဲ့တိုးပါက ဖမ်းဆီးခံရမှာကို ဒေသခံတွေက စိုးရိမ်မှုရှိနေကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် စစ်ကောင်စီက ကြေညာထားတဲ့မြို့နယ်တွေထဲ ရှားတောမြို့လည်း ပါဝင်ပါတယ်။ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားတာကြောင့် ဒေသခံတွေအနေနဲ့ ပစ်မိန့်ထုတ်ပြန်မှာကိုလည်း စိုးရိမ်လျက် ရှိနေပါတယ်။ https://www.kantarawaddytimes.org/%e1%80%9b%e1%80%be%e1%80%ac%e1%80%b8

၁၂။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညအချိန်ကင်းလှည့်ပြီး ရွာသားများကို ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ
February 6, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ညအချိန်ကင်းလှည့်လည် စစ်ဆေးမှု များပြုလုပ်ပြီး လမ်းပေါ် တွေ့ရှိသည့် ရွာသားများကို ဖမ်းဆီးရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ကြောင်း ဒေသခံ များက ပြောသည်။ မော်လမြိုင်းမြို့အနီးရှိ ကော့နှပ်ကျေးရွာအုပ်စုနှင့် ၎င်းအနီးတဝိုက်ရှိ ကျေးရွာများတွင် ယခုနှစ်ဆန်း ပိုင်း ဇန်နဝါရီလ မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ညအချိန်များတွင် ကင်းလှည့်ခြင်းများ ပြုလုပ်ပြီး ရွာသား များအား စစ်ဆေးခြင်း၊ ရွာသားများတွင်ပါလာသောပစ္စည်းများ အား ယူဆောင်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ကြောင်း အမည်မဖော်လိုသူ ဒေသခံ ရွာသားတစ်ဦးက ယခုလိုပြောသည်။ “အခုက ရွာထိပ်လမ်းဝမှာ စစ်သားတွေညတိုင်း ရှိတယ်။ ညဘက်ခြမ်း အိမ်ပြန်တဲ့သူဆိုရင် သူတို့ ကရစ်တယ်။ ပါလာတဲ့ပစ္စည်းတွေ အကုန်ယူတယ်။ သူတို့ထုတာ ပါခံရတယ်။ ပိုက်ဆံတွေလည်းယူသွားတယ်။ အခုတော့ မော်လမြိုင်ဆေးရုံမှာ နည်းနည်းမှောင်ရင်သူတို့ကရှိနေပြီး။ တစ်ခါတလေ ရွာထဲကို ဝင်ဝင်လာတယ် ”ဟု ပြောသည်။ အဆိုပါ ကျေးရွာများတွင် ညမထွက်ရ အမိန့် ထုတ်ပြန်ထား ခြင်းမရှိသလို ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ် ပွားခြင်းလည်းမရှိဘဲ ကျေးရွာသားအများစုမှာလည်း စစ်တပ် ထောက်ခံသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီ ထောက်ခံသူများဖြစ်ကြကြောင်း လည်း အမည်မဖော်လိုသည့် အဆိုပါဒေသခံက ဆက်ပြောသည်။

ထိုသို့ ညအချိန် စစ်ဆေးရိုက်နှက်မှုများပြုလုပ်သောကြောင့်လည်း ဒေသခံ ကျေးရွာသား များအနေဖြင့် ထိတ်လန့် ကြောက်ရွံ့နေကြရပြီး အချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များရွာထဲဝင်လာသည်နှင့် တပြိုင်နက် ဘေးလွတ်ရာနေရာများသို့ ရှောင်တိမ်းနေကြရကြောင်း အမည်မဖော်လိုသူ နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောသည်။ ၎င်းက “သူတို့က ခဏခဏ ဝင်ထွက်နေတာ။ အာဏာသိမ်းပြီးနောက်ပိုင်း အခုလိုဖြစ်တာပထမဦးဆုံးပဲ။ သူတို့ရွာထဲလာတာနဲ့ တချို့ဆို ဟို့ဘက်ကမ်းကို ပြေးပြီး။ တချို့ဆိုရင် တောတွေထဲ လိုက်ပုန်း နေကြရတယ်။ အနီးအနားမှာ ဖြစ်တာဆိုတော့ ရွာသားတွေကလည်းကြောက် တာပေါ့။ သူတို့လာတယ်ဆိုတာနဲ့ ရှောင်လိုက်ကြတာ။” ဟု ပြောသည်။ အလားတူ မော်လမြိုင်နှင့်နီးစပ်လျက် ရှိသော ဖားအံမြို့ ပေါ်တွင်လည်း မြို့ပေါ် တိုက်ပွဲဖော်ဆောင်မည် ကောလာဟလ သတင်းများထွက်ပေါ်လာခြင်းကြောင့် စစ်ကောင်စီဘက်မှာ စစ်ဆေးမှုများ တင်းတင်းကြပ်ကြပ် ပိုမိုလုပ်ဆောင်နေပြီး ဖားအံမြို့တွင်းရှိ CCTV များဖြင့်လည်း စောင့်ကြည့်လျက်ရှိနေကာ ညအချိန် မတော် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ ရပ်ကွက်အတွင်းရှိ နေအိမ်များကို ဧည့်စာရင်းလိုက်လံစစ်ဆေးမှုများလည်း လုပ်ဆောင်လျက်ရှိနေကြောင်း မြို့ခံများက ပြောသည်။ ကရင်ပြည်နယ်တွင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် နှင့် မွန်ပြည်နယ်တွင် ရေးမြို့နယ်များ ပါဝင်ကြောင်း သိရသည်။ https://kicnews.org/2023/02/%e1%80%85%e1%80%85%e1 %80%ba%e1%80%80%e1%80%b1%e1%80%ac%e1

၁၃။ ရွှေကူနယ်တွင် စစ်ကောင်စီတပ်မှ စစ်အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး‌နေ
February 7, 2023

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ရှိ ကုန်းချောင်းကြီးကျေးရွာဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းအင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေကြောင်းဒေသခံများမှ သိရသည်။ အဆိုပါ စစ်ကြောင်းသည် မိုးစစ်ကျေးရွာ ဘက်မှ ယမန်‌ နေ့ နံနက်ပိုင်း ရွှေကူမြို့တွင်းသို့ ဝင်ရောက်စစ်ကြောင်းထိုးလာသည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားလာမည်ကို ဒေသခံ များစိုးရိမ်နေရကြောင်း ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။ ”ကားနဲ့တော့ မဟုတ်ဘူးရှင့် ခြေချင်ပဲတက်သွားကြတာ အင်အားကအတော်များတယ်ရှင့် ၃၀၀ လောက်တော့ရှိကိုရှိတယ် ပလိုင်းတွေကျောပိုးအိတ်တွေနဲ့ ရိက္ခာတွေအပြည့်ထမ်းပြီး သွားလိုက်ကြတယ်။ သတင်းကြားနေတာတော့ အဲ့ဘက်ကို PDF တွေရှိတယ်ဆိုပြီး သတင်းကြားလို့ စစ်ကြောင်းထိုးတာပြော တယ် တိုက်ပွဲဖြစ်လာမှာတော့စိုးရိမ်နေကြတယ် အဲ့ဘက်ကရွာတွေက ”ဟု ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ ညကလည်း ကုန်းချောင်းကြီးကျေးရွာများဘက်သို့ စစ်ကြောင်းမထိုးမှီ ညဘက် လက်နက်ကြီးများ ယမ်းသမ်းပစ်ခတ်ခဲ့မှုများလည်းရှိခဲ့ကြောင်းသိရသည်။ လက်ရှိကုန်းချောင်းကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုး နေသည့် တပ်မှာ ယခင်က ရွှေကူမြို့တစ်ဖက်ကမ်းရှိ မိုးစစ်တိုက်နယ် ဆင်တပ်‌ကျေးရွာစသည့် ကျေးရွာများတွင် လည့်လှည်ကာ စစ်ကြောင်းထိုး နေလှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီတပ် သည် မကြာခနဆိုသလို ဧရာဝတီမြစ်ကမ်း နံဘေး‌ရှိ ‌‌ရွှေကူမြို့နယ်ကျေးရွာအချို့သို့ စစ်ကြောင်းထိုးဝင်ရောက်မှု များကြောင့် KIA, PDF ပူးပေါင်းတပ်များနှင့် မကြာခနဆို သလို တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။ https://www.faceboo k.com/theKachinNews/photos/a.480413718725043/532598 6950834338/

၁၄။ သျှမ်းပြည်အမျိုးသားနေ့ကို သျှမ်းတပ် ၂ တပ် ဌာနချုပ် တွင် ကျင်းပ
February 7, 2023

ယနေ့ (ဖေဖော်ဝါရီ ၇) ရက် သျှမ်းပြည်အမျိုးသားနေ့ (၇၆) နှစ်ပြည့် ကို သျှမ်းပြည်အတွင်းရှိ သျှမ်းတပ် ၂ တပ် သျှမ်းပြည် ပြည်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်( SSPP/SSA )တို့၏ ဌာနချုပ်များတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၏ ဝမ်ဟိုင်း ဌာနချုပ် တွင် ကျင်းပပြုလုပ်သည့် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို လူဦးရေ ၃ ထောင်ခန့် တက်ရောက်ခဲ့ကြောင်း SSPP ပြောရေး ဆိုခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီး စိုင်းဆု က ပြောသည်။ ” တပ်သားတွေနဲ့ ပြည်သူတွေရော တက်ရောက်လာတဲ့သူတွေ ၃ ထောင်ဝန်း ကျင်လောက်ရှိတယ်။ တပ်သားတွေကတော့ ၁ ထောင် လောက်တက်ရောက်တယ်။ ဒီနေ့ အစီစဉ်ကတော့ ကျနော်တို့ ဗိုလ်ချုပ် ကြီး ဆေထျဲန်က မိန့်ခွန်ပြောကြားတယ်။ နိုင်ငံရေးပါတီတွေက ပေးပို့လာတဲ့ သံဝဏ်လွှာတွေကို ဖတ်ကြားတယ်။ ပြီးတော့ သျှမ်းပြည်အလံ နဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေကို အလေးပြုတာတွေပဲ ပြုလုပ်ခဲ့တယ်” ဟု ဒု ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။ ဝမ်းဟိုင်ဌာနချုပ်တွင် သျှမ်းပြည်အမျိုးသားနေ့ကို နံနက် ၈ နာရီမှ ၁၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုအပြင် SSPP/SSA တပ်ဖွဲ့အနေဖြင့် သျှမ်းအမျိုးသားနေ့အတွက် စစ်ကောင်စီတပ်ဘက်ကို ဖိတ်ကြားခြင်းမရှိကြောင်း သိရသည်။

အလားတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်သည် RCSS/SSA သည်လည်း လွိုင်တိုင်း လျန်း တွင် သျှမ်းပြည်အမျိုးသားနေ့ကို နံနက် ၇ နာရီမှ အစီစဉ်ကို စတင်ကျင်းပခဲ့ကြောင်းသိရသည်။ RCSS/SSA ဌာနချုပ်တွင် ပြုလုပ်သည့် သျှမ်းပြည်အမျိုးသားနေ့ကို EAOs အဖွဲ့အစည်းများ ၊ PPST အဖွဲ့ဝင်များ နှင့် စစ်ကောင်စီတပ်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ် ဒုဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်ပြီး ၊ ကျိုင်းတုံမြို့ တြိဂံဒေသ ဒုတိုင်းမှူး ၊ အရှေ့အလယ်ပိုင်း ခိုလမ် ဒုတိုင်းမှူး နှင့် PPST အဖွဲ့ဝင်များဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က တက်ရောက်ခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ က ပြောသည်။ ” စစ်ကောင်စီ ဘက်ကတော့ ဒုဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်ပြီးတော့လာတယ်။ ပြီးတော့ တိုင်းရင်းသား လက်နက် ကိုင်ထဲက တော့ ALP၊ LDU၊ PNLO၊ ABSDF တို့ တက်ရောက်ခဲ့တယ်။ တစ်ချို့ အမည်မဖော်ပဲ တက်ရောက်ခဲ့တာရှိတယ်။ တက်ရောက်တဲ့သူတွေကတော့ ၁ ထောင်ကျော်လောက်ရှိပါတယ်” ဟု ဗိုလ်မှူး စိုင်းခမ်းစံ က ပြောသည်။ ယနေ့ သျှမ်းပြည် အမျိုးသားနေ့ကို ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် ပင်လုံညီလာခံမှာ စော်ဘွားကိုယ်စားလှယ် ၇ ပါး ၊ လူထုကိုယ်စား လှယ် ၇ ဉီး တန်းတူထိုင်ပြီး လွတ်လပ်ရေးအတူတကွ ရယူရန် သျှမ်းပြည်ကောင်စီကို သဘောတူ ဖွဲ့စည်းခဲ့သောကြောင့် ထိုနေ့ကို သျှမ်းပြည်အမျိုးသားနေ့အဖြစ် သတ်မှတ်ထားခဲ့သည်။ https://burmese.shan news.org/archives/32904

၁၅။ ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်းမှာ ၅ နှစ်အောက် ကလေးငယ်တွေ ကာကွယ်ဆေး မထိုးနှံရသေး
February 7, 2023

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်းမှာ ၅ နှစ်အောက် ကလေးငယ်တွေ ကာကွယ်ဆေး မထိုးနှံရသေးတာကြောင့် ထိုးနှံဖို့ လိုအပ်နေတယ်လို့ ဒိုယှက် စစ်ဘေးဒုက္ခသည် ကော်မတီဝင် တစ်ဦး ထံကနေ သိရပါတယ်။ ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်း အနေနဲ့ ယခင်နှစ်ကတည်းက ၅ နှစ်အောက် ကလေးငယ်တွေ စာရင်းပြုစုထားတာ ရှိပေမယ့် လက်ရှိမှာ ကာကွယ်ဆေးထိုးနှံခွင့် မရရှိကြဘူးလို့ ဆိုပါတယ်။ “အရေးကြီးတဲ့ အချက်ပါဝင်တယ် ပြောရမလား၊ ဒီကာ ကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ ၅ နှစ်အောက်ကလေးငယ်အတွက် ကျမအနေနဲ့ မွေးမိခင်အတွက် လိုအပ်မယ်ထင်တာပေါ့၊ အခု က တစ်နှစ်ကျော်ကြာလာတော့ ၅ နှစ်အောက် ကလေးငယ်တွေ အတွက် ဘာမှထူးခြားမှုမရှိလာတော့ ဒီတစ်နေရာပဲ မဟုတ်ဘဲ အခြားဒေသတွေမှာရော လွိုင်ကော်အထိပြန်ပြေးတက်နေရတော့ အခက်အခဲဖြစ်တာပေါ့၊ ရိက္ခာထက်ကာကွယ်ဆေးကို ဘာဖြစ် လို့ တောင်းဆိုလည်းဆိုတော့ ကလေးတွေက လူငယ်တွေဖြစ်မှာဆိုတော့ ကိုယ့်မှာကလေးမရှိပေမယ့် မွေးပြီးသေတာ၊ ကိုယ်ဝန် ပျက်ကျတာကြားမိတာရှိလို့ စိတ်မကောင်းဘူးပေါ့”လို့ဒိုယှက် စစ်ဘေးရှောင်စခန်းပညာရေးအကူ ဆရာမ တစ်ဦးကပြောပါတယ်။

ဒေသခံတွေနဲ့ ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်း က ၅ နှစ်အောက်ကလေးငယ် အယောက် ၈၀ကျော်ဟာ ကာကွယ်ဆေး မထိုးရသေးဘူးလို့ဆိုပါတယ်။ ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်းမှာ အိမ်ခြေ ၅၀ ကျော်ရှိပြီး လူဦးရေ ၂၀၀ ကျော် ရှိနေပါ တယ်။ ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်းမှာ အမျိုးသမီး ကိုယ်ဝန်ဆောင် နှစ်ဦးနဲ့ မသန်စွမ်း သုံးဦးရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ရာသီတုပ်ကွေး၊ ဆီးချို၊ သွေးချိုအပြင် နာတာရှည်ရောဂါခံစားနေရသူတွေလည်းရှိပြီး အဲ့ဒီစစ်ဘေးဒုက္ခသည်စခန်းမှာ ဆေးခန်း မရှိတဲ့အတွက် စစ်ရှောင်ရန်ပုံငွေကနေ ကိုယ်ထူကိုယ်ထ ကြိုးစားလုပ် နေရတယ်လို့လည်း သိရပါတယ်။ အဆိုပါ စစ်ဘေး ဒုက္ခသည် စခန်းဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ စတင်နေထိုင်ခဲ့ပြီး ဖရူဆို နဲ့ ဒီးမော့ဆို စတဲ့ စစ်ဘေးရှောင်တွေ လာရောက်နေထိုင်ကြတာဖြစ်ပါတယ်။ နေရပ်မပြန်နိုင်ကြသေးတာ တစ်နှစ်နဲ့ နှစ်လကျော် ရှိနေပြီဖြစ်သလို ဖရူဆိုမြို့နယ် အတွင်း စစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိနေတာဖြစ်ပါတယ်။ https://www.kantarawaddytimes.org/%e1%80%92%e1%8 0%ad%e1%80%af

၁၆။ ဂျာယန်ပြည်သူ့စစ်စခန်းကို TNLA ကဝင်စီးနင်းပြီး တအောင်းလူမျိုး ၁၂၇ ဦးကို ကယ်ထုတ်
February 7, 2023

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ တပ်မဟာ (၆) စစ်ဒေသနယ်မြေထဲက မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာရှိ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး အဓမ္မ ခေါ်ဆောင် စစ်မှုထမ်းခိုင်းထားတဲ့ တအာင်း (ပလောင်) လူမျိုး ၁၂၇ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ တယ်လို့ TNLA/PSLF ရဲ့ သတင်းနှင့်ပြန်ကြားရေးဌာန ထုတ်ပြန် လိုက်ပါတယ်။ TNLA တပ်မဟာ (၇)တပ်ဖွဲ့က အင်အား ၅၀၀ ကျော်နဲ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၄ နာရီ လောက် ဂျာယန်ပြည်သူ့စစ်စခန်းသို့ ဝင်ရောက်စီးနင်းခဲ့ပြီး တအောင်း(ပလောင်) လူမျိုး အမျိုးသား ၁၁၂ ယောက်နဲ့ အမျိုးသမီး ၁၅ ယောက်ကို ပြန်လည် ကယ်ထုတ် နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ကယ်ဆယ်နိုင်ခဲ့တဲ့ တအောင်း(ပလောင်) လူမျိုးတွေထဲမှာဆိုရင် ၈ နှစ်နဲ့ ၁၇ နှစ်ကြား အရွယ် အယောက် ၂၀ နဲ့ ၁၈ နှစ်နဲ့ ၆၅ နှစ်အရွယ်ကြား ၁၀၇ ယောက် ပါရှိတယ်လို့ သိရပါတယ်။

နိုင်ငံရေးလေ့လာသူ တဦးက “ဒါက အရပ်စကားနဲ့ပြောရင် ကလေးစစ်သား စုဆောင်းတယ် ခေါ်တာပေါ့။ ပညာသင် ချိန်အရွယ် အသက်မပြည်တဲ့ ကလေးသူငယ်တွေကို “ပေါ်တာ”ဆွဲဖို့ မပြောနဲ့ သူက ကျေနပ်လို့ လာဝင်ရင်တောင် လက်မခံဘဲ ပြန်လွှတ်ရတာ”လို့ ပြောပါတယ်။ ဝင်ရောက်စီးနင်းနေချိန် စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲကာ စစ်ကူပေးခဲ့ပြီး ဂျာယန်ကျေးရွာပတ်ပတ်လည်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ TNLA အနေနဲ့တော့ အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ https://burmese.dvb.no/archives/577512

၁၇။ စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု
February 7, 2023

ချင်းပြည်နယ် မတူပီမြိုနယ် ဇိုတုန်နယ်မြေတွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူ ၁၀ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်အဖြစ် ခေါ်ယူအသုံးပြုနေကြောင်း CDF-Zotung တာဝန်ရှိသူတစ်ဦးက ပြောသည်။ မတူပီမြို့နယ် ဇိုတုန်နယ်မြေ တိန်ဆီးရွာနှင့် ထော်လန်ရွာကြားတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Zotung တပ်ဖွဲ့တို့ တိုက်ပွဲဖြစ် ပွားခဲ့ကြပြီး ဒေသခံပြည်သူ ၁၀ ဦးကို လူသားဒိုင်းကာအဖြစ် ခေါ်ယူအသုံးပြုခဲ့ခြင်းဖြစ်သည်။ လူသားဒိုင်းကာအဖြစ် ခေါ်ယူအသုံး ပြုခံရသူ ပြည်သူ ၁၀ ဦးထဲတွင် အသက် ၁၈ နှစ်အောက်မိန်းကလေး ၂ ဦးလည်း ပါဝင်ကာ ၎င်းတို့ထဲမှ ၂ ဦးကို ပြန်လွှတ်ပေးခဲ့ သော်လည်း ကျန် ၈ ဦးကိုကတော့ ပြန်လည်လွတ်မြောက်လာခြင်းမရှိ သေးကြောင်း CDF-Zotung က ဆိုသည်။

CDF-Zotung ပြောရေးဆိုခွင့်ရှိသူ ကိုဂျွန် က “ပုံမှန်စဉ်စားကြည့်မယ်ဆိုရင် လက်နက်မကိုင်တဲ့ သာမန်အရပ်သား ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွား တယ်ဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် လက်နက်ကိုင်အချင်းချင်း ဘာမှလုပ်လို့ မရတဲ့အခါမှာ အပြစ်မဲ့ပြည်သူတွေကို ဓားစာခံ အနေနဲ့ခေါ်ဆောင်တယ်ဆိုတာကတော့ သူရဲဘော ကြောင်တဲ့လုပ်ရပ်ပဲ” ဟု ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့သည် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း CDF-Zotung တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်အရွယ် ဆလိုင်းဟာကာလျန်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ဇိုတုန်နယ်မြေထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာနေပြီး ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ရေးတင်းမာလျှက်ရှိသည်။ https://www.facebook.com/KhonumthungB urmese/photos/pcb.3358846504383368/3358846404383378/

၁၈။ ရာဘာခြံတစ်ခြံတွင် တူမီးသေနတ်တွေ့ရှိ၍ဟုဆိုကာ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး ပစ်သတ်
February 7, 2023

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာရှိ ရာဘာခြံ တစ်ခြံတွင် ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့က လာ ရောက်စစ်ဆေးပြီးနောက် ဖမ်းဆီးခေါ်ဆောင် သွားကာ နှစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။ သရက်ချောင်းမြို့နယ် ရငဲကျေးရွာရှိ ရာဘာခြံသို့ အင်အား ၂၀ နီးပါးရှိ စစ်ကောင်စီတပ်ဖွဲ့ ရောက်ရှိလာပြီး နေအိမ်အားဝင်ရောက်ရှာဖွေကာ တူမီးသေနတ် တစ်လက်တွေ့ရှိ၍ အမျိုးသား သုံးဦးကို ရိုက်နှက်ဖမ်းဆီး သွားကာ တစ်ဦးကိုပြန်လွှတ်ပေးခဲ့သော်လည်း ကျန်နှစ်ဦးမှာ လမ်းတနေရာတွင် ဦးခေါင်းကို သေနတ် ဖြင့် ပစ်သတ်ခံရပြီး သေဆုံးနေသည်ကိုတွေ့ရှိရသည်ဟု ဒေသခံများထံမှ သိရသည်။

ရငဲရွာခံတစ်ဦးက “အိမ်ပိုင်ရှင်ဖြစ်သူ ကိုပိုင်စိုးရဲ့နေအိမ်မှာ တူမီးသေနတ်တွေ့လို့ ဖမ်းခံရတာဖြစ်တယ်။ ဖမ်းဆီးခေါ် ဆောင်သွားပြီး သိပ်မကြာပါဘူး သေနတ်သံကြားရလို့ လိုက်ရှာရာမှာ အခုလို သေဆုံးနေတာ တွေ့ရတယ်”ဟု ပြောသည်။ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသူနှစ်ဦးမှာ အိမ်ရှင်ဖြစ်သူ ကိုပိုင်စိုး (၃၀နှစ်)နှင့် ကိုဖြိုးငယ်ဇော်(၂၃ နှစ်) တို့ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးပစ်ခတ်မှုကြောင့် သေဆုံး သူနှစ်ဦး၏ ရုပ်အလောင်းကို ကျန်ရစ် သူ မိသားစုဝင်များက ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ https://www.faceb ook.com/MizzimaDaily/photos/a.320351647999747/6388740161160835/

၁၉။ KNU နယ်မြေအတွင်း တိုက်ပွဲကြောင့် အရပ်သား ၅၀၀၀ ကျော် ထွက်ပြေးနေရ
February 6, 2023

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူပေါင်းတပ်တွေ အကြား တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ မုန်းမြို့က လူဦးရေ ၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေ ရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုက ဖေဖော်ဝါရီ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ မုန်းမြို့က မြင်သာယာ၊ ဝဲကြီး၊ ညောင်ပင်ဆိပ် ကျေးရွာတွေက ဒေသခံ ၂၄၀၀ ကျော်၊ လပတ်နဲ့ မရမ်းစိမ်လေး ကျေးရွာက ဒေသခံ ၁၉၀၀ ကျော်နဲ့ ဗမာမျက်ရဲ ကျေးရွာက ဒေသခံ ၁၀၀၀ ကျော်၊ စုစုပေါင်း ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေကြရသလို လက်နက်ကြီးကြောင့် ပြည်သူ ငါးဦး လည်း ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ထွက်ပြေးနေရသူတွေက ပြောပါတယ်။ “လက်နက်ကြီးထုတာတော့ လက်တွေ့ပဲကြုံတွေ့ ရတယ်။ လက်နက်ငယ်တွေလည်းပစ်။ အဲမှာ ကလေးငယ်တွေက လည်း ပြေး။ ရွာထဲ မသိဘဲနဲ့ ထုချတဲ့အချိန်မှာပြေးရတာပေါ့” ခမရ-၃၅၁ နဲ့ ခလရ – ၆၀ က အင်အား ၆၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၅ နာရီက ဝဲကြီးကျေးရွာ ဘုန်းကြီးကျောင်းမှာတပ်စွဲပြီး ကျေးရွာတွေထဲကို ဝင်ရောက် လာတာကြောင့် မြင်သာယာ၊ ဝဲကြီးနဲ့ ညောင်ပင်ဆိပ် ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုန်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေ အများစုက ဖြူးမြို့နယ်နဲ့ ကညွတ်ကွင်းမြို့နယ်တွေကို ထွက်ပြေးခိုလှုံနေကြ ရတယ်လို့ သူက ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO)၊ တပ်မဟာ (၃) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၆ နာရီခွဲ ကနေ ၇ နာရီ ကျော် အထိ စစ်ကောင်စီတပ်က အခြေပြုထားတဲ့ ဝဲကြီးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ ရဲ့တပ်က ပစ်ခတ်တဲ့လက်နက်ကြီးဟာ စစ်တောင်းမြစ် အနောက်ဘက်ကမ်းက ဇီးခုံကျေးရွာကို ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ အရွယ် ဒေါ်ဇင်မာဝင်းနဲ့ အသက် ၁၅ နှစ်အရွယ် မရတနာဦးတို့ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် နီးစပ်ရာ ဆေးခန်း တွေမှာ ဆေးကုသခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ မြို့နဲ့လည်း အလှမ်းဝေးတာကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေးအတွက် အခက်အခဲရှိတယ်လို့ မုန်းမြို့က ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးက ပြောပါတယ်။ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေထဲ မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၅ ကြိမ်ရှိခဲ့ပြီး အရပ်သားပြည်သူ ၄၄ ဦးသေဆုံးခဲ့သလို ထိခိုက် ဒဏ်ရာရသူ ၉၉ ဦး ရှိခဲ့တယ်လို့ မူတြော်ခရိုင်ရဲ့ နှစ်ချုပ် သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း KNU တပ်မဟာ ၅ နယ်မြေမှာ တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။ https://www.rfa.org/burmese/program_2/knu-battle-civilians-fleeing-02062023054848.html

၂၀။ မူဆယ်မှာ အလုပ်လုပ်တဲ့ အမျိုးသမီးငယ်တစ်ဦး ရက် (၂ဝ)နီးပါးကြာ အဆက်အသွယ်ပြတ် မိသားစုဝင်တွေ စိတ်ပူနေ
February 2023

ရှမ်းမြောက် မူဆယ်မြို့ ဖုန်းဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ နမ့်ခမ်းမြို့က လီဆူတိုင်းရင်းသူတစ်ဦး ရက် (၂ဝ) နီးပါး ကြာ အဆက်အသွယ်မရတော့တာကြောင့် မိသားစုဝင်တွေက စိတ်ပူနေကြောင်းပြောပါတယ်။ အသက် (၁၇) နှစ် အရွယ် မလီဆာမီး ဟာ မူဆယ်မှာ ၂ လနီးပါးကြာ အလုပ်လုပ်ပြီး ဇန်နဝါရီ ၁၈ ရက်မှာတော့ အိမ်ပြန်လာမယ်ဆိုပြီး မိခင်နဲ့ နောက်ဆုံး ဖုန်းပြောခဲ့ရာကနေ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ မိခင်ဖြစ်သူ ဒေါဝေါ်ဆာမီး က “သူအဲနေ့က အလုပ် လုပ်တဲ့နေရာကနေ ထွက်လာခဲ့ပြီပေါ့။ ပြန်လာတော့မယ်။ အမေလာကြိုရင် နာရီစင်မှာ လာကြိုလိုက်။ သမီး ဖုန်းဆက်လိုက် မယ် အဲလိုပြောပြီးနောက် ဖုန်းအဆက်အသွယ် မရတော့တာ။ ဒီလိုဖြစ်လာမယ်မထင်ထားတော့ သူ့သူငယ်ချင်း ဖုန်းနံပါတ်တွေ လည်း မယူထားမိဘူး” ဆိုပြီး ပြောပါတယ်။ မလီဆာမီးဟာ နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်မှာ နေထိုင်တာဖြစ်ပြီး မိသားစုဝင် တွေက အလွန်စိုးရိမ်နေ တာကြောင့် မလီဆာမီး ရောက်ရှိရာကနေ ဆက်သွယ်ပေးဖို့နဲ့ တွေ့ရှိသူတွေအနေနဲ့ပါ ဆက်သွယ်ပေးဖို့ မိသားစုဝင် တွေက တောင်းဆိုထားပါတယ်။ https://www.facebook.com/photo/?fbid=508427941464475&set=a.4045 03215190282

၂၁။ လမိုင်းမြို့နယ်ခွဲမှာ ဖမ်းမိတဲ့ ခမရ (၅၄၅) မှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း
February 6, 2023

မွန်ပြည်နယ်၊‌ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲမှာ ဇန်နဝါရီလ ၄ ရက်နေ့က ဖမ်းဆီးရမိတဲ့ ခမရ (၅၄၅) တပ်ရင်းမှ ဗိုလ်ကြီး မြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း ပေးလိုက်တယ်လို့ YGF- ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှာ မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကနင်ကမော့နဲ့ အောင်သာယာကျေးရွာ ကြားမှာ စစ်သားတွေ လိုက်ပါလာတဲ့ Mark-2 ကားကို ကာကွယ်ရေး တပ်ဖွဲ့တွေက စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် မောင်းပြေးတာ ကြောင့် YGF – ရေးပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေ မိနစ် ၃၀ ခန့် ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကားပေါ်မှ စစ်သား ၅ ဦး ဆင်းပြေးသွားပြီး ၄ ဦး လွတ်မြောက်သွားကာ ဗိုလ်ကြီး တစ်ဦး ဖမ်းဆီးရမိခဲ့ တာပါ။ ကားကို သိမ်းဆည်းဖို့ ကြိုးစားပေမယ့် ခမရ (၃၁၇) မှ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ကူကာ တပ်ကူတွေ တက်လာတာ သတင်းရ တာကြောင့် မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့ ဗိုလ်ကြီး ဆိုသူကို စစ်ဆေးရာမှာ ကျုံဒိုးမြို့ ခမရ (၅၄၅) တပ်ရင်းမှ ဗိုလ်ကြီး မြတ်သူ ဆိုတာ ပေါ်ပေါက်တာကြောင့် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဆီ လွှဲပြောင်း ပေးအပ်လိုက်ပြီး သူထံမှ လက်ပစ်ဗုံး သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ https://www.facebook.com/MeKongNewsM M/photos/pcb.1175602293099706/1175602039766398/

၂၂။ ကော့ကရိတ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့
February 7, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်း ကျေးရွာများတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်၊ ည ၁၂ နာရီခွဲဝန်းကျင်၌ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင် ခဲ့ကြောင်း ကော့ကရိတ်မြို့နယ်တောင်ပိုင်း ဒေသခံများက ပြောသည်။ ကော့ကရိတ်မြို့နယ် တောင်ပိုင်း ‌‌ ကျေးရွာသား တစ်ဦး က “ညက ၁၂နာရီခွဲဝန်းကျင် လောက်မှာ လေယာဉ်လာကြဲသွားတယ်။ ပစ်တာက ၉ လုံး၊ ၁၀ လုံးလောက်ရှိတယ်။ ကျတဲ့အရာက ၉ နေရာပဲတွေ့တယ်။ ရွာပြင်မှာကျတော့ ဒေသခံရွာသားတွေတော့ ထိခိုက်မှုမရှိဘူ”ဟု ပြောသည်။ ကော့ကရိတ်မြို့နယ် တောင်ပိုင်းဘက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က ဒေသခံ ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးအပြင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိ သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေယာဉ်များပါ မဆင်မခြင်ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင် လေ့ရှိသောကြောင့် ပြည်သူများ အနေဖြင့် လုံခြုံရေးအထူးဂရု စိုက်သင့်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးကလည်း ယခုလို သတိပေးပြောဆိုသည်။ “ဘုမသိဘမသိ စစ်ကောင်စီက လာပြီးလေယာဉ်နဲ့ပစ်တယ်။ လက်နက်ကြီးနဲ့အမြဲ လိုလို ပစ်တော့ပြည်သူ‌တွေသတိနဲ့အားလုံးနေရမယ်။ ကျ‌နော်တို့လည်းသတိနဲ့အမြဲ‌ နေရတယ်။ သူတို့(စစ်ကောင်စီ)က သိလို့လုပ်တာ မဟုတ်ဘဲ ရမ်းပစ်တာသက်သက်ဆိုတော့ ကျတဲ့နေရာ တစ်ခုခုရှိရင်တော့ထိမှာ ပဲ”ဟု ၎င်းက ပြောသည်။ KNU-ကရင်အမျိုး သားအစည်းအရုံး၊ ဒူးပလာယာခရိုင်အတွင်းရှိ ကော့ကရိတ်၊ ဝင်းရေး၊ နို့တကော်အစရှိသည့် မြို့နယ် ၃ မြို့နယ်တွင် စစ်ကောင်စီ က Martial Law (စစ်အုပ်ချုပ်ရေးနယ်မြေ) အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။ https://kicnews.org/2023/02/%e1%80%80%e1%80%b1%e1%80%ac%e1%80%b7%e1%80%80%e1%80%9b%e1

၂၃။ မြောက်ဦး နန်းတော်ရာကုန်းတွင် ရှေးဟောင်း သုတေသနဌာနမှ ကျောက်ခင်းလမ်းလုပ်နေမှု‌ ပြန်လည်ဖျက်သိမ်း
February 6, 2023

ရခိုင်ပြည်၏ ရှေးဟောင်းမြို့တော်ရှိနန်းတော်ရာကုန်း ပထမထပ်တွင် ကျောက်ခင်းလမ်းလုပ်ဆောင်မှုမှာ ရှေးဟောင်း အမွေအနှစ်ကို ထိခိုက်မှုရှိနေ၍ လုပ်ငန်းစဉ်အားလုံး ပြန်လည်ဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းကျောက်ခမ်းလမ်း လုပ်ငန်းကို ရှေးဟောင်း သုတေသနဌာနမှ နန်းတော်ရာကုန်း သန့်ရှင်းသာယာလှပရေး စီမံကိန်း ဆိုသည့် အကြောင်းပြချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းမှာ ရှေးဟောင်းအမွေအနှစ်နေရာကို ထိခိုက်မှုရှိနေ၍ ဆက်လက် မလုပ်သင့်ကြောင်း ကို မြောက်ဦးအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဖက်မှ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ရှေးဟောင်းသုတေသနဌာနနှင့်ညှိ နှိုင်းခဲ့ပြီးနောက်တွင် ယင်းစီမံကိန်းကို ဖျက်သိမ်းလိုက်ပြီဟု မြောက်ဦးရှေးဟောင်းအမွေအနှစ်ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်း မှပြောသည်။ “ရှေးဟောင်း သုတေသနဌာနက နန်းတော်ရာကုန်းသန့်ရှင်းသာယာလှပရေး စီမံကိန်းနဲ့လုပ်ဆောင်တာပါ။ သူတို့ဖက်က ဘယ်နေ့ ကတည်းက စလုပ်နေလဲမသိဘူး။ နန်းတော်ရာကုန်းရဲ့ ပထမဆင့်မှာ ကျောက်ခင်းလမ်း လုပ်နေတာကို ကျွမတို့က သွားရောက် စစ်ဆေးခဲ့ပါတယ်။ မလုပ်သင့်ဘူးဆိုတာ ကျွန်မတို့ဖက်က ရှေးသုနဲ့ဆွေးနွေးမှုတွေလုပ် ခဲ့ကြပါတယ်။ သူတို့ဖက်ကလည်း မလုပ်သင့်တာကို လက်ခံအတွက် လုပ်ငန်းစဉ်ကို ဖျက်သိမ်းလိုက်ပါပြီ”ဟု ပြော သည်။

အဆိုပါ စီမံကိန်းကို ရှေးသုဖက်မှ လွန်ခဲ့သည့် ၂ရက်လောက်က ‌လုပ်ဆောင်နေသည်ကို တွေ့မြင်ရခြင်းဖြစ်ပြီး ကျောက် ခင်းလမ်းမှာလည်း ပေ ‌၂၀၀ ဝန်းကျင်ခန့်ပြီးစီးနေသည်ကို ယနေ့ဖေဖော်ဝါရီ ၆ရက်နေ့ နံနက်ပိုင်းကတွေ့မြင်ခဲ့ရသည်ဟု မြောက်ဦးမြို့ခံ ကိုကျော်ဆန်း ကပြောသည်။ “ကျောက်တွေဘာတွေချတာ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းကလို့ သိရပါတယ်။ ကျွန်တော် ဒီနေ့မနက်ပိုင်းကသွားကြည့်တာ လမ်းက ပေ ၂၀၀ ဝန်းကျင်လောက်ရှိမယ်ပြီးနေတာ။ ရှေးဟောင်းအမွေအနှစ်နေရာ မှာ ခုလိုလုပ်တာကို မြို့ခံတွေကြားဝေဖန်တာတွေရှိနေတယ်”ဟုပြောသည်။ မြောက်ဦး နန်းတော်ရာကုန်းတွင် ကျောက်ခင်းလမ်း လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးလှစော က လူမှုကွန်ရက် စာမျက်နှာတွင် ပြင်းပြင်းထန်ဝေဖန်ခဲ့ပြီး ယင်းကဲ့သို့ ဆောင်ရွက် နေမှုအပေါ် ရခိုင်လူထုကလည်း ဝေဖန်နေသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက မြောက်ဦးမြို့ နန်းတော်ရာကုန်း အနီးဝန်းကျင်ရှိ လမ်းဆုံတွင် မြို့နယ်စည်ပင်သာယာရေးအတွက် နာရီစင် တည်ဆောက်ရန် လုပ်ဆောင်မှုရှိခဲ့သော် လည်း ရှေးဟောင်းသုတေသန၏ HIA ဆန်းစစ်ချက်များအရ အမွေအနှစ်ထိခိုက်မှုများ ရှိသည့်အတွက် နာရီစင် တည်ဆောက်ရေး လုပ်ငန်းစဥ်ကို ရုပ်သိမ်းမှုရှိခဲ့သည်။ မြောက်ဦးဒေသကို ယူနစ်စကိုဝင်ရေးအတွက် အဆိုပြုလွှာကို တင်သွင်းထားပြီးဖြစ်သော်လည်း ဒေသမတည်ငြိမ်မှုကြောင့် ယူနစ်စကို တာဝန်ရှိသူများက လာရောက် စစ်ဆေး နိုင်ခြင်းမရှိသည့်အတွက် ယူနစ်စကိုဝင်ရေးမှာ နှောင့်နှေးနေရဆဲဖြစ်သည်။ https://www.facebook.com/westernnewsagen cy/photos/pcb.707621427711031/707624654377375/

၂၄။ မဏီပူရ်ပြည်နယ်တွင် အထောက်အထားမဲ့ မြန်မာစစ်ဘေးရှောင် ၁၀ ဦးဖမ်းဆီးခံရ
February 6, 2023

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်၊ နယူးလမ်ကာမြို့၊ Vaal veng ကျေးရွာတွင် အထောက်အထားမဲ့ မြန်မာစစ်ဘေးရှောင် ၁၀ ဦးကို ခရိုင်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၅ ရက်က ဖမ်းဆီးတယ်လို့သတင်းရရှိပါတယ်။ ဖမ်းဆီးခံရသူတွေဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ကနေ လာရောက်နေထိုင်သူ ၉ ဦးနဲ့ ကလေးမြို့ကနေ လာရောက်နေထိုင်တဲ့ ၁ ဦး စုစုပေါင်း အမျိုးသား ၆ ဦးနဲ့ အမျိုး သမီး ၄ ဦးတို့ဖြစ်ပါတယ်။ ဖမ်းစီးခံထားရတဲ့မြန်မာနိုင်ငံသားများမှာ အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၄ ယောက်တို့ဖြစ်ကြ သည်။ ဖမ်းဆီးခံရသူတွေဟာ မုံရွာမြို့နယ်က ဒေါ်ဇင်မာ (၅၀နှစ်)၊ မကြူကြူ (၂၀နှစ်)၊ မသင်းသင်း (၂၅နှစ်)၊ မစိုးစိုး (၂၀နှစ်)၊ ဒေါ်ခင်ခင် (၂၅နှစ်)၊ မခင်မို့မို့ဇော် (၂၀နှစ်)၊ ဦးဇော်ထက် (၄၅နှစ်)၊ ဦးအောင်ခိုင် (၄၇နှစ်)၊ ကိုနိုင်ဝင်းထွန်း (၂၃နှစ်)၊ နဲ့ ကလေးမြို့ တာဟန်းရပ်ကွက်နေ ဦးလာလ်ထားကိမ်းမာ (၅၂နှစ်) တို့ဖြစ်ပါတယ်။

ဒီလိုဖမ်းစီးမူနဲ့ပတ်သက်ပြီး မဏီပူရ်ပြည်နယ် ဝန်ကြီးချုပ် N. Biren Singh မှ၎င်း၏ လူမူ့ကွန်ယက်ပေါ်တွင် ဘယ်သူ မဆို အထာက်ထားမဲ့ တရားမဝင် နိုင်ငံခြားသားများကို လက်ခံထားသည်ကိုစစ်ဆေး တွေ့ရှိပါက အရေးယူဆောင် ရွက်သွားမယ် လို့ရေးသားထားပါတယ်။ ဇန်နဝါရီ (၂၇) ရက်ကလည်း မဏီပူရ်ပြည်နယ်၊ မိုးရေးမြို့နယ်တွင် အထောက် အထားမဲ့ မြန်မာ စစ်ဘေးရှောင် ၈၁ ဦး၊ ဇန်နဝါရီလ ၃၀ ရက်တွင် အထောက်အထားမဲ့ မြန်မာစစ်ဘေးရှောင် ၄ ဦး ဖမ်းဆီးခံရပါတယ်။ https:// www.facebook.com/zalen.info/photos/pcb.3549625958591583/3549625875258258/

၂၅။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကရင်နီက တိုင်းရင်းသား နိုင်ငံရေးပါတီ ၂ ခု ပါဝင်မည်မဟုတ်
February 6, 2023

၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီပြန်လည်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကရင်နီပြည်အခြေစိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)၊ ကယန်းအမျိုးသားပါတီ (KNP) တို့က ဝင်ရောက် ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမှာလည်း ပြင်ဆင်မှုမရှိ သလို ဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ KySDP ပါတီဝင်တစ်ဦးက ပြောပါတယ်။ “ဒါကလည်းရွေးကောက်ပွဲအတွက် ကျနော်တို့ ဘားမှပြင်ဆင်ထား တာမ ရှိဘူး။ ဝင်ပြိုင်မယ့် အခြေအနေလည်းမရှိဘူး။ ကျနော်တို့ ကရင်နီပြည်နယ်မှာ လည်း တချို့သောမြို့တွေမှာက တိုက်ပွဲတွေဖြစ် နေတော့ စစ်ရှောင်တွေ အကုန်လုံးဖြစ်နေတဲ့ သဘောမျိုးဖြစ်နေတာ ပေါ့နော။ အဓိကကတော့ ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော် ကတော့ မြို့ပေါ်လောက်ပဲကျန်တယ်ပေါ့။ ဆိုတော့ ဒီရွေးကောက်ပွဲကို ဘယ်လိုပုံစံမျိုးလုပ်မယ်ဆိုတာကိုတော့ ကျနော်တို့လည်း စဉ်းစားလို့ မရဘူးပေါ့နော။“ လို့ သူက ပြောပါတယ်။ လက်ရှိ စစ်ကောင်စီဟာ ရွေးကောက်ပွဲ ဥပဒေတွေကိုပြင်ဆင်ထားပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်နိုင်ဖို့ ပါတီဝင် တစ်သိန်းနဲ့ ဘဏ်စာရင်းထဲမှာ ပိုက်ဆံ သိန်းတစ်ထောင်လောက်ရှိနေရမယ်လို့ ဆိုပါတယ်။ အဲဒီဥပဒေဟာ တိုင်းရင်းသားပါတီတွေကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်စေဖို့ တော်တော်လေး အခက်အခဲဖြစ်စေတဲ့အနေအထားမှာရှိတယ်လို့ KySDP ပါတီဝင်တစ်ဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီက မှတ်ပုံတင်ထားပြီးသားနိုင်ငံရေးပါတီတွေအနေနဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့စပြီး ရက်ပေါင်း ၆၀ အတွင်း ပြန်လည်မှတ်ပုံမတင်လျှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှာ နိုင်ငံရေးပါတီအဖြစ်ကနေ အလို အလျှောက်ပျက် ပြယ်သွားမယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ကရင်နီပြည်ထဲက တိုင်းရင်းသား နိုင်ငံရေးပါတီဖြစ်တဲ့ KySDP၊ KNP ကတော့ မှတ်ပုံ တင်သွားမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ “ ပျက်ပြယ်မယ်ဆိုတာက ကျနော်တို့က တော့ အစကတည်းက ကယန်းအမျိုးသား ပါတီကတော့ မှတ်ပုံတင်ကို သိပ်ပြီးတော့ အရေးမစိုက်ဘူး။ သိပ်ပြီးတော့ အလေးမပေးဘူး။ ကိုယ့်လူမျိုးက ကိုယ့်ကို ထောက်ခံ နေသ၍ UEC ရဲ့မှတ်ပုံတင်ခြင်းရှိရှိ မရှိရှိပါတီဆက်ရှိနေမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ လည်ပတ်နေကြတာလေ။” လို့ KNP အတွင်းရေးမှူး တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီက မဲစာရင်းအတွက် အိမ်ထောင်စုစာရင်းကောက်ယူမှုတွေကို ဖားဆောင်း၊ ဘောလခဲ နဲ့ လွိုင်ကော်မြို့ တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီက ကရင်နီပြည်မှာ တိုက်ပွဲတွေဖြစ်ပွားနေ ပေမယ့် လွိုင်ကော်မြို့ပေါ်မှာ ကယားပြည်နယ်နေ့အခမ်းအနားကို ရအောင်ကျင်းပခဲ့သလိုပဲ ရွေးကောက် ပွဲကိုလည်း ဖြစ်အောင်ပြုလုပ်လိမ့်မယ်လို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦးကသုံးသပ်ပါတယ်။ https://www.kantarawaddyti mes.org/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80

၂၆။ တိုက်ပွဲမကြာခဏဖြစ်နေ၍ မြဝတီ−ကော့ကရိတ် အာရှလမ်းတွင် ကားအသွားအလာနည်းပါးလာ
February 7, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ကော့နွဲကျေးရွာဘက်တွင် စစ်ကောင်စီတပ်များနှင့် နယ်မြေခံ တော်လှန်ရေး ပူးပေါင်းတပ်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိနေသောကြောင့် မြဝတီ−ကော့ကရိတ် အာရှလမ်းမကြီး ပေါ်တွင် ယခုလဆန်းပိုင်းမှစတင်ကာ ယာဉ်သွားယာဉ်လာ နည်းပါးလာနေကြောင်း ယာဉ်မောင်းများက ပြောသည်။ ပြီးခဲ့သည့်လပိုင်းက ကော့ကရိတ်မြို့နယ် တံတားကျိုးကျေးရွာနှင့်ကော့နွဲကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးသည့်နောက် ယခုလတွင်လည်း တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေဆဲရှိနေသောကြောင့် ခရီးသွားပြည်သူများနှင့် ကားအတက် အဆင်းသွားလာမှုများနည်းပါးလျက်ရှိနေသည်ဟု ယာဉ်မောင်း တစ်ဦးက ယခုလိုပြောသည်။ “လမ်းခရီးအခြေအနေ ကတော့ကားတာ့လက်ကုန်ပါးတယ်။ ကားအတက် အဆင်း တွေ တအားနည်း တယ်။ ဟိုနေ့တုန်းကစစ်ကြောင်းတွေ တက်သွားတော့ ကားတွေအဆင်းအတက်မလုပ်ကြတော့ဘူး။ ၃ ရက်နေ့ က ကော့နွဲကြားမှာတိုက်ပွဲဖြစ်လိုက် သေးတယ်။ ခရီးသည်တွေလည်းသိပ်သွားလာတာမရှိဘူး။ ကျနော်ဆိုလည်း စောစောသွား စောစောပြန်ဆင်းမှရမယ်။ အာရှလမ်းအခြေအနေက သိပ်ပြီးမှမကောင်းပဲဟာ။ သွားတော့ သတိနဲ့သွားလာရတာပေါ့။ အခြေ အနေစောင့်ကြည့် ပြီးသွားရတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် လများတွင် ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့သလို အနီးဝန်းကျင်တွင်လည်း နှစ်ဖက် ပြင်းထန်တိုက်ပွဲ များဖြစ်ပွားခဲ့သေးသောကြောင့် စစ်ကောင်စီ၏ ကာကွယ်ရေးနှင့်လုံခြုံရေး(ကာလုံ) အစည်းအဝေးတွင် ကော့ကရိတ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ထားသည်။ ထို့အပြင် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ကော့နွဲကျေးရွာအကြားရှိ ရွာသစ်လမ်းဆုံ တွင်လည်း စစ်ကောင်စီတပ်များနှင့် နယ်မြေခံတော်လှန်ရေး အင်အားစု ပူးပေါင်းတပ်များအကြား ပစ်ခတ်မှုမိနစ် အနည်းငယ် ဖြစ်သွားသေးကြောင်း ၎င်းပစ်ခတ်မှုဖြစ်ပွားရာအနီးအနားရှိ ဒေသခံရွာသားတစ်ဦးကပြောသည်။ အလားတူ မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးတွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် များအကြား တိုက်ပွဲမကြာခဏ ဖြစ်ပွားလျက် ရှိ နေသောကြောင့် စစ်ကောင်စီတပ်များက သင်္ဃန်းညီနောင်ဂိတ်တွင် ခရီးသွား ပြည်သူများနှင့် ယာဉ်များကို စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်လျက်ရှိနေကြောင်းလည်း ယာဉ်မောင်းများထံမှ သိရသည်။ https://kicnews.org/2023/02/%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%

၂၇။ သကျက္ကမ်းရွာက ပျူစောထီးအဖွဲ့ဝင်လို့ နာမည်ထွက်နေတဲ့သူတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ
February 6, 2023

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စုထဲက သကျက္ကမ်းကျေးရွာမှာ ပျူစောထီးလို့နာမည်ထွက်နေတဲ့ ရွာသားတစ်ဦး သူ့ရဲ့နေအိမ်မှာပဲ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။ အခုလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်က ပစ်ခတ် ခံရတာဖြစ်ပြီး သေဆုံးသူဟာ အသက် ၄၉ နှစ်အရွယ် ဦးဝင်းနိုင် ဆိုသူဖြစ်ပါတယ်။ ၎င်းက ငှက်သိုက်လုပ်ငန်း တွေ ရေလုပ်ငန်း တွေ လုပ်ကိုင်သူလို့ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေနဲ့ ပူးတွဲသွားလာနေသူဖြစ်ကာ စစ်တပ် က တပ်ဆင်ပေးထားတဲ့ လက်နက်တွေလည်းရှိတယ်လို့ ဒေသခံတချို့က မှန်းဆကြပါတယ်။ ပစ်သတ်ခံရတဲ့ ဦးဝင်းနိုင် ဆိုသူကို ဒေသခံတွေက လက်နက် မကိုင်ဖို့ စစ်ကောင်စီထောက်တိုင်မလုပ်ဖို့ကို အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့ဖူးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကို မြိတ်ခရိုင်တပ်ရင်း(၁) အဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အဖွဲ့ရဲ့တာဝန်ရှိသူက တနင်္သာရီတိုင်းမ်ကို‌ ပြောပါတယ်။ “ လက်နက်အားကိုးနဲ့ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုသူမှန်သမျှ စစ်ကောင်စီထောက်တိုင်မှန်သမျှကို ရှင်းလင်းသွား မှာ။ သူလည်း အဲအမျိုးစားထဲကမို့ ရှင်းလိုက်တာ ” လို့ အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။ ကျောက္ကား ကျေးရွာက ဒေသခံတွေ ဟာ ရေလုပ်ငန်းနဲ့ အဓိက သက်မွေးဝမ်းကြောင်းပြုကြပြီး အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ https://www. facebook.com/photo/?fbid=225330083218082&set=a.196212682796489

၂၈။ “ဝ” ပြည်ရောက် အလုပ်သမားအချို့ကို အလုပ်ရှင်က လုပ်ခလစာ ခေါင်းပုံဖြတ်
February 6, 2023

“ဝ” ပြည်မှာ အလုပ်သွားလုပ်တဲ့ အလုပ်သမားတွေကို ကုမ္ပဏီက လစာ မထုတ်ပေးဘဲ အခန်းထဲမှာ ပိတ်လှောင်ထား တယ်လို့ “ဝ” ပြည်သို့ သွားရောက် အလုပ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ စစ်ကိုင်းတိုင်း တမူးမြို့နယ် ခမ်ပါတ်မြို့ ကနေ “ဝ”ပြည် ဝိန်းကောင်းမြို့သို့ သွားရောက်ကာ အလုပ်လုပ်နေတဲ့ ကိုနီကော်လှတွန် က “ကျနော်တို့ အခုရောက်နေ တဲ့ ကုမ္ပဏီ နာမည်တော့ သေချာမသိဘူး။ အရင်က ကျနော်တို့လုပ်တဲ့နေရာရဲ့ခေါင်းဆောင်က ဒီကုမ္ပဏီကိုလွှဲပြောင်း ပေးတာ။ သူနဲ့လည်း အဆက်အသွယ် မရတော့ဘူး။ အစက အခြေခံလစာ တစ်လကို ယွမ်ငွေ ငါးထောင် ရက်မှန်ကြေး ယွမ်ငွေ ၁ ထောင်နဲ့ဆို ကျနော် ၆ ထောင်ရတယ်။ တစ်လနှစ်လတော့ အပြည့်ပေးတယ်။ အခုတော့ တစ်လကို ၁ ထောင်ပဲ ရတော့တယ်” လို့ ပြောပါတယ်။ ကိုနီကော်လှတွန် နဲ့အတူ အခန်းထဲမှာ အလုပ်သမား ၅ ဦး ပိတ်လှောင်ခံ ထားရပြီး သူတို့တွေဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လက Jiapian ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ပြီး အဲဒီကနေတစ်ဆင့် လက်ရှိ နေရာသို့ လွှဲပြောင်းပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး သူက “အလုပ်တော့ လုပ်ရတယ်။ ကျနော်တို့ အပြင်လည်း ထွက်လို့မရဘူး။ ကျနော်တို့ ဖောက်သည်မရရင် ပြန်ခိုင်းမယ်တဲ့။ အခု ဖောက်သည် မရတော့လည်း ပေးမပြန်ဘူး။ သူတို့က စာချုပ်နဲ့ ပြန်အကြပ်ကိုင်တယ်” လို့ ပြောပါတယ်။

ကိုနီကော်လှတွန် တို့အဖွဲ့ကို ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက် ၉ နာရီဝန်းကျင်အထိ ရွှေဖီမြေက အဆက်အသွယ်ရခဲ့ပြီး အဲဒီနောက်မှာတော့ အဆက်အသွယ် ပြတ်တောက်သွားပါတယ်။ အလားတူ ကိုနီကော်လှတွန် ဖခင်ဖြစ်သူကလည်း ၎င်းရဲ့သားနဲ့ အဆက်အသွယ် မရတော့ဘူးလို့ ပြောပါတယ်။ ကိုနီကော်လှတွန် ရဲ့ဖခင် ဦးဒါလ်းလျန်က “ဆရာမရေ ဒီမနက် ကျနော့်သား ဖုန်းဆက်လာသေးတယ်။ အဖေ သားထွက်သွားပြီနော်တဲ့။ အဲဒီနောက် သူ့ကို ဖုန်းဆက်လို့ မရတော့ဘူး” လို့ ပြောပါတယ်။ အဆက်အသွယ်ပြတ်တောက်သွားတဲ့ သားဖြစ်သူအတွက် စိတ်ပူနေပြီး အသက် အန္တရာယ်အတွက်လည်း စိုးရိမ်နေရတယ်လို့ ဦးဒါလ်းလျန် က ဆိုပါတယ်။ https://www.facebook.com/photo/?fbid=508641718109764&set=a.404503215190282

၂၉။ ကျူခက်များကို နိုင်ငံခြားမှ ဝယ်ယူသောကြောင့် ရခိုင်က ကျူခုတ်သူများ အဆင်ပြေနေ
February 6, 2023

အိမ်တွင်း တံမြက်စည်းပြုလုပ်ရန်အသုံးပြုသည့် ကျူပင်အခက် (ဒေသအခေါ် ဘွတ်ပင်) များကို ပြည်ပနိုင်ငံများမှ ဝယ်ယူနေသဖြင့် ရခိုင်ပြည်က ကျူပင်ခုတ်သူနှင့် ရောင်းချသူများမှာ ဝင်ငွေကောင်းရနေကြောင်း ဒေသခံများထံမှ သိရသည်။ ကျူပင်အခက်များကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်အပြင် ကိုးရီးယား၊ ဂျပန်၊ ထိုင်း၊ ပါကစ္စတန် စသည့်နိုင်ငံများမှ ဝယ်ယူနေပြီး ကျူပင်တစ်ခက်ကို ငွေကျပ် ၅ ကျပ်နှင့် ကျူပင်အခက် အခြောက် ၁ ပိဿာကို ငွေကျပ် ၂,၁၀၀ အထိ ရရှိကြောင်း အမ်းမြို့မှ ကျူပင်အခက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ဒေါက်တာ ဝင်းမြင့်လေး က ပြောသည်။ “ ပြည်ပနိုင်ငံတွေက ရန်ကုန် ကနေတစ်ဆင့် ဝယ်ယူနေတာလို့ သိရတယ်။ ဒီကို ရန်ကုန်ကနေတစ်ဆင့် ပွဲစားတွေနဲ့ လာဝယ်တာရှိသလို ဒီကလူတွေက ရန်ကုန်ကို ကိုယ်တိုင်သွားရောင်းတာလည်း ရှိပါတယ်” ဟု ဒေါက်တာ ဝင်းမြင့်လေး က ပြောသည်။

မြန်မာနိုင်ငံတွင် ကျူပင်အခက်များကို တံမြက်စည်းလုပ်ကာ အသုံးပြုကြပြီး ပြည်ပနိုင်ငံများတွင် မည်သို့လုပ်ဆောင် သည်ကို မသိရသော်လည်း အဆိုပါ ကျူခက်များကို ဈေးကောင်းပေး ဝယ်ယူနေသည့်အတွက် ဒေသခံများမှာ တွက်ခြေကိုက် နေကြသည်။ ကျူပင်အခက်များကို ပြည်ပနိုင်ငံမှ ဝယ်ယူနေသည်ကို ရခိုင်ပြည်ရှိ ဒေသခံများအနေဖြင့် ယခုနှစ်မှ သိရှိကြခြင်း ဖြစ်ပြီး ကျူပင်ခုတ်သူများမှာ တစ်ရက်လျင် အနည်းဆုံး ငွေကျပ် တစ်သောင်းမှ နှစ်သောင်းခွဲ အထိ ရရှိကြောင်းလည်း သိရသည်။ ကျူပင်အခက်များကို ပြည်ပနိုင်ငံများမှ ဝယ်ယူမှုများ ရှိနေသည့်အတွက် လက်ရှိတွင် စီးပွားရေးလုပ်ငန်းရှင်အချို့က တောင်ယာ ခင်းများတွင် စီးပွားဖြစ်စိုက်ပျိုးမှုများလည်း ရှိနေကြောင်း သိရသည်။ “တချို့တွေကတော့ နောက်နှစ်တွေအတွက် ကြိုတင်စိုက် ပျိုးနေတာတွေလည်း ရှိတယ်လို့ သိရတယ်။ တစ်နေ့လုပ်တစ်နေ့စား လုပ်ကိုင်သူတွေနဲ့ ကျေးလက်က လူတွေအတွက်တော့ တော်တော်လေး အဆင်ပြေနေကြ တယ်။ စီးပွားဖြစ်စိုက်ပျိုးသူတွေ ရှိလာနေတယ်ဆိုတော့ ကျူပင်ခုတ်သူတွေအတွက် နှောင်နှစ် တွေမှာ ကျူပင်ရှားပါး မှုတွေ့ ကြုံရာလာနိုင်တယ်” ဟု ကျူပင်အခက်များ ရောင်းဝယ်ရေးလုပ်ကိုင်နေသူ အမ်းမြို့နယ်၊ ပတ်ကွေ့ ကျေးရွာမှ ကိုသန်းထွန်း က ပြောသည်။ https://www.facebook.com/dmgnewsagency/photos/pcb.2517601988392197 /2517600338392362/

၃၀။ ရေဖြူမြို့နယ်မှာ ကားတစ်စီးပစ်ခတ်ခံရပြီး သံဃာတစ်ပါးပျံလွန်ကာ အမျိုးသမီးတစ်ဦးသေဆုံး၊ ကားပေါ် ပါလာသူ ၄ ဦးထက်မနည်း ဒဏ်ရာရ
February 7, 2023

ရေး-ထားဝယ်ကားလမ်းပေါ်မှာ ရေဖြူမြို့နယ် ရာဖူးရွာသစ်ဘုန်းကြီးကျောင်းက ကားတစ်စီး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ကားပေါ်ပါလာတဲ့ သံဃာတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ညနေ ၃ နာရီ ဝန်းကျင်လောက်မှာ ထားဝယ်ဘက်ကနေ ရေဖြူမြို့နယ်၊ ရာဖူးရွာသစ်ဘက်ကိုမောင်းနှင်လာချိန် မိုင် ၃၀ ရွာအနီး ပစ်ခတ်ခံခဲ့ရ တာလို့ ကားပေါ်မှာလိုက်ပါလာသူတစ်ဦးကပြောပါတယ်။ ” အစကဘာအသံမှန်းမသိဘူး။ လာထိမှသိတယ်။ တောင်ပေါ် ကနေ ပုန်းပြီးပစ်တာ။ သေနတ်အချက်ရေအများကြီးပဲ။ ကားလာမှပစ်ကြတာပါ။ ပစ်နေတဲ့သူတွေကိုမမြင်ရဘူး။ ကားကိုရပ်ပြီး နောက် နည်းနည်းဆုတ်သေးတယ်။ ဒါလည်းပစ်တာပဲ” လို့ကားပေါ် လိုက်ပါလာသူတစ်ဦးကပြောပါတယ်။ အခုလိုပစ်ခတ်ခံရတာ ကြောင့် ကားပေါ်ပါလာတဲ့ ရာဖူးရွာသစ် ဗုဒ္ဓသာသန ယက္ခိတကျောင်းက ဆရာတော် ဦးဥက္ကဋ္ဌပျံလွန်တော်မူပြီး အသက် ၆၅ နှစ် အရွယ်ဒေါ်အုန်းမြသေဆုံးခဲ့ တယ်လို့သိရ ပါတယ်။ ဒါ့အပြင် ကားပေါ်ပါလာတဲ့ ကလေးငယ်အပါအဝင် ၄ ဦးထက်မနည်း ကျည်ထိ မှန်ဒဏ်ရာနဲ့ တခြားဒဏ်ရာ တွေရရှိခဲ့တယ်လို့သိရပါတယ်။

လမ်းပေါ်ကလမ်းသွားလမ်းလာ မျက်မြင်တစ်ဦးက “ ကားဆိုရင် ကျည်ပေါက်ရာတွေနဲ့ ကြေမွနေတာပဲ။ သေသူက သေပြီး ဒဏ်ရာရတဲ့သူတွေကလည်း ကယ်ပါကူပါအော်နေကြတာ။ ဘယ်သူမှလည်း ဝင်မကူရဲကြဘူး။ ပါလာတဲ့ ဘုန်းကြီး တစ်ပါးကတော့ ကားထဲမှာတင် ပျံလွန်တော်မူနေတယ် “ လို့တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။ ဒဏ်ရာရရှိ သူနဲ့သေဆုံးသူတွေကို တော့ လူမှုကူညီရေးအဖွဲ့တွေက ဆေးရုံကိုကူညီသယ်ဆောင် ပေးခဲ့ကြတယ်လို့သိရပါတယ်။ အဲဒီကားကို ဘယ်အဖွဲ့ကပစ်ခတ်ခဲ့ တယ်ဆိုတာကိုတော့မသိရသေးပါဘူး။ စစ်ကောင်စီရဲ့ဝါဒဖြန့်ဖေ့စ်ဘွတ် စာမျက်နှာ တွေကတော့ ဒီပစ်ခတ်မှုကို PDF တွေက လုပ်ဆောင်တာဖြစ်တယ်လို့ရေးသားနေကြပါတယ်။ https://www.facebook.com/photo/?fbid=225480659869691&set= pcb.225480693203021

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။