• Today is: Sunday, May 19, 2024

မြေရှားတူးဖော်ရေး စီမံကိန်းများ ရုပ်သိမ်းပေးမယ်လို့ KIO ဥက္ကဋ္ဌ ပြော

ဓါတ်ပုံ – Getty Images 
ဖက်ဒရယ်ဂျာနယ် မြန်မာ
ဧပြီလ ၁၅၊ ၂၀၂၃
 
ကချင်လူထုအပြင်းအထန် ကန့်ကွက်နေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဗန်းမော်ခရိုင် ဒိန်းဆင်းပါဒေသရှိ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းများအားလုံးကို ရုပ် သိမ်းပေးသွားမယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီးအင်ဘန်လက ဒီကနေ့ ဒေသခံများနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
ဒီကနေ့ ဧပြီ ၁၅ ရက်နေ့ နံနက်ပိုင်းက တရုတ်-မြန်မာ နယ်စပ် KIO ၏ ပညာရေးမြို့တော်ဖြစ်တဲ့ မိုင်ဂျာယန်မြို့မှာ အင်ဘာပါဒေသရှိ မြေရှားတူးဖော်မှုကို ကန့်ကွက်ကြတဲ့ ဒေသခံ ပြည်သူပေါင်း ၁၆၀၀ ကျော်နဲ့ ဗိုလ်ချူပ်ကြီးအင်ဘန်လ ကိုယ်တိုင် ဦးဆောင် တွေ့ဆုံပွဲပြုလုပ်တဲ့ အခမ်းအနားမှာ ယခုလို ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
အခု သတင်းစကားနဲ့ ပတ်သက်ပြီး အဲဒီတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့တဲ့ မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်ရေး ကော်မတီအဖွဲ့ဝင် တစ်ဦးကလည်း ကချင်သတင်းဌာန KNG သို့ ပြောဆိုထားပါတယ်။
 
“ကချင်ပြည်သူလူထုအားလုံး အရမ်းဝမ်းသာပျော်ရွှင်ပါတယ်။ ကျနော်တို့ နယ်မြေတောတောင်ပျက်စီးသွားမှာကို စိုးရိမ်တဲ့ ဒေသခံပြည်သူများရဲ့ ဆန္ဒကို အလေးထားပြီး နားထောင်ပေးတဲ့အတွက် ခေါင်းဆောင်ကြီးကို အထူးပင် ကျေးဇူးတင်ရှိတယ်လို့ ပြောကြားလိုတယ်။ ပိုမိုပြီး တိုင်းပြည်ကို အကောင်းဆုံး ဦးဆောင်နိုင်သော ခေါင်းဆောင် ကြီး ဖြစ်ပါစေ။” လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့သူ မြေရှားတူးဖော်မှု ကန့်ကွက်ရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
 
အဲဒီတွေ့ဆုံပွဲအခမ်းအနားကိုတော့ အင်ဘာပါဒေသဘက်က ပြည်သူထောင်ကျော်ဟာ သူတို့မှာရှိတဲ့ ကား၊ ဆိုင်ကယ်တွေနဲ့ ၃ နာရီခန့် ခရီးသွားရတဲ့ မိုင်ဂျာယန်မြို့တော်ကို အားလုံးသွားရောက်ခဲ့ကြတာပါ။
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၏ ရင်းမြစ်တွေအရလည်း ဒီကနေ့ တွေ့ဆုံပွဲမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး အင်ဘန်လက မြေရှားတူးဖော်မှုအားလုံးကို ပိတ်သိမ်းပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
အခု တွေ့ဆုံပွဲ မတိုင်မှီ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့တွင် ဒေသခံများ ကိုယ်စား ဗန်းမော်ခရိုင်မှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းတော် ခေါင်းဆောင် ၅ ဦးသည် လိုင်ဇာမြို့သို့ သွားရောက်ကာ KIO ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။
 
အလားတူ ယမန်နေ့ ဧပြီ ၁၃ ရက်နေ့ကလည်း ကချင်အရပ်ဘက်အဖွဲ့အစည်း ၂၀ ဝန်းကျင်ကလည်း စုပေါင်းပြီး အင်ဘာပါ နှင့် ဒိန်ဆင်းပါဒေသရှိ မြေရှားတူဖော်မှု လုပ်ငန်းတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုတဲ့ သဘောထားကို ထုတ်ပြန်ခဲ့ကြပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲက စတင်ပြီး တရုတ်-မြန်မာနယ်စပ် မံစီမြို့နယ်ရှိ အင်ဘာပါ၊ ဒိန်ဆင်းပါ ဒေသတွင် မြေရှားသတ္တုတိုးချဲ့တူးဖော်ရန် စမ်းသပ်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ဖို့ KIO အစိုးရက တရုတ်ကုမ္ပဏီများကို ခွင့်ပြုခဲ့တာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေက နည်းလမ်းမျိုးစုံဖြင့် စီမံကိန်းကို ကန့်ကွက်လာခဲ့တာ ၅ လခန့် ကြာမြင့်ပြီးနောက် အခု မံစီမြို့နယ်ရှိ အင်ဘာပါ၊ ဒိန်ဆင်းပါ၊ ဒိန်ဆင်းဘွမ်၊ ကျိန်းလပ်ပါ၊ ခပရာ၊ ဒရောန်း၊ ဖိုင်းဒန်း၊ ခအူ ကျေးရွာများရှိ စီမံကိန်းအားလုံးကို ရပ်တန့်ရန် KIO ဥက္ကဋ္ဌ က ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
ဒီကနေ့ တွေ့ဆုံမှုမှာ KIO ဥက္ကဋ္ဌ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ FJM ကလည်း ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။