• Today is: Saturday, May 18, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ်လူမျိုပေါင်းစုံသတင်း

(No. 42, May 26, 2023)

၁။   ဒီးမော့ဆိုမြို့နယ်တွင် ဖြစ်ပွားသည့် ၁၀ ရက်ကြာတိုက်ပွဲအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများရရှိ
      May 25, 2023

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် (၁၀ )ရက် ကြာ တိုက်ပွဲများအတွင်း လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ဗဟိုက မေလ( ၂၄ )ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဒီးမော့ဆိုမြို့နယ် အရှေ့ ဖက်ခြမ်းတွင် မေလ( ၁၄ )ရက်မှစတင်ကာ  စစ်ကောင်စီ၏ ခမရ (၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းများက အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် ကရင်နီတပ်မတော်(KA)၊ KNDF စစ်ဗျူဟာအမှတ် (၆)၊ KNDF စစ်ဗျူဟာအမှတ် (၄)၊ KNDF-ETD၊ KNDF-UAV နှင့် Loikaw PDF တို့ ပူးပေါင်း၍ မေလ(၂၃)ရက်နေ့ အထိ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ (၁)ဦး၊ ဗိုလ်အဆင့်ရှိသူ (၂)ဦး အပါအဝင် စစ်ကောင်စီ တပ်သား(၄၀)ဝန်းကျင်သေဆုံးခဲ့ပြီး (၂)ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး နှင့် ယာယီတပ် ရင်းမှူးတစ်ဦးတို့က တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာများဖြင့် အနောက်သို့ပြန်၍ ဆုတ်ခွာလာကြသော တပ်ဖွဲ့ဝင်များအား လုံးဝဆုတ်ခွာခွင့်မပေးဘဲ ရှေ့သို့အတင် းအကြပ်တက်ခိုင်း၍ မြေပြင်တိုက်ပွဲများအတွင်း ငယ်သားဗိုလ်နှင့် တပ်သားများအား အသေခံခိုင်းနေသည့် အခြေအနေများကို သက်ဆိုင်ရာ နောက်တန်းတပ်မိသားစုများအား သိရှိစေလိုသည်ဟု KNDFက ဆိုသည်။

တိုက်ပွဲများအတွင်း လွိုင်ကော်၊ ငွေတောင်နှင့်ဖရူဆိုအခြေစိုက် စစ်ကောင်စီတပ်များက နေ့စဉ်လက်နက်ကြီးများ ပစ်ကူ ပေးခဲ့သည့်အပြင် တိုက်လေယာဉ်များဖြင့် အကြိမ်ရေ (၆၀)ထက်မနည်းဗုံးကြဲခြင်း၊ ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်ဟုဆိုသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များထံမှ MA-1 (၈)လက်၊ MA-2(၁)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ ၉ မမ  Pistol (၁)လက်၊ RPG (၂)လက်နှင့် ဆက်စပ်ခဲယမ်းများ၊  ဆက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင်အမြောက် အများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ဒေါစဲ၊ ဒေါတငူးနှင့် တနီးလာလဲကျေးရွာများဖက်သို့ စစ်ကြောင်း ထိုးလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး အဆိုပါနေရာများအနီးသို့ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန်  KNDF က တိုက်တွန်းထားသည်။ https://www.facebook.com/photo/?fbid=63444 1852062469&set=pcb.634442618729059

၂။    KSCU တက္ကသိုလ် အဝေးသင်တွင် KIO/KIA အမှုထမ်းများနှင့် PDF တို့လည်း တက်ရောက်ပြီး ပထမ               အသုတ် တက်ရောက်သူ ၃၀၀ ကျော်ရှိ
      May 25, 2023

KSCU၊ ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်၏ အဝေးသင် အချိန်ပိုင်းရက်တို သင်တန်း ပထမအသုတ်တွင် ကျောင်းသား၊ ကျောင်းသူ ၃၅၀ ဦး တက်ရောက်နိုင်ခဲ့ကြောင်း KSCU လက်ထောက် အဓိပတိဒေါက်တာအောင်ကိုကိုလင်း က ပြောသည်။ “KSCU ဖွင့်တာ ဆိုရင် လာမည့် မေလ ၃၁ ရက်နေ့ဆို တစ်နှစ်ပြည့်ပါပြီ၊ ကျွန်တော်တို့ KSCU ဟာဆိုရင် ကျောင်းသားများနဲ့ ကျောင်းသား မိဘ များရဲ့ ယုံကြည်အားကိုးမှုကို ရယူတဲ့ အလျောက် ကျောင်းသား ဦးရေးဟာ တိုးပွားလာတာဖြစ်တယ်။ ဒီအတောအတွင်းမှာ ကျွန်တော်တို့ ပရိုဂရမ် ၃ ခုကို အကောင် အထည်ဖော်နိုင်ခဲ့ပါတယ်။ ပထမ ပရိုဂရမ်ကတော့ အချိန်ပြည့် ဒေးကျောင်းသားဖြစ်ပါ တယ်။ အဲဒီပရိုဂရမ်မှာကတော့ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်နဲ့ ဝိဇ္ဇာသိပ္ပတက္ကသိုလ်ဆိုပြီးတော့ အချိန်ပြည့် ကျောင်းသား ပေါင်း ၁၆၄ ယောက်ကို သင်ကြားနေပြီးတော့ ဒုတိယ ပရိုဂရမ်ကတော့ အဝေးသင်လို့ခေါ်တဲ့ အချိန်ပိုင်း ပရိုဂရမ်ဖြစ်ပါတယ်။ ဒီအချိန်ပိုင်းအဝေးသင်မှာ နှစ်မျိုးထပ်ခွဲပါတယ်။ တစ်မျိုးက ကျတော့ အပတ်စဉ်တက်ရတဲ့ သိပ္ပံကျောင်းသားများဖြစ်ပြီးတော့၊ တစ်နှစ်တာမှာ ၁၂ ရက်တက်ရတဲ့ အပြင်းအထန်းသင်ရတဲ့ ဝိဇ္ဇပရိုဂရမ်တို့ရှိပါတယ်။ အားလုံးပေါင်းတဲ့ ခါမှာ ကျောင်းသား အားလုံးပေါင်း ၉၀၀ နီးပါးရှိပါတယ်။”ဟု ဆိုသည်။ ၂၀၂၂ ခုနှစ် မေလမှတင်ပြီး Kachin State Comprehensive University (KSCU) တက္ကသိုလ်ကို ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁၂ နေ့တွင် KIO ထိန်းချုပ်နယ်ေမြ လိုင်ဇာမြို့၌ ဖွင့်လှစ် နိုင်ခဲ့သသည်ဟု သိရသည်။ KSCU အဝေးသင်တက္ကသိုလ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီဝင်၊ ဒဿနိကဗေဒ နှင့် စိတ်ပညာ၊ ဥပဒေပညာ ဘာသာရပ်များကို သင်ကြားနေကြောင်း သိရသည်။

KSCU တက္ကသိုလ် တက်ရောက်နိုင်သည့်အပေါ် ဝမ်းနည်းဝမ်းသာ ဖြစ်ရသလို အခက်အခဲကြားမှ တက်ရောက်နေရပြီး သင်ယူခွင့် မရသည့် တော်လှန်ရေး ရဲဘော်များကို မိမိကျောင်းတက်နေမှုအပေါ်  အားနာမိကြောင်း အဝေးသင် တတိယနှစ် တက် ရောက်နေသည့် PDF ရဲဘော်တစ်ဦးက ပြောသည်။ “ကျောင်းတက်ရတာက ခံစားချက်ကတော့ နှစ်မျိုးတော့ရှိတယ်။ ကိုယ့် အတွက် ပညာရေးနဲ့ ပတ်သတ်ပြီး အဆက်အသွယ်ပြန်ရတဲ့အတွက် ဝမ်းသာတယ်။ တစ်ဖက်မှာလည်း ဝမ်းနည်း ဝမ်းသာဖြစ် တာပေါ့။ တစ်ဖက်မှာကလည်း တော်လှန်ရေးရဲဘော်တွေအတွက်တော့ ကျန်တဲ့ ကျောင်းသား၊ သူတွေအတွက် ဒီဘက်ကို အချိတ်အဆက်မမီနိုင်တဲ့အတွက် စိတ်မကောင်းတော့ ဖြစ်ရတယ်။ တခါတလေကျရင်တော့ ကိုယ့်ကိုကိုယ်လည်း ခံစားရတာ တစ်မျိုးဖြစ်တယ်။ အဝေးမှာရောက်နေတဲ့ ရဲဘော်တွေအတွက်ပါ ဘယ်လို နည်းလမ်းနဲ့ ချိတ်ဆက်ပြီး လုပ်ပေးနိုင်မလဲ၊ လုပ်ပေး နိုင်ရင်တော့ ကိုယ့်အတွက် တက်ရတာပိုပြီးတော့ ဝမ်းသာတာပေါ့။ တော်လှန် ရေး ကာလမှာတော့ အဆင်ပြေတယ်ရယ်လိုတော့ မရှိဘူး။ ကိုယ့်ကိုအတတ်နိုင်ဆုံး အဆင်ပြေအောင် ကြိုးစား ဖန်းတီးပြီးတော့ အခက်အခဲကြားကနေပြီးတော့ စိတ်ရှည်ရှည်နဲ့ ပိုပြီးတော့ ကြိုးစားသင် ယူရတာပေါ့။”ဟု သူကဆိုသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် KSCU ၏ ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင်၌ မြန်မာစာ၊ ဓာတုဗေဒ၊ အင်္ဂလိပ်၊ စိတ်ပညာ၊ ပထဝီ၊ ဥပဒေ၊ စီးပွားရေး၊ သမိုင်းနှင့် ဒဿနိက ဗေဒအစရှိသည့်ဘာသာရပ်များကို သင်ယူလေ့လာခဲ့သော ကျောင်းသူ၊ ကျောင်းသား ၆၃ ဦးဘွဲ့လက်ခံရယူခဲ့ကြသည်။ https ://www.facebook.com/photo/?fbid=635264225304138&set=pcb.635264288637465

၃။    လာမယ့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ TNEC ကျောင်းပေါင်း ၃၀၀ ကျော်ထပ်မံဖွင့်လှစ်မယ်
       May 25, 2023

လာမယ့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ တအာင်းအမျိုးသား ပညာရေးကော်မတီ(TNEC)က ကျောင်းပေါင်း ၃၆၀ ကျော် ထပ်မံဖွင့်လှစ်မယ်လို့ TNEC ရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ရှမ်းမြောက်က မန်တုံ၊ နမ့်ဆန်၊ မိုးမိတ်၊ မိုးကုတ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါနဲ့ ကျောက်မဲမြို့နယ်တွေမှာ ဖွင့်လှစ်မှာဖြစ်ပြီး လာမယ့် ဇွန်လ ၅ ရက်နေ့မှာ စတင်ဖွင့်မယ်လို့ ဆိုပါတယ်။ TNEC ရဲ့တာဝန်ရှိသူ ဒါရိုက်တာတစ်ဦးက” ဆရာဆရာမ အင်အားကတော့ အရင်နှစ်ထက်သိပ်မလျော့ပေမယ့် ဖွင့်လှစ်ထားတဲ့ ကျောင်းနဲ့ဆရာဆရာမအင်အားတော့ မလောက်သေးဘူး။ သိုသော်လည်း တစ်ချို့ကျောင်းတွေမှာ ဆရာမ အချို့ နဲ့ ကျောင်းသူကျောင်းသားအချိုးက ညီမျှမှုရှိတယ်။ တစ်ချို့ကျောင်းကတော့ အားစိုက်ရမဲ့အပိုင်းတော့ ရှိတယ်။ ကျောင်းလိုအပ် ချက်မှာတော့ ဆရာဆရာမတွေရဲ့အင်အားကတော့ ပြည့်ပြည့်ဝဝမရှိသေးဘူး”လို့ ဆိုပါတယ်။ ကျောင်းမဖွင့်မီ သင်ကြားပေးမယ့် ဆရာ/ဆရာမတွေကို အတွေ့အကြုံရှိတဲ့ CDM ဆရာ/ဆရာမဦးဆောင်ပြီး စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေ ပေးထားတယ်လို့ သူကဆက်ပြောပါတယ်။

“လာမဲ့ပညာသင်နှစ်မှာ သင်ကြားမှုပိုင်းကို ပိုအားကောင်းအောင် ဘယ်သင်ခန်းစာမှာ ဘာသင်ထောက်ကူ ပစ္စည်းတွေ လိုအပ်လည်း ဆိုတဲ့ဟာ‌တွေကို သင်ကြားရေးအတွေ့အကြုံရှိတဲ့ CDM ဆရာဆရာမက ဦးဆောင်ပြီး အလုပ်ဆွေးနွေးပွဲလုပ် တယ်။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့အတွေ့အကြုံနဲ့ သင်ကြားရေးနည်းတွေ ဆွေးနွေးတာတွေလုပ်တယ်။ ပြီးတော့ TNEC ကခန့်တဲ့ ဆရာဆရာမတွေကို  ၁ လတိတိ တိုက်ရိုက်သင်ခဲ့တဲ့ဘာသာရပ်တွေကို အခြေခံပြီးမှ သင်တန်းမှာ အားသာချက် အားနည်းချက်တွေကို သုံးသပ်ပြီး လာမဲ့ပညာသင်နှစ်မှာ အရင်နှစ်ထက်ပိုပြီးသင်ကြားရေးကောင်းအောင် လုပ်‌ပေးထားတာတာ တွေရှိတယ်” သဘာဝဘေးနဲ့ နိုင်ငံရေးတွေ ဘယ်လိုပဲဖြစ်စေကာမှု ပညာရေးကိုရရာကနေ  မျိုးဆက်သစ်တွေအတွက် ပညာ သင်ကြားခွင့်ရှိအောင်တော့ ဖော်ဆောင်ပေးရမယ်လို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ TNEC ကို တအာင်းအရပ်ဖက် အဖွဲ့အစည်းတွေက စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီကျောင်းဖွင့်မပေးနိုင်တဲ့ ရှမ်းမြောက်က ကျေးရွာတွေမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂- ၂၃ ပညာသင်နှစ်မှာ ရှမ်းမြောက်က မြို့နယ် ၁၀ ခုမှာ ကျောင်းပေါင်း ၃၆၀ ကျော် ဖွင့်ခဲ့ပြီး တက္ကသိုလ်ဝင်းတန်းဖြေဆိုတဲ့ ကျောင်းသားကျောင်းသူ ဦးရေ ၅၀၀ နီးပါးရှိခဲ့ပါတယ်။ https://www.facebook.com /photo/?fbid=572874418353160&se t=a.404503215190282

၄။    စစ်ကောင်စီက ထန်တလန်မြို့ကို တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်
       May 25, 2023

ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့ကို ယနေ့ မေလ ၂၅ ရက်နေ့ နေ့လယ်ပိုင်း ၁၂:၁၅ အချိန်ခန့်တွင် စစ်ကောင်စီ က တိုက်လေယာဉ် တစ်စင်းနဲ့ ထန်တလန်မြို့ကို ဗုံးကြဲတိုက်ခိုက်ကြောင်း သိရပါသည်။ ထန်တလန်မြို့ CB ဘဏ်အဆောက် အဦးကို တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး မြို့တွင်းမှာရှိတဲ့ ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ CDF-Thantlang တပ်ဖွဲ့၀င်တွေ ထိခိုက်မှုမရှိကြောင်းနှင့် စစ်ကောင်စီက ထန်တလန်မြို့ CB ဘဏ် အဆောက်အဦးကို ဗုံးကြဲတိုက်ခိုက်နေချိန်တွင် ချင်းဂျာနယ်အဖွဲ့သားတွေ ထန်တလန်မြို့ကို ရောက်ရှိနေချိန်ဖြစ်ပြီး ၎င်းတို့သည် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း The Chin Journal ကဖော်ပြထားပါသည်။ ထန်တလန်မြို့သည် တစ်မြို့လုံးနီးပါး စစ်ကောင်စီက မီးရှို့ပျက်စီးခဲ့ပြီး မြို့ပျက်သဖွယ်ဖြစ် နေပြီဖြစ်ပြီး မြို့သူမြို့သားအများစုမှာလည်း စစ်ဘေးရှောင်နေကြရသည်။ https://www.facebook.com/photo/?fbid=7086 75471262229&set=a.499340615 529050

၅။    RCSS ရဲ့ စခန်း ၃ ခုကို SSPP သိမ်းပိုက်
       May 25, 2023

ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်း နဲ့ ခိုလမ်ကြားတစ်နေရာမှာ ဒီကနေ့ မနက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS တပ်စခန်း သုံးခုကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က သိမ်းယူနိုင်ခဲ့တယ်လို့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာ က ပြောပါတယ်။ အဲ့ဒီတပ်ဖွဲ့ ၂ ဖွဲ့ခုဟာ ဒီကနေ့ မနက် ကွန်ဟိန်း နဲ့ ဝမ်ဆိန်းရွာကြားရှိ တစ်နေရာမှာ  မနက် ၆ နာရီအချိန်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး SSPP က RCSS တပ်စခန်းတွေကို သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ “ဟုတ်ပါတယ်။ ဝမ်ဆိန်း ခိုလမ်သွားတဲ့လမ်း ဆိုင်းမွန်ပေ့ါနော် အဲ့ဒီကြားမှာ တောင်သုံးလုံးရှိတယ်။ အဲ့ဒီမှာ ဒီနေ့ မနက်မှာ ၆ နာရီခွဲကနေ ၇ နာရီခွဲအထိ အားလုံးသိမ်းပိုက်လိုက်တယ်ပေါ့နော်။ နှစ်ဘက်အကျအဆုံးတော့ ကျွန်တော်လည်း မသိရဘူးခင်ဗျ”လို့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာ ကပြောပါတယ်။ အဲ့ဒီ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံး တာရှိပြီး SSPP က RCSS တပ်ဖွဲ့ရဲ့ လက်နက် ပစ္စည်းတွေကို သိမ်းယူရတာတွေ ရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။ “RCSS ရဲ့ စခန်း ၃ ခုလုံး အသိမ်းခံလိုက်ရတယ်။ နှစ်ဖက် ထိခိုက်ကျဆုံးတာလည်းရှိတယ်ဗျ။ ဘာလို့ဆို လူနာတွေ သယ်တာတွေလည်း တွေ့ရတယ်လေ။ RCSS ကတော့ လမ်းမကြီးဖက်ပေါ့နော်။ တောင်ဘက်ကိုပေါ့။ အဲ့ဒီဖက် ထပ်ဆုတ်သွားတယ်လို့ သိရတယ်ဗျ” လို့ အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။

ဒီကနေ့ မနက် RCSS နဲ့ SSPP ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။ နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲရပ်တန့်ထားရာကနေ အခုလို တိုက်ပွဲပြန်ဖြစ်ပွားရ တာဟာ RCSS က မိုင်းထောင်တာ ချောင်းမြောင်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာကြောင့် ဖြစ်တယ်လို့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာ က ထပ်မံပြောဆိုပါတယ်။ “ကျွန်တော်တို့ တိုက်ပွဲကို ၂၀၂၁ ကတည်းက နားထားတယ်။ ဆက်မတိုက်ဘူး ။ ဒါပေမယ့် သူတို့က ဆက်တိုက် ဒီနေ့အထိ ဗုံးခွဲတယ် မိုင်းထောင်တယ် ချောင်းမြောင်းပစ်ခတ်တာတွေလုပ်တယ်။ အကြီးဆုံးက တော့ သီပေါ၊ မိုင်းကိုင်၊ တုံလော အစပ်မှာ မိုင်းပေါင်း ၆၇ လုံးထောင်တယ် ၅ လုံးပေါက်တယ် ကျွန်တော်တို့ ကားတွေ လူတွေ ထိခိုက်တယ်။ အဲ့ဒါတွေကနေ ပြဿနာက ကြီးလာရတာဖြစ်တယ်” လို့ ဗိုလ်ကြီး သီဟရာဇာ ကပြောပါတယ်။ RCSS အနေနဲ့ ချောင်းမြောင်းပစ်ခတ်တာတွေ ဆက်လုပ်နေရင် တိုက်ပွဲဟာ မဖြစ်ချင်လည်း ဆက်ဖြစ်နေရမယ့် အနေအထားမှာဖြစ်နေတာ ကြောင့် နှစ်ဖက် ဆွေးနွေးညှိနှိုင်းချင်ရင် အပြောတစ်မျိုး အလုပ်တစ်မျိုး မဖြစ်ဖို့လိုတယ်လို့ သူကပြောပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန် ၊ မိုင်းနောင် ၊ ခိုလမ်တွေကြားမှာ RCSS က အင်အားဖြည့်တင်းတာတွေ ဆက်တိုက်ပြုလုပ်လာတာတွေကို တွေ့ရလို့ ရှမ်းတပ်ဖွဲ့ နှစ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်လာမယ့်အခြေအနေဖြစ်တယ်လို့ ခိုလမ်ဒေသခံတစ်ဦးကလည်း ပြောဆိုထားပါတယ်။ https://www.fa cebook.com/MeKongNewsMM/photos/pcb.1232013960791872/1232013537458581/

၆။    ပုလောတွင် တိုက်ပွဲ ၄ နေရာ ဖြစ်ပွား၊ အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
       May 25, 2023

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်ရှိ နေရာ လေးခုတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ကြား တိုက်ပွဲ လေးကြိမ် ဖြစ်ပွားမှုကြောင့် ခရီးသွား အရပ်သားများ ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ကြောင်း ဒေသခံများ က ပြောသည်။  မေလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ပုလောမြို့နယ် မန်ကျဉ်းကုန်း စစ်ကောင်စီ ဂိတ်စခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်စဉ် မြိတ်မှ ထားဝယ်ဘက်သို့ တက်လာသော တနင်္သာရီရိုးမ ခရီးသည်ကား တစ်စီး စစ်ကောင်စီဂိတ် အနီးတွင်ပိတ်မိရာတွင် ကျည်ထိမှန် သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ အမျိုးသမီးတစ်ဦးနှင့် နီးစပ် သူ တစ်ဦးက” မန်ကျဉ်းကုန် တိုက်ပွဲမှာဖြစ်တယ်။ ခရီးသည်ကားပေါ်က အမျိုး သမီးတစ်ဦး ကျဉ်ထိမှန်ပြီး သေဆုံးတယ်။ ဒဏ်ရာ ရတယ်။ နောက်ပြီး ရွာထဲလက်နက်ကြီးကျလို့ သေဆုံးထိခိုက်တာတွေ ဖြစ်ခဲ့တယ်”ဟု ပြောသည်။ တနင်္သာရီရိုးမခရီးသည် လိုင်း ကားတွင်လိုက်ပါလာသည့် အသက် ၂၆ နှစ်အရွယ် မမြတ်မိုးလတ်သည် ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ပြီးသေဆုံးရုပ်အလောင်း အား လူမှုအထောက်အကူပြုအသင်း မြိတ်မြို့ တပ်ပြင်ရပ်ကွက်ရှိ နာရေးကူညီမှုအဆောက်အဦးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူ နောက်တစ်ယောက်မှာ မန်ကျဉ်းကုန်းကျေးရွာမှ သိရသော်လည်း ၎င်း၏ နာမည်နှင့် အသက် သီးခြား အတည် ပြု၍ မရသေးပေ။ ဒေသခံများ၏ ပြောဆိုချက်အရ ယင်းပစ်ခတ်မှုသည့် စစ်ကောက်စီဖက်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ သည်ဟု ပြောဆိုထားသည်။ “ကျွန်တော်တို့ တိုက်ပွဲ ဖြစ်တဲ့ အချိန်မှာ စစ်တပ်ဂိတ်ရဲ့ အနီးဆုံးမှာ ခရီးသည် ကားတစ်စီးပိတ်မိနေ တာကြောင့် ကနဦးပစ်ခတ်မှု ရပ်နားခဲ့ပေမယ့် စစ်တပ်ဖက်ကတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခတ်တာမျိုး တော့ ပြုလုပ်ခဲ့တာ ရှိတယ်”ဟု ပုလောအခြေစိုက် PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ ပုလောမြို့နယ်တွင် မေလ ၂၄ ရက်နေ့ တွင် စစ်ကောင်စီ ဂိတ်စခန်းသုံးခုဖြစ်သည့် မန်ကျဉ်းကုန်းဂိတ်၊ ထမင်းမစားဂိတ်နှင့် ကျောက်စုဂိတ်တို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ တန်းမြင့်  စစ်အခြေခံသင်တန်းကျောင်းက ထွက်လာသည့် ယာဥ် တန်းကို နန်းပရုတ်ရွာတွင် PDF က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ခန့်မှန်း ပြောထားသော်လည်း မြေပြင်အခြေအနေကိုမူ တိတိကျကျမသိရှိရသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ https://www.facebook.com/w esternnewsagency/photos/pcb.767844935022013/767844005022106/

၇။   လုံဂျာဘွမ် (Lung Ja Bum) တောင်ခြေတွင် စစ်ကောင်စီ တပ်စွဲထားဆဲဖြစ်သောကြောင့် ဒေသခံများ                တောင်ယာ စိုက်ပျိုးရေး လုပ်ကိုင်ရန် အခက်တွေ့နေ
      May 24, 2023

ဗန်းမော်ခရိုင် မိုးမောက်မြို့ လုံဂျာဘွမ် (Lung Ja Bum) တောင်ခြေတွင် စစ်ကောင်စီတပ်စခန်းတိုးချဲ့ တပ်စွဲလိုက်သော ကြောင့် အနီးတဝိုက်ရှိသော ဒေသခံပြည်သူများ တောင်ယာစိုက်ခင်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်စားသောက် ရန် အခက်ခဲများ ကြုံတွေ့နေရသည်ဟု သိရသည်။ လုံဂျာဘွမ်(Lungja bum) တောင်ခြေရှိ ၀ဝမ်ကျေးရွာမှ ၂ ဖာလုံအကွာတွင် သာ စစ်ကောင်စီ တပ်စွဲထားသဖြင့် မိုးမောက်တွင် စစ်ဘေးတိမ်းရှောင်နေကြရသည့် ဝဝမ်ဒေသခံပြည်သူများသည် နေရပ်ပြန် လည်နေထိုင်ပြီး မူလတောင်ယာလုပ်ငန်းများ လုပ်ကိုင်စားသောက်လိုသော်လည်း လုံခြုံရေးအတွက် စိုးရိမ်းနေရသည်ဟု ဝဝမ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ “တောင်ခြေမှာလယ်ယာရှိတဲ့သူတွေလည်း ကြောက်လို့ မလုပ်ရဲတော့ဘူးလို့ပြောတဲ့ သူတွေ များနေတယ်။မလုပ်တော့ဘူး မလုပ်ရဲဘူးလို့ပြောတဲ့သူတွေချည်းပဲ။ မနှစ်တုန်းကစိုက်တာတောင် နွားတွေနင်းခြေလိုက် တာနဲ့ စစ်သားတွေ နင်းခြေလိုက်တာနဲ့။ ဘာဆက်ဖြစ်မယ်ဘယ်သူမှမသိနိုင်ဘူးလေ စစ်ရေးက ခုတစ်မျိုးတော်ကြာတစ်မျိုးဆို တော့”ဟု၀ဝမ်ကျေးရွာဒေသခံ စစ်ရှောင်အမျိုးသမီး ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် လုံဂျာဘွမ်(Lungja Bum)တောင်ခြေရှိ ဆုတောင်းတောင်တွင် သံဆူးကြိုးများဖြင့် အခိုင်အမာဝန်းရံထားပြီး အင်အား ၅၀ ဝန်းကျင်ခန့် အထိုင်ချတပ်စွဲထားသောကြောင့် ဝဝမ်ကျေးရွာဒေသခံပြည်သူများသည် နေရပ်ပြန်ရန် လုံခြုံရေးအတွက် စိုးရိမ်နေရခြင်းလည်းဖြစ်သည်။ အဆိုပါ ၀ဝမ်ကျေးရွာဒေသခံများကို နေရပ်ပြန်လာကြရန် ပြော ဆိုမှုများရှိသော်လည်း ဒေသခံပြည်သူများအနေဖြင့် လုံဂျာဘွမ်တောင်ခြေတဝိုက် မိုင်းရှင်းလင်းရေးနှင့် ယခုတပ်စွဲနေသည့် တပ် စခန်းဆုတ်ခွာသွားခြင်းမရှိဘဲ နေရပ်ပြန်လာကြမည်မဟုတ်ကြောင်း စစ်ရှောင်များကပြောသည်။ https://www.facebook.co m/photo/?fbid=630675295760412&set=a.60127 0185367590

၈။    အချိန်မီ ဆေးမကုသနိုင်သဖြင့် မိုင်းထိ CDF – Matupi ရဲဘော် ကျဆုံး
       May 25, 2023

ချင်းပြည်နယ်၊ ဟားခါး-မတူပီလမ်း ရှေ့တန်းတစ်နေရာတွင် စစ်ဆင်ရေးပြုလုပ်နေစဉ် မိုင်းမတော်တဆမှုကြောင့် ဒဏ် ရာရရှိခဲ့သည့် ရဲဘော်တစ်ဦးသည် အချိန်မီဆေးကုသမှုမရရှိသဖြင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) (CDF–Matupi) က မေလ ၂၃ ရက်နေ့တွင်ထုတ်ပြန်သည်။ အသက် ၁၈ နှစ်အရွယ်ထို ရဲဘော်သည် မေလ ၂၃ ရက် နံနက် ၇ နာရီတွင် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ၎င်းအား အသက်ကယ်ရန် ကြိုးစားခဲ့သော်လည်း ထိခိုက်ဒဏ်ရာများကို ကျွမ်းကျင်စွာကုသနိုင်သူကျန်းမာရေး ၀န်းထမ်းမရှိ၍ ည ၈ နာရီအချိန်တွင် ၎င်းသည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့သွားကြောင်းဆိုသည်။ “နည်းပညာ မကျွမ်းကျင်တာတစ်ပိုင်း၊  ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာ တစ်ပိုင်းပေါ့။  ဒဏ်ရာရသူတွေကို ကျွမ်းကျွမ်း ကျင်ကျင် ကုသပေးမယ့် ဆရာ၊ ဆရာမ မရှိတာကြောင့် အခုလို ဆုံးရှုံးခဲ့ရတာပါ” ဟု CDF – Matupi  ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်း ပြော သည်။ အမျိုးသားတော်လှန်ရေးအတွက် ကတိသစ္စာဆိုခဲ့သည့်အတိုင်း ရဲဘော်၏ ပေးဆပ်မှု အပေါ် လေးစားဂုဏ်ယူပါကြောင်း နှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူ၊ ထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

CDF – Matupi တပ်ဖွဲ့တွင် ကျဆုံးခဲ့သော ရဲဘော် ၂၅ ဦးခန့်ရှိပြီး ကိုယ်ခန္ဓာအစိတ် အပိုင်း ဆုံးရှုံးခဲ့ရသူ ၁၀ ဦးခန့်ရှိပြီဖြစ် ကြောင်းသိရသည်။ ၎င်းတို့အနက် အချို့မှာ တိုက်ပွဲအတွင်း ထိခိုက်ခဲ့ခြင်းဖြစ်ပြီး အချို့မှာ ရန်သူ့မိုင်းနှင့် မိမိတို့မိုင်းကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ဧပြီ ၁၉ ရက်က  CDF – Matupi ဌာနချုပ် Camp Zion တွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများကို ဖိတ်ခေါ်ခဲ့သေးသည်။ ထိုဖိတ်ခေါ်ချက်တွင် ကျန်မာရေးဝန်ထမ်းလုံလောက် မှုမရှိခြင်းကြောင့် တိုင်းပြည်နှင့်လူမျိုးအတွက် တိုက်ပွဲဝင်ရဲဘော်များ၏ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုအကူအညီများ အထူး လိုအပ်လျက်ရှိကြောင်း အသိပေးထားသည်။ https://www.facebo ok.com/MizzimaDaily/photos/a.320351647999747/6 738373136197534/

၉။    လုံးခင်းရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုဝင်စီးခံရပြီး အမျိုးသား ၅ ဦးဖမ်းခံရ
       May 25, 2023

ဖားကန့်မြို့ လုံးခင်းကျေးရွာရှိ ဥရုခတည်းခိုခန်းတွင် ယနေ့နံနက် ၄ နာရီဝန်းကျင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် စီးနင်းခဲ့ပြီး အမျိုးသား ၅ ဦးအားဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများမှ သိရသည်။ ခလရ ၇၆ တပ်နှင့် ဖားကန့်ရဲစခန်းမှ ရဲများအပါအဝင် အင်အား ၆၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် လုံးခင်းရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦး အားဥရုခတည်းခိုခန်းလိုက်ပို့ရန် ခေါ်ဆောင်းသွားပြီး  ဝင်းစီးခဲ့ခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးကပြောသည်။ “မနက် ၃ ခွဲလောက် မှာ ဒီရပ်ကွက်ထဲက လူတစ်ယောက်ပေါ့နော် (အမည်တော့မပြောတော့ဘူး) အရင်လာခေါ်သွားတာ အဲတည်းခိုခန်းနေရာလိုက်ပို့ ပါဆိုပြီး အဲမှာရောက်တော့ သူတို့က တည်းခိုခန်းတစ်ခုလုံး ဝိုင်းပြီး ဝင်စစ်ဆေးပြီးဖမ်းတာ” ဟုပြောသည်။ စစ်ကောင်စီတပ်သည် ဖမ်းဆီးမှုမပြုခင် ဥရုခတည်းခိုခန်း ပတ်လည်ဝိုင်းထားကာ တစ်ခန်းဝင်တစ်ခန်းထွက် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် အခန်း နံပါတ် ၂၀၃ တွင်ရှိနေသည့် အမျိုးသား နှစ်ဦးနဲ့ အခန်းနံပါတ် ၂၀၇  တွင်ရှိနေသည့် အမျိုးသား သုံးဦး စုစုပေါင်း ၅ ဦးအား ဖမ်းဆီး သွားကြောင်းသိရသည်။

 ဖမ်းဆီးခံရသူများမှာ အသက် ၄၀ ဝန်းကျင်ရှိ ဦးအိုက်ပီး၊ ဦးအိုက်မြင့်မောင် နှင့် အသက် ၂၀ ဝန်းကျင်ရှိ ကိုဆိုင်းထွယ်နော်၊ အမည်စုံစမ်းနေဆဲ အမျိုးသား ၂ ဦးတို့ဖြစ်သည်။ ” သူတို့က ဖုန်းတွေစစ်ပြီး ဖမ်းတာတဲ့ ကျနော်တို့ သုံးသပ်ရ သလောက် မနက်ပိုင်းလူအိပ်ချိန် ဝင်ဖမ်းတာဆိုတော့ သတင်းပေးတဲ့သူကြောင့်လို့ဘဲ ထင်ပါတယ်” ဟု နောက်ထပ်ဒေသခံ တစ်ဦးကပြောသည်။ ဖားကန့်ဒေသတွင် နေ့စဉ်ပစ်ခတ်သတ်ဖြတ်မှုအပြင် နေ့ည စစ်ကောင်စီတပ်၏ လိုက်လံဖမ်းဆီးနေမှု ကြောင့် ဒေသခံများအကြား စိုးရိမ်မှူများစွာရှိနေသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် မတ်လမှစကာ အရပ်သားများအား အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကာ ဖမ်းဆီးခံရသူများသည်လည်း ၄၀၀ ဝန်းကျင်ရှိလာပြီဖြစ်သည်။ https://www.facebook.com/photo/?fbid=631297452364863&set=a.60127019203425

၁၀။    SSPP တပ်သားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ ၃ ဦးကို ဖမ်းဆီခေါ်ဆောင်သွား
        May 26, 2023

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ၏ တပ်သား ၁ ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်ပြီး ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် မူဆယ်ခရိုင်၊ ကွတ်ခိုင် မြို့နယ်၊ မိုင်းယကျေးရွာအုပ်စု၌ စခန်းချ နေထိုင်သည့် SSPP/SSA တပ်သား ၄ ဦးသည် ရွာပြင်ဘက် ဟင်းစားရှာထွက်နေစဥ် စစ်ကောင်စီ စစ်ကြောင်း နှင့် တိုးမိပြီး တစ်ဦး ပစ်သတ်ခံရကာ ၃ ဦးကို ဖမ်းဆီးခံရကြောင်း သိရသည်။ ယင်းကိစ္စ နှင့် ပတ်သက်ပြီး SSPP/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ကြီး သီဟရာဇာက “ဟုတ်ပါတယ် ၊ ကျနော်တို့ တပ်သား ၄ ယောက် ဟင်းစားရှာထွက် တဲ့ အချိန်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုးမိပြီးတော့ တစ်ဦး ပစ်သတ်ခံရတယ်၊ ၃ ဦးကို စစ်ကောင်စီက ဖမ်းသွားတယ်၊ အခု လည်း ပစ်ခံရသူရဲ့ စျာပနာ အဖို့ လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။ SSPP/SSA တပ်သားများကို ဖမ်းဆီးပစ်သတ်သည့် စစ်ကောင်စီတပ်ဖွဲ့သည် ခြေမြန်တပ်ရင်း (ခမရ) ၃၁၅ မှ ဖြစ်ကြကြောင်းလည်း ဗိုလ်ကြီးသီဟရာဇာ က ဆက်ပြောသည်။

လက်ရှိတွင် ပစ်သတ်ခံရသည့် တပ်သား၏ ဈာပနာအတွက် ပြင်ဆင်နေလျက်ရှိပြီး ဖမ်းဆီးခံရသည့် တပ်သားများ ပြန် လည်လွတ်မြောက်လာရေးအတွက်လည်း ဌာနချုပ်မှ ကြိုးစားနေကြောင်း ဗိုလ်ကြီး သီဟရာဇာ ကပြောသည်။ “တိုက်ပွဲဖြစ်တာ၊ အချင်းချင်းပစ်ခတ်ကြတာ မရှိဘဲနဲ့ အင်အားချင်းလည်း မမျှတဲ့သူကို စစ်ကောင်စီတို့က ပစ်သတ်တာ လုံးဝ မဖြစ်သင့်ပါဘူး၊ အခု လိုဖြစ်သွားတဲ့အတွက်လည်း ကျနော်တို့ တပ်သားအတွက် စိတ်မကောင်းဖြစ်ရတယ်၊ ဖမ်းဆီးခံရတဲ့ သူတွေ ပြန်လည်လွတ်လာ ရေးအတွက်လည်း ကြိုးစားနေပါတယ်” ဟု ဗိုလ်ကြီး သီဟရာဇာက ပြောဆိုထားသည်။ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသည့် SSPP/ SSA တပ်သားများကိုမည်သည့်နေရာတွင် ဖမ်းဆီးခေါ်ဆောင်ထားသည်ကို အတိအကျ မသိရသေးကြောင်းလည်း သူကဆက်ဆို သည်။ စစ်ကောင်စီမှနိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် SSPP/SSA တို့သည် သုံးကြိမ်ထက်မနည်းတွေ့ဆုံမှု ရှိနေသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည်။ https://bu rmese.shannews.org/archives/ 34950

၁၁။   ကော့ကရိတ်မြို့တွင် ပစ်ခတ်မှုအပြီး စစ်ကောင်စီမှ လက်နက်ကြီး အဆက်မပြတ်ပြန် လည်ပစ်ခတ်နေ
        May 26, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ တပ်စွဲထားသည့်နေရာများကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ် မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်များက သွားရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်မှ ကျေးရွာ များအတွင်းသို့ လက်နက် ကြီးများဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်နေကြောင်း ကော့ကရိတ်မြို့ ဒေသခံ များကပြောသည်။ ပြီးခဲ့သည့် မေလ ၂၄ ရက် နေ့က တပ်စခန်းများ ပစ်ခတ်ခံရပြီးနောက် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ အမြှောက်တပ်နှင့် အခြားတပ်စွဲထားသည့် နေရာများ မှ လက်နက်ကြီး အချက်ရေအမြောက်အများကို ယမန်နေ့ ညနေအထိ ပြန်လည်ပစ်ခတ်နေကြောင်း ဒေသခံရွာသားတစ်ဦးက ယခုလိုပြောသည် “နေရာစုံ ကနေပစ်တယ်။ လှိုင်ဝကုန်းကနေလည်းပစ်တယ်။ ၉၇ ကနေလည်းပစ်တယ်။ တောင်စွန် တံတားက နေလည်းပစ်တယ်။ ခါတိုင်းလည်း မနက်တစ်ခါ ညတစ်ခါတော့ အမြဲပစ်တယ်။ အခုသူများ တစ်ချက်နှစ်ချက်သွားပစ်တော့ အဆက် မပြတ်ပြန်ပစ်နေတယ်” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုကြောင့် ကမိုင်ကုန်း ကျေးရွာအတွင်း ကျ ရောက် ပေါက်ကွဲမှုများရှိခဲ့ပြီး ကမိုင်ကုန်းဒေသခံအသက် (၃၁) နှစ်အရွယ် ကျော်မင်းထွန်း နှင့် အသက် (၆၂) နှစ်အရွယ် အတောင်း တို့ ခမည်းခမက် နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ‌ကမိုင်ကုန်း ဒေသခံများ ထံမှ သိရသည်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလေ့ရှိသော ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွားများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး နေ့စဉ်လိုလိုပစ်ခတ်မှုများ ပြုလုပ် နေ သောကြောင့် ကော့ကရိတ်မြို့အနီးရှိကျေးရွား ဒေသခံများအနေဖြင့် လယ်စိုက်ရာသီရောက်ပြီးဖြစ်သော်လည်း လယ်ထွန် စိုက်ပျိုးချင်းကို ပြန်မလုပ်နိုင်ကြသလို အချို့ ဒေသခံများသည် ဘေးလွတ်ရာအခြား‌ ကျေးရွာများသို့ တိမ်းရှောင်ရင်း လယ်လုပ်‌ နေကြရကြောင်း ဒေသခံများက ဆိုသည်။ ဒေသခံတစ်ဦးက “တောင်ကြား၊ နို့လား၊ တနင်မူး၊ ရေလယ်မြိုင်၊ ရန်ကုတ် စတဲ့ ကျေး‌ရွာတစ်လျှောက်တော့ လယ်လုပ်လို့မရဲတော့ဘူး။ အခုလယ်ထွန်ရတော့မယ်။ ရွာပြန်လာ‌နေမရဲသေးဘူ။ တစ်ချို့ကလည်း မြပတိုင်ဘက်မှာ လယ်ပြန်လုပ်တာရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ https://kicnews.org/2023/05/%e1%80%80% e1%80%b1%e1%80%ac%e1%8 0%b7%e1%80%80%e1%80%9b%e1

၁၂။    ရေဖြူမှာ စစ်ကောင်စီကား မိုင်းဆွဲခံရပြီးနောက် အနီးနားက ရွာသားအများအပြား ဖမ်းဆီးခံရ
        May 25, 2023

ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းပေါ်မှာ စစ်ကောင်စီကား မိုင်းဆွဲခံရပြီးနောက်တစ်ရက်မှာ ဖြစ်စဉ်အနီးက ကျောက်ကညာရွာရှိဒေသခံ ၃၀ ကျော်လောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ် ရက်၊ အခုလ ၂၃ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီအမြောက်တပ် (၃၀၄)ကထွက်လာတဲ့ ဟိုက်ဂျက်ကားကို ရေဖြူ  မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဝေဟင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထဲက တပ်ဖွဲ့ဝင်တစ်ဦးနေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးကတော့ ဆေးကုသ မှုခံ ယူနေချိန် မနေ့ကမနက်ပိုင်းမှာ သေဆုံးသွားတယ်လို့သိရပါတယ်။ “ဟိုက်ဂျက်ကားက လွင့်ထွက်သွားပြီး သစ်ပင်ကြားမှာပါ ညှပ်သွားတဲ့ အခြေအနေပါ။ ကားပေါ်မှာပါလာတဲ့သူ အားလုံးထိတယ်။ ဗိုလ်မှူးဆိုတဲ့သူက ဆေးရုံကားနဲ့မခေါ်သွားခင် ကတည်း က အသက်ငင်နေပြီလို့ သိရတယ်” ရေဖြူမြို့နယ်(ပကဖ)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဗိုလ်မှုးအဆင့်ရှိသူ သေဆုံးပြီးနောက် မနေ့ကမနက်ပိုင်းမှာပဲ ကျောက်ကညာရွာထဲကို စစ်ကောင်စီတပ်သားတွေ ဝင် ရောက်လာပြီး ရွာထဲက အမျိုးသား၊ အမျိုးသမီးနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် စုစုပေါင်း ၃၀ ကျော်လောက်ကို ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ဖမ်းဆီးချိန်မှာ ရွာသားတွေရဲ့မျက်လုံးတွေကိုပိတ်ထားသလို အမျိုးသားတွေကိုလည်း လက်ပြန် ကြိုးနဲ့ချည်ပြီး ခေါ်ဆောင်သွားတာလို့ သိရပါတယ်။ မနေ့ကညပိုင်းမှာတော့ ၁၀ ဦးခန့်ပြန်လွတ် မြောက်လာပေမဲ့ ဖမ်းဆီးခံထားရ သူ အများစုရှိသေးတယ်လို့ သိရပါတယ်။ ကျန်ခဲ့တဲ့ အရေအတွက်အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ “နာမည်တွေ ခေါ်ပြီး လာဖမ်းတာပါ။ နာမည်လာခေါ်ခံရတဲ့သူတွေကလည်း သာမာန်အရပ် သားတွေပဲ။ သူတို့မရှိရင်ရှိတဲ့ ဇနီးတွေ၊ သမီးတွေ ကိုဖမ်းခေါ်သွားတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေ အခုလိုဝင်ရောက်ဖမ်းဆီးတာကြောင့် ရွာခံအများ အပြားလည်း စိုးရိမ်ပြီးထွက်ပြေး၊ တိမ်းရှောင်နေတာတွေ ရှိတယ်လို့ သိရပါတယ်။ https://www.facebook.com/photo/? fbid=276622678088822&set=a. 196212682796489

၁၃။    ငြိမ်းချမ်းရေးစကားဝိုင်းက စစ်ပွဲများရပ်နိုင်မည်ဟု မထင်ကြောင်းပြော
        May 25, 2023

ပြည်တွင်းမှာ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေး စကားဝိုင်းမှ ချုပ်ငြိမ်းနိုင် လိမ့်မည်ဟု မထင်ကြောင်း ကရင်နီပြည်နယ် လူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက ပြောသည်။ လက်ရှိ လက်နက်ကိုင် ပဋိပက္ခမှာ အစုအဖွဲ့တစ်ခုမှ တိုက်ခိုက်သည့် ပုံစံမျိုး မဟုတ်တော့ကြောင်း၊ လူထု တော်လှန်ရေး ဖြစ်သွားသည့်အတွက် ညှိနှိုင်းရန် ခဲယဉ်း သွားကြောင်း ၎င်းကပြောသည်။ ကိုဗညားက “ညှိနှိုင်းဆွေး‌နွေးမှုကနေတော့ အဖြေရဖို့ကတော့ မလွယ်ဘူးပေါ့နော်၊ ပြန်ပြီးမှ ထပ်ခါတစ်လဲလဲ ပြန်ဖြစ်မှာဆိုတဲ့ စိုးရိမ်ချက်ကတော့ အများကြီး ရှိပါတယ်၊ သို့ပေမဲ့လည်း အခြားတစ်ဖက်မှာကလည်း ကျနော် တို့ ဒီလူထုရဲ့နစ်နာထိခိုက်မှုအနည်းဆုံး ဖြစ်အောင်ကတော့ ဒီကြားကာလပုံစံမျိုး ငြိမ်းချမ်းရေး စကားဝိုင်းကနေတစ်ဆင့် ကျနော် တို့ ဖြေရှင်းနိုင်မလားပေါ့နော်၊ ဒါပေမဲ့ ဒီဟာကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် လူထုတွေရဲ့ လက်ခံနိုင်မှုမရှိရင်လည်းအစုအဖွဲ့ တစ်ဖွဲ့နဲ့ လုပ်လို့ပြီးတဲ့ ပုံစံမဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ဒီငြိမ်းချမ်းရေး စကားဝိုင်းကနေတော့ အလွယ်တကူ ဒီစစ်ပွဲတွေပြီးဖို့ ချုပ်ငြိမ်းနိုင်လိမ့်မယ်လို့ ကျနော် မထင်ဘူးခင်ဗျ” ဟု ပြော သည်။

လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေး‌နွေးပွဲများ လုပ်ရမည်ဖြစ်ကြောင်း၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြုတ် တိုက်ရေးမှာ မဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်း ပြောသည်။ ၎င်းက “ဒါကတော့ ကျနော် ပြောချင်တာက‌တော့ တွေ့ဆုံဆွေးနွေးပွဲလည်းလုပ်ရမယ်၊ ဒါပေမဲ့တွေ့ဆုံဆွေး‌နွေးပွဲကြီးလည်းမရဘူးဗျ၊ စာတွေ့ရော လက်တွေ့ ရော လုပ်ရမယ်၊ တစ်ဖက်ကလည်း တွေ့ဆုံဆွေးနွေးပွဲ လုပ်ရမယ်၊ အဲဒီတွေ့ဆုံ ဆွေး‌နွေးပွဲအလိုက် ဆုံးဖြတ်တဲ့ဟာတွေကိုလည်း တစ်ခါထဲ ချက်ချင်း အကောင်အထည်ဖော်ရမယ်၊ ကျနော်သဘောကတော့ တွေ့ဆုံဆွေး‌နွေးမယ်၊ ပူးပေါင်းဆောင်ရွက်မယ်၊ ပူးပေါင်းဆောင်ရွက် အကောင်အထည် ဖော်ရမယ်၊ အဲဒါကို ပူးတွဲပြီး လုပ်ရမယ်၊ တစ်ဖက်နဲ့ တစ်ဖက် ကျနော် ဒီလိုမြင်တယ်၊ ဒုတိယအချက်ကတော့ ခင်ဗျား ခုနက မေးတဲ့ အကြမ်းဖက်လမ်းစဉ်ကို သူပြုတ်တိုက် ကိုယ်ပြုတ်တိုက် အဲဒါတော့ မဖြစ်နိုင်ဘူး ဗျ၊ မဖြစ် နိုင်ဘူးဆိုတာက အပြုတ်တိုက် လမ်းစဉ်ဆိုတာ ဘယ်တော့မှ မပြီးဘူးဗျ၊ တစ်ယောက်နဲ့ တစ်ယောက် သူအား သာတဲ့ အချိန်မှာ သူနိုင်မှာပဲ၊ သူအားနည်းတဲ့အချိန် ရှုံးသွားမှာပဲ အားသာမှု အားနည်းမှုဆိုတာလည်း ကျနော်တို့က ပြည်သူပါမှ ဖြစ်တာ ပြည်သူကလည်း ကနေ့ချိန်ခါမှာ အမှန်ပြောရရင် ဟိုဟာတွေ ဖြစ်ကုန်ပြီဗျ၊ ပြည်သူက နိုင်ငံရေးကို စိတ်ကုန်သွားပြီ” ဟု ပြောသည်။  https://www.facebook.com/Chann elNewsIndependent/photos/a.101896655466109/5559971939384/

၁၄။    မိုခါမုန်တိုင်းဒဏ်သင့် မြေပုံမြို့နယ်ရှိ ချင်းကျေးရွာက ပြည်သူများ အကူအညီလိုအပ်နေ
        May 26, 2023

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်က ချင်းကျေးရွာတွေမှာ မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချင်းလူမျိုးတွေ အဓိကနေထိုင်တဲ့ ရွှေပြင်ရွာ၊ သရက်တောရွာနဲ့ လေးတူရွာတွေမှာ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနေအိမ်၊ ဘာသာရေးအဆောက်အဦ၊ စာသင်ကျောင်းနဲ့ သောက်သုံးရေကန်တွေပါ ပျက်စီးခဲ့တာပါ။ ကျေးရွာတွေမှာ လက်ရှိအချိန်အထိ အကူအညီမရရှိဘဲ ရွာတွေက လည်း ဆင်းရဲတာကြောင့် အခုလို ပျက်စီးတာတွေကို ပြန်လည်ပြုပြင်ဖို့ အခက်အခဲရှိနေတယ်လို့ ရွှေပြင်ကျေးရွာမှ ချင်းတိုင်းရင်း သား ဒေသခံတယောက်က ပြောပါတယ်။

အဲဒီဒေသမှာ ကျေးရွာတွေရဲ့ ၉၅ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ပေမဲ့ အခုအချိန်အထိ အကူအညီပေးမယ့်သူ မရှိဘဲ ကိုယ်ထူ ကိုယ်ထစနစ်နဲ့သာ ပြန်လည်ထူထောင်နေရတယ်လို့ ဆိုပါတယ်။ မုန်တိုင်းသင့်ခဲ့တာကြောင့် အဆောက်အဦတွေ ပြန်လည်ပြု ပြင်ဖို့ အိမ်ဆောက်ပစ္စည်းတွေလည်း လိုအပ်နေပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သရက်တောရွာခံတဦးက ပြောပါ တယ်။ အခုလို ပျက်စီးဆုံးရှုံးမှုစာရင်းကို မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြန်လည်ထူထောင်ရေးအတွက် တင်ပြ အကူအညီတောင်းထားပေမဲ့ အခုအချိန်ထိအကြောင်းပြန်ကြားတာ မရှိဘူးလို့လည်းသိရပါတယ်။ https://burmese.dvb.no/ archives/595580

၁၅။    ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများ လိုအပ်နေ
         May 26, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက အောင်ကာလစစ်ရှောင်စခန်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မီးဖွားဖို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းမှာ ရှိတဲ့သူတွေက ပြောပါတယ်။ အခု မေလ တတိယ ပတ်တုန်းကလည်း စစ်ရှောင်စခန်းမှာရှိတဲ့ အမျိုးသမီးတဦး မီးဖွားတုန်းကလည်း ကျန်းမာရေးဝန်ထမ်းတွေမရှိလို့ ကိုယ်တိုင် မီးဖွားခဲ့ရတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။ အဲဒီလို ကိုယ်တိုင် မီးဖွားပြီးနောက်ပိုင်း ကလေးမိခင်အနေနဲ့ ကျန်းမာရေး မကောင်းတာကြောင့် ကုသဖို့ ဆေးဝါးလည်း မရှိတဲ့အတွက် ရိုးရာ ဆေးမြီးတိုတွေနဲ့ပဲ ကုသနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း စစ်ရှောင်စခန်းမှာရှိတဲ့ ၂ နှစ်ခွဲအရွယ် ကလေးငယ်တဦး ဝမ်းလျှောဝမ်းပျက် ဖြစ် ပြီး ကုသစရာ ဆေးမရှိတဲ့အတွက် သေဆုံးသွားသလို ကလေးငယ်သုံးဦးကိုလည်း လွိုင်ကော်ဆေးရုံနဲ့ ဆီဆိုင်ဆေးရုံကို အရေး ပေါ်ပို့လိုက်ရတယ်လို့ စစ်ရှောင်စခန်းနေ ဒေသခံတဦးက ပြောပါတယ်။ လက်ရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကလည်း ဒေသခံတွေကို ဖြတ်လေးဖြတ် လုပ်ထားတဲ့အတွက် စားနပ်ရိက္ခာတွေ ပြတ်လပ်နေသလို ဆေးဝါးတွေကအစ ပေးမသယ်တာ ကြောင့် အခုလို အခက်အခဲ ဖြစ်နေတာလို့လည်း ဆိုပါတယ်။ ဆီဆိုင်မြို့နယ်ထဲမှာ စစ်ရှောင်စခန်း ၃၂ ခုရှိပြီး စစ်ဘေးရှောင် ပြည်သူ ၈,၀၀၀ ကျော်ရှိကာ အများစုက ကရင်နီ(ကယား)ပြည်နယ်က လွိုင်ကော်၊ ဒီးမော့ဆို၊ လွိုင်လင်လေး၊ ဖရူဆိုမြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်တွေကနေ စစ်ဘေးတိမ်းရှောင်လာကြတာလည်း ဖြစ်ပါတယ်။ https://burmese.dvb. no/archives/595577

၁၆။    ဖားအံခရိုင်တွင်း တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲဖြစ်နေ
        May 25, 2023

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ တပ်မဟာ(၇)၊ ဖားအံခရိုင် နဘူးမြို့နယ်နှင့် ပိုင်ကျုံမြို့နယ် အတွင်း တိမ်းရှောင်လာသည့် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်များမှ စစ်ရှောင်များသည် စစ်ရှောင်ကာလကြာလာသည့် အ တွက် စားနပ်ရိက္ခာအခက်အခဲရှိလာသည်ဟု ဒေသအတွင်း စစ်ရှောင်ကူညီသူထံမှသိရသည်။ ပြီးခဲ့သည့် လအနည်းငယ်က နယ် မြေတွင်း ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် တိမ်းရှောင်လာသော အဆိုပါ စစ်ရှောင်ပြည်သူများသည် လက်ရှိတွင် စားနပ်ရိက္ခာ အပြင် နေရာထိုင်ခင်းနှင့် ဆေးဝါး အခက်အခဲများရင်ဆိုင်ကြုံတွေ့နေရသည်ဟု ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများ ဆိုင်ရာကော်မတီ -CIDKP( Committee for Internally Displaced Karen people) ထံမှသိရသည်။ CIDKP ၏ ဒုတိယ ဒါရိုက် တာ စောခဲလေက “နေထိုင်ဖို့နေရာ၊ အစားအသောက်၊ ဆေးဝါး၊ အဝတ်အစားတွေ လိုအပ်တယ်။ နောက်ပိုင်းကျရင် စစ်ဘေး ရှောင်တွေ အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် ပံ့ပိုးကူညီမှုတွေလည်း လိုအပ်နေတယ်”ဟု ပြောသည်။

လက်ရှိအချိန်တွင် တိုက်ပွဲအနည်းငယ်ငြိမ်လာသော်လည်း အချို့သည် နေရပ်သို့ ပြန်လည်နေထိုင်ရန် လုံခြုံမှုမရှိသေး၍ ဖားအံခရိုင်ထဲတွင် ဆက်လက်တိမ်းရှောင်နေရသည့် အိမ်ထောင်စု ၂၀၀ ဝန်းကျင်ခန့်ရှိသေးကာ ထိုစစ်ရှောင်များအတွက် မိုးတွင်း ကာလတွင် နေရာထိုင်ခင်းအခက်အခဲရှိလာကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။ ထို့အပြင် တိမ်းရှောင်လာသည့် စစ်ဘေး ရှောင်အချို့သည် နီးစပ်ရာအသိမိတ်ဆွေနှင့် ဆွေမျိုးရှိရာ ကျေးရွာများတွင် သွားရောက်တိမ်းရှောင်နေထိုင်ကြသည့်အတွက် လူဦးရေစာရင်းအတိအကျ စုဆောင်း၍ မရရှိသဖြင့် စားနပ်ရိက္ခာသွားရောက်ကူညီထောက်ပံ့ပေးရသည့်အခါတွင်လည်း အခက် အခဲကြုံတွေ့နေရသည်ဟု စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။ “ကျနော်တို့ အဆင်မပြေဘူး၊ ဘာမှလည်း လုပ်ကိုင်စားစရာမရှိဘူး။ တချို့အကြော်ကြော် ရောင်းတတ် တဲ့သူတွေက ကြော်ရောင်းတယ်။ တချို့ကျတော့ ဒီအတိုင်းပဲဟိုလုပ် ဒီလုပ် လုပ်ရတာပေါ့။ အခုလို လှူဒါန်းပေးတဲ့အဖွဲ့တွေကိုလည်း ကျေးဇူးတင်တယ်။”ဟု ကော့ကရိတ်မြို့နယ်မှ စစ်ရှောင်လာ သည့် ဦးအောင်မိုးက ပြောသည်။ https://kicnews.org/2023 /05/%e1%80%96%e1%80%ac%e1%80%b8%e1%80%a1% e1%80%b6%e1%80% 

၁၇။    ယမန်နေ့ညအချိန် ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ စစ်ကောင်စီ(၆)ကြိမ် ဗုံးကြဲ၊ လူထိခိုက်သေဆုံး
         May 25, 2023

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ (မေလ ၂၄ရက်) ည ၁၀နာရီခွဲကျော်အချိန် စစ်ကောင်စီ က နေ လေယာဉ်နဲ့ (၆)ကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဖက် ခြမ်းမှ ဒေသခံတွေဆီကနေ သိရပါတယ်။ “ ၁၀ နာရီအချိန် သူလာတယ်။ ပထမတစ်လုံးကြဲပြီး သူနည်းနည်းအသံတိတ်ပြီးနောက် တစ်ခါပြန်ပတ်ပြီး တစ်မိနစ်ပဲကြာမယ်ထင်တယ်။ နောက်တစ်လုံး ထပ်ချအဲလိုမျိုး ၆လုံးဆက်တိုက်။ ကြဲပြီးတဲ့အချိန် လက်နက် ကြီးကျလာတယ်။ ထိခိုက်သေဆုံးမှုတွေကတော့ ဒီ လေး၊ ငါးယောက်သေတယ်လို့တော့ကြားတယ်။ အတိကျတော့ မသိ ဘူး ပေါ့။ “လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့နေရာကို လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူ (၅)ဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရှိရပါတယ်။ မည်သူမည်ဝါ သေဆုံးခဲ့တယ်ဆိုတာကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

“ (၆)ကြိမ်လောက်တော့ ကြဲတယ်ပေါ့နော။ ပြီးသွားတဲ့အခါကျတော့ မြေပြင်ကနေ လက်နက်ကြီး (၆)ကြိမ်လောက် ထပ်ထုတယ်ပေါ့။ ထိခိုက်ဒဏ်ရာကတော့ ကျနော်တို့ တော်လှန်ရေးတပ်စုက တပ်ရင်း(A)၊ တပ်ရင်း (၆)က ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရတယ်။ အသေးစိတ်တော့ကျနော်တို့ မသိရသေးဘူး။ ဒီမနက်လည်း ခနက တစ်စင်းဝဲတယ် ကင်းထောက် လေယာဉ် ဖြစ်ဖို့များတယ်။ အခုတော့ ပြန်သွားပြီ။”လို့ လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ ပြီးခဲ့တဲ့ ဧပြီလ (၂၉)ရက်နေ့ မှာ လည်း တိုက်လေယာဉ် နှစ်စီးနဲ့ (၁၀)ကြိမ်ပျံသန်းပြီး (၆) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။ https://www.kantarawaddytimes.org/%e1%80%9a%e1%8 0%99%e1%80%94%e1%80%ba%e1%80%94%e1%80

၁၈။   တော်လှန်ရေးတပ်ဖွဲ့နှင့်ဆက်စပ်သည်ဟုသံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် ကော့ကရိတ်မြို့ ခံအချို့                အဆက်အသွယ်ပြတ်နေ
        May 25, 2023

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းစစ်ကြောင်းကို အကူ အညီပေးနေ သည်ဟု စွပ်စွဲချက် ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခံရသည့် ကော့ကရိတ်မြို့နေ ပြည်သူအချို့သည် လက်ရှိတွင် မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေသည်ဟု နီးစပ်သူများက ပြောသည်။ ကော့ကရိတ်မြို့အနီးတဝိုက်တွင် လှုပ်ရှားနေသော ဗိုလ်ကျော်သက် ဦးစီးသည့် ကျားဖြူစစ်ကြောင်းနှင့် ပတ်သက်သည်ဟုဆိုကာ မေလ ၈ ရက်မှ မေလ ၂၁ ရက်နေ့အထိ အဖမ်းခံရ သူ မြို့ခံ ၅၀ ကျော်အနက် ၃ ဦးခန့်မှာ ငွေပေးဆောင်၍ ပြန်လည်လွတ်မြောက်လာသော်လည်း အချို့မှာ မိသားစုဝင်များနှင့် အဆက်အသွယ်မရဖြစ်နေသည်ဟု အဖမ်းခံရသူမိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ၎င်းက “အဓိက ကတော့ ကျားဖြူ ဗိုလ်ကျော်သက် အဖွဲ့တွေကို ကူညီနေတယ်ဆိုပြီးစစ်တယ်လို့ သိရတယ်။ မြို့ထဲကလူတွေက ကရင်အဖွဲ့တွေကို သတင်းပေးတာ၊ အကူအညီ ပေးတာတွေကို မလုပ်ရဲအောင် စစ်တပ်က လုပ်နေတာ မျိုးဖြစ်နေတယ်၊ သူတို့ကို ဘာဆက်လုပ် မလဲဆိုတာ ဘာမှစုံစမ်းလို့မသိရဘူးဖြစ်နေတယ်။”ဟု ပြောသည်။ ထို့အပြင် မြို့ပြင် ကျေးရွာများဖြစ်သည့် ထီးဖိုးစံ၊ လှိုင်စိမ်း၊ စော်ဟဲ၊ နောင်ကိုင်း၊ နောင်နိုင်း၊ ရန် ကုတ်ရွာက အုပ်ချုပ်ရေးမှူးများလည်း ဖမ်းဆီးစစ်မေးခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF နှင့် ကရင်လက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများကို စစ်တပ်နှင့် ထွေအုပ်ဌာနကို သတင်းပို့ကြရန် သတိပေးမှုများ ပြောဆိုပြီး ပြန်လွှတ်ပေးထားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

KNLA ပူးပေါင်းတပ်များက ကော့ကရိတ်မြို့တွင်း စစ်ကောင်စီအုပ်ချုပ်ရေးနေရာများအား အချိန် မရွေးလာရောက် တိုက်ခိုက်နိုင်သည့် ကော့ကရိတ်မြို့ တောင်ပိုင်း ကျေးရွာများဘက်နှင့် မြောက်ပိုင်း ကျေးရွာများဘက်ကျေးလက်လမ်း များအား စစ်ကောင်စီတပ်က ဖျက်ဆီးပိတ်ဆို့ထားပြီး KNLA ပူးပေါင်း တပ်များရှိရာကျေးရွာများဘက်သို့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းဖြင့် ကင်းထောက်မှုများ နေ့စဥ်လုပ်ဆောင်နေကြောင်း KNLA ပူးပေါင်း စစ်ကြောင်း၏ သတင်းအရင်းအမြစ်ဘက်က ပြောသည်။ “စစ်တပ်ကဘယ်မှထွက်မလာတော့ဘူး။ မြို့ထဲ ၉၇ တပ်၊ လှိုင်ဝအမြှောက်တပ်၊ ချောင်းတောင်ကျောင်း၊ ကမိုင် ကုန်းလမ်းဆုံနှစ်သစ်ကူးကွင်းနေရာတွေကနေ လက်နက်ကြီးပစ်ထုတ်တာကလွဲပြီး စစ်တပ်နဲ့ BGF တွေ ရွာဘက်ကိုဝင်လာဖို့ သိပ်မလုပ်ကြတော့ဘူး။ လေယာဥ်ကင်းထောက်ပျံတယ်။ ”ဟု KNLA ပူးပေါင်း သတင်းအရင်းအမြစ်က ပြောသည်။ https://kic news.org/2023/05/%e1%80%90%e1% 80%b1%e1%80%ac%e1%80%ba%e1%80%9c%e1%80%be%e1

၁၉။   နောင်စံဖူးကျေးရွာအုပ်စု ဒေသခံများ၏ဖုန်းကို SSPP က အကြောင်းမဲ့သိမ်းဆည်း
        May 25, 2023

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ နောင်စံဖူးကျေးရွာအုပ်စုတွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ဒေသခံများ၏ ဖုန်းများကို သိမ်းဆည်းသိမ်းယူမှုပြုလုပ်နေခြင်းကြောင့် ဒေသခံများအတွက်အခက်ခဲဖြစ်နေရသည်ဟု ဒေသခံ တစ်ဦးထံမှသိရသည်။ ဖုန်းများသိမ်းဆည်းရာတွင် ကျေးရွာဥက္ကဌများ၊ ရွာသူကြီးများမှတဆင့် မေလ (၂၃)ရက်နေ့တွင် စတင် သိမ်းဆည်းခဲ့ပြီး မေလ(၂၄)ရက်နေ့က  SSPP တပ်ဖွဲ့ကို ပေးအပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ “ဖုန်းသိမ်း လိုက်တော့ပြဿနာ အကြီးအကျယ်ဖြစ်တာပေါ့နော်၊ ဘာလို့ဆို ခုလက်ရှိ အားလုံးက ဖုန်းနဲ့အလုပ်လုပ်ကြတာဆိုတော့လေ၊ ကိုယ်ဆက်သွယ်ရမယ့်ကိစ္စတွေ လုပ်ငန်းကိုင်ငန်းတွေ အဆင်မပြေတော့ဘူး၊ ခေတ်ကာ လအရပြောရင် အတော်လေးအဖြစ်ဆိုး တာပေါ့နော်”ဟုဒေသခံအမျိုးသားတစ်ဦးက ပြောသည်။  နောင်စံဖူးအုပ်စု၌ ကျေးရွာ(၇)ရွာ (၈)ရွာ ရှိရာတွင် သက်ဆိုင်ရာ ဒေသ များ၏ဖုန်းကို အကုန်လိုက်သိမ်းပြီး သတင်းအမှောင်ချသည့်သဘောတက်ရောက်‌ နေကြောင်း ဒေသခံများက ပြောဆိုသည်။

SSPP မှ ဖုန်းသိမ်းရာတွင် မည်သည့်အကြောင်းပြချက်တစ်စုံတစ်ရာမပေးပဲ သိမ်းဆည်းခဲ့ကြောင်းသိရသည်။ “သိမ်းပြီး ရက်ကထဲက သိမ်းပြီးတော့ ဘယ်တော့ပြန်ပေးမလဲ ဆိုတာမသိဘူး၊ ဘာမှလည်းမပြောဘူး၊ အပိုင်သိမ်းတာလားလည်း မသိရဘူး၊ သူတို့လုပ်ရပ်တွေကို သတင်းမပျံ့အောင်ဆိုတဲ့ရှည်ရွယ်ချက်နဲ့လား၊ ဒါမှမဟုတ်သတင်းအမှောင်ချဖို့လား။ ဘာအကြောင်းပြန် ချက်မှမပေးပဲ တစ်အုပ်စုလုံးရဲ့ဖုန်းတွေကိုသိမ်းပြီးသွားပြီ”ဟု ၎င်းကဆက်ပြောသည်။ SSPP တပ်ဖွဲ့သည် ပြီးခဲ့သည့်​မေလ (၂၁) ရက်နေ့တွင် ရန်လွယ်ရွာခံ ဦးကွီထွေးကိုသတ်ဖြတ်ခဲ့ပြီးနောက် သတင်းပျံ့နှံ့မှုကြောင့် ယင်းကိစ္စပိုမိုမပပျံ့နိုင်အောင် တမင်သက် သက် သတင်းအမှောင်ချခြင်းဖြစ်နိုင်ကြောင်း အချို့ရွာခံများကပြောဆိုကြသည်။ SSPP တပ်မှ ဒေသခံပြည်သူ၏ ဖုန်းသိမ်းခြင်း နှင့် ပတ်သက်ပြီး တာဝန်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းဆုနှင့် ဗိုလ်မှူးစိုင်းဖုန်းဟန်တို့ကိုခမ်းသား‌ငေါဝ်းက ဆက်သွယ်‌မေးမြန်းသော် လည်း ဆက်သွယ်၍မရခဲ့ပါ။ ယခုလုပ်ရပ်များကို SSPP တပ်ဖွဲ့အပြင် အခြားမည်သည့်အဖွဲ့အစည်းမဆို ဤလုပ်ရပ်ကို ခေတ် ကာလအရ လုံးဝမဖြစ်သင့်ကြောင်းနှင့် ယင်း SSPP ၏လုပ်ရပ်ကိုဒေသခံများအနေဖြင့်ကန့်ကွတ်ရှုတ်ချကြကြောင်းသိရသည်။ https://www.facebook.com/KhamSarNg or/photos/a.625260164310576/2339877606182148/

၂၀။    CDM ဗိုလ်ကြီး(၁)ဦးအပါအဝင် ရဲဘော်(၇)ဦး လွတ်မြောက်ရေး တော်လှန်ရေးတပ်ဖွဲ့များ တောင်းဆို
        May 25, 2023

ကချင်လွတ်မြောက်တပ်မတော်(KIA) နယ်မြေမှာ ဖမ်းဆီးခံရကြောင်းယူဆရတဲ့ မိုးကြိုးပျောက်ကျား တပ်ဖွဲ့ဝင် များဖြစ် တဲ့ CDM ဗိုလ်ကြီး(၁)ဦးအပါအဝင် တော်လှန်ရေး ရဲဘော်(၇)ဦးကို အမြန်ဆုံး ပြန်လည်လွတ်မြောက်ပေးရေးအတွက် မိုးကြိုး ပျောက်ကျားတပ်ဖွဲ့နဲ့ ပြည်သူ့တပ်မတော်သားဦးဆောင်အဖွဲ့ဝင်များက တောင်းဆိုထားတာ တွေ့ရပါတယ်။

မိုးကြိုးပျောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ဆိုင်ဂုံ (CDM ဗိုလ်ကြီး) နှင့် တပ်ဖွဲ့ဝင်ရဲဘော် (၆)ဦးသည် မြေပြင် အခြေအနေ များအား ဖြေရှင်းတင်ပြရန်အတွက် မတ်လ ၂၈ ရက်နေ့က ကချင်လွတ် မြောက်ရေး တပ်မတော်(KIA) နယ်မြေသို့ သွားရောက် စဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ လွတ် မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ ( ဝံပုလွေ ) WOLF PDF  လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အခုလို စွပ်စွဲဖမ်းဆီးခံထားရမှုအတွက် တရားမျှတ ပွင့်လင်းမြင်သာစွာ စုံစမ်းဖော်ထုတ် ဖြေရှင်းပေးဖို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ကို သူတို့အဖွဲ့တွေက တိုက် တွန်း တောင်းဆိုထားတာ တွေ့ရပါတယ်။ https://www.facebook.c om/photo/?fbid=722826626514602&set=pcb.7228 30619847536

၂၁။    ဟိုပုံးမြို့နယ် လဝကရုံး မှတ်ပုံတင်လုပ်သူတွေဆီက ငွေတစ်သိန်းထိ တောင်းစား
        May 25, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဌာန လဝကရုံးက တိုင်းရင်းသား လူ နည်းစုတွေ မှတ်ပုံတင်လာလုပ်ရင် ငွေမတရားတောင်းစားနေတယ်လို့ ကိုယ်တိုင်ငွေပေးခဲ့ရတဲ့သူတွေက ပြောပါတယ်။ စစ်ကောင်စီက အာဏာမသိမ်းခင်တုန်းက မှတ်ပုံတင်လုပ်ရင် ငွေကြေး သုံးသောင်းလောက် လဝကရုံးက တောင်းစားပေမယ့် ဒီနှစ်ထဲမှာတော့ ရှစ်သောင်းကနေ တစ်သိန်းအထိ စစ်ကောင်စီရဲ့ လဝက တွေက တောင်းစားနေတယ်လို့ ဟိုပုံးမြို့နေ လီဆူ တိုင်းရင်းသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် မှတ်ပုံတင်ထဲကိုလည်း လီဆူလူမျိုးလို့ မဖြည့်ပေးပဲ လီဆောလူမျိုးလို့သာ လဝက ရုံးက ဖြည့်ပေးတယ်လို့ သူကပြောပါတယ်။ “မှတ်ပုံတင်ပျောက်လို့ပြန်လုပ်တာ တစ်သိန်းတောင်ပေးလိုက်ရတယ်။ လူမျိုး နာမည်မှာလည်း လီဆူ လို့ပြောတာမရဘူး။ လီဆောလို့ပဲဖြည့်ရမယ်တဲ့။ အရင်တုန်းက သုံးသောင်းလောက်ကုန်တယ်။ အဲ့လောက်တောင် ပေးရတာများနေပြီ။ အခုက သူတို့အာဏာရှင်ခေတ်ဆိုတော့ လုပ်ချင်သလို့ လုပ်လို့ရနေတာ” လို့ လီဆူ လူမျိုး တစ်ဦးကပြောပါတယ်။

မှတ်ပုံတင်ပြုလုပ်တဲ့ သူတွေက ဗမာ စကားမတတ်တာ ဒါမှမဟုတ် လီဆူစတဲ့ လူနည်းစုတိုင်းရင်းသားတွေဖြစ်နေတာနဲ့ ကျေးရွာဖက်မှာလာလုပ်ရတဲ့လူတွေဆို လဝကရုံးတွေက ငွေအများအပြားတောင်းတာဖြစ်တယ်လို့ ဟိုပုံးမြို့နယ် ဒေသခံတစ်ဦး က ပြောပါတယ်။ လဝကရုံးတွေ အဲ့ဒီလိုငွေအများအပြားတောင်းစားတာတွေဟာ အာဏာသိမ်းပြီးကတည်းကဖြစ်ပြီး သူတို့ တောင်းသလောက် ငွေမပေးနိုင်ရင် မှတ်ပုံတင်ထုတ်မပေးတာအချိန်ဆွဲတာတွေပြုလုပ်တယ်လို့ သူကပြောပါတယ်။ “ငွေမပေး ရင် မှတ်ပုံတင်က တစ်လပြီးတစ်လ ရက်ပဲပြန်ချိန်းတာ မှတ်ပုံတင်ကမရဘူး။ ရွာကလူတွေလည်း ချိန်းတိုင်းသွားနေရတော့ လမ်း စရိတ်တွေနဲ့ အကုန်အကျကများလာတယ်လေ။ ဒါကြောင့်တောင်းသလောက် ပေးလိုက်ရတာများတယ်ဗျ”လို့ ဟိုပုံး ဒေသခံ တစ်ဦးကပြောပါတယ်။ လဝကရုံးက တောင်းသလောက်ငွေပေးနိုင်ရင်တော့ မှတ်ပုံတင်ပြုလုပ်တာဟာ တစ်ပတ်လောက်ကြာ တယ်လို့သူကပြောပါတယ်။ https://www.facebook.co m/MeKongNewsMM/photos/a.373965523263391/123188 20674

၂၂။    လုံးခင်း နှစ်မျက်နှာ ဘုရားရှေ့တွင် စစ်ကောင်စီ တပ်သားများက အရပ်ဝတ်များဖြင့် ငွေကြေးကောက်ခံနေ
        May 25, 2023

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ နှစ်မျက်နှာဘုရားရှေ့တွင် စစ်ကောင်စီတပ်သားများက အရပ်ဝတ်များဖြင့် ကုန်ကား နှင့် ခရီးသည်ကားများထံ ငွေကြေးကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောသည်။ လုံးခင်း နှစ်မျက်နှာဘုရားရှေ့ တောင်ကုန်း တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီစစ်သားများက မေလ ၂၂ ရက်နေ့မှ စတင်ကာ လုံးခင်းအဝင်အထွက်ကားများကို ငွေကြေး ကောက်ခံနေသည်ဟု လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ “လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်း က ဟုတ်တယ်။ ဘန်ကာတွေဘာတွေတော့ မကာထားဘူး အရပ်ဝတ်တွေနဲ့ပဲ ကားတွေဖြတ်သွားရင် ခရာမုတ်ပြီး ကားကိုရပ်ခိုင်းတယ်။ ကြက် ကားဆိုရင် ကြက်တစ်ကောင်တောင်းတယ် ဘီကာကားဆိုရင်ဘီယာတွေချပေးထားရတယ်တဲ့”ဟုပြောသည်။ ကုန်ကားများ အနေဖြင့် ကုန်ပစ္စည်းအပြင် ငွေကြေးပါ ပေးဆောင်ရပြီး ခရီးသည်ကားဆိုပါက ကားအမျိုးအစားပေါ်မူတည်၍ တစ်စီးလျှင် ကျပ် ၃၀၀၀ မှ ၈၀၀၀ အထိ ပေးရကြောင်းသိရသည်။

“တောင်းတဲ့အချိန်ကတော့အချိန် အတိအကျကြီး မရှိဘူးဗျ သူတို့ကုန်းပေါ်ကနေ ကားဖြတ်သွားတာတွေ့ရင် ခရာမုတ် ပြီး ကားရပ်ခိုင်းတယ် ၂ ယောက် ၃ ယောက်လောက်ဆင်းလာပြီးတောင်းတာ”ဟုသူက ဆက်ဆိုသည်။ စစ်ကောင်စီ စစ်သားများ သည် လက်နက်ကိုင်ဆောင်မှုမရှိပဲ ငွေကြေးကောက်ခံလေ့ရှိကြောင်းလည်း ဒေသခံများပြောသည်။ အဆိုပါ နှစ်မျက်နှာ ဘုရား ရှေ့၌ စစ်ကောင်စီစစ်သားများ တပ်စွဲသည်မှာ အာဏာမသိမ်းမှီကတည်းက ဖြစ်ပြီး ၂၀၂၂ နှစ်ကုန်ပိုင်းတွင်လည်း ယင်းစစ်တပ် ကုန်းကို KIA နှင့် PDF တို့က နှစ်ကြိမ်တိတိ တိုက်ခိုက်ခဲ့ဖူးသည်။ https://burmese.ka chinnews.com/2023/05/25/az2-120/

၂၃။    “ဝ” ပြည် မိုင်းပေါက်မြို့မှာ မြန်မာလူငယ် ၉ ဦး လူကုန်ကူးခံရပြီး နှိပ်စက်ခံနေရ
        May 26, 2023

“ဝ” ပြည် မိုင်းပေါက်မြို့ ဟိုက်ဝိုက်အမည်ရှိတဲ့ အွန်လိုင်းငွေလိမ်တဲ့ကုမ္ပဏီတစ်ခုမှာ မြန်မာ လူငယ် ၉ ဦး လူကုန် ကူးခံရပြီး နှိပ်စက်ခံနေရတယ်လို့ ပြန်လွှတ်မြောက်လာတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာဘာလမှာ အွန်လိုင်းကနေတစ်ဆင့် ဂိမ်းဆိုင်မှာ အလုပ်ရမယ်ဆိုပြီး တွေ့ခဲကြလို့ စစ်ကိုင်း၊ ရန်ကုန်၊ မကွေး၊ ပဲခူးနဲ့ သနင်္သာရီ စတဲ့ဒေသရဲ့ လူငယ် ၁၄ ဦး က မိုင်းပေါက်မြို့ကို သွားခဲ့ကြတာဖြစ်ပါတယ်။ မိုင်းပေါက်မြို့ကိုရောက်တဲ့အချိန်မှာတော့ ဂိမ်းဆိုင်မဟုတ်ဘဲ ဆန်လုံဆန်းရှိုင်း B ကုမ္ပဏီမှာ  အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖျန်)ကို ၉ လ စာချုပ် တလ ယွမ် ၅ ထောင် နဲ့ လုပ်ခဲ့ရပြီး ၈ လသာ လစာရခဲ့တယ်လို့ ပြောပါတယ်။ ၎င်းအမျိုးသမီးနဲ့ အတူ စုစုပေါင်း ၃ ဦးက မေလ ၂၀ ရက်မှာ ပြန်လည်လွတ်မြောက် လာပြီး ၂၅ ရက်မှာ ၂ ဦး၊ ကျန်ရှိနေတဲ့ ၉ ဦးကတော့ ဟိုက်ဝိုက်ကုမ္ပဏီသို့ ထပ်မံပြောင်းရွေ့ခံလိုက်ရပါတယ်။

ဟိုက်ဝိုက်ကုမ္မဏီကိုရောက်သွားပြီး ၁ နှစ်စာချုပ်နဲ့ လစာ ၃ လစာကို တလ ယွမ် ၃ထောင်ပေးမယ်လို့ သူဌေးဖြစ်သူနဲ့ စကားပြန်ဖြစ်တဲ့ ကချင်-ဗမာ ကပြားမက သူတို့ကိုပြောထားပေမယ့် လစာအပြည့်မရတဲ့အပြင် ကျင်စက်တို့စက်တွေနဲ့ ရိုက်နှက် နှိပ်စက်ခံနေရပါတယ်။ ၎င်း ၉ ဦးဟာ အမျိုးသားတွေဖြစ်ပြီးတော့ အသက်မပြည့်သေးသူ ၂ ဦးလည်းပါဝင်ပြီး သူဌေးဖြစ်သူက ကုမ္ပဏီဝိုင်းပတ်ပြေးခိုင်းတာ၊ လီတာပြည့်ရေဘူးတွေပိုးပြီး ထိုင်ထလုပ်ခိုင်းတာ၊ ကျင်စက်နဲ့တို့တာ စတာတွေကို လုပ်ဆောင်နေ တယ်လို့ ဆိုပါတယ်။ ဟိုက်ဝိုက်ကုမ္ပဏီသို့ ရောက်ရှိနေတဲ့ ၉ ဦးနဲ့ ရှေ့တစ်ပတ်အတွင်းဆက်သွယ်လို့ရခဲ့ပေမယ့် ယခု မေလ ၂၅ ရက်မှာတော့ ဆက်သွယ်လို့မရတော့ဘူးလို့ ဆိုပါတယ်။ ဆက်လက်ပြီးသူက “အခုသူတို့စီကိုသူဌေးက မှတ်ပုံတင်တွေသိမ်း တယ်။ ဖုန်းတွေသိမ်းတယ်။ ဖုန်းကိုသိမ်းထားတာကြာပြီ။ သူတို့မိသားစုတွေနဲ့လည်းအဆက်အသွယ်မရကြတော့ဘူး။ အခု ကျမ သူတို့ ကို ပြန်လွှတ်လာစေချင်တယ်” လို့ ပြောပါတယ်။ ပြန်လည်လွှတ်​မြောက်လာသူ အမျိုးသမီးက ၎င်း ၉ ဦးပြန်လွှတ်လာဖို့ အတွက် မိုင်းပေါက်ခရိုင်ရုံးသို့ တိုင်ကြား အမှုဖွင့်ထားပြီး ရုံး အရာရှိတစ်ဦးက သူမကို ပြန်ခြိမ်းခြောက်ခဲ့ပါတယ်။ “ကျမက တိုင်တော့ သူတို့ကသူဌေးကိုခေါ်သေးတယ်။ သူဌေးက မဟုတ်ဘူးလို့ဘဲ ငြင်းနေတယ်။ နောက်တစ်ရက်မှာဘဲ ဗိုလ်အဆင့်လူ တစ်ယောက်က ကျမကို ပြန်ပြောတယ်။ နင်ပြောသလို ရိုက်ခံရတာတွေ မဟုတ်ဘူး။ ဒဏ်ရာတွေလည်းမရှိဘူး။ နင်လိမ်တယ် ဆိုပြီး ကျမကိုတရားပြန်စွဲမယ်တဲ့”လို့ ဆိုပါတယ်။ https://www.facebook.com/photo/?fbid=573450441628891&set=pc b.57345058 

၂၄။    ဗန်းမောက် တစ်ပတ်တာတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်တစ်ဦးအပါအဝင် ၄၀ ခန့်သေဆုံး
        May 26, 2023

စစ်ကိုင်း– ကချင်နယ်စပ် ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊PDF ပူးပေါင်းတပ်တို့ကြား တစ်ပတ်တာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင် အကျအဆုံး ၄၀ ဝန်းကျင်ထိ ရှိခဲ့ ကြောင်း သိရသည်။ “တိုက်ပွဲကတော့ မနေ့ကထိဖြစ်နေတာ နားလိုက်ဖြစ်လိုက်နဲ့ တစ်ပတ်ကျော်ပြီ။ မနေ့ကဆို သူတို့ဘက်က အထိနာတော့ ည ၉ နာရီလောက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်။ သူတို့ဘက်က ဒီတိုက်ပွဲမှာ ၄၀ ထက် မနည်း ကျဆုံးနိုင်တယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးမူတွေရှိတယ်။ အတည်တော့မပြုနိုင်သေးဘူး”ဟု Banmauk Revolution-BR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မေလ ၁၈ ရက်နေ့မှ စတင်ပြီး မေလ၂၅ ရက်နေ့အထိ ကြောင်လည် ကျေးရွာအနီးတစ်ဝိုက်တွင် ပြင်းထန်စွာ ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီ နှင့် SNA ပူးပေါင်းတပ်များတပ်စွဲထားသော စခန်းကို KIA နှင့် PDF ဘက်မှ သိမ်းပိုက်နိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထို့နောက် မေလ ၂၅ ရက်နေ့ စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲခဲ့သောကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိ ကြောင်း ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောသည်။ “လေယာဥ်ဗုံးကြဲမူက နောင်ကန်နားတစ်ဝိုက်ကိုကျ တယ် အရပ်သားနှစ်ဦးသေဆုံးတယ် နောင်ကန်ကျေးရွာသားနှစ်ဦးပါ ၆၆ နှစ်နဲ့ ၃၃ နှစ်ရှိပြီလို့သိရပါတယ်”ဟု ဆိုသည်။

လက်ရှိတွင် ကျန်ရှိသော စစ်ကောင်စီပူးပေါင်းတပ်အဖွဲ့များသည် ကြောင်လည်ကျေးရွာအနီးရှိ ဘုရားတောင်တွင် တပ်စွဲ ထားသည်ဟု Banmauk Revolution-BR အဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ အင်းတော်မြို့နယ်မှ ဗန်းမောက် ဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ စစ်ကြောင်းကိုလည်း ABSDF တပ်မှ မေလ ၂၂ ရက် နှင့် မေလ ၂၃ ရက် နှစ်ရက် ဆက်တိုက် ဖြတ်တောက်တိုက်ခိုက်နေသောကြောင့် လက်ရှိချိန်ထိလည်း အင်းတော် – ဗန်းမောက်လမ်းတွင် စစ်ရေးတင်းမာ နေဆဲ ဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစပြီး ဗန်းမောက်မြို့နယ်သို့ ရိက္ခာသယ်ယူခွင့်ကို စစ်တပ်က ကန့်သတ်ခဲ့သည်။ ထို့ကြောင့် မေလ ၅ ရက်နေ့မှစပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်တော့မည်ဖြစ်သဖြင့် မြို့နေ ပြည်သူများအား တိမ်းရှောင်ရန် ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးခဲ့သည်။ “ဟုတ်တယ် မေလ လဆန်းပိုင်းမှာ သတိပေးခဲ့တာ။ ဒီလိုတိုက်ပွဲတွေ ပြင်းထန်လာမှာစိုးလို့ သတိပေးခဲ့တာ”ဟု ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူ က ပြောသည်။ ယခုလို နှစ်ဖက်တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ဗန်းမောက်မြို့နယ်ရှိ မံစီကြီး၊ မံလွန်၊ ကံကြီးကုန်း၊ ကြောင်လည်၊ နားပင်၊ မံထွန်ကျေးရွာများမှ ဒေသခံ ၅၀၀၀ ထက်မနည်းဘေးလွှတ်ရာသို့ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု Banmauk Revolution-BR အဖွဲ့ထံမှ သိရသည်။ https://burmese.kachinnews.com/2023/05/26/sm1-98/

၂၅။   မူးယစ်ဆေးသုံးစွဲသည့် ပုံးအင်းဒေသ အသက်မပြည့် လူငယ်များကို PNO မှ ဖမ်းဆီး ငွေတောင်း
        May 26, 2023

သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသရှိ ဝမ်မိုင်ကျေးရွာမှ မူးယစ်ဆေးသုံးစွဲသော အသက်မပြည့်သေးသည့် လူငယ် ၃ ဦး အပါအဝင် အမျိုးသား ၁ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့ (PNO) မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေညစ်တောင်းယူနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ရက်တပတ်အတွင်း ညသန်းခေါင်၌ ပုံးအင်းဒေသရှိ ဝမ်မိုင်ကျေးရွာမှ အသက် (၁၆) နှစ် နှင့် (၁၇) နှစ်ဝန်း ကျင် လူငယ် ၃ ဦးနှင့်အတူ အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ဖမ်းဆီးသွားပြီး ဆိုက်ခေါင်စံပြကျေးရွာ၏ အနောက်ဖက်ခြမ်းဒေသ နောင်ဖဖားစခန်း၌ ၂ ညကြာ ချုပ်နှောင်ထားကြောင်း အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ “သူတို့ ညအချိန်မှာ လာစောင့်ပြီး ဖမ်းသွားတာ။ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ် ၃ ယောက်နဲ့ လူလတ်ပိုင်း တစ်ယောက် မိသွားတယ်။ သူတို့ကို ဖမ်းပြီး သက်ဆိုင်ရာ မိသားစုထံ တစ်ဦးချင်းဆီကို ပိုက်ဆံတောင်း တယ်။ နှစ်ညလောက်နေ ပြန်လွတ်လာပေးတယ်။ သူတို့ ၄ ယောက်စလုံး ပြန်လွတ်ဖို့အတွက် သိန်း ၉၀ နီးပါးလောက် ပေးရ တယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးခံလိုက်ရသည့် အရပ်သား ၄ ဦးထဲမှ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို လူငယ်တွေပျက်စီးအောင် ဦးစီးပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းဆိုသည့် စွပ်စွဲချက်ဖြင့် ၅ ကြိမ်ထက်မနည်း ရိုက်နှိက် ခံရကြောင်း သိရသည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပုံးအင်းဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲလာသူ ရွာတိုင်းရှိလာသဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ နေ့စဉ်နီးပါး စောင့်ဆိုင်းပြီး ဖမ်းဆီးငွေတောင်းယူနေလျက်ရှိ ကြောင်း သိရသည်။ “ရောင်းတဲ့သူကော၊ သုံးစွဲတဲ့သူကော အရမ်းများတယ်။ ဒီရွာတင်မဟုတ်ဘူး ရွာတိုင်းလိုလို ဖြစ်နေတာ။ PNO ကလည်း နေ့တိုင်းလိုလို လာစောင့် နေတယ်။ ဖြစ်လာရင် ကလေးတွေ မြေးအရွယ်တွေပဲ။ ဒါပေမယ့် သူတို့ကို တားလို့မှမရတာ။ သူတို့သွားတဲ့ နေရာပဲမြင်တယ်၊ သူတို့စားတဲ့ အရာတွေက ကိုယ်မမြင်ဘူး။ အချင်းချင်းခိုးရောင်း၊ ခိုးစားနေကြတာပေါ့ “ ဟု ၎င်းက ထပ်လောင်းပြောသည်။ ယင်းကဲ့သို့ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးပြီး ငွေတောင်းယူမည့်အစား မူးယစ်ဆေးဝါး ရောင်းသူကိုသာ အဓိကထားပြီး ထိထိရောက်ရောက် ဖမ်းဆီးအရေးယူဆောင်ရွက်ပေးစေလိုကြောင်း ပုံးအင်းဒေသမှ အမည်မဖော်လိုသူ တောင်သူတစ်ဦးက အကြံပြုသည်။ “မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူကို ဖမ်းမယ့်အစား အဓိက ရောင်းနေတဲ့သူကို ဖမ်းပေးစေချင်တယ်။ သူတို့မှ မရောင်း ရင် ဘယ်သူမှ ဝယ်မစားတော့ဘူး“ ဟု ၎င်းက ယခုလို ပြောသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့စစ် တပ်ဖွဲ့ PNO သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေအတွင်း၌ အကြောင်းအမျိုးမျိုးပြပြီး ဒေသခံများထံ ပိုက်ဆံတောင်းယူနေလျက် ကြောင်းသိရသည်။ https://burmese.s hannews.org/archives/34962

၂၆။   မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအား နိုင်ငံတကာအဖွဲ့များက တိုက်ရိုက်ကူညီခွင့်မရဖြစ်နေ
       May 25, 2023

ရခိုင်ပြည်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများကို NGO၊ INGO အဖွဲ့အစည်းများက တိုက်ရိုက်ကူညီခွင့်မရရှိသဖြင့် ကူညီကယ်ဆယ်ရေးနှင့်ပတ်သက်၍ အခက်ကြုံနေရကြောင်း NGO၊ INGO အဖွဲ့အစည်းများထံမှ  သိရသည်။ မုန်တိုင်းကြောင့် စားဝတ်နေရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည့် ရခိုင်မြောက်ပိုင်းမြို့နယ်များက ပြည်သူများထံ သွားရောက်ကူညီနိုင် ရေးအတွက် စစ်ကောင်စီထံ တင်ပြတောင်းဆိုသော်လည်း တိုက်ရိုက် ကူညီထောက်ပံ့ပေးခွင့်မပြုကြောင်း မြန်မာနိုင်ငံ ကြက်ခြေ နီ အသင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “အဖွဲ့အစည်းက ကူညီထောက်ပံ့မယ့်ပစ္စည်းတွေကို သူတို့(စစ်ကောင်စီ)လက်ထဲကို ထည့်ပေးရမယ်ဆိုတော့ အဆင်မပြေဘူးလေ။ တိုက်ရိုက်လုပ်ခွင့်မရှိဘူး။ တခြားအဖွဲ့အစည်းတွေ၊ NGO၊ INGO အဖွဲ့တွေမှာ လည်း ကူညီကယ်ဆယ်ရေးလုပ်မယ့် အစီအစဉ်တွေ အများကြီး ရှိကြတယ်။ ဒါပေမယ့် ကျနော်တို့က လုပ်ခွင့်မရဘူး။ အဲလို အကျပ်အတည်းတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။ ထို့ကြောင့် တချို့အဖွဲ့အစည်းများမှာ မြို့နယ်ကျန်းမာရေးဌာနနှင့် ပူးပေါင်း ပြီး ကျန်းမာရေးနှင့်သက်ဆိုင်သော ကူညီထောက်ပံ့ရေးပစ္စည်းအချို့ကို ကူညီထောက်ပံ့နေကြကြောင်း သူကဆက်ပြောသည်။

NGO၊ INGO အဖွဲ့များမှာ မုန်တိုင်းလွန်ကာလတွင် စစ်ကောင်စီထံက ခရီးသွားခွင့်ပြုချက် မရရှိသောကြောင့် မြို့နယ် အတွင်းရှိ အရပ်ဘက်အဖွဲ့များနှင့်ပူးပေါင်းပြီး ထောက်ပံ့ကူညီနေရကြောင်း စစ်တွေမြို့မှ INGO ဝန်ထမ်းတစ်ဦးက ပြောသည်။  “ကျနော်တို့ကတော့ စစ်တွေမြို့နယ်အတွင်းမှာပဲ လှုပ်ရှားလို့ရတယ်။ တခြားနယ်တွေကိုတော့ ကိုယ်တိုင်သွားလို့မရဘူး။ ကျနော် တို့ NGO၊ INGO အဖွဲ့အစည်းတွေက နယ်ဘက်တွေကိုသွားဖို့ ပြည်နယ်စစ်ကောင်စီထံ ကြိုပြီး ခွင့်ပြုချက်တောင်းရတယ်။ အခု မုန်တိုင်းလွန်ကာလမှာ ကူညီထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး ခွင့်ပြုချက်တောင်းတာ မရဘူး။ ခွင့်ပြုချက်ကျမလာတဲ့ အပိုင်းတွေရှိ တယ်” ဟု ၎င်းက ပြောသည်။ မုန်တိုင်းကြောင့် စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပြီး မုန်တိုင်းသင့်ပြည်သူများမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ သောက်သုံးရေ၊ ဆေးဝါး စသည့် အရေးပေါ်အကူအညီများ လိုအပ်နေကြသည်။  “လေမုန်တိုင်းတိုက်ပြီးတဲ့နောက် အစားလည်းဝအောင်မစားရ၊ အိပ်လည်းဝအောင်မအိပ်ရဘူး။ ဒုက္ခအမျိုးမျိုးရောက်နေကြတယ်။ အလှူရှင်တွေလည်း လုံးဝမရောက်သေးဘူး”ဟု ရသေ့တောင် မြို့နယ် စပါးထားကျေးရွာမှ ဒေါ်စန္ဒာဝင်း ကပြောသည်။ “အခုလိုအရေးပေါ်ကာလမှာ ကြပ်မတ်မှုတွေကို ဖြေလျော့ပေးဖို့ လိုအပ် တယ်။ အစိုးရကလည်း သူရောက်နိုင်တဲ့ နေရာတွေလောက်ကိုပဲ ရောက်နိုင်မှာ။ နယ်ဘက်တွေမှာဆိုရင် အခု လူသားချင်းစာနာမှု အပိုင်းတွေကို လုပ်နေကြတဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်တို့ ရှိမယ်။ နောက်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရှိမယ်။ အဲလိုအဖွဲ့ တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်။ သူတို့မသွားနိုင်ရင် သွားနိုင်တဲ့အဖွဲ့တွေနဲ့ အလုပ်လုပ်ဖို့လိုတယ်” ဟု ဦးခိုင်ကောင်းစံ က ပြောသည်။ https://www.facebook.com/dmgnewsagency/photos/a.46667938348447 8/2594954537323608/

၂၇။   နာဂဒေသက တောင်သူများ ‌လက်မှုလယ်ယာသာစနစ်ဖြင့်သာ လုပ်ကိုင်နေရဆဲ
        May 26, 2023

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့နယ်ခွဲ ပန်ဆောင်မြို့နယ်က တောင်ပေါ်မှာရှိနေတဲ့ အင်းကြီးရဲ့ ပတ်လည်မှာ လယ် လုပ်တဲ့ရွာတွေဟာ ၂၀၂၃  ခုနှစ်ထိ လက်မှုလယ်ယာစနစ်နဲ့ပဲ လုပ်ကိုင်နေကြဆဲဖြစ်ပါတယ်။ ဒေသခံ တောင်သူတဦးက “လက်နဲ့ထွန်တယ်ဆိုတာက လယ်ကို ပေါက်ပြားနဲ့ ပေါက်တာကို ပြောတာပါ။ ပထမတခါ ပေါက်ပြီးရင် နည်းနည်းနှပ်ထားပြီး ပေါက်ပြားနဲ့ထပ်ပေါက်တာပါ။ အဲဒီနောက်မှာမှ ရှိတဲ့သူတွေက ကျွဲ နွားနဲ့ ထွန်ယက်ပြီး ကျွဲနွားမရှိသူတွေက ခြေထောက်နဲ့ မြေစာ မွကြေအောင် လိုက်နင်းခြေရတာပါ” လို့ ပြောပါတယ်။ ပထမဆင့်ကနေ ပြီးတဲ့အထိ လူကပဲ ပေါက်ပြားနဲ့ပေါက်ပြီး လယ်လုပ် တာကို လက်နဲ့ထွန်တာလို့ ပြောကြပါတယ်။ တနယ်လုံးကလည်း အဲလိုပဲ လုပ်ကြရတာပါ။ ကန်သင်းရှင်း ရေသွယ်တာတွေကို ပြောတာမဟုတ်ဘဲ လယ်ယာထွန်ယက်မှုကို အစအဆုံး လူလုပ်အားနဲ့ ပေါက်ပြားတလက်နဲ့ လယ်ညက်အောင် လုပ်ကြဆဲဖြစ် တယ်လို့လည်း ဆိုပါတယ်။

နောင်ယန်းအင်းအထိ နေထိုင်ရာရွာတွေကနေ သွားရတာပါ။ မနက် ၈ နာရီလောက်မှာ သွားပြီး ညနေ ၄ နာရီခွဲမှာ အလုပ်သိမ်းတယ်လို့ ဆိုပါတယ်။ တဧကအတွက် ပထမဆင့်ကို ၂ ပတ်လောက်ပေါက်ရပြီး ၁ ပတ်လောက် မြေသိပ်ထားပြီးမှ  ပေါက်ပြားနဲ့ ထပ်ပေါက်တာပါ။ အဲဒီနောက်မှာမှ နွားနဲ့ ထယ်ထိုး ဒါမှမဟုတ် ခြေထောက်နဲ့ နင်းခြေ မြေဖွပြီး စပါးစိုက်ပျိုးကြ တယ်လို့လည်း ပြောပါတယ်။ မေလကနေ ဇွန်လလောက်ထိ စပါးစိုက်ဖို့ မြေပြုပြင်ကြပြီး ဇူလိုင် ဒုတိယပတ်အထိ စပါးစိုက် ကြရပါတယ်။ လယ်သူရင်းငှား မရှိပေမဲ့ လက်စားနဲ့ အချင်းချင်းကူတဲ့စနစ်က ရှိနေပါတယ်။ လယ်စိုက် လူငှားစရိတ်တွေ မလိုဘဲ မိသားစုတွေ အတူကြိုးစားကြရပါတယ်။ ၁ ဧကအထွက်နှုန်း တင်း ၁၀၀ ကျော်တော့ ထွက်တတ်ပြီး လယ် ၃ ဧကထိ ပိုင်တဲ့သူ မရှိဘူးလို့လည်း ပြောပါတယ်။ နောင်ယန်းအင်း ရေကြီးရင်တော့ စပါးမစိုက်နိုင်ဘဲ ရေကျတဲ့အချိန်စောင့်ရင်း စပါးစိုက်ချိန် လွန်သွားတာမျိုးဆိုရင် ၁ နှစ်စာ ဝမ်းစာမဖူလုံတော့ဘူး။ အဲဒါကြောင့် နောင်ယန်းအင်းနဲ့ ဒကင်းမ်ချောင်ရေကြီးလို့ စပါးစိုက်ပျိုးဖို့ နောက်ကျတိုင်း အစိုးရက  ရေလွှဲမယ့်ဟာမျိုး လုပ်ပေးရင် ကောင်းမယ်လို့ တနယ်လုံးကလူတွေ ဆန္ဒရှိကြတယ်လို့ ဆိုပါတယ်။ https://burmese.dvb.no/archives/595604

၂၈။   ရွာငံရဲစခန်းတွင် ဖမ်းဆီးခံထားရသူအချို့ ရိုက်နက်စစ်ဆေးခံရ
       May 25, 2023

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရ ဒေသခံ ပြည်သူအချို့ကို စစ်ကောင်စီတပ်သားများ၏ ရိုက်နက်စစ်ဆေးပြုလုပ်ခြင် ခံနေရကြောင်းသိရှိရပါသည်။ ဖမ်းဆီးခံရသူများ မိသားစုဝင်များနှင့် တိုက်ရိုက်မတွေ့ဆုံခွင့်မရဘဲ ထမင်းထုပ်များ၊ အဝတ်အထည်များကိုသာ ပေးပို့လို့ရကြောင်း အမည်မဖော် လိုသည့် ဒေသခံတစ်ဦးကပြောပါသည်။ ”ရိုက်နက်စစ်ဆေးတာ တော်တော်ခံရတယ်အထဲမှာ ပိုက်လုံးတွေနဲ့ရိုက်တယ် တစ်ယောက်ကတော့ ဘယ်လိုစစ်လဲမသိဘူး မျက်လုံးတစ်ဖက်ကယောင်ရမ်းနေတယ်”လို့ ပြန်လည်လွှတ်မြောက်လာသူ တစ်ဦး ထံမှ သိရှိရပါသည်။

ဒေသတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူအချို့ကို အခြားတောင်ကြီးဌာန၊ ကလောဌာနသို့ ဆက်လက်လွဲပြောင်းပို့ ဆောင်ခံရသူများလည်း ရှိနေသည်ဟု ၄င်းက ဆိုပါသည်။ မေလ ၇ ရက်နေ့မှစ၍ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အကြား ကျွဲတပ် ကျေးရွာနှင့် မြက်ခါးအင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံရအရပ်သားပြည်သူစုစုပေါင်း ၁၅ ဦးအထက်ရှိပြီး လူနေ အိမ်များကိုလည်း စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်။ https://ww w.facebook.com/KhamSa rNgor/photos/pcb.2339927746177134/2339927686177140/

၂၉။   တောင်ကြီးမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကလူမိုက်တွေနဲ့ပေါင်းပြီး အရပ်သားတစ်ဦးကို ဖမ်းဆီးရိုက်နှက်           ငွေတောင်း
       May 25, 2023

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးက အရပ်သားတစ်ဦးကို မူးယစ်ဆေး ရောင်း ဝယ် ဖောက်ကားမှုနဲ့ စွပ်စွဲပြီး ဖမ်းဆီးငွေတောင်းခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းဆီက သိရပါတယ်။ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး ဦးသန်းရွှေဟာ သူရဲ့ လူမိုက်တပည့်တွေနဲ့အတူ မေလ ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန် လောက်က စိန်ပန်းရပ်ကွက်မှာ နေထိုင်တဲ့ အရပ်သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ စိန်ပန်းရပ်ကွက်နေ အမျိုးသမီး တစ်ဦးက “အဲဒီနေ့ မူးယစ်ဆေးဖမ်းတာလို့တော့ ကြားတယ်။ တကယ်အဲဒီအိမ်က သတင်းမထွက်ဖူးပါဘူး။ စိန်ပန်း-ရွှေတောင်လို့ လူတွေက တွဲခေါ်ကြပေမယ့် ရပ်ကွက်လည်း မတူဘူး၊ အုပ်ချုပ်ရေးမှူးလည်းမတူဘူး။ ထိစပ်နေတာပဲရှိတာ။ တကယ်တမ်းဖမ်း မယ်ဆိုရင်တောင် ကျမတို့ အုပ်ချုပ်ရေးမှူးကပဲ ဖမ်းရမှာ”လို့ ပြောပါတယ်။ အဲဒီနောက် ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ကို ရောက်တဲ့အခါမှာ ဦးသန်းရွှေက ဒဏ်ငွေပေးဆောင်ရင် ခံဝန်ကတိနဲ့ လွှတ်ပေးမယ်လို့ ပြောခဲ့တာကြောင့် မိသားစုဝင်တွေ က ငွေကျပ်သိန်း ဆယ်ချီပေးဆောင်ခဲ့ရပြီးတဲ့နောက် ဖမ်းခံရသူဟာပြန်လည်လွတ်မြောက်လာတယ်လို့ သူကဆက်ပြောပြပါတယ်။

အခုလို ပြန်လည်လွတ်မြောက်လာပေမယ့် ဖမ်းခံရသူအရပ်သားတစ်ဦးဟာ အုပ်ချုပ်ရေးမှူးရဲ့ လူမိုက်တပည့်တွေ ရိုက် နှက်ကန်ကြောက်မှုတွေကြောင့် ဒဏ်ရာများစွာ ရရှိခဲ့ပြီး လတ်တလောမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။ ဦးသန်းရွှေ ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တုန်းကလည်း ကျောင်းကြီးစုရပ်ကွက်က အမျိုးသားတစ်ဦးကို PDF ထောက်ပံ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့ပြီးနောက် ၂ ရက်တာလုံး ရိုက်နှက်စစ်ဆေးခဲ့ပြီးမှ ပြန်လွှတ်ပေးခဲ့ဖူးတယ်လို့ နီးစပ်သူတွေရဲ့ ပြောပြ ချက်အရသိရပါတယ်။ ဦးသန်းရွှေ ဟာ ၂၀၁၅ ခုနှစ်ကတည်းက အမျိုး၊ ဘာသာ၊ သာသနာ (မဘသ ၉၆၉) အဖွဲ့မှာ တာဝန်ထမ်း ဆောင်ခဲ့ဖူးပြီး လက်ရှိမှာလည်း ရပ်ကွက်ထဲက လူမိုက်တွေနဲ့ စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီး အချိန်ကတည်းကနေ အခုထိ ဦးသန်းရွှေရဲ့ သတင်းပေးမှုကြောင့် အရပ်သား ၆၀ ကျော်အထိ ဖမ်းဆီးခံခဲ့ရပြီး  စစ်ကောင်စီပေးထားတဲ့ ပစ္စတိုသေနတ်နဲ့ နေ့စဉ်နဲ့အမျှ ရပ်ကွက်နေပြည်သူတွေကို ခြိမ်းခြောက် အနိုင်ကျင့်နေ တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ https://www.facebook.com/MeKongNewsMM/photos/a.373965523263391/12 31865140806754/

၃၀။   ဒဘတ်ချောင်းရွှေတူးဖော်မှု အမြန်ဆုံးရပ်တန့်ပေးရန် ဒေသခံများတောင်းဆို
        May 25, 2023

ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုအား အမြန်ဆုံးရပ်တန့်ပေးရန် ဒေသခံ များကတောင်းဆိုနေကြသည်။ ဝိုင်းမော်မြို့နယ်၊ဂါးရာယာန်၊ကဇူး၊ ဒဘတ်ကျေးရွာများကိုဖြတ်၍စီးဆင်းနေသော ဒဘတ်ချောင်း တွင် ရွေတူးဖော်မှုကြောင့် မြစ်ကမ်းပါးပြိုခြင်း ချောင်းရေပျက်စီးလာသည့်အပြင် ရေလမ်းကြောင်းများလွှဲလာခြင်းများ ဖြစ်ပေါ် လာသည့်အတွက် အမြန်ဆုံးရပ်တန့်ပေးစေလိုကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒေသခံတွေက ကန့်ကွက်ချင်ကြတယ်၊ ကျွန်တော့အနေနဲ့ကတော့ နည်းနည်းလေးမှ မတူးခိုင်းစေချင်ဘူး၊ သူ့သဘာဝ အတိုင်းဘဲရှိနေစေချင်တယ်၊ ချောင်းက ရွံ့ရေ ဖြစ် နေပြီ၊ သူတို့ကို ရပ်တန့်ခိုင်းစေချင်တယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အုပ်ချုပ်ရေးမှူးတစ်ချို့ကတူးခိုင်းနေတဲ့အတွက် ကျွန်တော် တို့ ကန့်ကွက်ချင်ပေမဲ့ ကန့်ကွက်လို့မရတဲ့ အခြေအနေဖြစ်နေတယ်”ဟုပြော သည်။ ပြီးခဲ့သည့် နှစ်များတွင် ယင်းချောင်း ရေကို အမှီပြုပြီး ချောင်းအနီးပတ်ဝန်းကျင်မှ ဒေသခံများသည် နေအိမ်ဆောက်လုပ်ရန်အတွက် ဝါးများဖောင်ဖွဲ့ကာ ချောင်းမှတစ်ဆင့် မျှောယူတာတွေ လုပ်ဆောင်နိုင်ခဲ့သော်လည်း လက်ရှိတွင်မှု ရွှေတူးဖော်မှုကြောင့် ချောင်းအလယ်တွင် ရွှေဖောင်များ၊ ကြိုးများ အပြင် သဲသောင်များပေါ်ထွန်းနေပြီဖြစ်သည့် အတွက် ခက်ခဲမှုများစွာရှိနေကြောင်း သိရသည်။

ထို့အပြင် သောက်ရေ၊ သုံးရေအဖြစ် အသုံးနေကြရသည့် အဆိုပါချောင်းရေသည် ရွှေတူးဖော်မှုကြောင့် ချောင်းရေများ နှောက်ကာ စိုက်ပျိုးရေးအတွက်ပင် အသုံးပြု၍ မရတော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ရွှေတူးဖော်မှုကြောင့် နောက်ပိုင်း တွင် ရှိလာနိုင်သည့် ဒေသအတွင်းထိခိုက်မှုများကို ၎င်းက အခုလိုဆက်ပြောသည်။ “နောက်ပိုင်းဆို တစ်ဖြေးဖြေးနဲ့ စိုက်ပျိုးရေး တွေလည်း လုပ်လို့ရတော့မှာမဟုတ်ဘူး၊ ရွှေတူးတဲ့ နေရာမှာသုံးတဲ့ ပြဒါးတွေကြောင့် အခုဆို ငါးတွေမျှားစားရင်တောင် သတိ ထားရတော့မယ်၊ စိုက်ပျိုးခြံတွေထဲမှာ သဲတွေလာပိတ်တော့ ဘာမှလုပ်လို့ရတော့မှာ မဟုတ်ဘူး၊ ကျောက်တွေပိတ်ပြီး ရေလမ်း ကြောင်းတွေလည်း အကုန်ပြောင်း နောက်ဆို ရွာထဲကို ရေတွေဝင်လာတော့မှာ”ဟုပြောသည်။ ရွှေတူးဖော်သည့်နေရာသည် ကျေးရွာနှင့်တစ်မိုင်ခန့်သာရှိ၍ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလမှ စတင်တူးဖော်ခဲ့ပြီး လက်ရှိတွင် စက်ယန္တရားကြီး ၂ ခုနှင့် ရွှေတူး ဖောင် အခု ၅၀ ရှိနေပြီဖြစ်ကြောင်း သိရသည်။ https://burm ese.kachinnews.com/2023/05/25/bb1-20/

၃၁။   ဘားအံမြို့တွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးအရေးယူရာမှာ စစ်ကောင်စီက  ငွေကြေးတောင်းခံ
       May 25, 2023

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းဆီးအရေးယူနေပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခံရသူတွေဆီက ငွေကြေးတောင်းခံတာတွေရှိတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။  မေလ ၇ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေနဲ့ အသုံးပြုသွားလာတာတွေကို ဖမ်းဆီးအ ရေးယူသွားမယ်လို့ စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်တွေမှာ လိုက်လံကြေညာခဲ့ပြီးနောက် ဖမ်းဆီးမှုတွေကို မေလ၂၁ ရက်နေ့ကစတင်ပြီး ဆက်တိုက် လုပ်ဆောင်နေတာပါ။ လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်အပြင် ဘေးတွဲဆိုင်ကယ်တွေ ကိုဖမ်းဆီးပြီး ယာဉ်သိမ်းဆည်းတာ၊ ယာဉ်ပိုင် ရှင်ကို တည်ဆဲဥပေဒေတွေနဲ့ပါ အရေးယူတရားစွဲဆိုတာတွေရှိပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  လိုင်စင်မဲ့ယာဉ် ဖမ်းဆီးခံ ရသူတွေဆီက ယာဉ်တန်ဖိုးနဲ့ညီမျှတဲ့ ငွေကြေးတွေကို တောင်းခံတာတွေရှိနေတယ်လို့ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။ ကရင်ပြည်နယ်အတွင်း တရားဝင်လိုင်စင်ရှိယာဉ်အစီးရေဟာ  ၂၀ ရာခိုင်နှုန်းလောက်ရှိပြီး လိုင်စင်မဲ့ယာဉ်အစီး ရေဟာ ၈၀ ရာခိုင် နှုန်းလောက်ရှိပြီး ဘားအံမြို့အနီးအနားက ကျေးလက်နေပြည်သူတွေဟာ ဒေသဖွံ့ဖြိုးရေး၊ လူမှုဘဝဖွံ့ဖြိုးရေးတွေအတွက် လိုင်စင်မဲ့ယာဉ်တွေကို အသုံးပြုပြီးသွားလာနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို လိုင်စင်မဲ့ယာဉ်တွေကိုဖမ်းဆီးနေတဲ့အတွက်ကြောင့် အခြေခံလူတန်းစားတွေနဲ့ ကျေးလက်နေပြည်သူတွေဟာ စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ပါရင်ဆိုင်နေရတယ်လို့ ဘားအံမြို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါ တယ်။ မေလ ၁ ရက်နေ့ကစပြီး စစ်ကောင်စီက ဘားအံမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း  ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းဆီး ခဲ့တဲ့အတွက် မြို့ပေါ်နဲ့ မြို့အနီးတဝိုက်ကျေးရွာက ဘေးတွဲဆိုင်ကယ် မောင်းနှင်သူတွေဟာ လုပ်ငန်း ရပ်နားခဲ့ရပါတယ်။  စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတဲ့အတွက် ဘားအံမြို့အနီးကကျေးလက်နေပြည်သူတွေ ရာသီပေါ်သီးနှံတွေ ဘားအံမြို့ကို လာရောက်ရောင်းချရာမှာ သယ်ယူစရိတ်ကြီးမြင့်တာတွေနဲ့ရင်ဆိုင်နေရသလို  ပြည်သူတွေအနေနဲ့ကုန်ဈေးနှုန်း ကြီးမြင့်တာတွေ ထပ်မံရင်ဆိုင်နေရပါတယ်။ https://www.facebook.com/photo/?fbid=577667911140881&set=pcb.577 668131140859

၃၂။    မိုးမိတ်မြို့နယ် ကျောက်မောရွာရဲစခန်းကို ABSDF သိမ်းပိုက်
        May 26, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်မောရွာရဲစခန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF က မေ ၂၄ ရက်နေ့က စီးနင်းသိမ်းပိုက်နိုင်ပြီး ရဲတပ်ကြပ်ကြီးအပါအဝင် လေးဦး သေဆုံးခဲ့တယ်လို့ အဖွဲ့က မေ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ABSDF အဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာမရဘဲ သေနတ်ခြောက်လက်လည်း သိမ်းဆည်း နိုင်ခဲ့တယ်လို့ ABSDF မြောက်ပိုင်းရဲ့ထောက်လှမ်းရေးတာဝန်ခံ ကိုစောက ပြောပါတယ်။ “ဒီရဲစခန်းက ခရီးသွားပြည်သူတွေကို ဒုက္ခပေးနေသလို ပိုက်ဆံ အတင်းအကျပ်တောင်းနေတာကြောင့် ဝင်တိုက်တာပါ။ ရဲစခန်းသိမ်းနိုင်ခဲ့ပြီး ရဲလေးယောက် သေသွား တယ်၊ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ” မနက် ၆ နာရီကျော်ကနေ ၇ နာရီဝန်းကျင်အထိ ပစ်ခတ်ခဲ့ပြီး စခန်း မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးသုံးဦးနဲ့ ကလေးနှစ်ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ကျောက်မော ဂိတ်မှာရှိတဲ့ ရဲတွေနဲ့ စစ်ကောင်စီတပ်သားတွေဟာ ဖြတ်သန်းသွားလာနေတဲ့ ကားတွေနဲ့ အနီးအနားက လုပ်ငန်းရှင်တွေဆီက နေ ငွေကြေးနဲ့ ရိက္ခာတောင်းနေကြောင်း ဒေသခံတွေက တိုင်ကြားထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ https://w ww.rfa.org/burmese/news/shan-absdf-military-05252023165109.html

၃၃။    ပြည်သူ ၉ ဦးအသတ်ခံရသည့်အမှုနှင့်ပတ်သက်ပြီး စုံးစမ်းထားသည့် အချက်အလက်များအား KIO/KIA ထံ           ပေးပို့ထား
        May 25, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ လဝါးကျေးရွာဘက်မှာ ပြည်သူ ၉ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ပြည်သူတွေ နဲ့ ဖွဲ့စည်းထားတဲ့ကော်မရှင်ဘက်က စုံစမ်းရရှိထားတဲ့ အချက်အလက်၊ ဒေတာတွေကို ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/ KIA) ဘက် ဧပြီလအတွင်းက ပေးပို့ထားပြီးပြီလို့ ပြည်သူတွေဘက်က ဖွဲ့စည်းထားတဲ့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဲဒီပေးပို့ထားတဲ့အထဲမှာ ပြည်သူ့ကော်မရှင်ဘက်က စုံစမ်းရရှိထားတဲ့ အချက် အလက်တွေအပြင် အမှုကို ဖြစ်မြောက်အောင် အားပေးအားမြှောက် ပြုလုပ်ခဲ့ကြသူတွေရဲ့ အမည်စာရင်းတွေကိုပါ ထည့် သွင်းပေးပို့ထားတယ်လို့လည်း သိရ ပါတယ်။ ဧပြီလ(၂၅)ရက်နေ့က အထက်ပါ ပြည်သူ(၉)ဦး အသတ်ခံရတဲ့ သုံးလ ပြည့် ခွန်အားယူ ဆုတောင်းပွဲပြုလုပ်ခဲ့ပြီးနောက် တစ်နေ့မှာပဲ KIO/KIA ဘက်က အဲဒီအမှုနဲ့ ပတ်သက်ပြီး ဆက်လက် ကိုင် တွယ်လုပ်ဆောင်သွားဖို့ သီးသန့်တရားရေးကော်မရှင် ဖွဲ့စည်းပြီးသွားကြောင်း အကြောင်းကြားလာတာမျိုးတော့ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ KIO/KIA ဘက်ကနေ သီးသန့်တရားရေးကော်မရှင်ဖွဲ့ပြီးကြောင်း အကြောင်းကြားလာတာမျိုးသာရှိ ပြီး ပြည်သူတွေဘက်က ဖွဲ့ထားတဲ့ကော်မရှင်တွေနဲ့ တရားဝင်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ပြောလာတာမျိုးတွေ လက်ရှိ အချိန်အထိ မရှိသေးတဲ့အတွက် အားမရတဲ့အပိုင်းတွေတော့ ရှိနေတယ်လို့ အထက်ပါကော်မရှင်အဖွဲ့ဝင်ဝင်တစ်ဦးက ပြောပါ တယ်။ “ဒီအမှုကို ဆုံးဖြတ်ပေးမယ့် သီးသန့် တရားကော်မရှင်ဖွဲ့ထားပြီလို့ အကြောင်းကြားလာကြတယ်။ အလုပ်လုပ်တာ အရာမ ရောက်သေးဘူးလို့ ရှင်းရှင်းလင်းလင်းမြင်ရတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အားပေးအား‌မြှောက် လုပ်နေတဲ့သူတွေလွတ်နေ သေးတယ်။ အဲဒါတွေကိုလည်း အမြန်ဆုံး အရေးယူမှုတွေ လုပ်သွားရမယ်”လို့ သူက ပြောပါတယ်။ အမှုဖြစ်တာ (၄)လ ရှိနေပြီ ဖြစ်ပေမဲ့ တိကျတဲ့အဖြေမထွက်လာသေးတဲ့အတွက် KIO/KIA အနေနဲ့ ပြည်သူတွေဘက်က ဖွဲ့ထားတဲ့ကော်မရှင်တွေနဲ့ တရားဝင် တွေ့ဆုံဆွေးနွေးတာတွေ၊ ပြည်သူတွေရဲ့ ယုံကြည်မှုရရှိအောင် လုပ်ဆောင်သင့်နေပြီလို့ အထက်ပါအဖွဲ့ဝင်က ဆက်လက်ပြော ပါတယ်။ “ခုထိ ကျွန်တော်တို့ ကော်မရှင်နဲ့ တွေ့ဆုံရအောင် ဟိုလို၊ ဒီလို လုပ်ရအောင်ဆိုပြီး တရားဝင်ဆွေးနွေးတာ မရှိသေးဘူး။ ဒါကို ပေါ့ပေါ့တန်တန်နေရင်ပိုပြီးတော့ ဒီပြဿနာကနောက်ဆို ကျွန်တော်တို့ နိုင်ငံတွင်း KIA/KIO က သိက္ခာမရှိ လာဘူး။ အဓိက ကတော့ KIO/ KIA ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်တဲ့အပြင် ပြည်သူတွေကနေ ယုံကြည်ထားတဲ့ ယုံကြည် ချက်တွေ လျော့လာ မယ်ဆိုတဲ့ အချက်တွေပေါ့”လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အမှန်တရားပေါ်ပေါက်နိုင်ရေးအတွက် ပြည်သူ့ကော်မရှင်တင် မဘဲ KIO/KIA ဘက်ကပါ ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ သေဆုံး သွားသူ ၉ ဦးဟာ ဇန်နဝါရီလ ၂၄ ရက်နေ့က မိတ်ဆွေဖြစ်သူ မိုးကောင်းမြို့နေ ဦးကျော်စိုးဆိုသူရဲ့ လဝါးကျေးရွာဘက်က စိုက်ပျိုးရေးခြံဘက် ငါးဖမ်းထွက်တဲ့အချိန် KIA/PDF တွေကနေ ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ https://www.facebook.com/myitkyi nanewsjournal.mm/photos/pcb.1901547880211457/1901545970211648/

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။