• Today is: Thursday, May 16, 2024

ဖက်ဒရယ်လစ်ဇင် အခြေခံသဘောတရားတွေကို သင်ကြားပေးမယ့်အစီအစဉ် တက်ရောက်နိုင်ပြီ

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဇွန် ၁၆ ရက်၊ ၂၀၂၃။
 
ဖက်ဒရယ်စနစ်ဆိုင်ရာ လေ့လာနေတဲ့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များပါဝင်တဲ့ Strengthening Federalism and Inclusive Governance (SFIG) နဲ့ Burma Academy တို့က ပူးပေါင်းပြီး အွန်လှိုင်းကနေ ဖက်ဒရယ်လစ်ဇင် အခြေခံသဘောတရားတွေကို သင်ကြားပေးမယ့် အစီအစဉ်မှာ စိတ် ပါဝင်စားသူများ လျှောက်လွှာဖြည့်စွက်ပြီး အခမဲ့ တက်ရောက်လေ့လာနိုင်ပြီလို့ SFIG ဆီက သိရပါတယ်။
 
အခု အစီအစဉ်နဲ့ ပတ်သက်ပြီး “SFIG ရဲ့ ရည်ရွယ်ချက်က မြန်မာလူထုအတွင်းမှာ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့ ပြောဆို ဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေဖို့ လိုအပ်တဲ့ အသိပညာတွေကို အလွှာစုံထိ ဖြန့်ဝေပေးချင်တယ်။ SFIG မှာလည်း ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ အခြေခံကနေစပြီး ပညာရပ်ဆိုင်ရာ လက်တွေ့ နယ်ပယ်တွေထိ ကြီးမားတဲ့ အရင်းအမြစ်ကလဲ ရှိတယ်ပေါ့ခင်ဗျာ”လို့ SFIG က တာဝန်ရှိသူ တစ်ဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
 
အခုအစီအစဉ်ဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဆိုင်ရာ အယူအဆ သဘောတရားများကို Burma Academy လို ခိုင်ခံ့တဲ့ အွန်လှိုင်း သင်ကြားရေး ကွန်ရက်စာမျက်နှာကနေတဆင့် လူထုနေအနေဖြင့် လေ့လာခွင့်ရအောင် SFIG အနေနဲ့ ဖန်တီး ပုံဖော်ပေးတာလည်း ဖြစ်သလို Burma Academy စဉ်းစားလုပ်ဆောင်ပုံနဲ့ နည်းပညာကျွမ်းကျင်မှုကို နှစ်သက်တာကြောင့် ပူးပေါင်းဆောင်ရွက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
SFIG ရဲ့ တင်ပြမှုတွေဟာ သီအိုရီနဲ့ ကမ္ဘာတလွှားအတွေ့အကြုံများနဲ့ ဖက်ဒရယ် ဆိုတာ ဘာလဲ၊ ကမ္ဘာတလွှားမှာကျင့်သုံးနေတဲ့ ဖက်ဒရယ်စနစ်တွေက ဘယ်လို လည်ပတ်နေသလဲ ဆိုတာကို တင်ပြတဲ့ အယူအဆလည်း ဖြစ်တယ်လို့ SFIG ရဲ့ တာဝန်ရှိသူ က ပြောပါတယ်။
 
ဒါ့အပြင် SFIG အနေဖြင့် ဖက်ဒရယ်အယူအဆနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဖက်ဒရယ်နိုင်ငံရဲ့ အယူအဆကိုမှ မြှင့်တင်တာမျိုး မလုပ်သလို ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး ပုံတူကူးချတာမျိုးလည်း မဟုတ်ပဲ မြန်မာနိုင်ငံနဲ့ ကိုက်ညီတာကိုပဲ ရွေးချယ်တင်ပြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
Burma Academy ဟာ တော်လှန်ရေးကာလမှာပေါ်ပေါက်လာတဲ့ အွန်လှိုင်း သင်ကြားရေး ကွန်ရက် စာမျက်နှာ တစ်ခုဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ သင်တန်းအားလုံးကိုလည်း မြန်မာပြည်သူတွေကို အခမဲ့ မျှဝေ ပေးနေတာ ဖြစ်ပါတယ်။
 
အခုအစီအစဉ်ကို စိတ်ဝင်စားတဲ့ မည်သူမဆို Burma Academy ရဲ့ website မှာ register လုပ်ပြီး အချိန်မရွေး ဝင်ရောက် လေ့လာလို့ရတဲ့ သင်ခန်းစာတွေဖြစ်ပါတယ်။ Video File တွေနဲ့ ဖတ်စရာ စာအုပ်စာတမ်းတွေ ပါမှာဖြစ်ပါတယ်။
 
——————–
 
– သင်တန်းအစီအစဉ် ကြေညာ
 
လေ့လာခွင့်ရမယ့် ဖက်ဒရယ်လစ်ဇင်အခြေခံ သဘောတရားတွေကတော့ ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်တွေအနက် ဖက်ဒရယ်စနစ်ဟာ တော်လှန်ရေးကာလမှာ အားလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိလာပါတယ်။
 
တဆက်တည်းမှာပဲ ဖက်ဒရယ်စနစ်ကို ဦးတည်ချီတက်နေတဲ့ လူထု အနေနဲ့လည်း တော်လှန်ရေးကာလမှာ ဖက်ဒရယ်လစ်ဇင်ဆိုတဲ့ စကားရပ်ကို အသေအချာနားလည်ထား ဖို့လိုပါတယ်။
 
ဖက်ဒရယ်စနစ်ဆိုတာ ဘယ်လို နိုင်ငံရေးစနစ်လဲ၊ အခြားနိုင်ငံရေး စနစ်တွေနဲ့ ဘာတွေကွာခြားသလဲ၊ နွေဦးတော်လှန်ရေး ပန်းတိုင်မှာ ဘာကြောင့် ဖယ်ဒရယ်စနစ်ကို ဦးစားပေးပြောဆိုလာကြတာလဲဆိုတာကို သိရှိကြဖို့လည်း လိုအပ်ပါတယ်။
 
ဒါ့ကြောင့် ဖက်ဒရယ်စနစ်ကိုစိတ်ဝင်စားသူတွေ လေ့လာနိုင်ဖို့ Burma Academy ရဲ့ Online Platform မှာ SFIG က ရေးဆွဲပြုစုထားတဲ့ Federalism Fundamentals: Exploring the Principles and Practices ကို တင်ဆက်ပေးလိုက်ပါပြီ။
 
ဒီသင်တန်းမှာဆိုရင်တော့ ဖက်ဒရယ်လစ်ဇင် အခြေခံသဘောတရားတွေကို နားလည်စေဖို့၊ ဖက်ဒရယ်လစ်ဇင်သဘောတရားများကို နားလည်ပြီး လက်ရှိဖြစ်ထွန်းနေတဲ့ နိုင်ငံရေးအခင်းအကျင်းများကို သုံးသပ်ရှုမြင်နိုင်ဖို့၊ တိုင်းရင်းသားမျိုးနွယ်စုတွေ ကာလရှည်ကြာရုန်းကန်လာကြတဲ့ အကြောင်းအရင်းကို သိမြင်လာစေဖို့၊ အနာဂတ်နိုင်ငံတော်ကို ဘယ်လိုဘယ်ပုံတည်ဆောက်မလဲဆိုတာ စိတ်ကူးမျှော်မြင်နိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
 
သင်ခန်းစာ Modules တွေကတော့
Module 1: Introduction to Federalism
Module 2: Unity and Diversity
Module 3: Distribution of Power
Module 4: Gender Equality and Federalism
Module 5: Constitutionalism
Module 6: Local Government
Module 7: Fiscal Federalism တို့ပဲ ဖြစ်ပါတယ်။
 
Self-paced သင်တန်းအမျိူးအစားဖြစ်တာကြောင့် ကိုယ့်ရဲ့ အားလပ်ချိန်မှာ ဖက်ဒရယ် အသိပညာတိုးဖို့ အလွယ်တကူ သင်ယူနိုင်မှာ ဖြစ်ပြီး သင်တန်းကိုလျှောက်ထားချင်သူတွေအနေနဲ့ အောက်ပါ course link မှာ ဝင်ရောက်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ Burma Academy မှာ Register မလုပ်ထားရသေးသူတွေအနေနဲ့ အရင်ဆုံး Register လုပ်ပြီးမှ တက်ရောက်နိုင်မှာဖြစ်ပါတယ်။
Course link – https://tinyurl.com/BA-FedFun
 
ဘားမားအကယ်ဒမီဟာ တော်လှန်ရေးအထောက်အကူပြု ပညာရေး platform တစ်ခုဖြစ်ပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ရည်ရွယ်ပြီး သင်ကြားပေးနေတာကြောင့် ဘားမားအကယ်ဒမီက ပို့ချသင်ကြားပေးနေတဲ့ သင်တန်းအားလုံးဟာ အခမဲ့ဖြစ်ပါတယ်။