• Today is: Thursday, May 16, 2024

စစ်ကောင်စီ ဖိအားပေးနေတဲ့ လဲချား က SSPP တပ်စခန်း ဆုတ်ခွာမပေးလို့ နှစ်ဖက်စစ်ရေးတင်းမာမှု အမြင့်ဆုံး ဖြစ်လာ

ဓါတ်ပုံ – SSPP INFO (ပုံဟောင်း)

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၁၆ ရက်၊ ၂၀၂၃။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း လဲချား-ပန်လုံလမ်းမကြီး၏ တောင်ဘက်အရပ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ရဲ့ ယာယီစခန်း ၁၀ ခုကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့မှာ တစ်ကြိမ်၊ ဇွန် ၁၁ ရက်နေ့မှာတစ်ကြိမ် နှစ်ကြိမ်တိုင် ဖိအားပေးပြောဆိုခဲ့သောလည်း SSPP ဘက်က တပ်စခန်း ဆုတ်ခွာပေးမှာမဟုတ်လို့ တုန့်ပြန်လိုက်တာကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှု အမြင့်ဆုံး ရောက်ရှိလာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လဲချားမြို့တောင်ဘက်ရှိ လွိုင်နမ့်တွန်တောင် အနီးနှင့် ပင်လုံ-လဲချား အကြားရှိ လွိုင်ခေ တောင်ခြေတွင် 81 mm လက်နက်ကြီးတပ်ဆင်ထားကာ လဲချားမြို့နယ် နားမင်းအုပ်စု ကောင်းဆန်းအနီးရှိ SSPP/SSA စစ်ကြောင်းများကို မျက်နှာမူထားပြီး လူအင်အား 300 ခန့်နှင့် ချည်းကပ်မှု ပြုလုပ်လာတယ်လို့ ဆိုပါတယ်။

SSPP/SSA အနေဖြင့် စစ်ရေးအရ အသာစီးရနိုင်မည့်နေရာများဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းရှိ လမ်းမကြီး သုံးခုကို ထိန်းချုပ်နေရာချထားပြီး စစ်ကောင်စီ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အရှေ့ဘက်နှင့် အနောက် ဘက်များအထိ စစ်ကြောင်းများ ဖြန့်ကျက် ထားတယ်လို့ SSPP INFO မှာ ဖော်ပြပါတယ်။

လက်ရှိနှစ်ဖက်တပ် စစ်ရေးတင်းမာလာမှုနဲ့ ပတ်သက်ပြီး စစ်မြေပြင်ရောက် SSPP/SSA အရာရှိတစ်ဉီး ပြောတာက “ကျွန်တော်တို့ အခုလို ဒီတောင်ပိုင်းကို ရောက်နေခြင်းက စစ်ကောင်စီအနေနဲ့လည်း သူတို့စစ်တိုင်း ဌာန ချုပ်ရဲ့ လုံခြုံရေးကို စိုးရိမ်နေရတာတစ်ကြောင်း ဒါကြောင့် ကျွန်တော်တို့ကို ဆုတ်ခိုင်းခြင်းဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်တို့အနေနဲ့လည်း ဘယ်လိုနည်းနဲ့မှ ပြန်ဆုတ်ပေးလို့ရမှာမဟုတ်တဲ့အတွက် တကယ်လို့ သူတို့ ဘက်က စစ်ရေးဆင်လာမယ်ဆိုရင်လည်း ကျွန်တော်တို့ ဘက်က စစ်ရေးနဲ့ဘဲ ပြန်လည် တုံ့ပြန်သွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

၂၀၁၅ ခုနှစ်ကလည်း စစ်ကောင်စီတပ်ဟာ SSPP/SSA ရဲ့ တပ်စခန်း ဆုတ်ပေးဖို့ ဖိအားပေးမှု ပြုလုပ်ခဲ့ဖူးပြီး အဲဒီတုန်းက တပ်အင်အား ၅၀၀၀ ကျော်နဲ့ SSPP/SSA ဌာနချုပ်၏လုံခြုံရေးတပ်များရှိတဲ့ တာဆမ်ပူး၊ ဟိုင်းပါ၊ ဝမ်လွေ၊ မိုင်းအက်၊ ဝမ်ဆော့၊ မွေတော်ဝိန်းကောင်မှ မိုင်းနောင်များကို စစ်မျက်နှာဖွင့်ကာ ထိုးစစ်ဆင်တိုက်ခဲ့ ဖူးပါတယ်။