• Today is: Tuesday, May 14, 2024

မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘုရားကျောင်းနှင့် လူနေအိမ်တချို့ပျက်စီးခဲ့

ဖယ်ဒရယ်ဂျာနယ် မြန်မာ

သြဂုတ်လ ( ၁၈ )၊၂၀၂၃။

ယမန်နေ့ ( ၁၇ )ရက်နေ့ ကယား(ကရင်နီ) ပြည်နယ် မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာ BGF (1004)တပ်ရင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ အကျအဆုံးများခဲ့တာကြောင့် လေကြောင်းဖြင့် လာရောက်စစ်ကူပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ကရင်နီပူးပေါင်းတပ်ဖွဲ့ဖက်မှ ရဲဘော်ဦးကျဆုံးခဲ့ပြီး ( ၁၀ )ယောက် ဝန်ကျင်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မယ်စဲ့ဖက်ကလာတဲ့ သတင်းအရင်းမြစ်ကနေသိရှိရပါတယ်။

ပန်တိန်းကျေးရွာဒေသခံတစ်ဦးမှ ” ကျမတို့သိတာကတော့ ကျမတို့ရွာမှာ မနေ့ညက တိုက်ပွဲ ဖြစ်တယ်လို့ သိရတယ်၊ စစ်ကောင်စီတပ် လေကြောင်းလာရောက်ပစ်ခတ်မှုကြောင့် ပန်တိန်းကျေးရွာဘုရားကျောင်းအပါအဝင် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်”

ဇူလိုင်လ( ၁၇ )ရက်နေ့တွင် ပန်တိန်းအခြေစိုက် BGF (1004)တပ်ရင်းမှ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF)ဖွဲ့နှင့် ပြန်လည်ပူးပေါင်းကာ စစ်ကောင်စီတပ်ကို ပြန်တော်လှန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်မှ BGF (1004)တပ်ရင်းပြန်လည်ရရှိရေးအတွက် လေကြောင်းဖြင့် လူအင်အား၊လက်နက်အင်အားဖြည့်တင်းခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်မှ လက်လွတ်ဆုံးရှုံးခဲ့ရသော မယ်စဲ့မြို့နယ်ကို ပြန်လည်ရရှိဖို့အတွက် ဖားဆောင်းကနေ မယ်စဲ့ဖက်သို့ စစ်ကြောင်းထိုးလာသည်မှာ (၁)လ ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ မယ်စဲ့ဖက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ကျောက်ပန်းညိုကျေးရွာ၊ ကျောက်စုကျေးရွာများတို့တွင် ဟန့်တားတိုက်ခိုက်ထားလျက်ရှိပါတယ်။