• Today is: Monday, April 29, 2024

လက်ခက်တောင်စခန်းကို ပြန်လည်သိမ်းပိုက်ဖို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးပစ်ချခံရဟုဆို

Photo - CJ (လက်ခတ်တောင်အနီးကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အပြီး မြင်တွေ့ရပုံ)

လက်ခက်တောင်စခန်းကို ပြန်လည်သိမ်းပိုက်ဖို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးပစ်ချခံရဟုဆို

ဖက်ဒရယ်ဂျာနယ်မြန်မာ။
သြဂုတ် ၁၈ရက်၊ ၂၀၂၃။

ကရင်ပြည်နယ်၊ မြဝတီမြို့ အနီးရှိ လက်ခက်တောင်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာတဲ့ စစ်ကောင်စီ၏ ဂျက်ဖိုက်တာ တစ်စီးကို ပစ်ခတ်တိုက်ခိုက် နိုင်ခဲ့ကြောင်း မြေပြင် သတင်းများမှ သိရပါတယ်။

ယနေ့ မွန်းလွဲ (၂) နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ လေယာဥ်တစ်စီးမှာ မြဝတီမြို့ အနီးမှာ စတင်ပျံသန်းလာပြီးနောက်တွင် ပစ်ချခံခဲ့ရတယ်လို့ ဒေသခံ မျက် မြင်တွေ့သူတွေဆီက သိရပါတယ်။

” လေယာဥ်တစ်စီးပျံလာတယ်။ အဲ့ဒီ အချိန်မှာ ဂျိမ်းခနဲ ဆိုပြီး ပစ်ချလိုက်တဲ့ အသံကိုကြားရတယ်။ ထွက်ကြည့်တော့ လေယာဥ်တစ်စီးလုံးမီးခိုးတွေ အူပြီး ပျောက်သွားတယ်။ တောင်ကုန်း တစ်ခုလုံးလည်း မီးခိုးတွေ အူတက်သွားတယ်။ လေယာဥ်ကတော့ ဘယ်ကို ကျသွားလဲတော့ မသိရဘူး။ ” လို့ စစ်ကောင်စီ၏ လေယာဥ်ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး မျက်မြင်တွေ့ ရှိသူတစ်ဦးက FJMM ကို ပြောပါတယ်။

ဒါပေမယ့် လေယာဥ်ပစ်ချမှုနဲ့ ပတ်သက်ပြီး Cobra Column စစ်ကြောင်းဘက်ကတော့ ထုတ်ပြန်လာတာ မရှိသေးသလို FJMM ကလည်း သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက် ကြိုးစား ဆက်သွယ် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

သြဂုတ်လ (၁၅) ရက်နေ့ကလည်း စစ်ကောင်စီတပ်များမှ လက်ခတ်တောင်အနီးတစ်ဝှိုက်ကို လက်နက်ကြီး အကြိမ်ပေါင်း (၃၀၀)ကျော်၊ လေကြောင်းတိုက်ခိုက်မှုကို ဂျက်ဖိုက်တာ ဖြင့် (၃)ကြိမ်၊ Mi 35 ဖြင့် (၃)ကြိမ် လာရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသေးတယ်။

ထိုတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်မှ ဗိုလ်မှူး (၁)ဦး၊ ဗိုလ်ကြီး (၁)ဦးအပါအဝင် စုစုပေါင်း (၁၅) ဦးသေဆုံးကာ (၂၁) ဦး ဒဏ်ရာရခဲ့ပြီး လက်နက်နဲ့ ဆက်စပ်ပစ္စည်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း Cobra Column မှ ထုတ်ပြန်ထားပါတယ်။

Photo – CJ (လက်ခတ်တောင်အနီးကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အပြီး မြင်တွေ့ရပုံ)