• Today is: Friday, May 17, 2024

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် တဲအိမ်များ ယိုင်လဲနေတဲ့အတွက် စစ်ဘေးရှောင်များ နေထိုင်ရခက်ခဲနေ

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် တဲအိမ်များ ယိုင်လဲနေတဲ့အတွက် စစ်ဘေးရှောင်များ နေထိုင်ရခက်ခဲနေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဩဂုတ် ၂၅ ရက်၊ ၂၀၂၃။

လေဘေးဒဏ်နဲ့ ရေဘေးဒဏ်နှစ်ခုစလုံးကို ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်တွင် တဲအိမ်တွေ ယိုင်လဲပျက်စီးနေပါတယ်။

ဒီလိုမျိုး ယိုင်လဲနေတဲ့ တဲအိမ်တွေအပေါ် နေထိုင်ရတဲ့ အတွက် စစ်ဘေးရှောင်တွေဟာ စိုးရိမ်ကြောက်လန့် နေကြပါတယ်။

တဲအိမ်များ လုံးဝပြိုလဲသွားမှာကို စိုးရိမ်နေရတယ်လို့ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဒေါ်သန်းက ပြောပါတယ်။

” အိမ်ကလုံးဝနေလို့ အဆင်မပြေတဲ့ အခြေအနေပါ။ လေတိုက်တဲ့ အချိန်မှာလည်း တဲအိမ်တွေက ယိုင်လဲသွားတယ်။ ရေကြီး၊ ရေလျှံတွေ ဖြစ်တဲ့အချိန်မှာ ပိုပြီးတော့ ယိုင်သွားတယ်” ဟု ပြောပါတယ်။

အဆိုပါတဲအိမ်များ ပြိုလဲသွားမှာကို ကြောက်လန့်နေကြပေမဲ့ သူတို့မှာ တခြားခိုလှုံစရာတွေမရှိဘူးလို့ ကျောက်တော်မြို့နယ် နဂရာကျေးရွာမှာ ဒေါ် မသန်းလှိုင်က ပြောပါတယ်။

” လေဘေးကြောင့် ပြိုပျက်သွားတာတွေကို ကျမတို့နိုင်သလောက် ပြန်လည်တည့်မတ်ထားပြီးပြီ။ ရေတွေကြီးလာတဲ့ အချိန်မှာ ပိုပြီးတော့ ယိုင်လဲသွားတယ်။ အခု ကျမတို့ ပြန်လုပ်ဖို့အတွက်ကလည်း အဆင်မပြေဘူး။ ဘယ်အချိန်မှာ ပြိုကျမလဲဆိုတာကိုပဲ ကျမတို့ တွေးပူနေရတယ်။ ဒါပေမဲ့ ကျမတို့မှာ တခြားခိုလှုံစရာတွေက မရှိဘူး”လို့ ပြောပါတယ်။

အလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေနဲ့ ရပ်တည်နေရတဲ့ စစ်ဘေးရှောင်တွေ ဖြစ်တာကြောင့် တဲအိမ်တွေကို ပြန်လည် တည်ဆောက်ဖို့အတွက် အလှူ‌ရှင်တွေ အနေနဲ့ ထောက်ပံ့ပေးဖို့ တောင်းဆိုချင်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

ဒါ့အပြင် ဒီစစ်ဘေးရှောင်စခန်းမှာ အမျိုးသမီးတွေအတွက် ရေချိုးခန်းတွေ လိုအပ်နေတယ်လို့လည်း အမျိုးသမီးငယ်တွေက ဆိုပါတယ်။

ရေချိုးခန်းတွေ မရှိတဲ့အတွက် လုံခြုံမှုတွေ မရှိသလို ခံစားနေရတယ်လို့ စခန်းတွင်းနေထိုင်သူ မမျိုးမျိုးအေးက ပြောပါတယ်။

” ရေချိုးရင်လည်း ကိုယ့်အိမ်ရှေ့မှာပဲ ကိုယ်ချိုးနေရတယ်။ အိမ်သာတွေကလည်း အမိုးတွေမရှိတော့ဘူး။ လစဉ်သုံးပစ္စည်းတွေ ထောက်ပံ့မှုကလည်း အရမ်းနည်းတယ်။ ကိုယ့်ဟာကိုယ် ဝယ်သုံးနေရပါတယ်။ ပစ္စည်းတွေကလည်း အရင်ထက် ဈေးကြီးသွားတယ်။ အခက်အခဲတွေကတော့ အများကြီးပါလို့ ဆိုပါတယ်။

ရခိုင်ပြည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေမှာ ဩဂုတ်လ ပထမအပတ်က ရေလွှမ်းမိုးတွေဖြစ်ခဲ့ပါတယ်။

ဒီလိုမျိုး ရေလွှမ်းမိုးမှုကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ရပြီး ဒေသခံတွေ စိုက်ပျိုးထားတဲ့ မိုးစပါးတွေလည်း ပျက်စီးသွားခဲ့ရပါတယ်။

ဒါ့အပြင် ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရတဲ့ ညောင်ချောင်းစစ်ဘေး‌ရှောင်စခန်းမှ ဒုက္ခသည်တွေမှာ အရေးပြားရောဂါ (ယားနာ) တွေလည်း ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ – CJ