• Today is: Thursday, May 30, 2024

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အပိုင်း (၂)

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အပိုင်း ()

စည်းနရီ | အတွေးအမြင်

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ဒဿနအခြေခံ

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အယူအဆကို ဒဿနသမားများနှင့် ပညာရှင်များစွာမှ ဖွံ့ဖြိုးစေခဲ့ပြီး မတူညီသော အမြင်ရှုထောင့်များကို တင်ပြခဲ့ကြသည်။  ဂျွန်လော့ခ်သည် မော်ဒန်ခေတ်သစ် လစ်ဘရယ်အတွေးအခေါ်၏ ဖခင်တဦးအဖြစ် ယူဆခြင်းခံရသူဖြစ်သည်။ သူသည် လူတဦးချင်း၏ ပုဂ္ဂလအခွင့်အရေးနှင့် အသိုက်အမြုံများ၏ နိုင်ငံရေး ကံကြမ္မာကို မိမိတို့ဘာသာ ဆုံးဖြတ်နိုင်ရေးကို ထွန်းကားစေခဲ့သည်။

ဂျွန်လော့ခ်၏ အယူအဆအရ လူသည် ဘုရားသခင်ပေးသော ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် ပစ္စည်းပိုင်ဆိုင်ခွင့်တို့ ရှိကြရာ အစိုးရသည် ထိုအခွင့်အရေးများကို အကာအကွယ်ပေးရမည်ဖြစ်ပြီး အစိုးရတရပ်သည် ထိုအခွင့်အရေးများကို ထိခိုက်ပျက်သုဉ်းစေလျှင် ပြည်သူများသည် အစိုးရကို တော်လှန်ပြောင်းလဲ၍ အစိုးရသစ်ဖန်တီးရန် တာဝန်ရှိသည်ဟု ယူဆလေသည်။ ယင်းကဲ့သို့သော လူအများ၏ခွင့်ပြုချက် နှင့် လူထုထံမှလာသော အချုပ်အခြာအာဏာဆိုင်ရာ အယူအဆများသည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို အခြေခံအကျဆုံး အခွင့်အရေးတခုအဖြစ် နားလည်နိုင်ရန် အရင်းခံအတွေးများ ဖြစ်လာခဲ့သည်။

ဉာဏ်အလင်းပွင့်ကာလ၏ အခြားသော ထင်ရှားသည့် ဒဿနပညာရှင်တဦးဖြစ်သူ ရူးဆိုးသည် လူထုထံမှရသော အချုပ်အခြာအာဏာ၏ အရေးကြီးပုံနှင့် လူထု၏ စုပေါင်းအမြင်ဆန္ဒအရေးကြီးပုံတို့ကို ဆင့်ပွားတွေးခေါ်ကာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး အတွေးအခေါ်ကို အဆင့်မြှင့်ပေးခဲ့သည်။ ရူးဆိုးအနေဖြင့် တရားဝင်ဖြစ်သော နိုင်ငံရေးအာဏာသည် လူထု၏ ဘုံသဘောထားမှသာ ပေါ်ပေါက်သင့်ကာ အသိုက်အမြုံ၏ ဘုံအကျိုးစီးပွားနှင့် လိုလားချက်များကို ကိုယ်စားပြုရလိမ့်မည်ဟု ဆွေးနွေးချက်ထုတ်သည်။

ရူးဆိုးအနေဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရန် နိုင်ငံရေး အသိုက်အမြုံသည် ဆုံးဖြတ်ချက်ချမှတ်သော ဖြစ်စဉ်များအတွက် တက်ကြွသော နိုင်ငံသားဖြစ်တည်မှုလိုအပ်သည်ဟု ထောက်ပြကာ တန်းတူမျှတရေးနှင့် လွတ်လပ်ရေးအတွက် လူမှုပဋိညာဉ် တည်ဆောက်ရန်လိုကြောင်း ဆွေးနွေးခဲ့သည်။ ရူးဆိုး၏ အမြင်များသည် စုပေါင်းလူထု၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် နိုင်ငံရေးတွင် တက်ကြွစွာပါဝင်ရေးသည် နိုင်ငံရေးကံကြမ္မာကို ပုံဖော်ရန် အလွန်အရေးပါကြောင်း မီးမောင်းထိုးပြခဲ့ပါသည်။

အင်မန်နျူရယ်ခန့်သည် ထင်ရှားသော ဂျာမန်လူမျိုး ဒဿနသမားကြီးဖြစ်ပြီး ၁၈ ရာစုအတွင်း ကိုယ်ကျင့်တရားနှင့် ပတ်သက်ပြီး ရှုထောင့်များစွာ ဆွေးနွေးခဲ့သည်။ သူ၏ “Anthropology from a Pragmatic Point of View” စာအုပ်တွင် လူတဦးချင်းနှင့် စုပေါင်းအသွင်သညာများကို ပုံဖော်ရာတွင် ယဉ်ကျေးမှုများ၏ အရေးကြီးပုံကို ဖော်ညွှန်းခဲ့သည်။ ခန့်အနေဖြင့် လူတဦးချင်း၏ တန်ဖိုးထားမှုများ၊ ယုံကြည်မှုများနှင့် အပြုအမူများကို ပုံဖော်ရာတွင် ယဉ်ကျေးမှု၏အရေးကြီးပုံကို အဆိုပြုခဲ့သည်။ ခန့်အနေဖြင့် “ယဉ်ကျေးမှုဟူသည် အကျိုးကြောင်းဆက်စပ်လို့ရတဲ့ စည်းမျဉ်းများသုံးပြီး လွတ်လပ်မှုကိုဖန်တီးသည့် အနုပညာပါ” ဟု ဆိုခဲ့သည်။

ယဉ်ကျေးမှုများ စုံလင်ကွဲပြားရန် အရေးကြီးပုံနှင့် မတူညီသော ယဉ်ကျေးမှုဆိုင်ရာ ဖော်ပြချက်များကို အသိအမှတ်ပြု လေးစားရန် လိုကြောင်းလည်း ဆွေးနွေးခဲ့သူလည်းဖြစ်သည်။ သူ၏ ဆွေးနွေးချက်များသည် အမျိုးသားလူထုများ၏ ဖြစ်တည်မှုအလိုက် နိုင်ငံရေးစုဖွဲ့မှုကို မိမိတို့ဘာသာ တည်ထောင်ပိုင်ခွင့်၊ စီးပွားရေးစနစ်ကို တည်ဆောက်ခွင့်နှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးရေးကို တည်ထောင်ခွင့်များ ပါဝင်ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် အရေးကြီးသော အခြေခံအယူအဆများ ဖြစ်လာသည်။

အင်မန်နျူရယ်ခန့်၏ အလိုအရ –

  • ယဉ်ကျေးမှုသည် လူတဦးစီ၏ တန်ဖိုးထားမှု၊ ယုံကြည်မှု နှင့် အပြုအမူများကို ပုံဖော်ရာတွင် အရေးကြီးသည်။
  • ယဉ်ကျေးမှုများ စုံလင်ကွဲပြားမှုသည် အရေးကြီးသလို နှစ်သက်လေးစားသင့်သည်။
  • အမျိုးသားလူထုများသည် ကိုယ့်ယဉ်ကျေးမှု တန်ဖိုးထားချက်များ၊ ကိုယ့်လိုလားချက်များနှင့်အညီ ကိုယ့်ဘာသာ အုပ်ချုပ်သင့်သည်။
  • အမျိုးသားလူထုများသည် သမ္မတနိုင်ငံစနစ်များ ထူထောင်ပြီး ထိုနိုင်ငံများမှ ဖက်ဒရေးရှင်းတို့အဖြစ် ထူထောင်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု ယုံကြည်သည်။ သူ့အနေဖြင့် ထိုသို့တည်ထောင်ခြင်းက စစ်ပွဲများကို ကာကွယ်နိုင်ကာ ငြိမ်းချမ်းစေပြီး ဖွံ့ဖြိုးစေမည်ဟု ယုံကြည်သည်။

မှတ်သားရန်တခုမှာ အင်မန်နျူရယ်ခန့်သည် သူ့ခေတ်သူ့ကာလအမြင်အရ ဖိုဝါဒကြီးစိုးသော၊ လူမျိုးရေးခွဲခြားသော အတွေးအခေါ်များ ရှိခဲ့သူဖြစ်ပါသည်။ သို့ရာတွင် သူ၏အမြင်များစွာသည် ယနေ့ထက်တိုင် အသုံးဝင်ပါသေးသည်။ ယဉ်ကျေးမှုသရုပ်သညာ အရေးကြီးပုံကို သိရှိရန် လိုအပ်ခြင်း နှင့် သည်းခံရန်လိုအပ်ခြင်း၊ အမျိုးသားလူထုများ နှင့် အသိုက်အမြုံများ အချင်းချင်း လေးစားရန်လိုကြောင်း ဖော်ပြခြင်းများလည်း ရှိပါသည်။

ယနေ့ခေတ်တွင် ဘာသာရပ်နယ်ပယ်အသီးသီးမှ များစွာသောပညာရှင်တို့မှ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် ဆက်စပ်သော အမြင်များကို ရှုထောင့်စုံမှဖော်ပြခဲ့ရာ ဒဿနဆိုင်ရာ နားလည်ရေးအတွက် လွန်စွာအကျိုးရှိခဲ့ပါသည်။ သို့ရာတွင် တခုတည်းသောဖွင့်ဆိုချက်ကို အားလုံးလက်ခံထားသည်တော့ မဟုတ်ပါ။ များစွာသော ပညာရပ်ဆိုင်ရာ ငြင်းခုံမှုနှင့် ဆွေးနွေးမှုတို့သည် ဆက်လက်ရှိနေဆဲဖြစ်ပါသည်။

သူတို့၏ အတွေးအခေါ်များမှ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ၊ လူနည်းစု အခွင့်အရေးများ၊ နိုင်ငံတည်ထောင်ခြင်း၊ ပဋိပက္ခများ ဖြေရှင်းခြင်းနှင့် နိုင်ငံတကာဥပဒေများအကြောင်းကို များစွာလေ့လာခဲ့ကြရာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အယူအဆ၏ အခြေခံယူဆချက်များနှင့် ရှုပ်ထွေးသော သက်ရောက်မှုများကို တစတစ ရှင်းလင်းလာစေခဲ့သည်။

ဤနေရာတွင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် စပ်လျဉ်းပြီး Will Kymlicka ၏ အရေးအသားအချို့ကို မှီငြမ်းလိုပါသည်။ သူ့ရေးသားချက်များတွင် ယဉ်ကျေးမှုဆိုင်ရာ ရပိုင်ခွင့်၊ လူနည်းစု အခွင့်အရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုင်ရာ အကြောင်းအရာများစွာကို လေ့လာထားချက်ကို တွေ့ရှိနိုင်သည်။ Kymlicka အနေဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်သည် နိုင်ငံရေးအုပ်ချုပ်ခွင့်တခုတည်းသာမဟုတ်ပဲ လူမျိုးလူနည်းစုများ၏ ယဉ်ကျေးမှုအခွင့်အရေးများကို အသိမှတ်ပြုခံပိုင်ခွင့်နှင့် ကာကွယ်ပိုင်ခွင့်များပါ ပါဝင်သည်ဟု ဆွေးနွေးသည်။

သူက Multicultural Citizenship စာတမ်းတွင် “ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်စံနှုန်းသည် ဒီမိုကရေစီ လုပ်ငန်းစဉ်တွင် ပါဝင်ခြင်းကို လေးစားရုံမျှမဟုတ်ပဲ လူနည်းစုအမျိုးသားလူထု၏ မတူညီသည့် အသွင်သညာနှင့် အကျိုးစီးပွားကို လေးစားခြင်းလည်း ပါဝင်သည်” ဟု ဖော်ပြခဲ့သည်။

နောက်သို့အနည်းငယ်ပြန်တွေးကြည့်ကြပါလျှင် အမေရိကန်တော်လှန်ရေးတခုလုံးသည် နိုင်ငံရေး စစ်ရေး ရုန်းကန်ကြိုးစားမှုမျှသာမဟုတ်ပဲ ဒဿနပိုင်းဆိုင်ရာ လှုပ်ရှားမှုကြီးတခုလည်း ဖြစ်သည်ကို ရှုမြင်ရန်လိုပါသည်။ လွတ်လပ်ခြင်း၊ တဦးချင်း အခွင့်အရေးနှင့် ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့် ဥပဒေသများအတွက် တိုက်ယူခဲ့ကြသည်။ ဒဿနရှုထောင့်မှ ကြည့်လျှင် တော်လှန်ရေးကြီးသည် ဉာဏ်အလင်းပွင့်ကာလအတွေးများနှင့် ချိတ်ဆက်နေပြီး လူထုအာဏာ၊ လူထု၏ နိုင်ငံရေးဂုဏ်သတ္တိနှင့် အစိုးရ-ပြည်သူကြားက လူမှုပဋိညာဉ်တို့အပြင် မွေးရာပါ ရပိုင်ခွင့်တို့ကို ထင်ရှားစွာ ချိတ်ဆက်နေသည်။

အမေရိကန်တော်လှန်ရေး၏ ဒဿနဆိုင်ရာအမြင်များကို ဂျွန်လော့ခ် နှင့် သောမတ်စ်ပိန်းတို့ကဲ့သို့သော ဉာဏ်အလင်းပွင့်ကာလ ဒဿနပညာရှင်များက များစွာလွှမ်းမိုးခဲ့သည်။ ဗြိတိသျှဘုရင်၏ အာဏာကို စိန်ခေါ်ငြင်းပယ်ကာ အမေရိကသို့ အခြေချသူတို့၏ လွတ်မြောက်ရေးအတွက် တွေးခေါ်ဆက်စပ်နိုင်သော ဒဿနဉာဏ်မူဘောင်များကို ပံ့ပိုးပေးခဲ့သည်။

အမေရိကန်တော်လှန်ရေး ကနဦးက ကိုယ်စားပြုမှု ရရှိရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးတိုးမြင့်ရန် စိတ်ဝင်စားခဲ့ကြသည်။ Thomas Paine ၏ သြဇာကြီးမားသော ပမ်းဖ လက်စာစောင်ဖြစ်သည့် “Common Sense” သည် တော်လှန်ရေး၏ စိတ်ဓာတ်ကို လွှမ်းမိုးထားပြီး လွတ်လပ်ရေး အတွက် အတွေးအခေါ်များ တိုးတက်စေခဲ့သည်။

သူ၏ အားကောင်းမောင်းသန် စကားလုံးများသည် လူထုကြားတွင် ပဲ့တင်ထပ်ကာ စည်းလုံးညီညွတ်မှုနှင့် အမေရိကတွင် အခြေချခဲ့သူများကြားတွင် ပြေလည်စေမည့် ခံစားချက်ကို လှုံ့ဆော်ပေးခဲ့သည်။ “Common Sense” ကို 1776 ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး လျှင်မြန်စွာ အရောင်းရဆုံး ဖြစ်လာခဲ့ပြီး အမေရိကန် ကိုလိုနီနယ်များ တစ်လျှောက်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုခဲ့သည်။ Paine ၏ အရေးအသားသည် တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေပြီး အမေရိကန် ကိုယ်ပိုင်ပြဌာန်းခွင့်ရှာဖွေမှု၏ အတွေးအခေါ်ဆိုင်ရာ နောက်ခံများကို ပံ့ပိုးပေးခဲ့သည်။ နောက်ဆုံး အမေရိကန်နိုင်ငံသည် ဗြိတိသျှအင်ပါယာအောက်မှ လုံးဝ လွတ်လပ်ခဲ့သည်။

“လူမှုအသိုင်းအဝိုင်းများသည် ကျွန်ုပ်တို့၏ လိုလားချက်များကြောင့် ပေါ်ထွက်လာပြီး အစိုးရသည် ကျွန်ုပ်တို့၏ ဆိုးယုတ်မှုများမှ ပေါ်လာရသည်။ လူမှုအသိုင်းအဝိုင်းက ကျွန်ုပ်တို့လိုလားနှစ်ခြိုက်မှုများကို ပေါင်းစည်းပေးခြင်းအားဖြင့် ကျွန်ုပ်တို့ပျော်ရွှင်မှုများကို အပြုသဘောဆောင် ဖြည့်ဆည်းပေးသည်။ အစိုးရက ကျွန်ုပ်တို့ ဒုစရိုက်စိတ်ကို ထိန်းကွပ်တားမြစ်ပေးသည်။ ပထမတခုက ဆက်ဆံရေးကို အားပေးပြီး ဒုတိယတခုက ကန့်သတ်ရေးဖြစ်သည်။ ပထမတခုက အဦးအစီးဖြစ်ပြီး နောက်တခုက ပါးကွပ်သားဖြစ်သည်။” (Paine, Common Sense)

ဖိနှိပ်ခံတို့၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်

အုပ်စုတခု၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို အသက်ဝင်စေသည့် အကြောင်းရင်းများမှ အတွေ့ရအများဆုံးမှာ ခြိမ်းခြောက်ခံရခြင်းကြောင့် ဖြစ်သည်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် ခွဲထွက်ခြင်းတို့အတွက် ထိုဖိနှိပ်ခံရခြင်းသည် အားအကောင်းဆုံး အကြောင်းပြချက် ဖြစ်သည်။ လူများစွာကလည်း ထောက်ခံနိုင်သည်။ ယင်းအဆိုသည် အများအားဖြင့် နိုင်ငံမဲ့လူမျိုးများနှင့် လူမျိုးစုအမျိုးသားလူထုအုပ်စုများမှ အသုံးပြုသည်ကို တွေ့ရနိုင်သည်။ ဥပမာအားဖြင့် ကိုဆိုဗိုမှ အယ်ဘေးနီးယန်းများကို နမူနာကြည့်နိုင်သည်။

တုံ့ပြန်သော အမျိုးသားရေးဝါဒဟူသည် ဖိနှိပ်ခံအုပ်စုများအနေဖြင့် ရင်ဆိုင်နေရသော တကယ့်အစစ်အမှန် ခြိမ်းခြောက်မှုများကို တုံ့ပြန်ထွက်ပေါ်လာခြင်း ဖြစ်သည်။ သမိုင်းတွင်၊ ကိုယ်ပိုင်နိုင်ငံမရှိသော အသိုက်အဝန်းများသည် နိုင်ငံတစ်ခုကို ပိုင်ဆိုင်ထားသူများလက်၌ ဒုက္ခရောက်ခဲ့ကြရသည်။

လက်ရှိတွင် ကာ့ဒ်နှင့် အာမေးနီးယန်းလူမျိုးများကဲ့သို့ အချို့သောလူမျိုးများသည် ကိုယ်ပိုင်နိုင်ငံမရှိကြခြင်း၏ ဆိုးကျိုးများကို ရင်ဆိုင်နေကြရသည်။ ထိုသို့သောအခြေအနေများနှင့်ရင်ဆိုင်ရသောအခါတွင် အဖိနှိပ်ခံအသိုက်အဝန်းများက မိမိတို့၏နိုင်ငံတော်ထူထောင်ခွင့်ကို သဘာဝအလျောက် တောင်းဆိုတတ်ကြပြီး စိတ်သဘောထား ပွင့်လင်းသူများစွာက ထောက်ခံအားပေးလေ့ရှိသည်။

ဖိနှိပ်သူများသုံးစွဲတက်သော တက်ကြွသော၊ ရန်စသော အမျိုးသားရေးဝါဒနှင့် အဖိနှိပ်ခံများက ပြသသည့် တုံ့ပြန်သော၊ မိမိကိုယ်ကို ခုခံကာကွယ်သော အမျိုးသားရေး ဝါဒကို ပိုင်းခြားမြင်ရန် အရေးကြီးပါသည်။ အဖိနှိပ်ခံအုပ်စု၏ အမျိုးသားရေးဝါဒသည် အုပ်စုဝင် လူတစ်ဦးချင်းစီ၏ ထိုအုပ်စုဝင်ပါဝင်ရခြင်း သက်သက်ကြောင့် လက်ငင်းကြုံတွေ့နေရသော အန္တရာယ်ဖြစ်ပြီး မိမိကိုယ်ကို ခုခံကာကွယ်ရန် လိုအပ်ချက်ဖြစ်ပါသည်။

ထိုအခြေအနေတွင် တုံ့ပြန်သော အမျိုးသားရေးဝါဒသည် တခုတည်းသော အလားအလာရှိသော ဖြေရှင်းချက်ဖြစ်သည့်အတွက် ဆိုးရွားသည့်ရွေးချယ်မှုဟု မဆိုနိုင်ပေ။

ဥပမာအားဖြင့်ပြောရလျှင် လူမည်းနှင့် အာဘော်ရီဂျင်နယ် ဌာနေတိုင်းရင်းသားတို့ကဲ့သို့သောလူမျိုးတို့၏ ဂုဏ်ယူမှုကို လူဖြူကြီးမြတ်မှုဝါဒနှင့် တူတူဖြစ်သကဲ့သို့ နှိုင်းယှဉ်ခြင်း သို့မဟုတ် အမျိုးသမီးတစ်ဦးဖြစ်ခြင်းအတွက် ဂုဏ်ယူမှုကို အမျိုးသားကြီးစိုးရေးဝါဒနှင့် ပုံစံတူသည့်နှယ် ပြောဆိုခြင်းက ဆိုးရွားထိခိုက်စေသည် မဟုတ်လား။ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်သည် တိုက်ခိုက်မှု သို့မဟုတ် ခြိမ်းခြောက်မှ နှင့် အချိုးကျသင့်သည်ဟု မှတ်ရပါမည်။

ဖြစ်ပေါ်လာသော ပုဂ္ဂလဓိဋ္ဌာန်ထိခိုက်မှုကိုလည်း ထည့်သွင်းစဉ်းစားရမည်။ ထို့ကဲ့သို့သော အခြေအနေများတွင် တုံ့ပြန်လာသည့်အမျိုးသားရေးသဘောထားများသည် လူမည်းများနိုင်ငံသား အခွင့်အရေးလှုပ်ရှားမှု နဲ့ အမျိုးသမီးများ မဲပေးခွင့်ရရေးလှုပ်ရှားမှုများ ကဲ့သို့ပင် တရားမျှတပါသည်။