• Today is: Tuesday, April 16, 2024

အိန္ဒိယသည် မြန်မာအပေါ်ထားတဲ့ မူဝါဒများကို ပြန်လည် သုံးသပ်နေပြီလား?

အိန္ဒိယသည် မြန်မာအပေါ်ထားတဲ့ မူဝါဒများကို ပြန်လည် သုံးသပ်နေပြီလား?

R.Lakher | အတွေးအမြင်

ညီနောင်မဟာမိတ် (၃) ဖွဲ့ ၏ ရှမ်းပြည်နယ် မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှု ရလဒ်များနှင့် အတူ တစ်နိုင်ငံလုံးနီးပါး ကူးစက်လာသော စစ်ဆင်ရေးကြီးများ၊ စခန်းသိမ်းတိုက်ပွဲများ၊ အထူးသဖြင့် တကျောပြန် ခရိုင်ပြည်နယ်စစ်ပွဲများ၊ ပလက်မြို့ သိမ်းတိုက်ပွဲ၊ ချင်းပြည်နှင့် စစ်ကိုင်းတိုင်း စစ်ပွဲကြီး များ ကြောင့်အိန္ဒိယနိုင်ငံ ၏ မူဝါဒရေးဆွဲသူများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ သုသေသန ပညာရှင်များ၊ Think Thanks များ၊ စာနယ်ဇင်းများနှင့် သတင်းမီဒီယာ ကြီးများ က မြန်မာအရေးကို အလန့်တကြား အထူးအလေးပေးဖော်ပြ လာကြသည်ကို တွေ့ရသည်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အရေးပေါ် အိန္ဒိယ၏မူဝါဒသည် စောင့်ကြည့်မူဝါဒ (Wait and Watch policy) ဖြစ်ပြီး အတည်တကျမဟုတ်သော အားသာတဲ့ဘက်ပေါင်း ဟူသည့် ရပ်တည် ချက်မျိုးဖြစ်သည်။

ယနေ့ စစ်ကောင်စီအားသာလျှင် စစ်ကောင်စီနှင့်ပေါင်းပြီး၊ နက်ဖြန် NUG အားသာလျှင် NUG နဲ့ ပေါင်းမည် ဟူသော “သာပေါင်းမူဝါဒ” ကို ကိုင်ဆွဲထားသည်။ ၁၀၂၇ စစ်စင်ရေး၏ ကြီးမားသော အောင်မြင်မှုများ နှင့် နိုင်ငံတစ်ဝမ်းပျံ့နှံ့လာသော စစ်မီးများ၊ အထူးသဖြင့် အိန္ဒိယ မြန်မာနယ်စပ် တိုက်ပွဲများ၊ မာနိပူး ပြည်နယ်၏ ပြဿနာနှင့် မြန်မာ အရေးဆက်စပ်နေမှုများ သည် အိန္ဒိယကို အလန့်တကြား နိုးထစေခဲ့ပုံရသည်။

မြန်မာအပါ်ထားသောမူဝါဒကို ပြန်လည်သုံးသပ်ရန်နှင့် လိုအပ်သော ပြုပြင် ပြောင်းလဲမှုများပြုလုပ်ရန် ထောက်ပြရေးသားပြောဆိုလာကြပြီး မူဝါဒအကြံပြုချက်များနှင့်အတူ အစိုးရကို ဖိအားပေးလာ ကြသည်ကို တွေ့ရသည်။

အိန္ဒိယကို အလန့်တကြား ဖြစ်စေသည့် အချက်များ
————
၁။ အိန္ဒိယ မြန်မာနယ်စပ်၊ နယ်စပ်ကုန်သွယ်ရေးဂိတ် ရှိရာ၊ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ ၏ စစ်ကောင်စီစခန်းကို CNF နှင့် မဟာမိတ်များ သိမ်းပိုက်ခြင်း၊ ပလက်ဝ မြို့နယ်အား AA နှင့် MDF မှ သိမ်းပိုက်ခြင်းများကြောင့် မြန်မာစစ်သားများ အိန္ဒိယဘက်ခြမ်း ထွက်ပြေးခိုလှုံမှုများသည် အိန္ဒိယ သတင်းမီဒီယာကြီးများ ၏ အာရုံစိုက်ဖော်ပြမှုကို ခံခဲ့ပြီး မြန်မာစစ်တပ်၏ အကြီးကျယ် စစ်ရှုံးနေမှုကို အိန္ဒိယအစိုးရ သာမက ပြည်သူများကပါ မျက်မြင်ကိုယ့်တွေ့ မြင်နေရကြသည်။

၂။ အိန္ဒိယ ၏ အရှေ့ဘက်မူဝါဒ (Act East Policy) နှင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များ ( North Eastern States) ၏ ဖွံ့ဖြိုးမှုအတွက် အဓိကရည်ရွယ်ထားသော Kaladan Maltimodal Project ဟာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝဒေသများမှာ ရှိနေတာကြောင့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တကျောပြန် ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသများတွင် AA နှင့် စစ်ကောင်စီကြားတိုက်ပွဲများဟာ အိန္ဒိယ၏ ကိုယ်ကျိုးစီးပွားများကို တိုက်ရိုက်ခြိမ်းခြောက်လာခဲ့ပြီး မကြာသေးခင်က AA နှင့် မဟာမိတ် MDF မှ ပလက်မြို့နယ်ကို သိမ်းပိုက်လိုက်ခြင်းကြောင့် အိန္ဒိယအနေဖြင့် AA နှင့် ချင်းလက်နက်ကိုင် များကို ဆက်ဆံလာခြင်းမှအပ ရွေးချယ်စရာ တခြားလမ်းရှိမည် မဟုတ်ပေ။

၃။ ပထဝီဝင် မြေပုံအရ အိန္ဒိယဟာ စစ်ကိုင်းတိုင်းနှင့်အဓိက ထိစပ်နေခြင်းကြောင့် ကြီးမားလာသော စစ်ကိုင်းတိုင်းစစ်ပွဲကြီးများက အိန္ဒိယကို အနေထိုင်ရခက်လာစေသည်။ Manipur ပြည်နယ် နဲ့ နယ်စပ်ခြင်း ထိစပ်နေခြင်းကြောင့် ဒုက္ခသည်အရေး၊ မူးယစ်ဆေးဝါး တင်သွင်းမှု များပြားလာခြင်း၊ လက်နက်ရောင်းဝယ် ဖောက်ကားမှု မြင့်တင်လာခြင်း စသော စိန်ခေါ်မှုများကို အိန္ဒိယရင်ဆိုင် နေရ သည်။ ဤ အချက်များသည် အိန္ဒိယ ၏ အမျိုးသား လုံခြုံရေးကို ပိုပြီး ချိန်းချောက်လာသည်။

၄။ အိန္ဒိယနိုင်ငံ၏ လုံခြုံရေးနှင့် ဖွံ့ဖြို့တိုးတက်ရေးသည် မြန်မာနိုင်ငံ၏ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှု အပေါ် တိုက်ရိုက်အချိုးကျသည်။ အိန္ဒိယအနေဖြင့် အမှန်တကယ်လိုလားသည်မှာ မြန်မာပြည် ငြိမ်းခြမ်းရေး ဖြစ်သည်။ သို့သော် တရုတ်သည် အန္ဒိယ၏တည်ငြိမ်မှုနှင့် ဖွံဖြိုးမှုကို မလိုလားသော ကြောင့် မြန်မာ-အိန္ဒိယနယ်စပ် ပြဿနာကို ဖန်တီးပြီး မြန်မာနယ်စပ်ကို အသုံးပြုကာ အန္ဒိယကို ဒုက္ခပေးချင်သည်။

ထို့ကြောင့် အိန္ဒိယသည် တရုတ်ကို တန်ပြန်ရန် နှင့် သူ့၏ ကြီးမားသောကိုယ်ကျိုးစီးပွားနှင့် လုံခြုံရေး များကို ကာကွယ်ရန်အတွက် ပြောင်းလဲလာသော မြန်မာနိုင်ငံရေးလှိုင်း အခြေနေများနှင့်အတူ မြန်မာ အပေါ်ချဥ်းကပ်မှု မူဝါဒများကို ပြန်လည်သုံးသပ်ရန် လိုအပ်လာ ခြင်းဖြစ်သည်။

အိန္ဒိယအနေဖြင့် မည်ကဲသို့ မူဝါဒပြောင်းလဲမှုများ လုပ်လာနိုင်သနည်း။
———–

၁။ စစ်ကောင်စီကို ဖိအားပေးလာနိုင်

မကြာသေးခင်က သတင်းစာရှင်းလင်းပွဲများတွင် အိန္ဒိယအစိုးရ၏ ကာကွယ်ရေးကြီးအနေဖြင့် မြန်မာ ပြည်အရေးသည် လက်ရှိတွင်အိန္ဒိယလုံခြုံရေးအတွက် အရေးအကြီးဆုံးဖြစ်နေကြောင်းနှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန၏ပြောခွင့်ရသူမှ မြန်မာပြည်ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင်ကြရန်၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ကြရန် တိုက်တွန်း ကြောင်း စသဖြင့် လေသံများပစ်လာသည်ကို တွေ့ရသည်။

တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် အိန္ဒိယအနေဖြင့် စစ်ကောင်စီကို ဖိအားပေးလာ နိုင်သည်။ မြန်မာပြည်၊ ပြည်မ တွင် အိန္ဒိယ၏ စီးပွားရေးများရှိနေတာကြောင့် စစ်ကောင်စီနဲ့ ပူးပေါင်းနေခြင်းဖြစ်ပြီး၊ အိန္ဒိယဖက်ခြမ်း ထွက်ပြေးလာသော စစ်ကောင်စီတပ်များကို ပြန်လည် ပို့ပေးနေခြင်းသည် စစ်ကောင်နှင့် ကြီးမားသောစီးပွားရေးအပေးယူ ရှိနေခြင်းဖြစ်သည်။

သို့သော် အန္ဒိယအနေဖြင့် စစ်ကောင်စီ တစ်ဘက်ထဲကို ပူးပေါင်းခြင်း၏ အားနည်းချက်အားသာချက် အကျိုးများကို ပြန်လည်သုံးသပ်ရန်လိုအပ်သည်။ တော်လှန်ရေးအင်အားစုများကို လစ်လျူရှု၍ မရ တော့သည်ကို အိန္ဒိယက လက်ခံလာသည်ကို တွေ့ရသည်။ သို့သော် တရုတ်၏ ခြေလှမ်းများကို လည်း ကြည့်နေရပြီး တရုတ်၏လှုပ်ရှားမှုနှင့် ကိုက်ညီအောင် ရွှေ့ကစားရသော အနေအထားဖြစ်သည်။

၂။ EAOs တွေကို အသိမှတ်ပြုလာနိုင်

နောက်တစ်ချက် ဖြစ်နိုင်ချေမှာ အိန္ဒိယအနဖြင့် တရုတ်ကဲ့သို့ သူ့၏ကိုယ်ကျိုးစီးပွားအတွက် တိုင်ရင်း သား EAOs ၊ NUG နှင့် PDFs တချို့တို့ကို အသိမှတ်ပြု ဆက်ဆံလာပြီး နှစ်ဖက်ချွန် နိုင်ငံခြားရေးမူဝါဒ (Two Way policy Approach) အဖြစ် ချဥ်းကပ်လာနိုင်သည်။

အထူးသဖြင့် AA နှင့် ချင်းလက်နက်ကိုင်များကို အသိမှတ်ပြုဆက်ဆံလာနိုင်သည်။

အပေးအယူလုပ်ပြီး နိုင်ငံရေး ကစားလာနိုင်သည်။ ကုလားတန်စီမံကိန်းကြီးသည် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အကုန်ကျခံ တည်ဆောက်ထားပြီး ၉၉% ပြီးစီးပြီး ဖြစ်သည်။

ဤ စီမံကိန်းကြီး စတင်လည်ပတ်ရန်အတွက် မြန်မာနိုင်ငံ ပလက်ဝအနီးတဝိုက် လုံခြုံရေးအခြေနေ တည်ငြိမ်ရန်သာ လိုအပ်တော့သည်။ ဤလုံခြုံရေးကို AA အနေဖြင့် အာမခံချက် ပေးနိုင်ပါက အိန္ဒိယအနေဖြင့် Kolkata မှ India North East ကို စတင် ကုန်ပစ္စည်းများပို့ဆောင်လို့ရပြီဖြစ်သည်။

ထိုကဲ့သို့လုပ်ဆောင်ရန် AA နှင့် ချင်းလက်နက်ကိုင်တစ်ချို့၏ ခွင့်ပြုချက်များ ရယူရန်လိုအပ်မည် ဖြစ်သည်။ အခွန်များ ဆောင်ရန် လိုအပ်မည်ဖြစ်သည်။ လုံခြုံရေးယူပေးကြေးများ ပေးရန် လိုအပ်မည် ဖြစ်သည်။

ဤသို့ ချဥ်းကပ်လာပါ က တော်လှန်ရေးအင်အားစုများကို များစွားအထောက်ကူပြုလာမည် ဖြစ်သည်။ သို့သော် အိန္ဒိယအနေဖြင့် တရုတ်၏ မြန်မာပေါ် ခြေလှမ်းပြောင်းလဲမှုများကို ချိန်ကြည့်နေမည်ဖြစ်ပြီး၊ မြန်မာအပေါ် အိန္ဒိယမူဝါဒသည် မြန်မာပေါ်တရုတ်မူဝါဒ အပေါ်များစွာမူတည်နေသည်ကို သတိချပ်ရမည် ဖြစ်သည်။

နိဂုံး
—-

အိန္ဒိယသည် ပြောင်းလဲလာသော မြန်မာစစ်ပွဲ အခြေအနေနှင့် အတူ မူဝါဒများကို ပြောင်းလဲ့ရန် အရေးတကြီးလိုအပ်နေပြီဖြစ်သည်။ အထူးသဖြင့် AA နှင့် ချင်းလက်နက်ကိုင်တစ်ချို့ကို အသိမှတ်ပြု ဆက်ဆံရန် လိုအပ်လာပြီဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ အိန္ဒိယသည် ဒီမိုကရေစီနိုင်ငံကြီးဖြစ်တာကြောင့် မူဝါဒရေးဆွဲသူများသည် သတင်းမီဒီယာများ နှင့် နိုင်ငံရေးလေ့လာသုံးသပ်သော ပညာရှင်များ ၏ မူဝါဒအကြံပေးမှုများ နှင့် ဖိအားပေးမှုများကို အနည်းနှင့်များ လိုက်နာကြရသည်။ ထို့ကြောင့် မြန်မာအပေါ် ထားရှိသော မူဝါဒကို အိန္ဒိယ သည် မကြာခင်ပြုပြင်ပြောင်းလဲလာမည်မှာ သေချာသလောက်ဖြစ်သည်ဟု သုံးသပ်မိပါသည်။

(R.Lakher သည် ချင်းနိုင်ငံရေးနှင့် တော်လှန်ရေးကို လေ့လာသူတစ်ယောက်ဖြစ်သလို၊ သုတေသီနှင့် စာရေးဆရာ တစ်ဦးလည်း ဖြစ်သည်။)