• Today is: Tuesday, April 16, 2024

၂၀၂၄ မှာ အလေးထားလှမ်းရမဲ့ ခြေလှမ်းများ

၂၀၂၄ မှာ အလေးထားလှမ်းရမဲ့ ခြေလှမ်းများ – ဆလိုင်းဒိုခါရ် | အတွေးအမြင်

နိဒါန်း

“ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ ထင်သာမြင်သာတဲ့ ပြောင်းလဲမှုတွေ၊ ထင်သာမြင်သာတဲ့ ပန်းတိုင်တွေ ဒါတွေအကုန်လုံးကို နောက်တစ်နှစ်အတွင်းမှာ၊ တစ်နှစ်တောင် စောင့်စရာမလိုတဲ့ အချိန်တွေမှာ စကားလုံးတွေနဲ့ တင်မဟုတ်ဘဲနဲ့ ထင်သာမြင်သာတဲ့ မြင်ကွင်းတွေ ကျွန်တော်တို့မြင်ရမှာ ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်”

အထက်ပါ ကောက်နှုတ်ချက်သည် “အမျိုးသားညီညွတ်ရေးအစိုးရမှ ၂၀၂၃ မှာ တော်လှန်ရေး အောင်မြင်အဆုံးသတ်ဖို့ NUG စီမံချက်ချမှတ်ထား” ဟူသည့် ခေါင်းစဉ်ဖြင့် RFA က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့ တွင် တင်ဆက်ထားသော သတင်းတပုဒ်ရှိ NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၏ပြောဆိုမှု ဖြစ်သည်။

သို့သော် ၁၀၂၇ စစ်ဆင်ရေးမှအပ အမျိုးသားညီညွတ်ရေးအစိုးရမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် စစ်ကြေညာနိုင်ခြေရှိသည်ဟူသော ကောလဟာလသတင်းများသာ ထွက်ပြီး အမျိုးသားညီညွတ်ရေး၏ ဦးဆောင်အကောင်အထည်ဖော်ခဲ့သည့်ထိုးစစ်များ ဖွင့်လှစ်နိုင်ခြင်း မရှိဘဲ ၂၀၂၃ ခုနှစ်တစ်နှစ်တာသည် မျှော်လင့်ချက်အမှားနှင့်သာ အဆုံးသတ်ခဲ့သည်။ ဤသို့ဖြင့် နွေဦးတော်လှန်ရေးကြီးသည် နွေအကြိမ်ကြိမ်၊ ဆောင်းအကြိမ်ကြိမ်၊ မိုးအကြိမ်ကြိမ် ဖြတ်ကျော်ကာ မကြာမီကာလမှာပင် သုံးနှစ်ပြည့်သွားမည် ဖြစ်သည်။ ထိုမှတဆင့် ၂၀၂၄ ခုနှစ်သည်လည်း အဆုံးသတ်တိုက်ပွဲဆင်နွှဲမည့်နှစ်အဖြစ် ကြွေးကြော်မှုရှိနေပေမဲ့ ဘယ်လိုအဆုံးသတ်မလဲ ဆိုတာကို ခန့်မှန်းရခက်နေသည်။
သို့သော် မည်သို့ပင် တော်လှန်ရေးဦးဆောင်သူများ ဆိုကြပြောကြပါစေ။ တော်လှန်ပြည်သူများသည် အကြမ်းဖက်စစ်တပ် အင်အားနည်းလာခြင်းကြောင့် တော်လှန်ရေးမှာ ပါဝင်လာသည်မဟုတ်။ တော်လှန်ရေး ဦးဆောင်သူများ၏အရည်အချင်းကို ယုံကြည်မှုကြောင့် တိုက်ပွဲမှာ ပါဝင်လာသည်မဟုတ်ဘဲ “အမှန်တရား၊ တရားမျှတမှု၊ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ကျဆုံးကာ ကောင်းမွန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် ဖော်ဆောင်ရေးအတွက် တိုက်ပွဲဝင်ခြင်း” ဖြစ်တာကြောင့် အဆုံးတိုင် တိုက်ပွဲဝင်မည့် တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲတိုက်ပွဲဝင် သွားမည်ဟု သန္ဓိဌာန်ချမှတ်ကြပြီး ဖြစ်သည်။

ထို့ကြောင့် “မျှော်လင့်ချက်အမှားကြောင့် တော်လှန်ပြည်သူ့စိတ်ဓာတ်ကို မယိုင်သွားစေနိုင်သလို၊ ကြွေးကြော်သံမျှဖြင့် ပြည်သူများ စိတ်ဓာတ် တက်ကြွလာမည်မဟုတ်ပေ”။ ရန်သူအား မည်သို့ စနစ်တကျ စစ်မျက်နှာဖွင့်နေကြောင်းနှင့် တော်လှန်ရေးရလဒ်ကို မည်သို့စီမံနေသည်ကို ပြသနိုင်မှုသည်သာ တော်လှန်ရေး ဦးဆောင်သူများ ပြင်ဆင်ရန် လိုအပ်သည်ဟု ဆိုရမည် ဖြစ်သည်။

အကျပ်အတည်းကာလ အကြောင်းပြချက်အပေါ် အယုံအကြည်မရှိသင့်သော သမိုင်းသင်ခန်းစာတချို့

လက်ရှိသည် တော်လှန်ရေးကာလဖြစ်ပြီး ပြည်သူများအနေဖြင့် တော်လှန်ရေး ဦးဆောင်သူများ၏ စွမ်းဆောင်ရည်နှင့်စပ်လျဉ်းပြီး နားလည်ပေးကြပါရန်နှင့် ဆက်လက် ပူးပေါင်းပေးကြပါရန် တိုက်တွန်းမှုများ ရှိနေသည်။ တဆက်တည်းမှာ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများသည် လက်ရှိအခင်းအကျင်းအား ပင်လုံစာချုပ်မတိုင်မီ အခင်းအကျင်းဟု ရှုမြင်ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်ပြုခြင်းအဆင့်ဖြင့် ဆက်ဆံရေးတည်ဆောက်ကြကာ တော်လှန်ရေးအလွန် မြန်မာနိုင်ငံရေးအခင်းအကျင်းနှင့် စပ်လျဉ်း၍ အကျပ်အတည်းကာလကို အကြောင်းပြကာ ကတိမတည်မှု ထပ်မံမရှိရေး စနစ်တကျ ပြင်ဆင်ကြတော့သည်။

အကြောင်းအရင်းမှာ ပင်လုံစာချုပ်နှင့် သွေဖယ်ပြီး ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြဌာန်းကြချိန်တွင် လွတ်လပ်ရေး ရပြီးခါစဖြစ်သောကြောင့် နားလည်မှု၊ ယုံကြည်မှုဖြင့် တိုင်းရင်းသားများ လက်ခံထားခဲ့မိခြင်းအပေါ် သစ္စာဖောက်ဖျက်ခြင်းမှစ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အကြမ်း ဖက်စစ်တပ်ကို မုန်းသယောင်ဖြင့် ရခိုင်ပြည်နယ် အကြမ်းဖက်စစ်ဆင်ရေးအား တရားဝင်ခွင့်ပြုခြင်း အပါအဝင် အကြမ်းဖက် စစ်တပ်အား ထောက်ခံကာ ရခိုင်အမုန်းပွါးရေး လုပ်ဆောင်ခဲ့မှုများနှင့် ၂၀၁၅ ခုနှစ် ‌ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ အနိုင်ရပါတီများအား ၂၀၀၈ ဖွဲ့စည်းပုံအသုံးပြုကာ NLD ပါတီမှ အာဏာသိမ်းလိုက်ခြင်း များကြောင့် ဖြစ်သည်။

ထို့အပြင် လက်ရှိ အချိန်တွင် အမျိုးသားညီညွတ်ရေး အစိုးရနှင့် CRPH တို့သည် တဖက်တွင် တော်လှန်ရေးကာလ အကြောင်းပြကာ အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေး ဦးဆောင်မှု ပေးရန် အားနည်းမှုများအား တောင်းပန် နေသော်လည်း တိုင်းရင်းသား လူမျိုးများနေထိုင်ရာ ဒေသတွင် သူ့သြဇာခံယူသော အင်အားစုများနှင့် အုပ်ချုပ်ရေးဖွဲ့ကာ တိုင်းရင်းသား လူမျိုးများနှင့် ပွတ်တိုက်မှုများ များလည်း ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့တွင် ရှိခဲ့သည်။

ဤသို့ဖြင့် တော်လှန်ရေးကာလ အကျပ်အတည်းကို အကြောင်းပြကာ လုပ်သင့်လုပ်ထိုက်သော နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး အလုပ်များကို လုပ်ဆောင်ခြင်းမရှိသော တော်လှန်ရေး ဦးဆောင်သူများအား တိုင်းရင်းသားလူမျိုးများလည်း ယုံကြည်မည် မဟုတ်သည့်အပြင် တော်လှန်ပြည်သူများ အနေဖြင့်လည်း ဆန့်ကျင်ကြရန် လိုအပ်သည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်အတွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေး အစိုးရနှင့် CRPH တို့အနေဖြင့် အောက်ပါ အချက်များကို မဖြစ်မနေ ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်ရန် လိုအပ်မည် ဖြစ်သည်။

ဖက်ဒရယ်ယူနစ် နိုင်ငံရေးစုဖွဲ့မှု မဖြစ်မနေ ဖော်ဆောင်ရေးနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ပြုပြင်ပြောင်းလဲရေး

လက်ရှိအချိန်တွင် တော်လှန်ရေး သုံးနှစ်တိုင်ပြည့်သည်အထိ ဖက်ဒရယ်ယူနစ် (ပြည်နယ်နှင့် တိုင်းဒေသကြီး) အလိုက် နိုင်ငံရေးဦးဆောင်မှုများ ဖော်ဆောင်ကြရာတွင် လူနည်းစုတိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များတွင်သာ မြင်တွေ့နေသည်။ ဗမာအများစုနေထိုင်သော တိုင်းဒေသကြီးများတွင် ဖက်ဒရယ်ယူနစ်နိုင်ငံရေးစုဖွဲ့မှုများကို လက်ရှိအချိန်အထိဖော်ဆောင်ခြင်း မရှိသည်မှာ လူနည်းစုတိုင်းရင်းသားများနှင့် ဗမာတိုင်းရင်းသာများအကြား အချင်းချင်းယုံကြည်မှု တည်ဆောက်ခြင်းအပေါ် ထိခိုက်စေသည်။

အကြောင်းအရင်းမှာ ဗမာအများစုနေထိုင်သော တိုင်းဒေသကြီးများတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် CRPH တို့မှ တိုက်ရိုက်လွှမ်းမိုးမှုကြောင့် အနာဂတ် နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းများနှင့် နိုင်ငံရေးကိုယ်စားပြုမှုများအတွက် ဗဟိုအခြေပြုနိုင်ငံရေး အခင်းအကျင်း ထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ်ရမည် ဖြစ်သည်။

ထို့အပြင် သပိတ်အင်အားစုများ၊ ဒေသန္တရအုပ်ချုပ်ရေး ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အပါအဝင် ပါဝင်သင့်ပါဝင်ထိုက်သူများဖြင့် ဖွဲ့စည်းကြသော လူနည်းစုတိုင်းရင်းသားများ နိုင်ငံရေးကိုယ်စားပြုကောင်စီများနှင့် ဗမာဦးဆောင်သော နိုင်ငံရေးပါတီတစ်ခု၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခု၊ သပိတ်ကော်မတီတစ်ခုတို့၏ ကိုယ်စားပြု အချိုးတူဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအား ဖွဲ့စည်းကာ ကိုယ်စားပြုမှုဆိုင်ရာ မျှတမှုမရှိသော စုဖွဲ့မှုဖြင့် တော်လှန်ရေးကာလ မူဝါဒများချမှတ်နေခြင်းတို့သည် ဗဟိုချုပ်ကိုင်မှုနှင့် ဗမာလူမျိုးကြီးဝါဒ ပြန်လည်အသက်ဝင်ခြင်းမျိုး ဖြစ်သည်။

ထို့ကြောင့် အမျိုးသားတိုင်း ဖက်ဒရယ်ယူနစ် နိုင်ငံရေးစုဖွဲ့မှု ပေါ်ပေါက်လာရေးအား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် CRPH တို့မှ ကမကထပြုကာ ဖက်ဒရယ်ယူနစ်အလိုက် တော်လှန်ရေးအင်အားစုများ၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းရန် အမြန်ဆုံးလိုအပ်နေပြီ ဖြစ်သည်။ ဖက်ဒရယ်ယူနစ်နိုင်ငံရေး အစုအဖွဲ့များအား မဖြစ်မနေ ဖော်ဆောင်ရန် လိုအပ်ပြီး ဤသို့ ဖော်ဆောင်ပြီးပါက ဖက်ဒရယ်ယူနစ် နိုင်ငံရေးအစုအဖွဲ့များဖြင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအား အမြန်ဆုံး အစားထိုးဖွဲ့စည်းကာ နိုင်ငံရေးအာဏာ အစားထိုးအပ်နှံရန်လည်း လိုအပ်သည်။ ထို့အပြင် အသစ်ဖွဲ့စည်းသော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ အမျိုးသားညီညွတ်ရေးအစိုးရအား ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။

အကြောင်းရင်းမှာ လက်ရှိအချိန် အမျိုးသားညီညွတ်ရေးအစိုးရသည် ဖွဲ့စည်းမှုပုံစံအရ တနိုင်ငံလုံးကိုယ်စားပြုသည့်အစိုးရဟု ခေါ်ဆို၍မရ၊ အစိုးရသက်တမ်း သတ်မှတ်ချက်မရှိခြင်း၊ သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်အလိုက် အစိုးရမရှိခြင်းများကြောင့် ဗဟိုချုပ်ကိုင်မှုများပြားသော အာဏာရှင် အစိုးရ ပုံသဏ္ဍာန်ဖြစ်နေခြင်းနှင့် စွမ်းဆောင်ရေ နည်းသော ဝန်ကြီးများနှင့် မလိုအပ်သော ဝန်ကြီးဌာနများ ပြားနေခြင်းသည် လက်ရှိတော်လှန်ရေးကြီး၏ စိန်ခေါ်တရပ် ဖြစ်နေသည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ အကြီးအကဲများရာထူးဖောင်းပွမှုများအား အမြန်ဆုံး ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။

CRPH/ NLD နှင့် လူနည်းစုတိုင်းရင်းသား တော်လှန်ရေး အင်အားစုများအကြား နိုင်ငံရေး သဘောတူညီချက်နှင့် NUG နှင့် တိုင်းရင်းသား တော်လှန်ရေး အစုအဖွဲ့များကြား မဖြစ်မနေ အဖြေရှာရမည့် သံတမန်ဆက်ဆံရေး ဘုံသဘောတူညီချက်

လူနည်းစုတိုင်းရင်းများသည် ခွဲထွက်ပြီးလွတ်လပ်ရေးရယူခြင်းအား ရွေးချယ်စရာအဖြစ် မသတ်မှတ်ကြသော်လည်း ဗမာနိုင်ငံရေး အင်အားစုများ၏ သုံးနှစ်တာ လှုပ်ရှားမှုများနှင့် စပ်လျဉ်းပြီး သံသယများစွာ ရှိလာကြသည်မှာ အမှန်ပင်ဖြစ်သည်။ အကြောင်းရင်းများ လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ အခင်းအကျင်းအရ တော်လှန်ရေး အလွန်ကာလတွင် ဗမာတိုင်းရင်းသား အများဆုံးနေထိုင်ရာ နယ်မြေများတွင် အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် (NLD) အင်အား ဆက်လက် ကောင်းနိုင်ခြေ ရှိနေသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ နိုင်ငံရေးကိုယ်စားပြုမှု လုံးဝမရှိမှသာ ဆွေးနွေးရန် ပြင်ဆင်နေကြပြီ ဖြစ်သော်ကြောင့် ဗမာကိုယ်စားပြုနိုင်ငံရေး ဆွေးနွေးခွင့်ရှိလာမည့် အနာဂတ် အင်အားစုသည် CRPH/ NLD တို့သာ ဖြစ်သည်။ သို့သော်လည်း CRPH/ NLD တို့မှ မည်သို့သော နိုင်ငံရေး ကတိကဝတ်ကိုမျှ ပါတီကိုယ်စား၊ လူမျိုးကိုယ်စား လူနည်းစု တော်လှန်ရေး အင်အားစုများထံ ပေးအပ်မှု မရှိခြင်းသည် ယုံကြည်မှု အားနည်းစေသည့် အဓိကသံသယ ဖြစ်သည်။

ထို့ကြောင့် လက်ရှိအချိန် လူနည်းစု တိုင်းရင်းသားများနှင့် ဗမာနိုင်ငံရေးအင်အားစုများအကြား (အထူးသဖြင့် NLD ခေါင်းဆောင်များ) တော်လှန်ရေးအလွန် နိုင်ငံရေး အခင်းအကျင်းများနှင့် စပ်လျဉ်းပြီး အပေးအယူဆန်သော နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် လိုအပ်ပြီ ဖြစ်သည်။ အကြောင်းရင်းမှာ အကြမ်းဖက်စစ်တပ်ကိုလည်း အမြစ်ဖျက်ချေမှုန်းခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြင့် တော်လှန်ရေး အဆုံးသတ်ပါက လူနည်းစု တိုင်းရင်းသား လူမျိုးတချို့သည်လည်း နိုင်ငံရေးရလဒ် ကျေနပ်မှုမရှိပါက ဆက်လက် လက်နက်ကိုင် တော်လှန်မှုများ ရှိနေနိုင်ပြီး တော်လှန်ရေးအလွန် နိုင်ငံရေး အခင်းအကျင်းအတွက် စိုးရိမ်စရာ ဖြစ်နေသည်။ ထို့သို့သော စိန်ခေါ်မှုများအား မကိုင်တွယ်နိုင်ပါက လူနည်းစု တိုင်းရင်းသားများသည် ယခုဖက်ဒရယ်ဒီမိုရေစီ တော်လှန်ရေးမှ လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်ခြင်းများ ရှိလာနိုင်ခြေရှိသည်။

ထို့အပြင် လက်ရှိ လူနည်းစု တိုင်းရင်းသားများနေထိုင်ရာ ဒေသတွင် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ တို့လို နိုင်ငံကြီးများ၏ နယ်စပ်ဂိတ်များ ရှိနေပြီး မြန်မာ-နိုင်ငံတကာ နယ်စပ်ရှိ အကြမ်းဖက်စစ် စခန်းများစွာကိုလည်း သိမ်းဆည်းထားနိုင်ကြပြီး ဖြစ်သည်။ အဆိုပါ နယ်စပ်စစ်စခန်းများ သိမ်းဆည်းခံရမှုသည် လက်ရှိတော်လှန်ရေး အင်အားစုများအပေါ် အိမ်နီးချင်းနိုင်ငံများ၏ အမြင်များကိုလည်းများစွာ ပြောင်းလဲစေပါသည်။

သို့သော် တော်လှန်ရေး အင်အားစုများအကြား နိုင်ငံတကာ ဆက်ဆံရေးနှင့် စပ်လျဉ်းပြီး အားနည်းချက်များသည်လည်း နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုပေါ်လွင်လာသည်။ အကြောင်းရင်းမှာ အမျိုးသားညီညွတ်ရေး အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအကြား စစ်ရေးဆိုင်ရာ အတူတကွပူးပေါင်းမှုရှိကြသော်လည်း နိုင်ငံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးတွင်မူ အချိတ်အဆက် မိမိဆောင်ရွက်နိုင်မှု မရှိခြင်းအား နယ်စပ် စစ်စခန်းများ အကြမ်းဖက်စစ်တပ်မှ စွန့်လွှတ်အပြီး အိမ်နီးချင်းနိုင်ငံများမှ လက်တွေ့ မြင်တွေ့လာကြသည်။

ထို့ကြောင့် အထူးသဖြင့် ပြည်ထောင်စုမြန်မာပြည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမည်ကို မလိုလားသည့် အိမ်နီးချင်းနိုင်ငံများသည် ပြည်ထောင်စု မြန်မာ့အရေးနှင့် စပ်လျဉ်းပြီး အကြမ်းဖက် စစ်တပ်ကိုလည်း မပံ့ပိုးဝံ့သလို တော်လှန်ရေးအင်အားစုများနှင့် ဆက်ဆံရေး တည်ဆောက်ဖို့ အရေးလည်း အရွေးမှားမည်ကို စိုးရိမ်မှု ရှိလာကြသည်။ ထို့ကြောင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအကြား သဘောတူညီချက်သည် လွန်စွာ အရေးကြီးနေပြီ ဖြစ်သည်။

နိဂုံး

တော်လှန်ပြည်သူများသည် လက်ရှိအချိန်တွင် တာဝန်ကျေပွန်သည့်အပြင် အဆုံးတိုင်တိုက်ပွဲ ဝင်သူများအား ပံ့ပိုးရန် အဆင်သင့် ဖြစ်ကြသည်။ ထို့အပြင် ရန်သူ့အကြမ်းဖက်စစ်တပ်သည်လည်း မတိုက်ခိုက်ဘဲ ကြည့်နေခြင်းဖြင့်ပင် လက်ရှိတပ်ဖွဲ့ဝင်များ အိုမင်းကာ သေသွား၍ တပ်ပျက်ရမည့် အခြေအနေနှင့် ရင်ဆိုင်သည် အထိ ပြည်သူများမှ လူအင်အားသစ် မစုဆောင်းနိုင်ရန် ပိတ်ပင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေး အောင်မြင်နိုင်ရေးနှင့် တော်လှန်ရေး အောင်ပွဲလှပ‌ရေးသည် တော်လှန်‌ရေး ဦးဆောင်သူများ၏ စွမ်းဆောင်ရည် တွင် မူတည်သည်။ ဤသို့ အာဏာရှင်စနစ် အမြစ်ဖျက်တိုက်ခိုက်ရေး အခွင့်အလမ်းသည်လည်း မည်သည့် အချိန်အခါတွင်မျှ ပေါ်လာတော့မည် မဟုတ်ပေ။

ထို့ကြောင့် တော်လှန်ရေး အင်အားစုများအနေဖြင့် တော်လှန်ရေး ကာလ၊ အသွင်းကူးပြောင်းရေး ကာလနှင့် တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ အဆင်ချော နိုင်ရေးအတွက် ကိုယ်ကိုယ့်ကို အာဏာလောဘ တက်နေခြင်းများအား ထိန်းကျောင်းကာ နှစ်ပေါင်း (၇၀) ကျော် မိမိတို့ရင်ဆိုင်ခဲ့သည့် မရိုးသားသော နိုင်ငံရေးသမားများ၏ တိုင်းပြည်ဒုက္ခရောက်စေမှု ဒဏ်များနှင့် ခေတ်အဆက်ဆက် တော်လှန်ရေးအတွက် အသက်ပေးစပ်မှုများ၏ မျက်ရည်များနှင့် သွေးစက်များကို နေစဉ် ကြည့်ရှုနေသော မှန်သဖွယ် ထားကာ တန်းတူညီမျှမှုနှင့် တရားမျှတမှုကို အခြေခံကာ ဖွံ့ဖြိုးတိုတက်ပြီး၊ ငြိမ်းချမ်းသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးသို့ လက်တွဲညီညီ ချီတက်ကြရန် လိုအပ်သည်။