• Today is: Friday, May 17, 2024

လက်နက်ကိုင်တော်လှန်ရေးကို မဖြစ်မနေရွေးချယ်ရမည်ဆိုလျှင်

လက်နက်ကိုင်တော်လှန်ရေးကို မဖြစ်မနေရွေးချယ်ရမည်ဆိုလျှင်

ရေဆန် | အတွေးအမြင်

ယမန်နေ့ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ရက်နေ့မှာပဲ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကိုတရားဝင်အတည်ပြုလိုက်ပါတယ်။ စကစရဲ့ အတင်းအဓမ္မဥပဒေအောက်မှာ စစ်အာဏာရှင်လူတစ်စုအတွက် အသက်ပေးအသေခံရမယ့်အစား တော်လှန်ရေးအဖွဲတွေနဲ့အတူ တိုက်ပွဲဝင်တာကမှ ပိုပြီးမွန်မြတ်တယ်လို ခံယူကြမယ့်သူတွေအတွက် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ပေါင်းများစွာရှိတဲ့အထဲကမှ ဘယ်လိုအချက်တွေနဲ့ စံနှုန်းရှိတဲ့အဖွဲ့တွေကို ရွေးချယ်ချိတ်ဆက်သင့်တယ်ဆိုတာ သိထားသလောက် မျှဝေချင်ပါတယ်။ 

💢မတတ်သာတဲ့အဆုံးမှသာ လက်နက်ကိုင်တော်လှန်ရေးကိုရွေးချယ်သင့်ခြင်း

ပထမဆုံးအနေနဲ့ အရေးကြီးဆုံးအချက်ကတော့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ရခြင်းဟာ ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး နောက်ဆုံးရွေးချယ်စရာအဖြစ် မဖြစ်မနေရွေးချယ်လိုက်ရတယ်ဆိုတဲ့ အကျိုးအကြောင်း ခိုင်ခိုင်မာမာ စဉ်းစားဆုံးဖြတ်ထားဖိုပါ။ နောက်တချက်ကတော့ သေနတ်ကိုင်ချင်ရုံ သေနတ်ပစ်ချင်ရုံ ၊ လူသတ်ချင်ရုံ စစ်တိုက်ချင်ရုံလောက်ပဲဆိုရင် အစထဲက မရွေးချယ်တာ အကောင်းဆုံးပါပဲ။

အရင်ထဲကလက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ထားပြီးတဲ့သူတွေတောင် လက်နက်ခဲယမ်းရိက္ခာအတွက် အနိုင်နိုင်ရုန်းကန်နေရဆဲဖြစ်လို နောက်မှဝင်လာမယ့်သူတွေအတွက်ဆို ပိုလိုတောင်ခက်ခဲနိုင်ပါတယ်။ စကစဆီကရထားတဲ့လက်နက်တွေကို ပြန်ဝေခွဲရင်တောင် လက်ရှိရဲဘော်တပ်သားတွေအတွက်နဲ့တင် လုံလောက်အောင်သေချာစီမံရဦးမှာပဲဖြစ်ပါတယ်။

💢တပ်ပုံ/စစ်ပုံကျသောတပ်ဖွဲများကိုသာရွေးချယ်ချိတ်ဆက်ခြင်း

အများစုက စစ်ထဲ/တပ်ထဲဝင်ရင် လက်နက်ကိုင်ဖို့ သေနတ်ပစ်တတ်ဖို့ကိုပဲ အဓိကအာရုံစိုက်/အားကျကြတာများပါတယ်။ လက်နက်တွေအဆင်သင့်ချပေးထားပြီး လမ်းပေါ်မှာကျနေတဲ့လက်နက်တွေကို ကိုယ်ကြိုက်တာကိုယ်ယူပြီးပစ်လို့ရတာဟာ ဂိမ်းထဲမှာပဲရှိပြီး လက်တွေ့စစ်မြေပြင် စစ်ရေးဟာတော့ ဂိမ်းနဲ့များစွာကွာခြားပါတယ်။

လက်နက်ကိုင်တော်လှန်ရေးရဲ့အဓိကအရေးကြီးဆုံးအချက်ကတော့ သေနတ်ပစ်တတ်ဖို့မဟုတ်ပဲ တပ်ပုံ/စစ်ပုံကျဖို စစ်သားကောင်းတစ်ယောက်ဖြစ်ဖို့ပဲ ဖြစ်ပါတယ်။ တပ်ပုံ/စစ်ပုံကျတယ်ဆိုတာ အမိန့်ပေးကွပ်ကဲမှုစနစ် (chain of command)၊ စစ်ရေးကျင့်ဝတ် (code of conduct)နဲ့ IHL(International Humanitarian Law) အပါအဝင် အရေးအကြီးဆုံးနောက်တစ်ချက်ကတော့ နိုင်ငံရေးအမြင်နဲ့ မူဝါဒရပ်တည်ချက်တွေ စနစ်တကျ ထုတ်ပြန်ထားခြင်းပဲဖြစ်ပါတယ်။

💢စစ်ရေးအမြင်နဲ့တကွ နိုင်ငံရေးအမြင်/မူဝါဒများအတည်ပြုပြဌာန်းထားရှိခြင်း

စစ်တပ်တစ်တပ်ဟာ ပြည်သူရွေးချယ်တင်မြောက်ထားတဲ့အရပ်သားအစိုးရအောက်မှာရှိရမယ်၊ အရပ်သားအစိုးရရဲ့ထိန်းကျောင်းမှုနဲ့အညီ ပြည်သူနဲ့တိုင်းပြည်ကိုကာကွယ်ရမယ် ဆိုပေမယ့် ဒါဟာတိုင်းပြည်ပုံမှန်အခြေအနေ (သို) တိုင်းပြည်တစ်ခုတည်ဆောက်ဖိုအတွက်ကာကွယ်ရေးအခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရတဲ့အခါမှသာ လက်တွေ့ကျပြီးဖြစ်သင့်ဖြစ်ထိုက်တာပါ။

အခုလို တိုင်းပြည်ပုံမှန်မဟုတ်တဲ့ ပြိုလုပျက်ဆီးနေတဲ့အခြေအနေ (တော်လှန်ရေးကာလ) မှာတော့ လက်နက်ကိုင်တော်လှန်ရေးရဲ့ စစ်ရေး/စစ်တပ်တစ်ခုတည်ဆောက်ရာမှာ စစ်ရေးအမြင်နဲ့တကွ နိုင်ငံရေးအမြင်/မူဝါဒ/ရပ်တည်ချက်စသဖြင့် ခိုင်ခိုင်မာမာ ပြဌာန်းထားရှိမှသာ ဒီတပ်ဖွဲတွေဟာ လေးစားအားကိုးထိုက်တဲ့ စစ်တပ်တွေအဖြစ် ပြည်သူကိုကာကွယ်နိုင်မှာ အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ 

💢နိုင်ငံရေးမှူးနှင့် လူထုလက်ရုံး လူငယ်ရေးရာအဖွဲများထားရှိခြင်း

တချို့တပ်ဖွဲ့တွေမှာ နိုင်ငံရေးမှူးကိုပါ တွဲဖက်ထားရှိသလို လူထုလက်ရုံး လူငယ်လက်ရုံး ရေးရာအဖွဲ့တွေအသီးသီးထားရှိပြီး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုထက်ပိုတဲ့ တော်လှန်ရေးတပ်ဦးများအဖြစ် အခိုင်အမာတည်ဆောက်ထားကြပြီးဖြစ်ပါတယ်။ နိုင်ငံရေးစစ်ရေးမူဝါဒရပ်တည်ချက်များအပြင် တပ်သားသစ်စုဆောင်းရေးမူဝါဒ ဖက်ဒရယ်ရေးရာရပ်တည်ချက် စတဲ့ နိုင်ငံသစ် လူ့အဖွဲ့အစည်းသစ်ကိုပါ မျှော်မြင်ပြီး စနစ်တကျ ထုဆစ်တည်ဆောက်ထားတဲ့အဖွဲ့တွေလည်းရှိပါတယ်။ (ဒါပေမယ့်အလွန်နည်းပါတယ်) 

💢ဘယ်လိုအဖွဲ့တွေကိုရွေးချယ်သင့်သလဲ

တော်လှန်ရေးမှာ ဘယ်လိုလက်နက်ကိုင်အဖွဲ့တွေရှိသလဲဆိုရင်တော့ သူ့သက်ဆိုင်ရာစစ်ဒေသအလိုက် အသီးသီးရှိကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)တွေလည်းရှိသလို ဒေသခံကာကွယ်ရေးအဖွဲ့ (LDF)တွေလည်းရှိပြီး NUG-MOD နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ ERO/EAO နဲ့အတူပူးပေါင်းဆောင်ရွက်နေတဲ့ လူမျိုးအခြေပြု ဒေသအခြေပြု Independent တပ်တော်တွေ စစ်တပ်တွေလည်း အသီးသီးရှိပါတယ်။

ဘယ်အဖွဲ့ကပိုကောင်းတယ် ဘယ်အဖွဲ့ကိုဝင်ပါ ဘယ်အဖွဲ့ကိုမဝင်နဲ့ဆိုတာမျိုး ခွဲခြားပြီးအကြံပြုတာမျိုးမလုပ်ပေမယ့် အကယ်၍ မဖြစ်မနေလက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ကြမယ်ဆိုရင်တော့ အပေါ်မှာမျှဝေထားခဲ့တဲ့အချက်တွေနဲ့အညီ ရွေးချယ်ချိတ်ဆက်ကြဖို့ကိုတော့ အသိပေးတိုက်တွန်းလိုပါတယ်။
 
နောက်ဆုံးအချက်အနေနဲ့ မဖြစ်မနေရွေးချယ်ဖို့ ဖြစ်လာတဲ့လက်နက်ကိုင်တော်လှန်ရေးအပြင် အခြားသော လူထုအခြေပြုအာဏာဖီဆန်ရေးနည်းနာများကိုပါ ပြည်သူအထိအခိုက်အနည်းဆုံးနဲ့ ရွေးချယ်ကြဖို့ ပူးပေါင်းပါဝင်ကြဖို ထပ်လောင်းအသိပေးလိုက်ရပါတယ်။