• Today is: Tuesday, April 30, 2024

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တော်လှန်ရေးလမ်းသစ်ထွင်ခြင်း

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တော်လှန်ရေးလမ်းသစ်ထွင်ခြင်း

Mr Rhythm | အတွေးအမြင်

မြန်မာနိုင်ငံသည် နိုင်ငံရေးပြဿနာမျိုးစုံနှင့် လူမှုရေးမတည်ငြိမ်မှုများစွာကို နှစ်ပေါင်းများစွာ ကြုံတွေ့နေရသည့် နိုင်ငံဖြစ်သည်။ ကမ္ဘာတွင် ပြေလည်ရန်အခက်ဆုံးပြည်တွင်းပဋိပက္ခအဖြစ် ဆွေးနွေးခြင်းခံရလေ့ရှိပြီး နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ကြီးကို ခံစားနေရသည့် နိုင်ငံလည်း ဖြစ်သည်။ လူထု၏ လုံခြုံမှုသည် အာမခံချက် မရှိပေ။ အထူးသဖြင့် ဌာနေတိုင်းရင်းသား လူမျိုးစုများ၏ ဒေသများတွင် အသက်အိုးအိမ်များစွာ ဆုံးရှုံးရပြီး လူ့ဂုဏ်သိက္ခာ၊ လူမျိုးစု ဂုဏ်သိက္ခာ၊ သမိုင်းအမည်းစက်များ ဖြေဆည်မရ ဖြစ်ခဲ့ကြရသည်။ 

ယင်းပြဿနာများစွာကို နှစ်ပိုင်း ခွဲမြင်နိုင်သည်။ ပထမပြဿနာမှာ လွတ်လပ်ရေး ရစဉ်ကတည်းက တနိုင်ငံလုံးကို တလုံးတဝတည်း အုပ်ချုပ်လိုသော ဗမာနိုင်ငံရေးသမားများ၏ ဗဟိုချုပ်ကိုင်သော အာဏာစက်ချဲ့လိုသော နိုင်ငံရေး ပြဿနာဖြစ်သည်။ သို့သော် ထိုပြဿနာသပ်သပ်သာ ဖြစ်လျှင် စားပွဲဝိုင်းတွင် နိုင်ငံရေးအားဖြင့် ရှင်းလင်းညှိနှိုင်းရန် ဖြစ်နိုင်သေးသော်လည်း အေးအေးဆေးဆေး ဖြေရှင်းရန်ဖြစ်နိုင်ချေကို ဖျက်ဆီးသည်ကတော့ ဗမာမှုပြုထားသည့် စစ်တပ်ကြီးဖြစ်သည်။

နိုင်ငံတွင်းမှ နိုင်ငံတော်ဟု ပြန်တင်စားနိုင်လောက်‌အောင် နိုင်ငံ၏ အင်စတီကျူးရှင်းမျိုးစုံကို ကိုယ့်ဘာသာ ဗဟိုပြုပြန်တည်ထားသည့် မြန်မာစစ်တပ်သည် ပြဿနာအလုံးစုံ၏ ဗဟိုချက်မတွင် တည်ရှိနေပါသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းသည်မှ စတင်ကာ မြန်မာနိုင်ငံတွင် နွေဦးတော်လှန်ရေး ပေါ်လာသည်။ တနိုင်ငံလုံးတွင် လက်နက်ကိုင် တော်လှန်ရေးများကို လူမျိုးစုံ၊ ဒေသစုံတွင် ထွန်းကားစေခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးအပြီး မြို့ရွာအများအပြား လက်လွှတ်ခဲ့ရသည့် မြန်မာစစ်တပ်သည် စစ်သားများ၏ ဘက်ပြောင်းခြင်းပေါင်းစုံ ကြုံတွေ့ရသည့်အတွက် နှစ်ပေါင်းများစွာ စဉ်းစားလာသည့် စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် ပြဌာန်းလာသည်။ 

သို့သော် စစ်မှုမထမ်းမနေရ ဥပဒေသည် အသစ်ဖန်တီးချက် မဟုတ်ပါချေ။ ဗိုလ်သန်းရွှေလက်ထက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှပင် ပြဌာန်းခဲ့သည့် ဥပဒေဖြစ်သည်။ မြန်မာနိုင်ငံသည် သမိုင်းတလျှောက် ပြုပြင်ပြောင်းလဲရ ခက်ခဲမှုများ ကြုံတွေ့ခဲ့ရသည့် ကိစ္စများစွာကို ပြုပြင်ပြောင်းလဲရန် ကြိုးစားနေကြသည့် လမ်းခွလမ်းဆုံ ရောက်နေတုန်းအချိန်တွင် ထပ်မံစစ်အာဏာသိမ်းခံလိုက်ဖြစ်ပေသည်။

စစ်တပ်၏ အကြံကုန် ဂဠုန်ဆားချက်သည့်နှယ် ဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ အစီအစဉ်သည် ပြည်တွင်းရှိ ပြည်သူများအတွက် အနာပေါ် ဆားဖြူးနေသည့်နှယ် ပိုမိုဒုက္ခတွင်း နက်စေပါသည်။

တချိန်တည်းမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်အတွက် ကြိုးပမ်းနေသည့် နေဦးတော်လှန်ရေးကာလတွင် အကြမ်းဖက် စစ်တပ်၏ လက်ရှိထုတ်ပြန်ချက်သည် စစ်တပ်အား အတွင်းမှ ဖြိုချပြောင်းလဲပေးနိုင်သော လမ်းစတစ်ရပ်လည်း ဖြစ်သည်။ လက်ရှိအခင်းအကျင်းကို အခွင့်အရေးတစ်ရပ်အနေဖြင့် အသုံးပြုပြီး မြန်မာနိုင်ငံတွင် အစဉ်အမြဲ လိုလားတောင့်တ မျှော်လင့်ခဲ့ကြသည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် လမ်းစလည်း ဖြစ်နိုင်ကြောင်း ယခုစာတွင် ဆွေးနွေးလိုပါသည်။ 

မြန်မာနိုင်ငံတွင် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးသည် အဘယ်ကြောင့် အရေးကြီးသည်ကို နားလည်ရန် နိုင်ငံ၏လက်ရှိလုံခြုံရေး အခြေအနေကို ကြည့်ရှုရန် လိုအပ်ပါသည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းကတည်းက စစ်တပ်သည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းတို့တွင် အမြဲတမ်း ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်သည် မြန်မာနိုင်ငံကို လွန်ခဲ့သည့် ဆယ်စုနှစ် ခြောက်ခုအတွင်း အုပ်ချုပ်ခဲ့သည်။

စစ်တပ်ခေါင်းဆောင်သည့် အာဏာရှင်အုပ်ချုပ်ရေးအောက်တွင် မြန်မာနိုင်ငံသားများ အထူးသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်ရေးကို ရှာဖွေနေသည့် တိုင်းရင်းသားများ၊ လူမျိုးလူနည်းစုများ ဖိနှိပ်ခံရသလို များစွာသော ပြည်တွင်းပဋိပက္ခများနှင့် ရင်ဆိုင်ရသည်။

အဆိုပါ ပဋိပက္ခများအပေါ် စစ်တပ်၏ တုံ့ပြန်မှုများသည် သတ်ဖြတ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ လူ့အခွင့်အရေး နှင့် နိုင်ငံသားလွတ်လပ်ခွင့် ချိုးဖောက်မှုများကဲ့သို့သော ချိုးဖောက်မှုများ အများအပြားပါဝင်လေ့ရှိသည်။

မကြာသေးမီနှစ်များအတွင်း နိုင်ငံရေးပွင့်လင်းမြင်သာမှုဆီသို့ တိုးတက်မှုအချို့ရှိခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် အမည်ခံအရပ်သားအစိုးရသို့ ကူးပြောင်းကာ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပခြင်းများ ပြုလုပ်ပြီး ၂၀၁၆ တွင် အရပ်သားတပိုင်း အစိုးရက အာဏာရလာခဲ့သည်။ သို့သော် စစ်တပ်သည် သိသာထင်ရှားသော နိုင်ငံရေးသြဇာလွှမ်းမိုးမှု ရှိနေဆဲဖြစ်သည်။

စစ်တပ်သည် အဓိက ဝန်ကြီးဌာနများကို ထိန်းချုပ်ထားပြီး လွှတ်တော်နေရာအားလုံး၏ လေးပုံတပုံ၊ အရေးပါသည့် ဝန်ကြီးဌာနများ နှင့် အရေးကြီးသော လုံခြုံရေးအဖွဲ့အစည်းများအပေါ် ချုပ်ကိုင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များသုံးကာ ယခင်တလျှောက်လုံး ပြုလုပ်ခဲ့ကြသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားစွဲဆိုခြင်းမှ အကာအကွယ်ရယူထားသည်။ 

မြန်မာနိုင်ငံလုံခြုံရေးကဏ္ဍသည် ပြည်တွင်းပဋိပက္ခများအပြင် အဂတိလိုက်စားမှု၊ ပွင့်လင်းမြင်သာမှု ကင်းမဲ့မှုနှင့် အရပ်သားကြီးကြပ်မှု (Civilian Oversight) မလုံလောက်သကဲ့သို့သော ကျယ်ပြန့်သော ပြဿနာများနှင့် လုံးပန်းနေရသည်။ တိုင်းရင်းသားဒေသမှ နှစ် ၇၀ ကျော် လွတ်မြောက်ရေး တိုက်ပွဲဝင်သူများ တောင်းဆိုသည့် တိုင်းရင်းသား ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးနှင့် မိမိတို့ သမိုင်း၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုများနှင့် ချိတ်ဆက်နေသည့် နယ်မြေများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာများလည်း ရှိနေသည်။ 

မြန်မာနိုင်ငံတွင် လုံခြုံရေးအင်စတီကျူးရှင်း အမည်အောက်မှ တပ်ဖွဲ့များကြောင့် ပြည်သူ့ဘဝ မလုံမခြုံဖြစ်ရပြီး ယင်းတို့၏ အမှားအယွင်းအတွက် အကျိုးဆက်တာဝန်မခံသည့် ယဉ်ကျေးမှုကို ဖန်တီးကာ လူထုအကြား ယုံကြည်မှုတည်ဆောက်ရေးကိုလည်း ခက်ခဲစေသည်။

ဤနောက်ခံကြောင့် မြန်မာနိုင်ငံသည် ၎င်း၏လုံခြုံရေးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ပညာရှင်များနှင့် မူဝါဒချမှတ်သူများအကြား သဘောတူညီမှုရှိကြပါသည်။ ပြုပြင်ပြောင်းလဲမှု သည် ပဋိပက္ခ၏ မူလဇစ်မြစ်ကို ဖြေရှင်းရန်၊ ဒီမိုကရေစီ အုပ်ချုပ်ရေးကို ပံ့ပိုးကူညီရန်နှင့် တိုင်းပြည်အတွက် ရှေရှည်ခိုင်မာသည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆီသို့ ဦးတည်သွားရန် ကူညီပေးရန် ရည်ရွယ်ရမည်ကိုလည်း သဘောတူညီကြပါသည်။

ဤအခြေအနေတွင် သီးသန့်ဆန်ဆန် ရပ်တည်နေသော စစ်တပ်အတွင်း အသွင်ကူးပြောင်းရေးနှင့် သက်ဆိုင်သော အပြောင်းအလဲများနှင့် ပိုမိုကျယ်ပြန့်သော တပ်တွင်းယဉ်ကျေးမှုကို ပြောင်းလဲရန်၊ ပိုမိုလွတ်လပ်ပွင့်လင်းသော အတွေးအခေါ်နှင့် ဒီမိုကရေစီနည်းကျ၊ လူထုအလိုကျ၊ လူ့အခွင့်အရေး နည်းကျ၊ တွေးခေါ်မှုများကို အကြောက်တရားနှင့် ပဒေသရာဇ်ဆန်ဆန် အာဏာရှင်အယူအဆများမှ ကင်းဝေးစေရန် ပြုပြင်ရေးက အရေးကြီးလှပါသည်။ ထိုသို့ဖြစ်ရန်မှာ လူထုနှင့်ထိတွေ့ရေးက အရေးကြီးသည့်နေရာတွင် ရှိသည်။ ယခုရှုထောင့်မှ ဒီမိုကရေစီ လိုလားသော ပြည်သူများ တပ်တွင်းဝင်ရောက်ကာ အမြဲတမ်းစစ်သားများနှင့် ထိတွေ့ကြရေးသည် လုံခြုံရေးကဏ္ဍအတွက် အထောက်အကူ ဖြစ်စေနိုင်သောကြောင့် စစ်မှုထမ်းဥပဒေသည် အခွင့်အရေးအဖြစ် ရှုမြင်နိုင်သည်။

မြန်မာနိုင်ငံတွင် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လိုအပ်မှုအတွက် ပံ့ပိုးပေးနိုင်သည့် အကြောင်းရင်းများကို ပိုမိုနက်ရှိုင်းစွာ ကြည့်ရှုရန် လိုပါသည်။ စစ်မှုထမ်းဥပဒေသည် အားလုံးပါဝင်နိုင်မှု၊ တာဝန်ခံမှုနှင့် စစ်တပ်အတွင်း ဒီမိုကရေစီစံနှုန်းများ ပျံ့နှံ့မှုကို မြှင်တင်မှုတို့အတွက် အခွင့်အရေးများကို ဖြစ်စေနိုင်မည်လော၊  ပြုပြင်ပြောင်းလဲမှုများအတွက် အခြေခံအုတ်မြစ်ချနိုင်မည်လောကို သုံးသပ်ရပါမည်။

ယခုစာသည် မဲဆောက်၊ မယ်ဟောင်ဆောင်၊ မီဇိုရမ်တို့ထံ ခိုလှုံနေကြသည့် တော်လှန်ရေးသမားများအတွက်ထက် မြန်မာနိုင်ငံမြို့ရွာများတွင် ကျန်ရှိနေကြသည့် လူငယ်များနှင့် ပိုမိုနီးစပ်မည် ဖြစ်ပါသည်။

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုအပေါ် အမြင်များ

အထူးသဖြင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (Security Sector Reform) ဆိုင်ရာ အမြင်များကို နားလည်ခြင်းသည် မြန်မာနိုင်ငံကဲ့သို့ ပဋိပက္ခဒဏ်ခံရသော ဒေသများတွင် အရေးကြီးပါသည်။

ပညာရပ်ဆိုင်ရာ သုတေသီများ၊ မူဝါဒချမှတ်သူများ၏ ထိုးထွင်းသိမြင်မှုနှင့် လက်တွေ့ကျင့်သုံးမှု အတွေ့အကြုံများမှ ပေါ်ထွက်လာသော အမြင်များသည် SSR သည် အဘယ်ကြောင့် အရေးကြီးပြီး မည်သို့အောင်မြင်နိုင်သည်ကို တန်ဖိုးရှိသော လမ်းညွှန်မှုများကို ပေးနိုင်သည်။ SSR ဆိုင်ရာ အရေးကြီးသည့် ပညာရပ်ဆိုင်ရာ ရှုထောင့်အချို့ကို စူးစမ်းလေ့လာပြီး မြန်မာနိုင်ငံ၏ အခြေအနေနှင့် မည်သို့ဆက်စပ်သည်ကို ကြည့်ရှုကြပါမည်။

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၏ အရေးပါမှု

SSR စာတမ်းစာစောင်များသည် ပဋိပက္ခလွန်လူ့အဖွဲ့အစည်းများကို ပုံဖော်ရာတွင် လုံခြုံရေးအဖွဲ့အစည်းများ မည်မျှအရေးကြီးကြောင်း အလေးပေးဖော်ပြလေ့ ရှိသည်။ SSR တွင် ပိုမိုထိရောက်မှု၊ တာဝန်ခံမှုနှင့် လူ့အခွင့်အရေးကို လေးစားမှုရှိစေရန် လုံခြုံရေးမူဝါဒများ၊ အဖွဲ့အစည်းများနှင့် အလေ့အကျင့်များကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်မွမ်းမံပြင်ဆင်မှုပြုရေး လမ်းစဉ်များ ပါဝင်သည်။

အခြေခံအားဖြင့်၊ SSR သည် ပရော်ဖက်ရှင်နယ်ကျသော၊ ဘက်မလိုက်ဘဲ အရပ်သားအာဏာကို လက်ခံသော လုံခြုံရေးတပ်ဖွဲ့များကို တည်ဆောက်ရန် ရည်ရွယ်ပြီး နိုင်ငံပိုင်အဖွဲ့အစည်းများအပေါ် ယုံကြည်မှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများသည် နိုင်ငံ၏လုံခြုံရေးနှင့် ကာကွယ်ရေးကို ထိခိုက်စေသည့် အကြောင်းအချက်များစွာ ခံစားရလေ့ရှိသည်။ နိုင်ငံများအနေဖြင့် စစ်အေးခေတ်အလွန်ကာမှစကာ သေနတ်ကိုင် စစ်တိုက်ရသည်ထက် ပိုသော လုံခြုံရေးအမြင်များကို ကြည့်လာရသည် (Witarti & Armandha, 2015)။

အရပ်သားအခြေပြု ကာကွယ်ရေးများမှာ စစ်အေးကာလက လေကြောင်းရန်ကာကွယ်ရေးနှင့် နျူးကလီးယား ခြိမ်းခြောက်မှုများတွင်  လူထုနေရာရွှေ့ရေးကိစ္စများကို ပိုမိုစဉ်းစားခဲ့ကြသည် (Alexander, 2002)။

စစ်အေးခေတ်အလွန်တွင် တင်းပြည့်ကြပ်ပြည့် စစ်ပွဲများ ဖြစ်လာရန်လမ်းစမရှိသလောက် နည်းသည်ဟုလည်း ယုံကြည်ခဲ့ကြသည် (Muradi, 2017)။ အရပ်ဘက် ကာကွယ်ရေးများမှာ စစ်တိုက်ရန် အခြေပြု စဉ်းစားချက်များ မဟုတ်တော့ပေ။ သို့ရာတွင် ယနေ့ခေတ်ကာလ ရုရှား-ယူကရိန်း အရေးနှင့် အစ္စရေး-ပါလက်စတိုင်း အရေးတို့ဖြစ်ပြီးနောက် စစ်ပွဲများအကြောင်း ပြန်စဉ်းစားလာရပြန်သည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန် ရေတပ်အကြီးတန်းအရာရှိတဦးက ၂၀၂၅ ခုနှစ်တွင် အမေရိကန်နှင့် တရုတ် စစ်ဖြစ်နိုင်ကြောင်း ပြောခဲ့သည်လည်း ရှိပါသေးသည်။

စစ်အုပ်ချုပ်ရေး၊ အာဏာရှင်စနစ်နှင့် ကာလရှည်ကြာ ပြည်တွင်းပဋိပက္ခများ အမြစ်တွယ်နေသည့် မြန်မာနိုင်ငံ၏ အခြေအနေတွင် SSR သည် မတည်မငြိမ်ဖြစ်စေသော အကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဒီမိုကရေစီဘက်သို့ ရွေ့လျားရန်အတွက် အရေးကြီးသည်ဟု လေ့လာသူအများအပြားက ရှုမြင်ကြပါသည်။

စစ်တပ်နှင့် အခြားလုံခြုံရေးအဖွဲ့အစည်းများကို ပြုပြင်ပြောင်းလဲခြင်းဖြင့် SSR သည် အရပ်သားထိန်းချုပ်မှုကို မြှင့်တင်ရန်၊ တရားဥပဒေစိုးမိုးရေးကို အားကောင်းစေရန်နှင့် လူ့အခွင့်အရေးစံနှုန်းများကို ထိန်းသိမ်းကာ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ချရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လုံခြုံရေးကဏ္ဍ ပြုပြင်ရေး လိုအပ်သည့် အကြောင်းများစွာရှိသည်။

  • ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးသည် စစ်တပ်အတွင်း ဗဟိုချုပ်ကိုင်မှုတခုတည်းတွင် အခြေခံသည့် အာဏာရှိပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးနှင့် လုံခြုံရေးကဏ္ဍ၏ အရပ်သား ကြီးကြပ်မှုကို အဟန့်အတား ဖြစ်စေခဲ့သည်။
  • စစ်တပ်၏ အင်အားသုံး ဖိအားပေး ချဉ်းကပ်မှုကြောင့် ပိုမိုဆိုးရွားလာသော မြန်မာပြည်တွင်းရှိ ပဋိပက္ခများသည် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နေရာရွှေ့ပြောင်းမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည်။
  • လုံခြုံရေးအဖွဲ့များ၏ တာဝန်ခံမှုမရှိခြင်းသည် လူ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော၊ အလွဲသုံးစားမှုများကို စစ်ဆေးခြင်းမပြုဘဲ အပြစ်ပေးမခံရသည့် ယဉ်ကျေးမှုကို ဆက်လက်တည်မြဲစေသည်။
  • ယခင်ကာလက မြန်မာနိုင်ငံ၏ မတူကွဲပြားသော လူမျိုးရေးနှင့် ဘာသာရေး အခင်းအကျင်းမှ ဖြစ်ပေါ်လာသော တင်းမာမှုများသည် စစ်ရေး၊ နိုင်ငံရေး ဖိနှိပ်မှုများနှင့် တွေ့ဆုံသည့်အခါ အကြမ်းပတမ်းဖြစ်စဉ်များဆီ ဦးတည်စေပြီး လူမှုစည်းလုံးညီညွတ်မှုနှင့် လူထုစည်းလုံးညီညွတ်မှုကို ပိုမိုပျက်စီးစေခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို မြှင့်တင်ရန် နိုင်ငံတကာမှ ဖိအားပေးတိုင်းလည်း မြန်မာနိုင်ငံတွင် လုံခြုံရေးကဏ္ဍပြောင်းလဲရေး လိုအပ်မှုကို အမြဲတမ်း ထောက်ပြကြပါသည်။

ထိရောက်သော ပြောင်းလဲမှုအတွက် အခြေခံစဉ်းစားချက်များ

စာပေများတွင် တွေ့ရတတ်သည့် ထိရောက်သော SSR ပဏာမခြေလှမ်းများ၊ လိုက်နာသင့်သည့် အဓိကအခြေခံမူများနှင့် ပန်းတိုင်များစွာကို အကျဉ်းချုပ်ဖော်ပြထားပါမည်။

  • ရပ်သားထိန်းချုပ်ရေးနှင့် ကြီးကြပ်ကွပ်ကဲမှု – SSR သည် လုံခြုံရေးကဏ္ဍအား အရပ်သားထိန်းချုပ်မှုနှင့် ကြီးကြပ်မှုဆိုင်ရာ ယန္တရားများကို ထူထောင်ရန်၊ လုံခြုံရေးတပ်ဖွဲ့များသည် ဒီမိုကရေစီဘောင်အတွင်း လည်ပတ်ရန်နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် သေချာစေရန် ကြိုးပမ်းရမည်။
  • ကျွမ်းကျင်ပိုင်နိုင်မှုနှင့် လေ့ကျင့်ရေး – SSR သည် ၎င်းတို့၏ ထိရောက်မှုနှင့် တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် လေ့ကျင့်ရေးနှင့် စွမ်းရည်တည်ဆောက်မှုမှတဆင့် လုံခြုံရေးတပ်ဖွဲ့များကို ကျွမ်းကျင်မှု တိုးပွားလာစေရမည် ဖြစ်သည်။
  • တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု – SSR သည် လုံခြုံရေးကဏ္ဍအတွင်း တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုကို ထွန်းကားစေနိုင်သည်။ လုံခြုံရေးဝန်ထမ်းများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များအတွက် တာဝန်ရှိရမည်။ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များသည် ပွင့်လင်းမြင်သာမှုရှိစေရန် အာမခံရပါမည်။
  • အားလုံးပါဝင်မှုနှင့် မတူကွဲပြားမှု – SSR သည် လူမှုလိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာဖြေရှင်းရန်နှင့် စည်းလုံးညီညွတ်မှုကို မြှင့်တင်ရန်အတွက် လူဦးရေ၏လူမျိုး၊ ကျား၊ မနှင့် ယဉ်ကျေးမှုကွဲပြားမှုကို ထင်ဟပ်စေသည့် လုံခြုံရေးအဖွဲ့အစည်းများ တည်ဆောက်ရန်၊ အားလုံးပါဝင်ပြီး စုံလင်စွာဖြင့် ကွဲပြားစေရန် ရည်ရွယ်ရမည်။
  • လူ့အခွင့်အရေးစံနှုန်း – SSR သည် လူ့အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို လိုက်နာရန် ရှေ့ရှုရမည်။ အကြမ်းမဖက်သောနည်းလမ်းများကို အခြေခံဗဟိုပြု ချဉ်းကပ်ကာ ပဋိပက္ခ၏ မူလဇစ်မြစ်အကြောင်းများကို ကိုင်တွယ်ဖြေရှင်းသည့် ပဋိပက္ခကို သတိထားသော ချဉ်းကပ်မှုကို လက်ခံပါသည်။

ဤအခြေခံမူများနှင့် ရည်ရွယ်ချက်များသည် မြန်မာနိုင်ငံတွင် စစ်မှုထမ်းခြင်းဥပဒေကို အကောင်အထည်ဖော်ခြင်း အပါအဝင် ဖြစ်ပေါ်လာသော အခြေအနေများကို အသုံးချကာ SSR ကြိုးပမ်းအားထုတ်မှုများကို တိုးတက်စေရန်နှင့် တိုးတက်မှုကို သုံးသပ် အကဲဖြတ်ရန်အတွက် မူဘောင်တစ်ခု ပံ့ပိုးပေးပါသည်။

စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်လာလျှင် ဤအခြေခံမူများနှင့်အညီ ချဉ်းကပ်ကာ အရပ်သားထိန်းချုပ်မှု၊ တာဝန်ခံမှု၊ အားလုံးပါဝင်မှု၊ ခေတ်မီသည့် လောကအမြင် နှင့် စစ်တပ်အတွင်း လူ့အခွင့်အရေးကို လေးစားလိုက်နာရန် လိုအပ်ကြောင်း နားလည်စေမှုများဖြင့် ပိုမိုကျယ်ပြန့်သော SSR ပန်းတိုင်များကို အထောက်အကူဖြစ်စေနိုင်ပါသည်။

စစ်မှုထမ်းဥပဒေ၏ အခန်းကဏ္ဍ

စစ်မှုထမ်းဥပဒေကို မဖြစ်မနေ အကောင်အထည် ဖော်လာခဲ့လျှင် ယင်းအခွင့်အရေးသည်ပင် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR) အတွက် ကြိုးပမ်းအားထုတ်မှု ထွန်းကားစေရန် အတွက် အလှည့်အပြောင်းတစ်ခုအနေဖြင့် အသုံးပြုနိုင်ပါသည်။

ထိုကဲ့သို့ အကောင်အထည်ဖော်မှုသည် စစ်တပ်အတွင်း အသွင်ကူးပြောင်းရေး အပြောင်းအလဲများကို ဆောင်ကြဉ်းပေးနိုင်ပြီး အားလုံးပါဝင်နိုင်မှု၊ တာဝန်ခံမှုနှင့် ဒီမိုကရေစီတန်ဖိုးများ မြှင့်တင်ရေးစသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။

စစ်မှုထမ်းဥပဒေသည် မြန်မာနိုင်ငံရှိ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွင် အခြေခံအုတ်မြစ်အဖြစ် မည်သို့ဆောင်ရွက်နိုင်သည်ကို ကျွန်ုပ်တို့ စူးစမ်းလေ့လာပါမည်။ 

စစ်တပ်အတွင်း အားလုံးပါဝင်နိုင်မှုကို မြှင့်တင်ပေးခြင်း

သဘာဝအားဖြင့် မတူကွဲပြားမှုများကို ကိုယ်စားပြုပြီး လူမျိုးရေး၊ ဘာသာရေးနှင့် လူမှုရေးအလွှာများအားလုံး ပါဝင်သည့် လုံခြုံရေးတပ်ဖွဲ့များကို တည်ဆောက်ရမည်ဖြစ်သည်။ စစ်မှုထမ်းဥပဒေသည် အရပ်သားများအတွက် စစ်သားများ၏ အချိုးအစားကို ပြောင်းလဲစေနိုင်သလို လက်ရှိစစ်တပ်၏ ဖက်ဆစ်ဝါဒကို အားပျော့မှေးမှိန်အောင် ပြုလုပ်ဖို့ အခြေခံဖြစ်နိုင်သည်။ စစ်တပ်အတွင်း ဤပါဝင်မှုသည် လူမျိုးရေး နှင့် လူမှုရေး ကွဲပြားမှုကို ပေါင်းကူးပေးခြင်းအတွက် အုတ်မြစ်လည်း ဖြစ်နိုင်သည်။

တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ခြင်း

နောက်ထပ်အရေးကြီးသောရှုထောင့်မှာ လုံခြုံရေးကဏ္ဍအတွင်း တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ခြင်း ဖြစ်သည်။ မဖြစ်မနေ စစ်မှုထမ်းရသည့်အခါ အရပ်သားများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထိန်းသိမ်းရန်လိုအပ်ကြောင်း ပြောကြားဆွဲဆောင်ခြင်းအားဖြင့် စစ်သားများအကြား ၎င်းတို့၏ တာဝန်ကို အလေးပေးကာ ကျင့်ဝတ်သီလအမြင်များ တိုးပွားစေနိုင်သည်။

စစ်ဘက်ဆိုင်ရာ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များနှင့် အရင်းအမြစ်ခွဲဝေမှုတွင် ကျိတ်လုပ်ကျိတ်စား မဟုတ်တော့ပဲ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးနိုင်သည်။ ထို့အပြင် စစ်တပ်အတွင်း အရပ်ဘက် ကြီးကြပ်ရေး ယန္တရားများနှင့် ပွင့်လင်းမြင်သာမှု အစီအမံများကို ပြဌာန်းခြင်းဖြင့် အာဏာနှင့် အဂတိလိုက်စားမှု ချိုးဖောက်မှုများကို တားဆီးရန် စိတ်အခံများလည်း ထွန်းကားအောင် အုတ်မြစ်ချရေးအတွက် လမ်းစဖြစ်နိုင်သည်။

စစ်တပ်တွင်း ဒီမိုကရက်တစ် အတွေးများ ပြန့်ပွားစေခြင်း

လုံခြုံရေးကဏ္ဍအတွင်း ဒီမိုကရေစီ အုပ်ချုပ်ရေးကို မြှင့်တင်ရန်၊ လုံခြုံရေးတပ်ဖွဲ့များသည် ဒီမိုကရေစီ အခြေခံမူများ၊ လူ့အခွင့်အရေးများနှင့် တရားဥပဒေ စိုးမိုးရေးကို လေးစားလိုက်နာရန် ကြိုးပမ်းရမည် ဖြစ်သည်။

သို့ရာတွင် အရာရှိများဖြစ်လာအောင် စောင့်ပြီးမှ အင်စတီကျူးရှင်းထဲ ဝင်ပြင်သော ဘရောက်ဒါဝါဒဆန်ဆန် စဉ်းစားချက်မျိုးမဟုတ်ပဲ စစ်တပ်အတွင်းက အောက်ခြေသစစ်သားအားလုံး ယဉ်ကျေးမှုအမြင်၊ လောကအမြင်နှင့် ဘဝနေနည်းများ ပြောင်းလဲစေရေးအတွက်ကို စဉ်းစားလျှင် ဒီမိုကရေစီကို နားလည်သော ပြည်သူများစွာက တပ်အတွင်းမှ အမြဲတမ်းစစ်သားများနှင့် စကားပြော၊ ဖလှယ်နိုင်ကြသည့် အခွင့်အရေးသည် ကောင်းမွန်သော အခွင့်အရေးဟု ဆိုနိုင်သည်။

စစ်မှုထမ်းဥပဒေကြောင့် တပ်သားများနှင့် စကားပြောခွင့်ရခဲ့ပါကလည်း ယခုအခွင့်အရေးကို ကောင်းစွာအသုံးချပြီး လူ့အခွင့်အရေးများ၊ ခေတ်အမြင်များ၊ ဒီမိုကရေစီ စဉ်းစားချက်များ ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် စကားပြောစွမ်းရည်၊ ယုတ္တိတည်ဆောက်မှုစွမ်းရည်၊ အဆိုပြုနိုင်သည့် စွမ်းရည်များ ဖွံ့ဖြိုးအောင် ပြုလုပ်ထားရမည် ဖြစ်သည်။

ထိုအတွက် မိမိဘက်မှ စစ်အာဏာရှင်ဝါဒမှိုင်းများကို မမျောပါသွားရန် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရန် အရေးကြီးပါသည်။ 

စိန်ခေါ်မှုများ

ကနဦးကာလကပင် မြန်မာနိုင်ငံ၏ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးက စိန်ခေါ်မှု များစွာရှိခဲသည်။ မြန်မာ့စစ်တပ်က တိုင်ရင်းသား လက်နက်ကိုင် တော်လှန်ရေးများ ရှိနေသမျှ စစ်တပ်အခန်းကဏ္ဍကို ချပေးလို့ မရဟုဆိုကာ “အမြဲဇမ်း(စန်း)တင်”သည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ၏ ခြုံငုံမိသော လုံခြုံရေးကဏ္ဍ လိုလားချက်နှင့် စစ်တပ်၏ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များကို စစ်တပ်အောက် ဝင်ရောက်ကြစေရန် ဖိအားပေးမှုများသည် အမြဲပဋိပက္ခ ဖြစ်ခဲ့ရသည်။

တိုင်းရင်းသား တော်လှန်ရေးများက လွတ်လပ်သော ဖက်ဒရယ်မူများကို အခြေခံကာ ဖွဲ့စည်းရန် တိုက်တွန်းသလို စစ်တပ်က (ဗမာလူမျိုးကြီးလက္ခဏာဖြင့် ဖွဲ့စည်းထားသည့်) နိုင်ငံတော်စုဖွဲ့မှုအောက်တွင်သာ အားလုံးစီမံခန့်ခွဲရေးမူကို ကိုင်ခဲ့သည်။ ယုံကြည်မှုလည်း တည်ဆောက်၍ မရခဲ့ပေ။

ကိုယ်စားပြုမှု အသိအမှတ်ပြုမှုတို့လည်း မရှိခဲ့ပေ။ ထိုပြဿနာများက နဂိုကပင် ရှိသော ပြဿနာများ ဖြစ်သည်။

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် ဘယ်တုန်းကမှ အပြည့်အဝ အပြုသဘော မဆောင်ခဲ့ပါ။ မြန်မာစစ်တပ်သည် အရပ်သားများကို မည်သည့်အခါမျှ အထင်ကြီးခဲ့သည်မဟုတ်သလို တပ်ကသီးသန့်ရပ်တည်၊ ကိုယ့်ဘာသာအုပ်စုဖွဲ့လိုသည့် အင်စတီကျူးရှင်းဖြစ်သည်။

ထိုအင်စတီကျူးရှင်းနှင့် ပတ်သက်သည်နှင့် ပထမဆုံး ရင်ဆိုင်ရမည့်ပြဿနာက ဦးနှောက်ဆေး (Brainwash) ပြုလုပ်သည့် ပြဿနာပင် ဖြစ်သည်။ လူထုအနေဖြင့် ပထမဆုံး ကိုယ့်ယုံကြည်မှုကို ကိုယ်ဆန်းစစ်ပြီး ဗဟုသုတ အစာကျေအောင် ချေဖျက်ထားရန် လိုသည်။

“ဒီမိုကရေစီက ကောင်းတယ်”ဟု ကြားဖူးရုံမျှဖြင့်၊ စစ်တပ်ကို မကျေနပ်ရုံမျှဖြင့် မရပါ။ ဦးနှောက်ဆေးခြင်းကို တွန်းလှန်ရန်အတွက် တိကျသေချာသော အမြင်သဘောထားများ ရှိရန်လိုသည်။ အောက်ပါ မေးခွန်းအချို့ကို အစမ်းဖြေကြည့်နိုင်သည်။

(၁) အစိုးရသည် ပြည်သူကို ကာကွယ်စောင့်ရှောက်ရန် ကတိပြုကြသည်။ တဖက်က နိုင်ငံအချင်းချင်းကြား စစ်တိုက်ကြခြင်း၊ ကိုယ့်ပြည်သူကို အမြတ်ထုတ်ခြင်း၊ လူနည်းစုကို ဖိနှိပ်ခြင်း၊ ဘက်လိုက်ခြင်းများလည်း အစိုးရများက လုပ်ဆောင်ကြသည်။ အစိုးရသေးလျှင် ပြည်သူကို ဝန်ဆောင်နိုင်ခြင်း အားနည်းသည်၊ အစိုးရ ကြီးလျှင် ပြည်သူကို ဖိနှိပ်ရန် လက်တံများလာသည်။ အစိုးရကို လုပ်ပိုင်ခွင့် မည်မျှ ပေးသင့်သနည်း။

(၂) နိုင်ငံများ၏ ဓနဥစ္စာကို ဖန်တီးရန် မည်သူ့တွင် တာဝန်ရှိသနည်း။ အစိုးရသည် ဓနဥစ္စာကို ဖန်တီးရာတွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်ထိုက်သနည်း။ 

(၃) လူတိုင်း လွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်ခွင့်ရရှိရေးအတွက် ဒီမိုကရေစီကို လိုလားသည် ဆိုပါလျှင် လူတဦးအဖို့ သူ့ယဉ်ကျေးမှု၊ မျိုးရိုးဆင်းသက်မှုသမိုင်းနှင့် စုဖွဲ့လိုသောပုံစံများကို ကန့်သတ်ပြီး မိမိတို့သမိုင်းနှင့် မိမိတို့မြန်မာနိုင်ငံတော်ကိုသာ သစ္စာရှိရမည်ဟု ဆိုခြင်းက ကျင့်ဝတ်နဲ့ ညီပါသလား။

(၄) ဒီမိုကရေစီတွင် လူအများက အနိုင်ရသည်ဟု ဆိုကြသောအခါ လူနည်းစုအခွင့်အရေးကို လူအများစုက မပေးချင်သည့်အချိန်၊ သို့မဟုတ် ရုတ်သိမ်းချင်သည့်အချိန်တွင် မည်သို့ လုပ်ကြမည်နည်း။ 

(၅) တော်လှန်ရေးအဖွဲ့များစွာက မိမိတို့ကြမ္မာမိမိတို့ ဖန်တီးခွင့်ရရှိရေးက မိမိတို့ လမ်းတံတားများ ရရှိရေးထက် အရေးကြီးသည်ဟု ယူဆကြသည်မှာ ထင်ရှားသည့်အတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို လျှောက်လှမ်းလိုလျှင် မည်သည်ကို အရင်လုပ်ကြသင့်ပါနည်း။ 

(၆) ဗမာလူမျိုးကြီးဝါဒ၏ အလွှာများမှာ မည်သည့်အလွှာများ ဖြစ်သနည်း။ မည်သူတို့က ဝါဒဖြန့်သနည်း။

(၇) ပြည်ထောင်စု ဖက်ဒရယ်စနစ်တွင် စစ်တပ်၊ ရဲတို့ကို မည်သို့ ပုံဖော်ဖွဲ့စည်းသင့်သနည်း။

ယင်းမေးခွန်းများကို လူတိုင်းဖြေနိုင်အောင် ကြိုးစားလေ့လာထားသင့်ပါသည်။ ထို့အပြင် တိုင်းရင်းသားများ ဖြစ်ပါလျှင် မိမိတို့သည် အဘယ်ကြောင့် ထင်ရှားသောအမျိုးသားလူထု ဖြစ်ကြသနည်း၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးဆိုသည်မှာ အဘယ်နည်း၊ မိမိတို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး ဘာကြောင့်ရသင့်သနည်းဆိုသည်ကို သေချာကျနစွာ သမိုင်းနှင့် နိုင်ငံရေးအတွေးအခေါ်များ အခြေခံကာ ရှင်းပြနိုင်သင့်သည်။

အရပ်သားများ၏ စွမ်းဆောင်ရည်

အရပ်သားများကို စစ်ရေးလေ့ကျင့်မှုများတွင် ထည့်သွင်းပြီး စစ်သားများနှင့် တူတူရှိစေသည့်အခါ မိမိတို့အမြင်နှင့် တည်ငြိမ်သည့် နိုင်ငံရေးစနစ်ကို ဖိနှိပ်မှုများ မပါပဲ တည်ဆောက်နိုင်မည့်အကြောင်း သူတို့ သိစေရမည်။ မိမိတို့ ပြည်သူလူထုများမှ စေတနာကောင်း၊ အတွေးခေါ်ကောင်းများ၊ နားလည်မှုများဖြင့် သူတို့ကို ရှင်းပြရန် ယခုကပင် ပြင်ဆင်ကြရမည်။

အရပ်သားများ၏ အခန်းကဏ္ဍသည် နိုင်ငံတခုအတွက် ဗဟိုအကျဆုံး ဖြစ်ကြောင်း ရှင်းပြနိုင်ဖို့ လိုအပ်သည်။ အုပ်ချုပ်သူများကို သစ္စာရှိခြင်းထက်၊ ပြည်သူကို သစ္စာရှိခြင်း၏ ကိုယ့်ကျင့်သီလကို ရှင်းပြနိုင်ရမည်။ အငြင်းအကန်မဟုတ်၊ ဆွဲဆောင်နိုင်ရန် လိုသည်။ ထိုအခါ ဖက်ဒရယ်၊ ဒီမိုကရေစီနှင့် တန်းတူညီမျှသော အခွင့်အရေး အမြင်များအတွက် မျိုးစေ့ချနိုင်လိမ့်မည်ဖြစ်သည်။ 

စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ခြင်းသည် မြန်မာနိုင်ငံတွင် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး အခြေခံအုတ်မြစ်ဖြစ်ရန် အလားအလာများ ရှိနေပါသည်။ စစ်တပ်အတွင်း တာဝန်ခံမှု၊ အားလုံးပါဝင်နိုင်မှုနှင့် ဒီမိုကရေစီစံနှုန်းများ ပြန့်ပွားစေခြင်းဖြင့် တရားမျှတမှု အခြေခံသည့် ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေးကို ထွန်းကားစေနိုင်သည်။ ယခုကဲ့သို့ ဖြစ်ပေါ်လာသည့် ပြဿနာကို အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်ရန်မှာ လူထု၏ ပါဝင်မှု၊ အဖွဲ့အစည်းများ၏ ဗျူဟာနှင့် နိုင်ငံတကာ၏ အကူအညီများ ရရှိပါမူ အကျိုးအရှိဆုံးလည်း ဖြစ်ပါလိမ့်မည်။

အချုပ်သုံးသပ်ခြင်း

ပြည်တွင်းရှိ ပြည်သူများသည် ဆုပ်လည်းစူး၊ စားလည်းရူး ဆိုသည့်အနေအထားမျိုးမှာ ပိတ်နေမိသည်။ ထိုအတွက် မိမိတို့အနေဖြင့် လက်ရှိပေးထားသော အခြေအနေအတွင်း ပုံစံမျိုးစုံဖြင့် စစ်အာဏာရှင်စနစ်၏ သားကောင်မဖြစ်အောင် ကြိုတင်ပြင်ဆင်ထားဖို့လိုသလို၊ စစ်အာဏာရှင်စနစ်ကိုလည်း ရရာနည်းလမ်းနဲ့ အကိုင်းချိုး၊ အမြစ်လှန်ထုတ်ရန် လိုအပ်ပါသည်။

အာဏာရှင်စနစ်၏ အပြောင်းအလဲလုပ်၊ ကစားကွက်ပြောင်းချိန်တွင် ထွက်ပေါ်လာသော ဟာကွက်ကို အမိအရ ဖမ်းဆုပ်ပြီး သူ့ဗျူဟာနဲ့ တန်ပြန်တိုက်ရန်အလွန်အရေးကြီးပါသည်။ လက်ရှိအပြောင်းအလဲသည် ပြည်တွင်းနေ ပြည်သူတို့အတွက် အာဏာရှင်စနစ်ကို တွန်းလှန်ဖို့အတွက် လမ်းစအသစ်ဖြစ်သည်။ 

မြန်မာစစ်တပ်၏ အကြုံကုန်ဂဠုန်ဆားချက်သည့် လုပ်ရပ်အဖြစ် အရင်အစိုးရအဆက်များကပင် ရှိလာခဲ့သည့် စစ်မှုထမ်းဥပဒေကို အသက်သွင်းရန် စဉ်းစားကြသည်။ ရုတ်တရက်ကြည့်လျှင် ပြည်သူကို ပြည်သူနဲ့ ပြန်တိုက်ရန် စဉ်းစားချက်ဖြစ်သည်။ သို့ရာတွင် ထိုသို့ ပြုလုပ်သည့် ဗျူဟာအတွက် ပြည်သူများကို သူတို့စည်းဝိုင်းထဲက၊ သူတို့မိသားစုဝင်များနှင့် ထိတွေ့ရမည့်လမ်းကို ဖွင့်ပေးလာရမည် ဖြစ်သည်။ 

မဖြစ်မနေ စစ်မှုထမ်းရမည့် အနေအထား ဖြစ်လာပါက ယခုဖြစ်စဉ်ကိုပင် စစ်အာဏာရှင်စနစ်ကို အတွင်းဖြိုနိုင်မည့်အခွင့်အရေးအဖြစ် ရှုမြင်ကာ စွမ်းရည်များ ဖြည့်ဆည်းထားပြီး ယင်းအခွင့်အရေးကို အရယူရမည် ဖြစ်သည်။ မြန်မာစစ်တပ်၏ အတွင်းတွင် အရာရှိဖြစ်အောင် လုပ်ရန်မဟုတ်ပဲ သူတို့ ဦးနှောက်ဆေးခြင်းကို ကြံ့ကြံ့ခံရန် လိုသည်။

စစ်တပ်တွင်းက တပ်သားများ နှင့် သူတို့မိသားစုများ၊ ပိတ်ဆို့ခံထားရသည့် ပဒေသရာဇ်အတွေးများကို ဖောက်ထွက်ကာ နိုင်ငံရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ လောကပါလအမြင်များ တိုးပွားစေရေး ရှင်းပြဆွဲဆောင်နိုင်ရန် မိမိတို့ကိုယ်ကို ပြင်ဆင်ကြဖို့ရာ လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်။