• Today is: Friday, May 17, 2024

စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေနှင့် နောက်ဆက်တွဲအလားအလာ

စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေနှင့် နောက်ဆက်တွဲအလားအလာ
 
ရေဆန် | အတွေးအမြင်
 
ဒီရက်ပိုင်းအတွင်းမှာပဲ မြန်မာစစ်တပ် စစ်ကောင်စီဘက်ကနေ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်းကျူးလွန်လို့ရတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုအတည်ပြုလိုက်ပါတယ်။ ဒီထုတ်ပြန်ချက်အပြီး ကျနော်တို့ပြည်သူတွေအချင်းချင်းကြား လူမှုကွန်ယက်တွေပေါ်မှာ တော်တော်လေးကြီးကြီးမားမားရိုက်ခတ်သွားတာတွေ့ရပါတယ်။
 
ဒါဟာ တဖက်ဖက်ကို ပြတ်ပြတ်သားသားရပ်တည်ဖို့ တွန်းပို့စေသလို ဥပဒေအမည်တပ်ပြီး ပေါ်တင် ငွေညစ်ဓားပြတိုက်တာ၊ တပ်သားစုဆောင်း/ပေါ်တာဆွဲတာ၊ လူသားဒိုင်းလုပ်ဖို့ စတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင် စာထုတ်ပြီးပြီးချင်း ချက်ချင်းအရေးယူပြသလို ဥပဒေမဲ့အဖမ်းအဆီးတွေလုပ်ပြီး ကော်မတီဖွဲ့စည်းကြောင်းထုတ်ပြန်ပြလိုက်တာဟာ အထွေထွေကျပ်တည်းမှုကြားထဲက လူထုအပေါ် စိုးရိမ်လွန်ကဲစိတ်တွေ/ဆုံးဖြတ်ချက်အမှားတွေ ပိုဖြစ်စေအောင် တမင်ခြောက်လှန့်လိုက်တယ်လို့လည်း ယူဆပါတယ်။
တကယ်တော့ သူတို့ရဲ့လူ့အခွင့်အရေးချိုးဖောက်တဲ့ ဒီစစ်ရာဇဝတ်မှုတွေ ဒီလုပ်ရပ်တွေအမူအကျင့်တွေဟာ ကျနော်တို့တိုင်းရင်းသားဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေအတွက်တော့ အထူးအဆန်းမဟုတ်ပါဘူး။ ဟိုအရင်ထဲက ရင်ဆိုင်ကြုံတွေ့လာခဲ့ရတာတွေဖြစ်ပြီး အခုချိန်မှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတဲ့ တရားဝင်ခေါင်းစဉ်တပ်ပြီး တတိုင်းပြည်လုံး/တပြည်သားလုံးအပေါ်သက်ရောက်စေတဲ့ တရားဝင်ထုတ်ပြန်ကြေညာချက်ကလွဲလို့ လက်ရှိလုပ်နေတဲ့လုပ်ရပ်တွေအကျင့်တွေကတော့ အသစ်မဟုတ်ဘဲ ဖိနှိပ်ရက်စက်မှုပုံစံအဟောင်းတွေပဲဖြစ်ပါတယ်။
 
💢အဆုံးထိဆက်သွားတော့မယ့်စစ်ကောင်စီ
 
ထွက်ပေါက်ပိတ်နေတဲ့စစ်အုပ်စုဟာ အဆုံးထိဆက်သွားတော့မယ့်အခြေအနေကို ဦးတည်နေတာဖြစ်ပြီး တိုင်းပြည်နဲ့လူထုကြေကြေမွမွဖြစ်တဲ့အထိ သူတို့အာဏာဆက်လက်တည်မြဲဖို့ကို လုပ်လို့ရတဲ့အကြမ်းဖက်မှုမှန်သမျှ နည်းလမ်းပေါင်းစုံသုံး တလှမ်းပြီးတလှမ်း ဆက်တိုးဝင်သွားတော့မယ်လို့ ယူဆပါတယ်။
 
အထင်ရှားဆုံးအထောက်အထားတွေအနေနဲ့ စစ်ရေးထွက်ပေါက်အဖြစ် လက်နက်ကိုင်ဆောင်ခွင့်ဥပဒေကနေ အခုစစ်မှုထမ်းဥပဒေတွေထိ တဆင့်ချင်းတက်လာတာဖြစ်ပြီး တဘက်မှာလည်းနိုင်ငံရေးထွက်ပေါက်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့အတူ စစ်တပ်လက်အောက်ခံနိုင်ငံရေးပါတီတွေနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုပါ သဘောတူလိုက်ပုံကိုကြည့်ခြင်းအားဖြင့် စစ်ရေးနိုင်ငံရေးထွက်ပေါက်နှစ်မျိုးလုံးကို တပြိုင်တည်း ချိန်ကိုက်ပြင်ဆင်လာတာလည်းဖြစ်ပါတယ်။
 
💢တော်လှန်ရေးအင်အားစုတွေကြုံတွေ့ရနိုင်တဲ့စိန်ခေါ်မှုများ
 
စစ်မြေပြင်မှာရှုံးနိမ့်မှုတွေဆက်တိုက်ရင်ဆိုင်နေရတဲ့ စစ်အုပ်စုအနေနဲ့ စစ်မှုထမ်းဥပဒေကြောင့် သူတို့စစ်အုပ်စုအတွက်အရေးပေါ်လိုအပ်နေတဲ့ လူသားအရင်းအမြစ်ပြဿနာကိုဖြေရှင်းချင်သလို တော်လှန်ရေးဘက်ကို လူငယ်တွေပိုမိုရောက်ရှိသွားတဲ့အခါ တော်လှန်ရေးအတွက်အားတစ်လက်ဖြစ်စေပေမယ့် ဒီလို များပြားလှတဲ့ တဟုန်ထိုး တိုးဝင်လာမယ့်လူတွေနဲ့ပတ်သက်လို့ လူသားအရင်းအမြစ်ဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာနဲ့ အရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ စတဲ့ ရေတိုရေရှည်ကြုံရနိုင်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာပြဿနာတွေကိုလည်း ဦးတည်စေနိုင်ပါတယ်။
 
ပြီးတော့ သူတို့ရဲ့စစ်ရေးအင်အားပြန်လည်ဖြည့်တင်းဖို့အတွက် အချိန်ဆွဲဆန့်တာ/အချိန်ယူတာအပြင် တလရအင်အားစုတွေ တရသအင်အားစုတွေအနေနဲ့ စစ်ဘေးရှောင်နဲ့ စစ်စရိတ်တွေ ကယ်ဆယ်ရေးအလုပ်တွေ ပိုမိုကြီးမားကျယ်ပြန့်လာနိုင်တာကြောင့် စစ်ရေး တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာလည်း နှောင့်နှေးကြန့်ကြာမှုတချို့ကို ရင်ဆိုင်ရနိုင်ပါတယ်။
 
💢တွန်းအားပေးခံရတော့မယ့်စားပွဲဝိုင်းအလားအလာ
 
လက်ရှိနှစ်ဖက်အခြေအနေအရ တော်လှန်ရေးတပ်ဦးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ရဲ့ ထိပ်တိုက်နိုင်ငံရေးစားပွဲဝိုင်းတွေနဲ့ စေ့စပ်ညှိနှိုင်းရေးတွေဟာ မြန်မြန်ရှေ့ရောက်လာနိုင်သလို အခြေအနေအဘက်ဘက်ကလည်း နှစ်ဘက်လုံးစားပွဲဝိုင်းပေါ်မှာသာအဖြေဆက်ရှာကြတော့ဖို့ ဖိအားပေးတွန်းအားပေးလာစေနိုင်တဲ့ အခင်းအကျင်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။
 
ဒါပေမယ့် ကြိုတင်မှန်းဆမရတဲ့ စစ်အုပ်စုရဲ့အတောမသတ် မိုက်မဲရက်စက်မှုတွေကြောင့် လူထုနဲ့တိုင်းပြည်ဟာ အသေအကြေ သွေးချောင်းစီးပြီး စစ်အုပ်စုအနေနဲ့ ထွက်ပေါက်တစ်ခုမှမရှိတော့တဲ့ အဆုံးမှသာ ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းကို ရွေးချယ်နိုင်ချေများပါတယ်။ ထို့အတူပဲ “အောက်ခြေလူထုအထိခိုက်အနည်းဆုံးနဲ့တော်လှန်ရေးအောင်မြင်ဖို့” နဲ့ “စစ်တပ်တစ်ခုလုံးအမြစ်ပြတ်ကျဆုံးဖို့” ဆိုတဲ့ အခြေအနေနှစ်ရပ်ကြား တော်လှန်ရေးတပ်ဦးတွေအနေနဲ့ ကြုံရနိုင်တဲ့ အခက်အခဲတွေလည်းရှိလာနိုင်ပါတယ်။