• Today is: Tuesday, April 30, 2024

စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေအပေါ် လက်တွေ့ကျကျရင်ဆိုင်ခြင်း

စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေအပေါ်  လက်တွေ့ကျကျရင်ဆိုင်ခြင်း

ရေဆန် | အတွေးအမြင်

လတ်တလောဒီလိုအခြေအနေမှာ အဖိနှိပ်ခံပြည်သူအားလုံး ကြုံတွေ့နေရတဲ့အကြပ်အတည်းတွေကို လက်တွေ့ကျကျ ရင်ဆိုင်တုံ့ပြန်ဖြေရှင်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ လောလောဆယ်မှာတော့ လူတန်းစားအားလုံး အဖိနှိပ်ခံပြည်သူအားလုံးအပေါ်လွှမ်းခြုံတဲ့ စာနာထောက်ထားတဲ့ လက်တွေ့ကျကျ အကြံပြုချက်တွေ ဖေးမကူညီမှုတွေဟာ မတွေ့ရသလောက်နည်းလှပါတယ်။ ဒါပေမယ့် တွေးဆထားမိသလောက် အထူးသတိထားစရာအရေးကြီးအချက်တွေကိုတော့ အကျိုးအကြောင်းသင့် တင်ပြလိုက်ပါတယ်။

(၁) “လွန်ကဲတဲ့စိုးရိမ်မှုတွေမဖြစ်ဖို့” .. ဒီလိုစိုးရိမ်စိတ်လွန်ကဲမှုတွေကြောင့်နဲ့ ဆုံးဖြတ်ချက်တွေကို အလွယ်တကူ စိတ်လိုက်မာန်ပါ မချမှတ်ဖို့ပါ။

(၂) “လူတိုင်းကိုအယုံမလွယ်မိဖို့” နဲ့ ပြန့်ကြဲများပြားလှတဲ့ သတင်းအချက်အလက်တွေအပေါ် ချင့်ချိန်ယုံကြည်ပြီး ကိုယ့်အတွက်တကယ်အရေးပါ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကို ရွေးချယ်စိစစ်ပြီး ပြင်ဆင်ဖို့ပါ။

(၃) မြန်မာစစ်တပ်ရဲ့ အဓမ္မဥပဒေတွေနဲ့ အမိန့်မှန်သမျှကို ရရာနည်းနဲ့ အတတ်နိုင်ဆုံး “အမျော်အမြင်ရှိရှိ လိမ္မာပါးနပ်စွာ” လက်တွေ့ကျကျ ခုခံရင်ဆိုင် ဆန့်ကျင် တွန်းလှန်ဖို့ပါပဲ။

ဒီအဓမ္မဥပဒေနဲ့ပတ်သက်လို့ ပြည်သူတွေအများစုအနေနဲ့ ထွက်ပေါက်ရှာတဲ့နည်းလမ်း (၃) မျိုးကို ရွေးချယ်ကြတာ တွေ့ရပါတယ်။ ဒါကတော့ ပြည်ပထွက်တာနဲ့ ပြည်တွင်းထဲမှာဆိုရင် တောခိုတာနဲ့ တောမခိုပဲ ခုခံရင်ဆိုင်ဖြေရှင်းခြင်းပဲ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်ထွက်ပြီးပြီးချင်းမှာပဲ တလရတပ်ဖွဲ့တွေဘက်က တပ်သားစုဆောင်းရေးစာတွေ အသီးသီး ထွက်ပေါ်လာသလို လက်နက်ကိုင်ခွင့်/ခိုလှုံခွင့် လျှောက်ထားတဲ့လူငယ်တွေလည်း အလွန်များလာပြီး တချို့လည်းပြည်ပထွက်ဖို့ အတုန်းအရုန်း ကြိုးပမ်းနေကြတာတွေ့ရပါတယ်။ ထွက်ပေါက်တိုင်းလိုလိုမှာတော့ မြန်မာစစ်တပ်ဘက်က ပိတ်ဆို့ကန့်သတ်မှုတွေ အကြပ်အတည်းအတားအဆီးတွေ ဖန်တီးလုပ်ဆောင်နိုင်သလို ရွေးချယ်မှုတိုင်းလိုလိုမှာလည်း ကိုယ်မြင်နိုင်တဲ့/မမြင်နိုင်တဲ့ အန္တရာယ်အခက်အခဲ ကြမ်းတမ်းမှုမျိုးစုံရှိနိုင်ပါတယ်။ 

💢ပြည်ပထွက်ဖို့ပြင်ဆင်ခြင်း

ဒါကြောင့် ပြည်ပထွက်မယ့်သူတွေအနေနဲ့ ကိုယ်ယုံကြည်ရတဲ့သူတွေနဲ့ ခေါင်းအေးအေးထားပြီး သေချာအချိန်ယူဆွေးနွေးတာမျိုး လုပ်သင့်ပါတယ်။ ပြည်ပထွက်ဖို့ပဲဖြစ်ဖြစ် တောခိုဖို့ပဲဖြစ်ဖြစ် အိမ်ကထွက်မယ် ဆိုတာနဲ့ ကိုယ်သွားမယ့်နေရာလမ်းကြောင်းအခြေအနေနဲ့ တဖက်ကမ်း/နေရာကိုရောက်ပြီးတဲ့ အခြေအနေ သတင်းအချက်အလက်စသဖြင့် သေချာစနစ်တကျစုဆောင်းပြင်ဆင်ကာ အရေးပေါ်အခြေအနေအတွက်လည်း plan A/B စသဖြင့် ပြင်ထားနိုင်ရင် ပိုကောင်းပါတယ်။ ကိုယ့်အနေနဲ့ အိမ်မှာရှိတဲ့ပိုင်ဆိုင်မှုတွေရောင်းချ/ ပေါင်နှံပြီးထွက်ရမယ်ဆိုရင်တောင် အိမ်မှာကျန်ခဲ့မယ့် ကိုယ့်မိဘ/မိသားစုအပေါ် ထည့်သွင်းစဉ်းစားစီစဉ်ခဲ့တာမျိုးနဲ့ ကိုယ်ချိတ်ဆက်ပြီးထွက်ခွာမယ့် ကိုယ့်ကိုအကူအညီပေးမယ့်အဖွဲ့/အေဂျင်စီကိုလည်း သေသေချာချာ ကြိုတင်လေ့လာ စုံစမ်းသင့်ပါတယ်။            

မြန်မာစစ်တပ်အပါအဝင် တခြားသောမသမာသူဒုစရိုက်လောဘသားတွေရဲ့ လူကုန်ကူးတဲ့အန္တရာယ်၊ ကျွန်အဖြစ်လိမ်ညာရောင်းစားတဲ့အန္တရာယ်တွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရောင်းစားတဲ့ဂိုဏ်းတွေ၊ လောင်းကစားအလိမ်အညာအဖွဲ့တွေနဲ့လည်း ကြုံရနိုင်တာကြောင့် အိမ်ကမထွက်ခင်ကတည်းက ကြိုတင်ပြင်ဆင်ဖို့၊ လူတိုင်းကိုအယုံမလွယ်မိဖို့၊ မိမိရဲ့အစိုးရိမ်လွန်ကဲစိတ်အပေါ်သတိလက်လွတ်မဖြစ်မိဖို့ အလွန်အရေးကြီးပါတယ်။ ပြီးတော့ မိမိအိမ်ကစထွက်တာနဲ့ လမ်းတလျှောက်မှာ အရေးပေါ်ဆက်သွယ်နိုင်မယ့် အကူအညီတောင်းနိုင်မယ့်အဖွဲ့တွေရဲ့ ယုံကြည်ရတဲ့ contactတွေကို သေချာသိမ်းဆည်းမှတ်ထားစေချင်ပါတယ်။

💢တောခိုခြင်းဖြင့်ဖြေရှင်းခြင်း

တောခိုတဲ့အပိုင်းမှာလည်း ၂ပိုင်းရှိပါတယ်။ ကိုယ်က လက်နက်ကိုင်တပ်သားအဖြစ် ဝင်ရောက်မှာလားဆိုတာနဲ့ ပညာရှင်/ခိုလှုံသူအဖြစ်ပဲဝင်ရောက်မှာလားဆိုတာ ပထမဆုံးသေချာစဉ်းစား ဆုံးဖြတ်ဖို့ပါ။ အကယ်လို့ကိုယ်က တပ်သားအဖြစ်ဝင်ရောက်လိုစိတ်ပြင်းပြပေမယ့် ကိုယ်ရဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံအရ လက်နက်ကိုင်တပ်သားအဖြစ် မကိုက်ညီမှုတွေလည်းရှိနိုင်သလို ကိုယ့်အနေနဲ့သေနတ်ကိုင်ချင်ရုံ ပစ်တတ်ချင်ရုံပဲဆိုရင် အစထဲကဒီနည်းလမ်းကိုမရွေးချယ်ဖို့အကြံပြုချင်ပါတယ်။ ကိုယ့်အနေနဲ့ခိုလှုံသူ/ပညာရှင်အဖြစ်ပဲ ဝင်ခွင့်တောင်းတာမျိုးဆို စစချိတ်ဆက်ကတည်းက သေချာရှင်းရှင်းလင်းလင်း ပြောပြဖို့ လိုပါတယ်။ 

နောက်တချက်က တပ်သားသစ်စုဆောင်းတဲ့ တလရအဖွဲ့တွေလည်းများစွာရှိပြီး ဒီအဖွဲ့တွေအနေနဲ့လည်း သူတို့ရွေးချယ်ချက်တွေနဲ့အညီ ကိုက်ညီမှုရှိမရှိ ရွေးချယ်စိစစ်ကြသလို ကိုယ့်ဘက်ကလည်း ကိုယ်ရွေးချယ်မယ့်အဖွဲ့နဲ့ ပတ်သက်ပြီး သေချာစုံစမ်းစိစစ်ဖို့အရေးကြီးပါတယ်။ အခုချိန်မှာ တော်လှန်ရေးတပ်ဖွဲ့အယောင်ဆောင်ပြီး မြန်မာစစ်တပ်ဘက်ကလူခေါ်နိုင်တဲ့ fake page တွေ fake account တွေရှိနိုင်သလို မသမာသူဒုစရိုက်သမားတွေရဲ့လိမ်ညာခေါ်ဆောင်ခြင်း၊ လူကုန်ကူးခြင်းအန္တရာယ်တွေလည်း ရှိနိုင်တာကြောင့် အလွန်သတိပြုဖို့မှာချင်ပါတယ်။ 

💢တောမခိုပဲရင်ဆိုင်ဖြေရှင်းခြင်း

တောမခိုပဲ ဒါမှမဟုတ် တောခိုလို့/ပြည်ပထွက်လို့ရတဲ့အခြေအနေမှာမဟုတ်ခဲ့ရင်တော့ မိမိအနေနဲ့ မိမိရပ်ကွက် ပတ်ဝန်းကျင်အနေအထားပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့၊ နီးစပ်ရာ ယုံကြည်ရတဲ့ အွန်လိုင်းမြေပြင်စကောက်အဖွဲ့တွေ/သတင်းမီဒီယာတွေကနေ သတင်းအချက်အလက်တွေ အမြဲမပြတ်စောင့်ကြည့်ဖို့နဲ့ မိမိရပ်ကွက်/ကျေးရွာမှာရှိတဲ့ အုပ်ကြီး/ဆယ်အိမ်မှူး စတဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက် အပြုအမူ အလေ့အထတွေအပေါ်မူတည်ပြီး လိမ္မာပါးနပ်စွာ ရင်ဆိုင်ဖြေရှင်းဖို့ကြိုတင်ပြင်ဆင်တာ၊ စာရင်းလာကောက်မယ့်သူတွေ ဦးဆောင်မယ့်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေ ကောက်ယူတဲ့ပုံစံတွေ မေးမြန်းချက်တွေစသဖြင့် ရနိုင်သလောက်စုံစမ်းစုဆောင်းပြီး တတ်နိုင်သမျှနည်းလမ်းပေါင်းစုံသုံးကာ ရနိုင်သလောက်အချိန်ဆွဲဆန့်တာမျိုးစသဖြင့် စိုးရိမ်ကြောက်ရွံ့မှုမလွန်ကဲဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရင်ဆိုင်ဖြေရှင်းကြဖို့ အကြံပြုချင်ပါတယ်။ 

ဒါပေမယ့် ဒီအကြံပြုချက်တွေဟာ တကယ့်လက်တွေ့မှာတော့ ဘက်ပေါင်းစုံက အဖိနှိပ်ခံနင်းပြားတွေဖြစ်နေရတဲ့ အခြေခံလုပ်သား လက်လုပ်လက်စား ဆင်းရဲသားပြည်သူ စတဲ့ အခြေခံလူတန်းစားအားလုံး အလွှာအားလုံးအပေါ်လွှမ်းခြုံနိုင်မှု အလုံအလောက်မရှိနိုင်တာ လိုအပ်ချက် အားနည်းချက်များစွာရှိနိုင်တာအတွက်လည်း စိတ်မကောင်းစွာ ဖွင့်ဟဝန်ခံရင်း ပြည်သူမှာပြည်သူပဲရှိပြီး အဖိနှိပ်ခံပြည်သူအချင်းချင်း စာနာစိတ်ရှိရှိ အမျော်အမြင်ရှိရှိ လက်တွဲရင်ဆိုင်ကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။