• Today is: Tuesday, May 21, 2024

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ

သုံးလပတ် (၂၀၂၃ နိုဝင်ဘာ၊ ဒီဇင်ဘာ နှင့် ၂၀၂၄ ဇန်နဝါရီ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖယ်ဒရယ်ဂျာနယ်-မြန်မာက လစဉ်လေ့လာပြုစုပေါင်းချုပ်၍ ထုတ်ပြန်လျက်ရှိသည်။

ဤတစ်ကြိမ်တွင် ၂၀၂၃ နိုဝင်ဘာ၊ ဒီဇင်ဘာ နှင့် ၂၀၂၄ ဇန်နဝါရီ (၃)လအတွင်း အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် နှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာမှုများကို အောက်ပါအတိုင်း စုစည်းတင် ပြထားပါသည်။

အပိုင်း (၁)

(က) တိုက်ပွဲဖြစ်ပွားမှုနှင့် နှစ်ဖက်တပ်သားသေဆုံးမှု

၂၀၂၃ နိုဝင်ဘာ၊ ဒီဇင်ဘာ နှင့် ၂၀၂၄ ဇန်နဝါရီ သုံးလတာအတွင်း တိုင်းရင်းသားပြည်နယ်ဒေသ များတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုအကြိမ်ပေါင်း (၁၁၃၁)ကျော်ရှိခဲ့ရာ ရှမ်းပြည်နယ်တွင် (၄၆၀)ကြိမ်ဝန်းကျင်ဖြင့် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး၊ ကရင်ပြည်တွင် (၂၉၉)ကြိမ်ခန့်ဖြင့် ဒုတိယအများဆုံး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤသုံးလအတွင်း စစ်ကောင်စီတပ်သား‌ (၁၆၈၃)ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်သားကျဆုံးမှု (၂၉၆)ဦးခန့်ရှိခဲ့ပါသည်။

(၁) ကချင်ပြည်

ဤသုံးလအတွင်း စစ်ကောင်စီနှင့် ကချင်ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၅၃)ကြိမ်နှင့် စစ်ကောင်စီတပ်သား (၂၅)ဦးသေဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ပြည်သူ့ပူးပေါင်းတပ်ဖွဲ့များမှ တော်လှန်ရေးတပ်သားကျဆုံးမှုဆုံးမှုအား မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ပါ။

ကချင်လွတ်မြောက်ရေးတပ်မတော် – KIAနှင့် ပြည်သူ့တော်လှန်ရေး အင်အားစုအဖွဲ့များသည် ကချင်ဒေသများဖြစ်သော ရွှေကူမြို့နယ်၊ ပူတာအိုမြို့နယ်၊ ဖားကန့်မြို့နယ်နှင့် ကသာ၊ အင်းတော်၊ ကောလင်း၊ ထီးချိုင့်စသော ကချင်-စစ်ကိုင်းနယ်စပ်ရှိ မြို့နယ်များနှင့် ကွတ်ခိုင်၊ မူဆယ်၊ ပြင်ဦးလွင်၊ နောင်ချိုစသော ကချင်-ရှမ်းမြောက်ရှိ မြိုနယ်များသို့လည်း KIAတပ်မဟာများ၏ စစ်ရေးကွပ်ကဲမှုများဖြင့် ပူးပေါင်းစစ်ဆင် လျှက်ရှိပါသည်။

(၂) ချင်းပြည်

သုံးလအတွင်း စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၇၃)ကြိမ်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၇၆)ဦးနှင့် ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှ တပ်သားကျဆုံးမှု (၂၅)ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဉီး(CNF/A)နှင့် မြို့နယ်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ – CDFsများ ပူးပေါင်းစစ်ဆင်မှုသည် အဓိကကျပါသည်။ ချင်းလဲန်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ချင်းပြည်နှင့် ထိစပ်နေသည့် မကွေးတိုင်းဒေသရှိ ကန့်ကောဒေသတစ်ဝိုက်နှင့် စစ်ကိုင်းမှ ကလေးကဘော်ဒေသများ တွင်လည်း စစ်ရေးလှုပ်ရှားမှုရှိသည်။

(၃) ရခိုင်ပြည်

သုံးလအတွင်း ရခိုင်ပြည်နယ်အတွင်း၌ ထိတွေ့ပစ်ခတ်မှု (၁၁၁)ကြိမ်၊ စစ်ကောင်စီတပ်သားများသေဆုံးမှု ၆၇ ဦး နှင့် တော်လှန်ရေးရဲဘော်များသေဆုံးမှု (၄) ဦးအား မှတ်တမ်းတင်နိုင်ခဲ့သည်။

ရခိုင်တပ်တော် – AA သည် ချင်းပြည်နယ်ပလက်ဝမြို့နယ်၊ စစ်ကိုင်းတိုင်းထီးလင်းမြို့နယ်နှင့် ရှမ်းမြောက် ဒေသများတွင်လည်း စစ်ဆင်မှုရှိပါသည်။

(၄) ရှမ်းပြည်

သုံးလအတွင်း ရှမ်းပြည်တွင် ထိတွေ့ပစ်ခတ်မှုပေါင်း (၄၆၀)ကြိမ်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၆၄၈)ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖက်မှ ကျဆုံးမှု (၁၀၉)ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ရှမ်းပြည်နယ်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့များ၊ ကချင်အမျိုးသားတပ်မတော် – KIA၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ထိတွေ့ပစ်ခတ်မှုများရှိသည်။

(၅) ကယား(ကရင်နီ)ပြည်

သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၁၂၈) ကြိမ်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၅၇၆)ဦးနှင့် ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှတပ်သားကျဆုံးမှု (၁၃၈)ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကရင်နီပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ကရင်နီတပ်မတော်(KA) တို့ကြား တိုက်ပွဲ ဖြစ်ပွားမှုရှိသကဲ့သို့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ အခြားကရင်နီ ဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

ကရင်နီပူးပေါင်းတပ်ဖွဲ့ များသည် ကရင်နီအပြင် ကရင်နီ-ရှမ်း ထိစပ်ဒေသများဖြစ်သော ဖယ်ခုံမြို့နယ်နှင့် ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်တို့မှာလည်း စစ်မျက်နှာဖွင့်ကာ ရှမ်းပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ချို့နှင့်အတူ ပူးပေါင်းစစ်ဆင်ရေးများ လုပ်ဆောင်လျှက်ရှိသည်။

(၆) ကရင်ပြည်

သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကော်သူးလေအုပ်ချုပ်နယ်မြေရှိ ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၂၉၉)ကြိမ်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၂၇၆)ဦးနှင့် ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှ တပ်သားကျဆုံးမှု (၂၀)ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကော်သူးလေအုပ်ချုပ်နယ်မြေတွင် KNLA ၏ ဦးဆောင်စစ်ဆင်မှုသည် အဓိကဖြစ်ပြီး ကရင်အခြေပြုတော်လှန်ရေးအဖွဲ့အစည်းများအပြင် မွန်ပြည်နယ်အခြေပြု အဖွဲ့အစည်းများဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေးဘီလူးတပ်ဖွဲ့၊ ရေးမြို့နယ်ကာကွယ်ရေးအထူးတပ်ဖွဲ့ -YSTF၊ ရေးပြောက်ကျားတပ်ဖွဲ့ -YGF နှင့် သထုံခရိုင်အလုပ်အဖွဲ့-ABSDF၊ ဒေါနစစ်ကြောင်း နှင့် မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့သည် KNLA နှင့် ပူးတွဲစစ်ဆင်မှုရှိပါသည်။

ကော်သူးလေအုပ်ချုပ်နယ်မြေတွင် မွန်ပြည်နယ်မြို့နယ်များထဲမှ သထုံ၊ ဘီးလင်း နှင့် ကျိုက်ထို စသောမြို့နယ်များလည်း ပါဝင်သည်။

(၇) မွန်ပြည်

သုံးလအတွင်း စစ်ကောင်စီနှင့် မွန်တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၇)ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်သားများနှင့် စစ်ကော်စီအစေအပါးများ သေဆုံးမှု (၁၅)ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ တော်လှန်ရေးတပ်ဖွဲ့များမှ ထိခိုက်ကျဆုံးမှုအား မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ပါ။

မွန်ပြည်နယ်မြို့နယ်များထဲတွင် ကရင်ပြည်နယ်နှင့်ထိစပ်လျက်ရှိသော သထုံ၊ ဘီးလင်း နှင့် ကျိုက်ထို စသောမြို့နယ်များသည် ကော်သူးလေအုပ်ချုပ်နယ်မြေ (ခေါ်) KNU/KNLA ထိန်းချုပ်နယ်မြေများဖြစ်သည့် အလျောက် ၎င်းမြို့နယ်အခြေခံသော ကာကွယ်ရေးတပ်ဖွဲ့များသည် KNLA၏ စစ်ရေးကွပ်ကဲမှုဖြင့် ပူးပေါင်း စစ်ဆင်လျက်ရှိပါသည်။

(ခ) အရပ်သားပြည်သူအပေါ်တိုက်ပွဲ၏ အကျိုးဆက်များ

၂၀၂၃ နိုဝင်ဘာ၊ ဒီဇင်ဘာ နှင့် ၂၀၂၄ ဇန်နဝါရီ သုံးလအတွင်း တိုင်းရင်းသားဒေသအတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှု၊ လက်နက်ကိုင်တပ်ဖွဲ့များ၏ မြေမြုပ်မိုင်းများကြောင့်ထိခိုက်မှုနှင့် တိုက်ပွဲအတွင်းပစ်ခတ်မှုနှင့် သတ်ဖြတ်ခံရမှုများကြောင့် အရပ်သား သေဆုံးမှုစုစုပေါင်း (၅၀၆)ဉီး နှင့် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်း လက်နက်ကြီး ထိခိုက်ခံရမှုများကြောင့် အရပ်သားအိမ်ခြေ (၁၆၄၀) လုံးပျက်စီးမှုအား မှတ်တမ်းတင်နိုင်ခဲ့သည်။

ဤသုံးလတာ ကာလအတွင်း ရှမ်းပြည်နယ်တွင် အရပ်သားသေဆုံးမှုအများဆုံးဖြစ်ပြီး ပြည်သူ(၂၂၇)ဦး သေဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကရင်ပြည်နယ်တွင် အရပ်သားသေဆုံးမှု ဒုတိယအများဆုံးဖြစ်ကာ (၉၇)ဉီးနှင့် ကရင်နီပြည်နယ်သည် အရပ်သားသေဆုံးမှု (၇၃)ဉီးဖြင့် တတိယအများဆုံးဖြစ်ပြီး ၊ ရခိုင်ပြည်နယ်တွင် (၆၉)ဉီး၊ ချင်းပြည်နယ်တွင် (၂၇)ဉီးနှင့် ကချင်ပြည်နယ်တွင် (၁၃)ဦး စသည်ဖြင့် အရပ်သားသေဆုံးမှုအသီးသီးအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။

ပြည်သူ့အိုးအိမ်ပျက်စီးမှုအနေဖြင့်မူ ကချင်ပြည်တွင် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ပြီး (၅၅၇)လုံး၊ ကရင်နီပြည်နယ်တွင် ဒုတိယအများဆုံးဖြင့် (၄၈၁)လုံး၊ ကရင်ပြည်နယ်တွင် (၂၇၄)လုံးဖြင့် တတိယအများဆုံးဖြစ်ကာ၊ ရခိုင်ပြည်နယ်တွင် (၁၉၆)လုံး၊ ချင်းပြည်တွင် (၁၂၇)လုံး နှင့် ကချင်ပြည်နယ်တွင် (၅) လုံး စသဖြင့် အသီးသီးမှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကိုးကားချက်များ

(၁) လွတ်လပ်သော သတင်းမီဒီယာများ

(၂) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ

(၃) ဖက်ဒရယ်ဂျာနယ် မြန်မာ မေးမြန်း၊ စုဆောင်းချက်များ

                                                ဖက်ဒရယ်ဂျာနယ် မြန်မာ စုစည်းတင်ပြသည်။