• Today is: Tuesday, May 21, 2024

ရှမ်းတောင် နိုင်ငံရေးအခင်းအကျင်း မေးမြန်းချက် (၁)

ရှမ်းပြည်တောင်ပိုင်း လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ မဆောင်းနှင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

.

(၁)       လက်ရှိ ရှမ်းပြည်တောင်ပိုင်းရဲ့ နိုင်ငံရေးအခြေအနေကို သုံးသပ်ပေးပါအုံးခင်ဗျ။

–           လက်ရှိ ရှမ်းပြည်နယ်နိုင်ငံရေးရဲ့ နိုင်ငံရေးအခြေအနေလို့ ပြောရမယ်ဆိုရင် ပထဝီဝင်အနေ အထားကိုလည်း ကြည့်ရမှာပေါ့။ ဆိုတော့ ရှမ်းပြည်တောင်ပိုင်းလို့ ပြောလိုက်ရင် ကျွန်မတို့က မန္တလေး- လားရှိုးကားလမ်းမကြီးရဲ့ အရှေ့ဘက်မှာရှိတယ်။ သံလွင်မြစ်ရဲ့ အနောက်ဘက်၊ ပြီးရင် ကယားပြည်နယ် နဲ့ဆိုရင်လည်း အနောက်ဘက်လောက် ကျမှာပေါ့။ အဲဒီကြားပေါ့။ ပထဝီအနေအထားအရ အဲဒီမှာ ရှိနေတယ်။ ပြောရမယ်ဆိုရင်တော့ ရှမ်းတောင်မှာ မြို့နယ်တွေ အများကြီးရှိတယ်။ ဒီမြို့နယ်တွေ အများကြီးထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိတယ်။ ဥပမာ – SSPP၊ RCSS ရှိမယ်။ သံလွင် အရှေ့ဘက်ဆိုရင် RCSS ရှိမယ်။ မောက်မယ်ဘက်တွေဆိုရင် PNLA တို့ ရှိနိုင်တယ်။ ဖယ်ခုံ၊ မိုးဗြဲဘက်မှာ ဆိုရင်လည်း ကယန်းအဖွဲ့တွေ ရှိတယ်။ ပြန်ကြည့်လိုက်မယ်ဆိုရင် ရှမ်းပြည်တောင်ပိုင်းမှာ EAO တွေရှိသလို စစ်တပ်ရှိတယ်။ ပြည်သူ့စစ်တွေ ရှိတယ်။ ဒါတွေနဲ့ ရှုပ်ထွေးနေတာ ရှိတယ်။ ဒါက လက်နက် ကိုင်တွေနဲ့ ပတ်သက်တဲ့ အနေအထားဖြစ်တယ်။

.

နောက်တစ်ခုကျတော့ ရှမ်းတောင်ထဲမှာဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ ခုရှိတယ်။ ဓနုနဲ့ ပအိုဝ်းပေါ့။ ဆိုတော့ အဲဒီမှာ အခြေအနေတွေက အမျိုးမျိုးဖြစ်နေတယ်။ အလွှာစုံကို ကျွန်မတို့ ကြည့်ရမယ့်် အနေအထားမျိုးလည်း ဖြစ်တယ်။ အထူးသဖြင့် လက်ရှိမှာ စစ်ရေးအခြေအနေမျိုး ဆိုရင် လည်း ကြည့်ဖို့လိုတယ်။ သေချာတာကတော့ အရင်ကတည်းက ကျွန်မတို့ရဲ့ ဒီဘက် (ရှမ်းတောင်) ဘက်မှာ အားကောင်းတာဆိုရင် EAO အနေနဲ့ RCSS၊ SSPP လောက်ပဲပေါ့။ ဒါပေမဲ့ အခု ၂၀၂၁ နောက်ပိုင်းကျတော့ ရှမ်းပြည်တောင်ပိုင်းမှာ လက်နက်ကိုင်တွေ ပိုပြီးများလာတယ်။

.

သေချာတာကတော့ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ ကတော့ အားနည်းတယ်။ ဒါပေမဲ့ ကျွန်မတို့ မြင်တာက ရှမ်းတောင်အနေအထားဆိုရင် ပြည်သူကို ဦးဆောင်နိုင်တဲ့ နိုင်ငံရေးသမား ဆိုတာမျိုး၊ နိုင်ငံရေးပါတီ ဆိုတာမျိုး မရှိဘူး။ ပြည်သူဘက်က ရပ်တည် မယ်ဆိုတဲ့ နိင်ငံရေးသမားက မရှိသလောက် နည်းတဲ့ဟာမျိုးကို တွေ့ရတယ်။ သေချာတယ်။ ကျွန်မတို့ရဲ့ ရှမ်းပြည်တောင်ပိုင်းရဲ့ နိုင်ငံရေးအနေအထားကတော့ အနုတ်လက္ခဏာကို ပြနေတဲ့ အနေအထားဖြစ်နေ တယ်။ ဒါကတော့ ကျွန်မတစ်ဦးတည်းရဲ့ မြင်တဲ့ဟာမျိုး ဖြစ်ပါတယ်။

.

(၂) လက်ရှိ ရှမ်းပြည်တောင်ပိုင်းရဲ့ စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။

–           လက်ရှိ ရှမ်းပြည်တောင်ပိုင်းရဲ့ စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ တိုက်ပွဲ တွေကတော့ ရှိနေဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိဖြစ်နေတဲ့ နေရာတွေက ကျွန်မတို့မြင်တာ ဆိုရင် ကြားခံနယ်မြေဖြစ်တယ်။ မဲနယ်တောင် ဆိုတာမျိုးတွေက စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်း တွေဖြစ်တယ်။ အဲဒီနယ်မြေတွေကို နှစ်ဘက်စလုံးက ထိန်းချုပ်ချင်နေကြတဲ့ အနေအထားမျိုးတွေမှာ တစ်ဘက်ဘက်က မထိန်းချုပ်နိုင်သရွေ့ တိုက်ပွဲတွေကတော့ ဖြစ်နေဦးမှာပဲ။ ဆိုတော့ တစ်လ၊ နှစ်လ အတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ယူဆရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီနေရာက စစ်ရေးအရ အရေးပါတဲ့ နေရာမျိုး ဖြစ်နေလို့ပါ။

.

(၃) လူမျိုးပေါင်းစုံနေထိုင်ကြပြီး စစ်ပွဲမရှိတဲ့ ရှမ်းတောင်ဒေသက အခုဆို စစ်ပွဲတွေ မြင့်တက်လာတာ တွေ့ရပါတယ်။ ဒီလိုစစ်ရှိန်မြင့်လာတာက ရှမ်းတောင်ဒေသကို ဘယ်လို အပြောင်းအလဲ ဖြစ်စေနိုင် ပါသလဲ။

–           ရှမ်းတောင်မှာက ကျွန်မတို့ သိရသလောက် စစ်ပွဲတွေ သိပ်မဖြစ်ဘူး။ မိုးနဲ၊ ဖယ်ခုံလောက်မှာပဲ ဖြစ်တာရှိတယ်။ ဒါပေမဲ့ ဒီနှစ် ဇန်နဝါရီလပိုင်းက စပြီးတော့ ဆီဆိုင်ဘက်ကနေ စတင်လာတဲ့ စစ်ရေး အရှိန်တွေပေါ့။ အဲဒီ စစ်ရေးအရှိန်တွေက ရှမ်းတောင်ဒေသကို ဘယ်လိုမျိုး ပြောင်းလဲစေနိုင်သလဲဆိုရင် ရှမ်းတောင်မှာရှိနေတဲ့ လူထုတွေအပေါ်မှာ နှစ်ဘက်လုံးအနေနဲ့ ဖိနှိပ်မှုတွေ တိုးလာမယ့်အနေအထား ရှိတယ်လို့ မြင်တယ်။ တစ်ဘက်နဲ့ တစ်ဘက်က အားပြိင်နေတာပေါ့။ အဲဒီလို အားပြိုင်တဲ့အခါ လူထုကပဲ နာရတဲ့ အနေအထားမျိုးဖြစ်တယ်။ အခုလည်း ကြည့်လိုက်ရင် ပြောင်းလဲသွားတဲ့အရာတွေ ရှိတယ်။ ပြောင်းလဲတယ်ဆိုတာ အဆိုးဘက်ကို ပြောင်းလဲတာ ပိုများလာတာပေါ့။ လူတွေအများကြီး သောက ရောက်ရတယ်။ ဒုက္ခရောက်ရတယ်။ ရှောင်ပြေးရတဲ့ အခြေအနေမျိုးတွေ ဖြစ်တယ်။ ဆိုတော့ တစ်ဘက် မှာကျတော့လည်း ဒါ စ လာပြီဆိုပြီး ပျော်နေကြတာ ရှိပေမဲ့ တကယ်တမ်းဆိုရင် အနုတ်ဘက်ကို ဆောင်တဲ့အရာမျိုးလို့ ကျွန်မမြင်တယ်။

.

ဆိုလိုတဲ့သဘောကတော့ စစ်ရေးအရှိန်တွေ မြင့်တက်လာတာနဲ့အမျှ ရှမ်းတောင်လူထုအပေါ်မှာ စစ်တပ် ဘက်ကကော၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ဘက်ကကော ဖိနှိပ်မှုတွေ ပိုပြီးတော့ တိုးလာ မယ့်အနေ အထားဖြစ်တယ်။ အဲဒိလို မြင်ပါတယ်။

.

(၄) တဘက်က စစ်ကောင်စီကလည်း အားကောင်းတဲ့ ရှမ်းပြည်တောင်ပိုင်းမှာ အခု တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ ပအိုဝ်း၊ ကရင်နီ၊ ရှမ်းတောင်တော်လှန်ရေးအင်အားစုတွေနဲ့ မဟာမိတ် တပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေက ရှမ်းတောင်ဒေသတစ်ခုလုံးကို ဘယ်လောက်ထိ တည်ငြိမ်မှုကို ဖြစ်စေနိုင်မလဲ။

–           ဒီမေးခွန်းနဲ့ ပတ်သက်ရင်တော့ ရှမ်းတောင်မှာဆိုရင် စစ်ကောင်စီကလည်း အားကောင်းတယ်၊ ပြီးရင် တော်လှန်ရေးအုပ်စုတွေကလည်း ပိုပြီး အရှိန်တက်လာတဲ့အနေအထားမျိုးတွေ ရှိတယ်။ ရှမ်းတောင်တစ်ခုလုံးကို တည်ငြိမ်မှုဖြစ်စေမလားဆိုတော့ တည်ငြိမ်မှုတော့ ဖြစ်စရာအကြောင်း မရှိဘူး လို့မြင်တယ်။ အခုတောင်မှ တော်တော်ဒုက္ခရောက်တဲ့ အခြေအနေမျိုး ကျွန်မတို့က ကြုံနေရတယ်။ တစ်ဘက်ဘက်က ထိန်းချုပ်ထားမှုတွေ ဖြစ်လာပြီဆိုရင် ကျွန်မတို့က စစ်တပ်ဆိုရင်လည်း လေကြောင်း ကနေ လာတိုက်ခိုက်တာ ရှိမယ်။ ဆိုတော့ ကျွန်မမြင်တာက တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ ပအိုဝ်း၊ ကရင်နီ၊ ရှမ်းတောင်တော်လှန်ရေးအင်အားစုတွေနဲ့ မဟာမိတ် တပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှု တွေက ရှမ်းတောင်ဒေသတစ်ခုလုံးကို မတည်ငြိမ်နိုင်ဘူးပေါ့။ တည်ငြိမ်ဖို့အတွက်လည်း တော်တော် ခက်ခဲမယ့် အခြေအနေမျိုးတွေ ရှိတယ်။ ဝင်လာပြီး တိုက်ခိုက်ကြမယ်ဆိုရင် အဲဒီကာလတွေက တည်ငြိမ် နိုင်စရာအကြောင်းမရှိဘူး။ အရှေ့မှာလည်း သာဓကတွေ အများကြီးရှိပါတယ်။

.

(၅) ဒီလိုဆို ရှမ်းတောင်က စစ်ကောင်စီရဲ့နောက်ဆုံးခံတပ်ဖြစ်လာနိုင်တယ်လို့ ဒေသအရေးစောင့်ကြည့် လေ့လာသူတွေက ယူဆနေကြတဲ့ တောင်ကြီး၊ ရပ်စောက်၊ ဗထူးနဲ့ ကလောဒေသကို တော်လှန်ရေး အင်အားစုတွေ စိမ့်ဝင်လာဖို့အတွက် ဘာတွေက အတားအဆီးဖြစ်နေပါသလဲ။

–           ဒီမေးခွန်းနဲ့ ပတ်သက်လို့ ဘာတွေက အတားအဆီးဖြစ်မလဲဆိုရင် သေချာတယ်၊ ကျွန်မတို့ ရှမ်းတောင်မှာ၊ ကလောမှာဆိုရင်လည်း စစ်ဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေ အများကြီးရှိတယ်။ ဗထူး တပ်မြို့ ဆိုရင်လည်း စစ်ရေးအရ ရှိနေတဲ့ နေရာမျိုးဖြစ်တယ်။ ဒါက ကျွန်မတို့ ရှမ်းတောင်မှာ ထူးခြား ချက်ဖြစ်သလို သူတို့ရဲ့ ခံတပ်လို့လည်း ပြောလို့ရတာပေါ့။ အခုမေးခွန်းထဲမှာ ပါနေတဲ့ မြို့တွေရဲ့ ပတ်ပတ်လည်မှာကျတော့ အစကတည်းက အခိုင်အမာတည်ဆောက်ထားတဲ့ တပ်ရင်းတွေ၊ တပ် စစ်ဌာနချုပ်တွေ ရှိနေတယ်။ အဲဒါတွေကတော့ အဓိကအတားအဆီးပဲ ဖြစ်တာပေါ့။

တပ်တွေပတ်လည်ဝိုင်းထားတဲ့ အလယ်မှာကျတော့ လူထုက ထွက်ပေါက်ပိတ်နေတယ်။ တော်လှန်ရေးအင်အားစုတွေ ဝင်လာဖို့ဆိုရင်လည်း သူ့အတွက် အတားအဆီးဖြစ်တယ်လို့ မြင်ပါတယ်။

.

(၆) စစ်ကောင်စီက စစ်မှုထမ်းဥပဒေအသက်မသွင်းခင်ကတည်းက ရှမ်းတောင်မှာ ပြည်ပရွေ့ ပြောင်း လုပ်သားနဲ့ တော်လှန်ရေးအင်အားစုတွေထံ ဝင်ရောက်မှုက ဆက်တိုက်တိုးလာနေတဲ့အတွက် စစ်မှုထမ်း ဥပဒေအသက်သွင်းပြီးတဲ့နောက်မှာ နောက်ဆက်တွဲအခြေအနေက ဘာဆက်ဖြစ်လာနိုင်ပါသလဲ။

–           စစ်မှုထမ်းဥပဒေကတော့ တော်တော်ဆိုးတဲ့ အရာပေါ့။ ဒါကတော့ အားလုံးသိတယ်။ ရှမ်းတောင် မှာက အစက ငြိမ်သက်နေတာဖြစ်တဲ့အတွက် ရွှေ့ပြောင်းလာနေတဲ့ သူတွေလည်း အများကြီးရှိတယ်။ ဆိုတော့ ဒီစစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်မှာ ကျွန်မတို့က စပြီးတော့ ဝရုန်းသုန်းကား အခြေအနေမျိုးတွေ ဖြစ်တယ်။ ဒါက တစ်နိုင်ငံလုံးမှာဖြစ်သလို ရှမ်းတောင်မှာလည်း ဖြစ်တာပေါ့။ အဲဒီ အခြေအနေမျိုးတွေ ဖြတ်သန်းရမှာဖြစ်တယ်။ စစ်မှုထမ်းဥပဒေက ဖောက်လွှဲဖောက်ပြန်ဖြစ်စေဖို့၊ သူတို့ အတွက် အကာအကွယ်လုပ်ဖို့အတွက်၊ လုပ်ချင်တာတွေ လုပ်နိုင်ဖို့အတွက်ကို အတည်ပြု၊ အသက်သွင်း လိုက်တဲ့ဟာဖြစ်တယ်။

ကျွန်မတို့ရှမ်းတောင်မှာ စစ်ရှောင်တွေလည်းများတယ်၊ ရွှေ့ပြောင်းလုပ်သားတွေလည်း များတဲ့ အတွက်ကြောင့် နည်းနည်းလေး အရှုပ်အထွေးတွေ ဖြစ်လာနိုင်တဲ့အရာလို့ ကျွန်မအနေနဲ့ မြင်ပါတယ်။

.

(၇) ရှမ်းပြည်တောင်ပိုင်းက ကျားဖြန့်လုပ်ငန်းနှိမ်နှင်းရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီကလည်း ပြောသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရှမ်းတပ် ၂ တပ် RSCC နဲ့ SSPP တို့ကလည်း သဘောထား ထုတ်ပြန်ထားကြပါတယ်။ အဲဒီကိစ္စ ထိရောက်မှု ရှိလာနိုင်မလား ဘယ်လို မြင်ပါသလဲ။

–           ကျားဖြန့်ကိစ္စနဲ့ ပတ်သက်လို့ စစ်တပ်ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်ပဲဖြစ်ဖြစ် သူတို့မပါ ဘဲနဲ့ လည်ပတ်နိုင်တဲ့ အနေအထားမျိုးမှ မဟုတ်တာ။ ဆိုတော့ အခုမှသာ အပြိုင်အဆိုင် စာတွေထုတ်နေ ပေမဲ့လည်း သူတို့တွေရဲ့ အကျိုးစီးပွားဖြစ်တယ်။ အဲဒီလိုမျိုး မြင်တယ်။ ရေတိုအတွက် ပြဖို့ကောင်းတဲ့ ဟာမျိုးဖြစ်ဖို့ပဲ ဒီလိုစာတွေထုတ်တယ်လို့တော့ မြင်တာပေါ့။ ထိရောက်မှုရှိသလားဆိုရင် ရေတိုအတွက် တော့ ဖြစ်မှာပေ့ါ။ ဘာဖြစ်လို့လဲဆိုရင် အဲဒါတွေက သူတို့ကိုယ်ကျိုးစီးပွားအတွက် ဖြစ်နေလို့ပါ။

.

(၈)RCSS ကလည်း ရှမ်းပြည်နယ်အတွင်းမှာနေထိုင်တဲ့ တိုင်းရင်းသားတွေအားလုံး စစ်မှုထမ်းရမယ်လို့ ထုတ်ပြန်လာသလို စစ်ကောင်စီကလည်း ထုတ်ထားတဲ့အခြေအနေနဲ့ပါတ်သက်ပြီး ဘယ်လိုညှိနှိုင်း ချက်တွေ၊ အဲဒီအရာတွေကို အခြေခံပြီး ဘယ်လိုကိုယ်ကျိုးစီးပွားရှာသူတွေ ပေါ်ပေါက်လာနိုင်သလဲ။

–           RCSS က အခုကျတော့ စစ်မှုထမ်းရမယ် ဆိုတာကို ပေါ်တင်ကြီး ထုတ်လာတဲ့ဟာဖြစ်တယ်။ အချိန်ကိုက် ထွက်လာတာလို့လည်း ပြောကြတယ်။ တကယ်တမ်း သူက အရင်ကတည်းလည်း စစ်သား စုဆောင်းတာ ရှိတယ်။ ရှမ်းလူထုထဲ၊ သူတို့နယ်မြေကြီးစိုးတဲ့ နေရာတွေမှာ ဒါက ရှိတယ်။ ကျွန်မတို့က စစ်တပ်ပဲပြောပြော၊ တိုင်းရင်းသားလက်နက်ကိုင်တွေပဲပြောပြော၊ သူတို့တွေနဲ့ နှီးနွယ်နေတဲ့သူတွေ ကတော့ လူထုကို ညစ်နည်းပေါင်းစုံနဲ့ ညစ်မှာပဲ။ နောက်တစ်ခုက ဒီလို အပြိုင်အဆိုင်စာတွေ  ထုတ်လာတဲ့ အခြေအနေပေါ်မှာတော့ မေးစရာမေးခွန်းတော့ ရှိတာပေါ့။ ကျွန်မတို့က လက်နက်ကိုင် နိုင်ငံ ထူထောင်တော့မှာလားပေါ့။ ဒါက နည်းနည်းအနုတ်ဘက်ကို ဆောင်တဲ့ဟာမျိုးလို့ မြင်မိပါတယ်။

.

(၉) ပြည်သူ့အုပ်ချုပ်ရေး ကဏ္ဍနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

–           ပြည်သူ့အုပ်ချုပ်ရေး ကဏ္ဍနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်သလဲဆိုရင် လက်ရှိ ကျွန်မတို့ နိုင်ငံရေးကဏ္ဍက အားမကောင်းဘူး။ နိုင်ငံရေး အားမကောင်းနေတဲ့အချိန်မှာ ကျွန်မတို့ရဲ့ ပြည်သူ့ အုပ်ချုပ်ရေးလို့ ပြောလာရင် ပြည်သူကို ဘယ်အတိုင်းအတာထိ လုံခြုံမှုပေးမှာလဲဆိုတာ အရေးကြီးဆုံး ဖြစ်တယ်။ ပြည်သူ့အုပ်ချုပ်ရေးလို့ ပြောပြီး သူလို ကိုယ်လိုပဲ ပြည်သူကိုပြန်ပြီး နှိပ်စက်တဲ့ဟာမျိုး ဆိုရင်လည်း အဆင်မပြေဘူး။ တကယ် ပြည်သူ့အုပ်ချုပ်ရေးအစစ်အမှန် ဆိုတဲ့ဟာမျိုးက ဝေးဦးမှာလို့ ကျွန်မမြင်ပါတယ်။ ဘာလို့လဲဆိုတော့ အများကြီး တည်ဆောက်ရဦးမယ်။ ဘယ်လို ဥပဒေမူဘောင် တွေနဲ့ ပြည်သူကို အုပ်ချုပ်မလဲပေါ့။ ပြီးရင် ပြည်သူ့ကို ဘယ်လောက်အတိုင်းအတာထိ ကာကွယ်မလဲ၊ ဘယ်လောက်အတိုင်းအတာထိ လုံခြုံမှုပေးမလဲဆိုတာဟာက အရေးကြီးတယ်။ အခုချိန်ကတော့ ကျွန်မတို့ နိုင်ငံရေး မတည်ငြိမ်ဘူး။ အဲဒီလို မတည်ငြိမ်တဲ့ အခြေအနေမျိုးမှာ ပြည်သူ့အုပ်ချုပ်ရေး ကဏ္ဍက လက်လှမ်းမီဖို့ လိုသေးတယ်လို့ မြင်ပါတယ်။

.

(၁၀) ရှမ်းပြည်တောင်ပိုင်းမှာ စစ်ဘေးရှောင်ပြည်သူ ဘယ်လောက်ရှိနေပြီလဲ။ ဘယ်လိုပုံစံတွေနဲ့ ထောက်ပံ့မှုတွေ လုပ်ဆောင်သင့်ပါသလဲ။

–           ရှမ်းပြည်တောင်ပိုင်းမှာ စစ်ဘေးရှောင်ပြည်သူတွေက အတိအကျတော့ မဟုတ်ပေမဲ့ ကျွန်မ သိရသလောက် သိန်းချီ ရှိနိုင်တယ်။ သူတို့တွေကို ဘယ်လောက်အထောက်အပံ့ ပေးနိုင်သလဲဆိုရင် လက်ရှိအခြေအနေမှာ ဘယ်လိုပုံစံနဲ့ပဲ ထောက်ပံ့ပေးပါစေ၊ လူထုလက်ထဲကိုတော့ ရောက်သွားလိမ့်မယ်၊ ဒါပေမဲ့ အဲဒီဟာတွေက ရေတိုအတွက်ပဲဖြစ်မယ်။ ရေရှည် အစီအစဉ်ဆိုတာ မရှိနေဘူး။ အဲဒါ မရှိနေခြင်း က တော်တော် အခြေအနေဆိုးတဲ့အရာဖြစ်တယ်။ ဘယ်လိုထောက်ပံ့မှုလဲဆိုရင် ထောက်ပံ့မှုအားလုံးက အကောင်းအတွက်ပဲလေ။ လက်ရှိ ဥပမာအားဖြင့် စားသောက်ကုန်၊ အဝတ်အစား ထောက်ပံ့မလား၊ နေဖို့ အတွက်ကို ထောက်ပံ့မလား၊ ဒါတွေအားလုံးက ရေတိုအတွက်ပဲဖြစ်တယ်။

.

တချို့စစ်ရှောင်တွေက သူတို့နေရာကို မပြန်နိုင်တဲ့ အခြေအနေမျိုးတွေ ရှိနိုင်တယ်။ မပြန်နိုင် တော့တဲ့ စစ်ရှောင်တွေအတွက်ကို ကျွန်မတို့က ရေရှည် plan အနေနဲ့ ဘာတွေလုပ်ကြမလဲပေ့ါ။ အဲဒီ အတွက်ကို ကျွန်မတို့က ဘယ်မှာမှ မရှိနေဘူး။ အဲဒါကို လုပ်ပေးဖို့လိုတယ်လို့ မြင်ပါတယ်။

.

အဲဒါတွေကိုကျတော့ ပြည်သူထဲက ပြည်သူတွေပဲ ကြိုးစားနေလို့မရဘူး။ တာဝန်ရှိတဲ့သူတွေပါ့။ အဲဒီလိုပြောလိုက်ရင် ဘယ်သူတွေမှာ တာဝန်ရှိသလဲလို့ ပြန်မေးရမှာပေါ့။ စစ်ကို ဖိတ်ခေါ်တဲ့သူကော၊ စစ်ကို လိုလားတဲ့သူတွေကော သူတို့တွေမှာ တာဝန်ရှိတယ်လို့ ကျွန်မမြင်တယ်။ စစ်ကို ဖန်တီးတဲ့သူ အားလုံးက ဒီစစ်ရှောင်တွေအတွက် ရေတို၊ ရေရှည် အစီအမံတွေ ချပေးဖို့လိုတယ်လို့ မြင်ပါတယ်။

.

(၁၁) ဖြည့်စွက်ချက်။

–           ဖြည့်စွက်ချက်ဆိုရင် အပေါ်က မေးခွန်းတွေအားလုံးမှာ ဖြေထားတာက ကျွန်မတစ်ယောက်ထဲရဲ့ အမြင်ပဲဖြစ်တယ်။ တချို့အရာတွေက တခြားသူတွေနဲ့ သဘောထားလွဲနိုင်တဲ့ဟာတွေလည်း ရှိတယ်။ ကျွန်မတို့ ရှမ်းပြည်တောင်ပိုင်းရဲ့ အခြေအနေနဲ့ နိုင်ငံရေးလမ်းကြောင်းအရဆိုရင်တော့ တော်တော် ရုန်းရမယ့် အခြေအနေမျိုးဖြစ်တယ်။ အဓိက က ရှမ်းတောင်လူထုကို မားမားမတ်မတ် ရပ်တည်ပေးမယ့် နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီ ဆိုတဲ့ဟာမျိုး မရှိဘူး။ အဲဒါက ကျွန်မတို့အတွက် ဝမ်းနည်းစရာဖြစ်တယ် လို့ မြင်ပါတယ်။ အဲဒါတွေ မရှိနေခြင်းကြောင့် လူထုကတော့ အနုတ်လက္ခဏာပြတဲ့ အနေအထားနဲ့ ကြုံတွေ့ရနိုင်တယ်လို့ မြင်ပါတယ်။