• Today is: Tuesday, May 21, 2024

ရှမ်းတောင် နိုင်ငံရေးအခင်းအကျင်း မေးမြန်းချက် (၂)

ရှမ်းပြည်တောင်ပိုင်း လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် ပတ်သက်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စိုင်းဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

.

(၁)       လက်ရှိ ရှမ်းပြည်တောင်ပိုင်းရဲ့ နိုင်ငံရေးအခြေအနေကို သုံးသပ်ပေးပါအုံးခင်ဗျ။

–           ရှမ်းပြည်တောင်ပိုင်းရဲ့ နိုင်ငံရေးအခြေအနေကို သုံးသပ်ပေးပါဆိုရင်တော့ ပြောရခက်ပါတယ်။ ရှမ်း အနေနဲ့ဆိုရင် RCSS/SSA နဲ့ SSPP/SSA ၂ ဖွဲ့လုံးကလည်း သူ့စိုးမိုးနယ်မြေအလိုက် လှုပ်ရှားနေပေမဲ့ ၂ ဖွဲ့လုံး က ရှမ်း တောင်ဒေသအတွင်းမှာ အခြေပြုထာားတယ်။ မောက်မယ်ဘက်မှာ PNLO/PNLA ရှိတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အနေနဲ့ ပအိုဝ်းနဲ့ ဓနုဒေသ ၂ ခုရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မဟုတ်ပေမဲ့ ဒေသ အလိုက် ရှိနေတဲ့ ဥပမာ အင်သား တို့၊ တောင်ရိုးတို့လို တိုင်းရင်းသားတွေ ရှိနေတယ်။ ဆိုတော့ကာ တိုင်းရင်း သားလူမျိုးစုတွေလည်း များသလို EAO တွေလည်း များတယ်။ နွေဦးတော်လှန်ရေးနောက်ပိုင်းမှာ ပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ရှိနေတယ်။ ဒီတော့ တစ်ဘက်မှာ စစ်အာဏာရှင်တော်လှန်ရေး လုပ် နေကြသလို တစ်ဘက်မှာလည်း ဒေသတွင်း တိုင်းရင်းသးလူမျိူးစုတွေကြား၊ EAO တွေကြား၊ တော်လှန်ရေး အဖွဲ့အစည်းတွေကြား စည်းလုံးညီညွတ်မှုကလည်း မရှိမဖြစ် လုံးဝကို လိုအပ်နေတယ်လို့ သုံးသပ်မိပါတယ်။ ဒီတော့ ရှမ်းပြည်နိုင်ငံရေးဆိုရင် ရှမ်းပြည်ညီညွတ်ရေးကလည်း မရှိမဖြစ် ပါရမယ့် ကိစ္စတစ်ခုလို့ ကျွန်တော့် အနေနဲ့ မြင်မိပါတယ်။

.

(၂) လက်ရှိ ရှမ်းပြည်တောင်ပိုင်းရဲ့ စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။

–           လက်ရှိ ရှမ်းပြည်တောင်ပိုင်းရဲ့ စစ်ရေးဆိုတာကို မပြောခင် အရင်ဆုံး ၂၀၂၁ စစ်အာဏာမသိမ်းမီ ကာလက အခြေအနေကို ပြန်ပြီးတော့ ပြောဖို့လိုပါတယ်။ ကရင်နီ (ကယား) အပါအဝင် ရှမ်းတောင်ဒေသ ဟာ စစ်ကောင်စီ အာဏာမသိမ်းခင်အထိ တော်တော်လေးကို တည်ငြိမ်အေးချမ်းမှု ရှိခဲ့တယ်လို့ ပြောလို့ ရပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာ တစ်နိုင်ငံလုံးအနေအထားနဲ့ နွေဦးတော်လှန်ရေးကို အခြေခံပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ပေါ်လာသလို ရှမ်းတောင်မှာလည်း ဒီလိုအဖွဲ့‌တွေ ဖြစ်လာတယ်။ တစ်ဆက် တည်းမှာပဲ ကရင်နီ (ကယား)မှာ တော်လှန်ရေးတွေဖြစ်လာတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ဖယ်ခုံ၊ ညောင်ရွှေအပြင် အခုဆိုရင် ပအိုဝ်းဒေသ၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်တွေအထိ စစ်မီးက ကူးစက်လာပြီပေါ့။

.

–           ရှမ်းတောင်အနေနဲ့ ဆိုရင် EAO အနေနဲ့ဆိုရင် လွိုင်လင်ခရိုင်တကြောမှာ SSPP တပ်တွေ လှုပ်ရှား နေတာ ရှိသလို လင်းခေးခရိုင်ဘက်မှာလည်း RCSS က လှုပ်ရှားနေတယ်။ ဒါပေမဲ့ သူတို့က ခုချိန်ထိ စစ်သား စုဆောင်းတာ၊ အခွန်ကောက်တာကလွဲရင် တော်လှန်ရေးမှာ ထူးထူးခြားခြား ဘာမှ ပါဝင်လာတာ မတွေ့ရ ဘူး။ PNLA နဲ့ ပူးပေါင်းအဖွဲ့တွေက ဆီဆိုင်နဲ့ ဟိုပုံးတကြောမှာ တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်နေတယ်။ ကျန်တဲ့ နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း ဆီဆိုင်နဲ့ ဖယ်ခုံ တကြောတိုက်ပွဲတွေမှာ တခြား EAO တွေနဲ့အတူ လက်တွဲပါဝင်နေတယ်လို့တော့ သိထားရတယ်။

.

–           အခု တိုက်ပွဲဖြစ်နေတဲ့ ဟိုပုံးမြို့နယ်ထဲက မဲနယ်တောင် ဒေသဆိုရင် စစ်ရေးအရ အရေးပါတဲ့ နေရာတစ်ခုဖြစ်တယ်။ စစ်ကောင်စီဘက်ကလည်း ဒီနေရာကို အသည်းအသန် ခံတိုက်နေမှာပဲ။ ဒီတော့ စစ်ရေးအရှိန်ကတော့ လျော့ကျသွားစရာ မရှိသေးဘူးလို့ မြင်ပါတယ်။ အဲဒီကနေ ဒီဘက် မြို့ကြီးတွေဖြစ်တဲ့ ဟိုပုံးနဲ့ တောင်ကြီးဘက်ကို တိုက်ပွဲတွေ ဆက်ကူးလာ၊ မလာ ဆိုတာကတော့ ပြောရခက်ပါတယ်။ PNFC ဥက္ကဋ္ဌကလည်း တိုက်ပွဲတွေ ဆက်ကူးလာ၊ မလာဆိုတာ စစ်ကောင်စီအပေါ်မှာပဲ မူတည်တယ်လို့ အင်တာဗျူး တစ်ခုမှာ ဖြေထားတာ တွေ့ရပါတယ်။

.

(၃) လူမျိုးပေါင်းစုံနေထိုင်ကြပြီး စစ်ပွဲမရှိတဲ့ ရှမ်းတောင်ဒေသက အခုဆို စစ်ပွဲတွေ မြင့်တက်လာတာ တွေ့ရ ပါတယ်။ ဒီလိုစစ်ရှိန်မြင့်လာတာက ရှမ်းတောင်ဒေသကို ဘယ်လို အပြောင်းအလဲ ဖြစ်စေနိုင်ပါသလဲ။ 

–           အပြောင်းအလဲ ဆိုတာကတော့ နေရာဒေသ တစ်ခုထဲကို ကွက်ကွက်ကလေး လုပ်နေလို့ မရပါဘူး။ အခု ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်တွေက သိမ်းထားတဲ့မြို့တွေ ရှိတယ်။ တစ်ဘက်မှာလည်း အဲဒီမြို့ တွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသလို ရှမ်းမြောက်မှာ စစ်အင်အားတွေ ဖြည့် တင်းနေတာလည်း ရှိတယ်။ တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်။ စစ်ရေးချိန်ခွင်လျှာက အပြောင်း အလဲ ရှိနိုင်သေးတယ်။

.

–           တကယ့် အပြောင်းအလဲဆိုတာမျိုး မြင်တွေ့ရဖို့ကတော့ မြို့နယ်တစ်ခု၊ ဒေသတစ်ခု၊ တိုင်း/ပြည်နယ် တစ်ခုထဲနဲ့ သွားလုပ်လို့ မရပါဘူး။ စစ်ကောင်စီက တစ်နေရာရာမှာ အထိနာထားတယ် ဆိုရင်တောင် သူ့မှာ လည်း အထိုက်အလျောက် အင်အား ရှိပါသေးတယ်။ (ရန်သူကို လျှော့တွက်လို့ မရပါဘူး။) တကယ့် အပြောင်း အလဲတစ်ခုကို မြင်တွေ့ရဖို့က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့ လိုပါတယ်။ အားလုံး ညီညွတ်ဖို့ လိုပါတယ်။

.

(၄) တစ်ဘက် စစ်ကောင်စီကလည်း အားကောင်းတဲ့ ရှမ်းပြည်တောင်ပိုင်းမှာ အခု တော်လှန်ရေး အင်အားစု တွေဖြစ်တဲ့ ပအိုဝ်း၊ ကရင်နီ၊ ရှမ်းတောင်တော်လှန်ရေးအင်အားစုတွေနဲ့ မဟာမိတ် တပ်ဖွဲ့တွေရဲ့ စစ်ရေး လှုပ်ရှားမှုတွေက ရှမ်းတောင်ဒေသတစ်ခုလုံးကို ဘယ်လောက်ထိ တည်ငြိမ်မှုကို ဖြစ်စေနိုင်မလဲ။

–           အခုလက်ရှိ  တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကတော့ ရှမ်းတောင်ဒေသတစ်ခု လုံးကို တည်ငြိမ်မှုဖြစ်နိုင်မလားဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ပဲ ကျွန်တော် မြင်မိပါတယ်။ အပေါ်မှာ ကျွန်တော် ပြောခဲ့သလိုပဲ အားလုံးက ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်မှ တည်ငြိမ်မှုကို မြင်တွေ့ ရမှာပါ။ ဒီနေရာမှာ တစ်ဆက်တည်း ပြောရရင် အင်အားကြီး၊ သမ္ဘာရင့် EAO တွေဖြစ်တဲ့ ရှမ်းတပ် ၂ ဖွဲ့ရဲ့ ပူး ပေါင်းပါဝင်မှုအပေါ်မှာတော့ မူတည်ပါတယ်။

.

(၅) ဒီလိုဆို ရှမ်းတောင်က စစ်ကောင်စီရဲ့နောက်ဆုံးခံတပ်ဖြစ်လာနိုင်တယ်လို့ ဒေသအရေးစောင့်ကြည့် လေ့လာသူတွေက ယူဆနေကြတဲ့ တောင်ကြီး၊ ရပ်စောက်၊ ဗထူးနဲ့ ကလောဒေသကို တော်လှန်ရေး အင်အားစုတွေ စိမ့်ဝင်လာဖို့အတွက် ဘာတွေက အတားအဆီးဖြစ်နေပါသလဲ။

–           ဖြစ်လာနိုင်ပါတယ်။ အခု မြောက်ပိုင်းဆိုရင် ကချင်၊ အရှေ့မြောက်မှာ ရှမ်းမြောက်၊ အနောက်မှာ ရခိုင်၊ တောင်ပိုင်းမှာ ကရင် စသည်ဖြင့် တော်လှန်ရေးတွေ ဆင်နွှဲနေကြတယ်။ NUG ကလည်း ပြောထား တယ်။ လမ်းများအားလုံး နေပြည်တော်သို့ ဆိုတာပေါ့။ အဘက်ဘက်က ဖိလာပြီး အလယ်ပိုင်းကို ရောက် လာရင်တော့ စစ်ကောင်စီရဲ့ ထွက်ပေါက်က ရှမ်းတောင် ဖြစ်လာနိုင်ပါတယ်။

.

–           ရပ်စောက် ဗထူးမြို့၊ ကလော၊ အောင်ပန်း၊ တောင်ကြီး စတဲ့ စစ်ကောင်စီတပ်တွေ ဝိုင်းနေတဲ့ မြို့တွေ ကို တော်လှန်ရေးအင်အာားစုတွေ စိမ့်ဝင်လာဖို့ ဆိုတာကလည်း အခက်အခဲတစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။

.

(၆) စစ်ကောင်စီက စစ်မှုထမ်းဥပဒေအသက်မသွင်းခင်ကတည်းက ရှမ်းတောင်မှာ ပြည်ပရွေ့ပြောင်း လုပ် သားနဲ့ တော်လှန်ရေးအင်အားစုတွေထံ ဝင်ရောက်မှုက ဆက်တိုက်တိုးလာနေတဲ့အတွက် စစ်မှုထမ်း ဥပဒေ အသက်သွင်းပြီးတဲ့နောက်မှာ နောက်ဆက်တွဲအခြေအနေက ဘာဆက်ဖြစ်လာနိုင်ပါသလဲ။

–           စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက်မှာ လူထုအကြား၊ အထူးသဖြင့် လူငယ်ထုအကြား တော်တော် လေးကို ရိုက်ခတ်မှုရှိလာတာကတော့ အမှန်ပါ။ တစ်နိုင်ငံလုံးအနေအထားနဲ့ ဖြစ်နေတာဆိုတော့ ရှမ်းတောင် မှာလည်း အတူတူပါပဲ။ လူငယ်တွေအတွက် ရွေးချယ်စရာတွေဖြစ်လာတယ်၊ တော်လှန်ရေးအင်အားစုတွေ ဆီ ပူးပေါင်းမလား၊ စစ်ကောင်စီလက်အောက် ဝင်ပြီး စစ်မှုထမ်းရမလား၊ ဒါမှမဟုတ် တရားဝင်/တရားမဝင် ပြည်ပကို ထွက်ကြမလားပေါ့။ နောက်ဆက်တွဲအနေနဲ့ ပြောရရင် စစ်အာဏာသိမ်းကတည်းက လမ်းပျောက် နေတဲ့ လူငယ်တွေ ပိုပြီးတော့ အမှောင်ထုထဲကို ရောက်သွားတယ်လို့ မြင်မိပါတယ်။

.

–           ကျွန်တော့်အမြင်ကို သုံးသပ်ရရင် ဒီအချိန်မျိုးမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုတာက ပြည် တွင်းစစ်မီးတောက်ကို လောင်စာ ထပ်ဖြည့်ပေးလိုက်တဲ့ သဘောမျိုးပါပဲ။ ပြည်သူကို ပြည်သူနဲ့ ပြန်တိုက်ခိုင်း ပြီး အိမ်ကြက်ချင်း အိုးမဲခွပ်ခိုင်းမယ့် အကြံဆိုးလို့ပဲ မြင်မိပါတယ်။

.

(၇) ရှမ်းပြည်တောင်ပိုင်းက ကျားဖြန့်လုပ်ငန်းနှိမ်နှင်းရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီကလည်း ပြောသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရှမ်းတပ် ၂ တပ် RSCC နဲ့ SSPP တို့ကလည်း သဘောထား ထုတ်ပြန် ထားကြပါတယ်။ အဲဒီကိစ္စ ထိရောက်မှု ရှိလာနိုင်မလား ဘယ်လို မြင်ပါသလဲ။

–           ဒါကတော့ အဓိက တရုတ်ရဲ့ဖိအားကြောင့်ပါပဲ။ ကျားဖြန့်လုပ်ငန်းတွေ တကယ် ပပျောက်သွားမလား၊ ထုတ်ပြန်ချက်တွေက တကယ်ထိရောက်မှုရှိမလားဆိုရင်တော့ ပြည်ပဖိအား အပြင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့၊ တရား ဥပဒေစိုးမိုးမှု ပြည့်ပြည့်ဝဝရှိဖို့ ဒါတွေအပေါ် အများကြီး မူတည်ပါတယ်။

.

(၈)RCSSကလည်း ရှမ်းပြည်နယ်အတွင်းမှာနေထိုင်တဲ့ တိုင်းရင်းသားတွေအားလုံး စစ်မှုထမ်းရမယ်လို့ ထုတ် ပြန်လာသလို စစ်ကောင်စီကလည်း ထုတ်ထားတဲ့အခြေအနေနဲ့ပါတ်သက်ပြီး ဘယ်လိုညှိနှိုင်း ချက်တွေ၊ အဲဒီ အရာတွေကို အခြေခံပြီး ဘယ်လိုကိုယ်ကျိုးစီးပွားရှာသူတွေ ပေါ်ပေါက်လာနိုင်သလဲ။

–           RCSS မှ မဟုတ်ပါဘူး။ EAO တွေ အားလုံးကတော့ သူ့စိုးမိုးနယ်မြေအလိုက် တပ်သားသစ် စုဆောင်း မှုတွေက အရင်ကတည်းက တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ရှိကြတာပါပဲ။ အခု RCSS ကတော့ ဒါကို တရားဝင် ပေါ်ပေါ်ထင်ထင် ကြေညာတာပေါ့။ ပြည်သူတွေအတွက်ကတော့ ရှေကတိုးလည်း တံပိုး၊ နောက် ဆုတ်လည်း လှည်းတုတ် ဆိုသလိုပါပဲ။

.

–           စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် စစ်စစ် မဖြစ်ပေါ်သေးသရွေ့ ဒီလိုကိစ္စတွေကတော့ ပေါ်ပေါ် ထင်ထင်ကော တိုးတိုးတိတ်တိတ်ပါ ရှိနေကြမှာပါပဲ။ နံပါတ်တစ် အရေးကြီးဆုံးက ပြည်တွင်း ညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဒါတွေက မရှိမဖြစ် လိုအပ်ပါတယ်။

.

(၉) ပြည်သူ့အုပ်ချုပ်ရေး ကဏ္ဍနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

–           အခု EAO တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တစ်ချို့မှာ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မယ်ဆိုပြီး ထုတ်ပြန်လာတာမျိုးတွေ တွေ့ရပါတယ်။ ဘယ်လိုပုံစံ ပြည်သူ့အုပ်ချုပ်ရေးမျိုးလဲ၊ တစ်ပြည်ထောင် စစ် အာဏာရှင်ကနေ Confederated တိုင်းရင်းသား/ဒေသ ခေါင်းဆောင် အာဏာရှင်တွေလက်ထဲကို အာဏာ ကူးပြောင်းသွားမယ်ဆိုရင်တော့ စစ်မှန်တဲ့ ပြည်သူ့အုပ်ချုပ်ရေးဆိုတာ အလှမ်းဝေးနေဦးမှာပါပဲ။

–           တကယ် ပြည်သူလူထုက ရွေးချယ်လက်ခံထားတဲ့ စနစ်တစ်ခုနဲ့ ပြည်သူလူထု အများသဘောဆန္ဒ အရ ရွေးချယ်တင်မြှောက်ထားတဲ့ Electet Person တွေက အုပ်ချုပ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးစနစ်တစ်ခု ကတော့ ဒီနွေဦးတော်လှန်ရေးအပြီးမှာ မဖြစ်မနေ လိုအပ်ပါတယ်။

.

(၁၀) ရှမ်းပြည်တောင်ပိုင်းမှာ စစ်ဘေးရှောင်ပြည်သူ ဘယ်လောက်ရှိနေပြီလဲ။ ဘယ်လိုပုံစံတွေနဲ့ ထောက်ပံ့မှု တွေ လုပ်ဆောင်သင့်ပါသလဲ။

–           ရှမ်းတောင်မှာ အကြမ်းအားဖြင့် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်လောက်တော့ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။ ထောက်ပံ့မှုဆိုတာက လုပ်နေတဲ့ သူတွေကလည်း လုပ်နေပေမဲ့ တချို့က ကွက်ကြားမိုးတွေဖြစ်နေတယ်။

–           မြို့တော်ခန်းမမှာ စစ်ကောင်စီခန့် ဝန်ကြီးချုပ်ကိုယ်တိုင် အခမ်းအနားနဲ့ စစ်ဘေးရှောင် ထောက်ပံ့မှု တွေလုပ်ပြနေပေမဲ့ တကယ်တမ်း နေစရာ၊ စားစရာ ခက်ခဲနေတဲ့ စစ်ဘေးရှောင်တွေက အများကြီးပါပဲ။ နောက်ပြီးတော့ ရေတိုဖြစ်တော့ လတ်တလော စား၊ ဝတ်၊ နေရေး အပြင် ရေရှည် ပြန်လည်ထူထောင်ရေး ကိစ္စတွေကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

.

(၁၁) ဖြည့်စွက်ချက်။

–           ဖြည့်စွက်ချက်အနေနဲ့ ပြောရရင်တော့ အထက်မှာ ကျွန်တော် ပြောခဲ့သလိုပဲ ရှမ်းတောင်ဒေသရဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေက ရှုပ်ထွေးနေတုန်းပါပဲ။ ဒီ ၂၀၂၄ ခုနှစ်အတွင်းမှာတော့ စစ်မီးက လွယ်လွယ် ကူကူ ငြိမ်းသတ်ဖို့ရာ မလွယ်သေးသလို စစ်ဘေးရှောင်တွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စကလည်း ခက်ခဲနေဦးမှာပဲဖြစ်ပါတယ်။

–           စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနဲ့ ပတ်သက်ရင်တော့ ညီညွတ်ရေးက အဓိကပါပဲလို့ ပြောလိုပါတယ်။ ကျေးဇူးတင်ပါတယ်။