• Today is: Sunday, May 19, 2024

တိုင်းရင်းသားပေါင်းစုံ လူငယ်များရဲ့ အသံ(မွန်လူငယ်)

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၂၇၊ ၂၀၂၁

ဓါတ်ပုံ – တိုင်းရင်းသားပေါင်းစုံ လူငယ်များ စစ်အာဏာရှင် အလိုမရှိ ဆန္ဒထုတ်ဖော်နေကြစဉ်။

မရခ (မွန် လူငယ်) မွန်တိုင်းရင်းသား လူငယ်တဦးက လက်ရှိ သွားနေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်း အပေါ် ဘယ်လို အမြင်ရှိနေပါသလဲ၊ ဘာတွေ မှတ်ချက်ပေး ပြောပါသလဲ။ 

မေး။ ။ NUG ရဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် အခင်းအကျင်းအပေါ် ဘယ်လို အမြင်သဘော ထားရှိလဲ။

NUG၏ နိုင်ငံရေးလမ်းကြောင်းသွားနေမှုသည် တစ်ဆင့်ထက်တစ်ဆင့် အောင်မြင်နေသည်ကို တွေ့ရသည်။ သို့သော် အင်တိုက်အားတိုက် တိုင်းရင်းသားပူးပေါင်းဆောင်ရွက်မှု မရှိနေသည်ကိုတွေ့ရသည်။

မေး။ ။ NUG ရဲ့ D-DAY စတင်ခေါ်လိုက်တာ တ လကျော်လာပြီ ဒီအခင်းအကျဉ်းအပေါ် ဘယ်လောက်ထိ ခရီးပေါက်မယ်လို့ ထင်ပါသလဲ။ အဲဒီအခင်းအကျင်းအပေါ် ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ပြောချင်လဲ။ အားကောင်းချက်၊ အားနည်းချက် များကို ဘယ်လို အမြင်ရှိလဲ။

D-Day စခေါ်တာနဲ့ မခင်ကတည်းက အခြေအနေနဲ့ ဘာမထူးဘူးလို့ မြင်တယ်။ မခေါ်ခင်ကတည်းက ဒေသခံ PDFတွေက တိုက်နေတာရှိတယ်၊ ခေါ်ပြီးလည်း ဆက်တိုက်နေကြတာကို တွေ့ရတယ်။

မေး။ ။ NUG ရဲ့ D-DAY ခေါ်လိုက်တာကြောင့် မိမိတို့ပြည်နယ် ဒေသတွေမှာ ဘယ်လိုဂယက် ရိုက်မှု ဖြစ်သွားစေလဲ။

NUG D-Dayကြေညာလိုက်ခြင်းကြောင့် မွန်ပြည်မှာ တိုက်ပွဲပြင်းပြင်းထန်ထန် တစ်ပြည်နယ်လုံး စစ်ပွဲ ဖြစ်နေသည်ကို မတွေ့ရှိရဘူး။ ခြုံခို တိုက်ခိုက်မှု၊ ဗုံးပေါက်ခွဲမှုသာ ရှိသည်။ သို့သော် ဆန္ဒပြခေါင်းဆောင် PDF ဆက်နွယ်သူများကို လိုက်လံဖမ်းစီးမှုများတော့ ရှိနေသည်။

မေး။ ။ NUG နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေကြား အားရစရာ မရှိဘူးလို့ ပြောကြတယ် အဲဒီအပေါ် ဘယ်လိုအမြင်ရှိလဲ။

NUG နဲ့ EAO ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည်ကို တွေ့ရသည်။ ဒီနေရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတိုင်း၏ အခြေအနေအပေါ်တွင် မူတည်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတိုင်းသည် သူ့အခက်အခဲနဲ့သူ ရှိနေသည်။ အခုတိုက်နေသည့် အဖွဲ့အစည်းသည် NUG သြဇာခံပြီး တိုက်နေသည်ကို မတွေ့ရဘူး။ သူအကျိုးစီးပွားနဲ့သူပဲ တိုက်နေတယ်လို့ မြင်တယ်။ EAO၏ ရပ်တည်ချက်သည် တိုင်းရင်းသားအစုအဖွဲ့သစ်တစ်ခု လိုအပ်နေသည်ဟု သူတို့ထင်နေသည်ကို သဘောရသည်။ ထို့ကြောင့် NUGအနေနဲ့ နိုင်ငံရေးအာမခံချက်ရှိရှိ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဦးဆောင်မှု အခန်းကဏ္ဍတွင် ပေးနိုင်မှသာလျှင် ပူးပေါင်းပါဝင်လာနိုင်သည်ဟုမြင်သည်။

မေး။ ။ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု မရှိနိုင်သေးတဲ့ တိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များ ရှိနေဆိုတာ တွေ့ရတယ်။ ပူးပေါင်း ဆောင်ရွက်မှု မရှိနိုင်သေးသာ ဘာကြောင့်လဲ။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နွေဦးတော်လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မရှိနိုင်နိုင်ခြင်းမှာ အဓိကက ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီ NLDကို ယုံကြည်မှုမရှိခြင်းလည်း အများကြီးပါဝင်သည်။ မွန်ပြည်နယ်တွင် လူမျိုးရေးဆန်သွားသည်ကို တွေ့ရသည်။ စစ်ကောင်စီနှင့် NUG အားပြိုင်မှုသည် ဗမာအချင်းချင်း အာဏာလုပွဲဟု မြင်ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အရင်လို NCCTစုဖွဲ့မျိုး မရှိ၊ တိုက်သည့်အဖွဲ့သည်လည်း အဓိကက ၃ ဖွဲ့ပဲ တိုက်နေသည်။ အကယ်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် အကုန်လုံးပါဝင်နိုင်သည့် စုဖွဲ့မှု အခြေအနေသစ်တစ်ခု ဖန်းတီးပြီး NUGနဲ့ ပူးပေါင်းမှသာ ဒီတော်လှန်ရေး အောင်မြင်နိုင်သည်ဟု မြင်သည်။

မေး။ ။ တိုင်းရင်းသားပါတီ တချို့က စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစား နည်းလှမ်း ရှာကြတယ် စစ်ကောင်စီရဲ့ အခင်းအကျင်းအပေါ် အခြေခံပြီး တိုင်းရင်းပါတီက လက်တွေ့အရ သူတို့ လိုချင်တဲ့ နိုင်ငံရေးအခွင့်အရေး တောင်းဆိုမယ်ဆိုရင် အလုပ်ဖြစ်မယ်လို ထင်ပါသလား။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။ ဘယ်လို မှတ်ချက် ပေးချင်လဲ။

ဒီနေရာမှာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ တိုင်းရင်းသားပါတီက စစ်ကောင်စီကို မကျဆုံးခဲ့ရင် စစ်ကောင်စီအောက်မှာ သူတို့အမျိုးသားရေးအတွက် တတ်နိုင်သလောက်အခွင့်အရေး ရယူနိုင်အောင် လုပ်နေတယ်လို့မြင်တယ်။ စစ်ကောင်စီရှုံးခဲ့ရင် သူတို့အခန်းကဏ္ဍလည်း ပြီးဆုံးသွားမယ်လို့မြင်တယ်။

မေ။ ။ လူထုတရပ်လုံးကတော့ စစ်အာဏာရှင် ဆန့်ကျင်ပြီး အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး တောင်းဆိုနေကြပြီ ဒီတောင်းဆိုမှု က လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ဖို့ လက်ရှိ ဦးဆောင်နေတဲ့ အဖွဲ့အစည်းများ အနေနဲ့ ဘာတွေ ပြင်ဆင် လုပ်ဆောင်သင့်သလဲ။

ကျန်တော်မြင်တာက တိုင်းရင်းလက်နက်ကိုင်အားလုံးစုဖွဲ့မှုက တစ်ဖက်၊ NUGအစိုးရက တစ်ဖက်၊ စစ်တပ်က တစ်ဖက် နိုင်ငံတကာဖိအားနဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ပြီး စစ်တပ်က နိုင်ငံရေးကနေ ဆုတ်ခွာမယ်လို သတိပေးရင် တော်လှန်ရေးအောင်မြင်သည်ဟု မှတ်ယူလို့ရသည်။ ဒီအခြေအနေမှာ စစ်ကောင်စီကို အမြစ်ပြတ်တိုက်နိုင်မယ်လို့ မမြင်ဘူး။ နိုင်ခဲ့သည် ရှိသော် တိုင်းရင်းသားတွေကို ဒီတော်လှန်ရေးမှာ မပါဝင် မတိုက်ခဲ့ပေးလို အခွင့်အရေးမပေးနိုင်ရင် ပြည်တွင်းစစ် ဆက်ဖြစ်ဖို့ပဲ ရှိတယ်။ ဒီနေရာမှာ ရှင်းတာက မွန်နဲ့ ရခိုင်ကို တော်လှန်ရေးမှာ မပါခဲ့လို့ ဖက်ဒရယ်ပြည်ထောင်စုမှာ မပေးပါခဲ့ရင် ခွဲထွက်ခွင့်က ပိုပြီး အားသန်လာနိုင်တယ်။ ဒါကြောင့် တော်လှန်ရေးဦးဆောင်လုပ်နေတဲ့အဖွဲ့က သဘောထားကြီးရမယ်လို့မြင်တယ်။