• Today is: Sunday, May 19, 2024

တိုင်းရင်းသားပေါင်းစုံ လူငယ်များရဲ့ အသံ(ရှမ်းလူငယ်)

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၂၇၊ ၂၀၂၁

ဓါတ်ပုံ – တိုင်းရင်းသားပေါင်းစုံ လူငယ်များ စစ်အာဏာရှင် အလိုမရှိ ဆန္ဒထုတ်ဖော်နေကြစဉ်။

စိုင်းကွမ်းလျန်း (ရှမ်းလူငယ် ကွန်ယက်) ရှမ်းတိုင်းရင်းသား လူငယ်တဦးက လက်ရှိ သွားနေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်း အပေါ် ဘယ်လို အမြင်ရှိနေပါသလဲ၊ ဘာတွေ မှတ်ချက်ပေး ပြောပါသလဲ။ 

မေး။ ။ NUG ရဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် အခင်းအကျင်းအပေါ် ဘယ်လို အမြင်သဘော ထားရှိလဲ။

ယခုလက်ရှိ NUG လုပ်ဆောင်ချက်အပေါ် ကျတော်. ထင်မြင်ချက်ပြောရမယ်ဆိုရင် တော့ သူတို့လုပ်ဆောင်ချက်ဟာ ဒီကာလမှာ နိုင်ငံခြားမှာနေပြီးတော့ နိုင်ငံရေးပြဿာနာကို ကြိုးစားပြီး ဖြေရှင်းဖို့ အကောင်ထည်ဖော်နေတာကိုလဲ မြင်သာပါတယ်၊ ဒီလိုလုပ်ဆောင်နေတာလည်း အင်မတန်ထိရောက်တယ်။ နိုင်ငံတကာ ကလည်း စစ်ကောင်စီကို အဘက်ဘက်ကနေ ဖိအားပေးနေတော့ စစ်ကောင်စီရဲ့ ဂုဏ်သိက္ခာ ကို တိုက်ရိုက်ထိ ခိုက်နေတဲ့အပြင် သူတို့ကို အရှက်ရစေပြီးတော့ နိုင်ငံတကာကလည်း မြန်မာနိုင်ငံမှာရှိတဲ့ ဒေသအနှံ့အပြား က စစ်ကောင်စီ ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ခံနေရတာ ပိုမိုပေါ်လွင်သွားတာပေါ့ဗျာ။

မေး။ ။ NUG ရဲ့ D-DAY စတင်ခေါ်လိုက်တာ တ လကျော်လာပြီ ဒီအခင်းအကျဉ်းအပေါ် ဘယ်လောက်ထိ ခရီးပေါက်မယ်လို့ ထင်ပါသလဲ။ အဲဒီအခင်းအကျင်းအပေါ် ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ပြောချင်လဲ။ 

D Day ထုတ်ပြန်ကြေညာချက်အပေါ်ကိုတော့ အားနည်း ချက်များစွာတွေ့ရတယ်ဗျ။ ဘာကြောင့်လည်းဆိုတော့ D Day ခေါ်တာ အချိန်စောလွန်းနေတယ်လို့မြင်မိတယ်။ သျှမ်းစကားပုံ ဆိုရိုးအတိုင်းပြောရမယ်ဆိုရင် “ခြေမခိုင်သေးဘဲနဲ့ ရေတိမ်ကို သွားမလှော်နဲ့” ဆိုတာဘဲ။ NUG က D Day ခေါ်ဖို့အတွက် အချိန်တော်တော်လိုသေးတယ်လို့မြင်တယ် ဘာဖြစ်လို့လဲဆိုတော့ PDF ရဲ့စစ်အင်အား လည်းမလုံလောက်သေး သလို လက်နက်ခဲယမ်းတွေလည်း လုံလောက်မှုမရှိသေးဘူး။ စားနှပ်ရိက္ခာအင်းအား ကလည်း မရှိမဖြစ်လိုအပ်တယ်၊ စစ်ရေးကြွမ်းကျင်တဲ့ ရဲဘော် တစ်သံ တမိန့် ဆိုတဲ့ ရာဇသံကိုလည်း စေ့စပ်သေချာတဲ့ထိန်းချုပ်ပေးသူမရှိတော့ တိုက်ပွဲက တစ်သံတစ်မိန့်တည်း မဟုတ်ဘူးမြင်မိတယ်။​ ကောင်းတဲ့ အချက်တော့ စစ်တပ်ဘက်က တင်းမာနေသရွေ့ ပြည်သူတွေကလည်း ရရာလက်နက်နဲ့ ဆွဲကိုင်ပြီး ပြန်လည် ခုခံ သွားတာကို သူတို့နားလည်သဘောပေါက်သွားတာဘဲ။ နောက်တစ်ချက်ကတော့ နိုင်ငံတကာအသိုင်းအဝိုင်း ကလည်း ပြည်သူလူထုတွေဟာ အာဏာရှင်စနစ်ကို ဇွဲမလျော့ဘဲ တော်လှန်နေတယ်။

မေး။ ။ NUG ရဲ့ D-DAY ခေါ်လိုက်တာကြောင့် မိမိတို့ပြည်နယ် ဒေသတွေမှာ ဘယ်လိုဂယက် ရိုက်မှု ဖြစ်သွားစေလဲ။

NUG ဘက်က စစ်ကြေညာတယ်ဆိုပေမဲ့ လက်ရှိ တိုက်ပွဲပျံ့နေတာကတော့ တော်တော်များများ နယ်ဘက်တွေမှာဘဲ အဆက်မပြတ်တွေ့နေရတယ်။ တကယ်တမ်း မြို့ပြ ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ နေပြည်တော် နဲ့ ပြင်ဉီးလွင် အစရှိတဲ့ မြို့ကြီးတွေဘက်မှာ တရဆက် ဖြစ်မယ်ဆိုရင်တော့ စစ်ကောင်စီ တို့ရဲ့ ခေါင်းဆောင်ပိုင်းတွေပိုအထိနိုင်ပြီး သူတို့ကို တိုက်ရိုက်ထိခိုက်သလိုပုံစံမျိုး သက်ရောက်မှာပေါ့။ တိုင်းရင်းသားနယ် တွေဘက်မှာ ကွက်ကြားတိုက်ပွဲဖြစ် တော့ ဘာမှမသိပ်မထူးဘူး ရွာသူရွာသားတွေဘဲ ပိုမို ထိ ခိုက်ပြီးပို ရုန်းကန်ရတာပိုခက်ခဲတာပေါ့။ တိုင်းရင်းသားနယ် တွေဘက်မှာ တိုက်ပွဲဖြစ်နေတာ အခုမှ မဟုတ်ဘူးလေ ဒါကတော့ မြင်တွေ့ခဲ့ကြတဲ့ အတိုင်းပေါ့။ အမှန်တိုင်ပြောရရင် စစ်တပ်က တိုက်ပွဲထဲမှာ အယောက် ၁၀၀ သေသွားလည်း သူတို့ ခေါင်းဆောင်ပိုင်း လူကြီးပိုင်းတွေကို မထိခိုက်တာ မြင်သာတယ်။ လူထုတွေဘဲ လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲတာပေါ့။

မေး။ ။ NUG နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေကြား အားရစရာ မရှိဘူးလို့ ပြောကြတယ် အဲဒီအပေါ် ဘယ်လိုအမြင်ရှိလဲ။

 NUG နဲ့ ပူးပေါင်းလှုပ်ရှားနေတဲ့ EAOs အဖွဲ့ အစည်းတွေကလည်း စစ်မှန်တဲ့ Federal Democracy နဲ့ ကိုယ့် ကံကြမ္မာကိုယ် ဖန်တီးဖို့ အခွင့် အရေး အတွက် ကြိုးပမ်း နေတာက လွဲလို့ ကျန်တာ သိပ် ပြီး active မဖြစ် ဘူးဆိုတာ ယူဆလို့ရတယ်။ ပြီးခဲ့ တဲ့ လ တုန်းက NUG ကနေ နိုင်ငံရဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေ အသစ် တစ်ရပ် ဖြစ်တဲ့ ပထမပိုင်း ကို  ပြည်သူတွေဆီ ချပြတဲ့ ချိန်မှာ တိုင်းရင်းသား တွေ သဘော တူလက်ခံကြတယ် ဒါပေမဲ့ ဒုတိယပိုင်းကို ချပြလိုက်တဲ့ ချိန်မှာ EAOs တွေအတွက် controversial ဖြစ်စေတဲ့ view point တွေပါတော့ သိပ်ပြီး သဘောမကျ ကြဘူး။ အဲ့ဒါကြောင့် သူတို့ ပူးပေါင်းလှုပ်ရှား နေတာကလည်း သူတို့ နယ်မြေ အတွင်းဘဲ ဖြစ်သွားတယ်။

မေး။ ။ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု မရှိနိုင်သေးတဲ့ တိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များ ရှိနေဆိုတာ တွေ့ရတယ်။ ပူးပေါင်း ဆောင်ရွက်မှု မရှိနိုင်သေးသာ ဘာကြောင့်လဲ။

နွေဉီး တော် လှန် ရေး ခေါ် ပြည်သူက နေ အာဏာ သိမ်း စစ်ကောင်စီ ကို ငြိမ်းချမ်းစွာ ဆန္ဒပြ ပြန်လည်တော် လှန် တဲ့ အပေါ် ကို လည်း နှစ်ရှည် စစ်ကောင်စီ ကို တော် လှန် နေ တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များကလည်း သဘောတွေ့ အားပေးနေပါတယ်။ ဘာကြောင့်ပူးပေါင်းပါဝင်မှု မလုပ်ဆောင်တာကတော့ ကျနော်လည်း မပြောတတ်ဘူး သူတို့ ကလည်း သူတို့ မှန်တိုင် ကိုယ်ဆီ ရှိခဲ့ နေလို့ဘဲဗျာ။

မေး။ ။ တိုင်းရင်းသားပါတီ တချို့က စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစား နည်းလှမ်း ရှာကြတယ် စစ်ကောင်စီရဲ့ အခင်းအကျင်းအပေါ် အခြေခံပြီး တိုင်းရင်းပါတီက လက်တွေ့အရ သူတို့ လိုချင်တဲ့ နိုင်ငံရေးအခွင့်အရေး တောင်းဆိုမယ်ဆိုရင် အလုပ်ဖြစ်မယ်လို ထင်ပါသလား။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။ ဘယ်လို မှတ်ချက် ပေးချင်လဲ။

အာဏာ သိမ်း စစ်ကောင်စီ နဲ့ ပူပေါင်းလုပ်ရှားနေတဲ့ နိုင်ငံရေးပါတီ တွေကတော့ ကျနော် လေ့လာမိသလောက် စီးပွားရေး အကျိုး တူ ဆက်စပ် နေတာကို တွေ့မိတယ်။ တချို့ နိုင်ငံရေးပါတီ ထူထောင်တာကလည်း စစ်ကောင်စီက နေ စီးပွားရေးလုပ်ကွက်တို့၊ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ စီးပွားရေး ကို အကျိုးတူပါဝင် နေတာတို့ ရှိတော့ စစ်ကောင်စီလက်ထဲ က နေ သူတို့ ဖယ် ရှောင်လို့ မရတာလဲ ပါဝင်တာနေမှာ ပေါ့။ ဒါကြောင့် သူတို့မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချ လို့မရ ဘဲ စစ်ကောင်စီရဲ့ ထိန်းချုပ်မှု လက်မအောက်ကနေ မလွတ်မြောက်တာလို့ ထင်ရတယ်။

မေ။ ။ လူထုတရပ်လုံးကတော့ စစ်အာဏာရှင် ဆန့်ကျင်ပြီး အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး တောင်းဆိုနေကြပြီ ဒီတောင်းဆိုမှု က လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ဖို့ လက်ရှိ ဦးဆောင်နေတဲ့ အဖွဲ့အစည်းများ အနေနဲ့ ဘာတွေ ပြင်ဆင် လုပ်ဆောင်သင့်သလဲ။

ပြည်သူလူထုတွေကလည်း အစွမ်းကုန်ကြိုးပမ်း လုပ်ဆောင်နေတာပေါ့။ အာဏာရှင်ရဲ့ လက်အောက်မှာ မနေချင်ကြတော့ တချို့ကလည်း အသက်ရင်းပြီးတော်လှန်တယ်၊ လူငယ်တွေတော်တော်များများတော့ တောထဲဝင်ပြီး လက်နက်နဲ့ ပြန်လည်တော်လှန်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ စစ်ကောင်စီကို ပြိုလဲ သွားလားဆိုတော့လည်း အခုလက်ရှိအနေနဲ့တော့ သူတို့ကို တိုက်ရိုက်ထိခိုက်နေတာတွေမတွေ့ရ သေးဘူး ပြည်သူတွေအလုပ်မလုပ်တော့ ပြည်သူတွေဘဲ ပိုထိခိုက်တာတွေ့ရတယ်၊ ဘဏ်တွေလည်း ပိတ်တော့ ပြည်သူတွေ အခက်တွေ့တာဘဲ။ ယခု ဘာဘဲ လုပ်လုပ် ပြည်သူတွေကိုဘဲ ပြန်လည်ထိခိုက်နေတာတွေ့ရတယ်။ စစ်ကောင်စီ ဘက်ကို ပြန်ကြည့်ရမယ် ဆိုရင် ရဲတွေကလည်း နဂိုအတိုင်း စစ်ဆေးမှုတွေပြန်လုပ်နေတယ်၊ စစ်ကောင်စီ ကလည်း နဂို တိုင်းလှုပ်ရှားနေတယ်၊ ပြောင်းလဲလာတာကတော့ စစ်ဆေးမှုတွေ တင်းကြပ်တယ်၊ စစ်တပ်ပိုင်းဆိုင်ရာကလည်း နဂိုထက်ပိုမိုလှုပ်ရှားနေတယ်။ စစ်ကောင်စီကို ထိခိုက်တာကတော့ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ စစ်ကောင်စီနဲ့ ပက်သက်တဲ့ စီးပွားရေး တွေကို နိုင်ငံတကာစီးပွားရေးပိတ်ဆို့အရေးယူမှု နဲ့ နိုင်ငံတကာ တွေနဲ့ နိုင်ငံရေးဆွေးနွေးမှု မရတာဘဲရှိတယ်။