• Today is: Wednesday, April 17, 2024

စစ်ကောင်စီသင်္ဘောပေါ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် တိရိစ္ဆာန်နှင့် တဲအိမ်များ ထိခိုက်ပျက်စီး

စစ်ကောင်စီသင်္ဘောပေါ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် တိရိစ္ဆာန်နှင့် တဲအိမ်များ ထိခိုက်ပျက်စီး

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၁

ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ တောပုန်းကျွန်းတွင် ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွှဲ ၃ နာရီခန့်က စစ်ကောင်စီသင်္ဘော ဆန်တက်လာချိန် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့် ပြည်သူတို့၏ နွားတစ်ကောင်နှင့် တဲအိမ်တစ်လုံး မီးလောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရမ်းတမ်းပစ်ခတ်မှုများကြောင့် ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ခိုင်းနွားတစ်ကောင်သေတယ် လူမှန်ခါနီး နွားကိုမမှန်ရင် လူထိပြီပဲ။ နောက်ထပ်နွားတစ်ကောင် ရှပ်ထိတယ် သေတော့မသေဘူး။ နောက်တစ်ခြံက တဲအိမ်လောင်တာ လက်နက်ကြီးလား လက်နက်သေးလား မသိဘူး အစရတာတော့ အကြီးကြီးပဲ။ ကျည်ကျတာကို မိုးရွာသလိုပဲ။” ဟုသူကပြောသည်။

စစ်ကောင်စီသင်္ဘောပေါ်မှ ယမန်နေ့ ညနေတွင် ပစ်ခတ်သော လက်နက်ကြီးနှင့် လက်နက်ငယ်များကြောင့် တောပုန်ကျေးရွာအုပ်စုနှင့် ရွှေဘုံသာကျေးရွာမှ နေအိမ်အများအပြားတွင် ကျည်ထိမှန်ခဲ့ကြောင်း သူကဆက်ပြောသည်။

တောပုန်းကျေးရွာအုပ်စုမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်များ ညအချိန် ရွာအတွင်းသို့ စစ်ကြောင်းထိုး၍ ဝင်မည်ကိုစိုးရိမ်သောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်းသိရသည်။

ရွှေဘုံသာကျေးရွာမှ ဒေသခံပြည်သူများသည်လည်း ယမန်‌ေန့ နံနက်ပိုင်းက စစ်ကောင်စီတပ်၏ သင်္ဘောဆန်တက်လာမည်ကို ကြားသိရ၍ ရှောင်တိမ်းခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ် ရွှေဘုံသာကျေးရွာတွင် စက်တင်ဘာ ၁၂ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသယ်ဆောင်လာသည့် သင်္ဘောဆန်တက်လာချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

(ဒေသ သတင်းရင်းမြစ် ကိုးကားတင်ဆက်သည်။)

Credit – Photo