• Today is: Thursday, March 28, 2024

ဒီမိုကရေစီ (Democracy)

ဒီမိုကရေစီ (Democracy)

အရင်အပတ်က ဉာဏ်ကျယ်လေးဖော်ရဲ့ အကြောင်းကို ဖတ်ပြီးသွားကြပြီဆိုတော့ အခုဆို သူတို့လေးတွေနဲ့ ရင်းနှီးပြီးဖြစ်နေလောက်ပါပြီ။ ဒီနေ့ရော သူတို့ဘာတွေလုပ်ကြမလဲ ကြည့်လိုက်ကြရအောင်။

တစ်နေ့က နော်နော်၊ ရှန်နဲ့ ဆလိုင်းတို့ ဆုံကြတုန်း နောက်တစ်ခါတွေ့ရင် ဘာကစားရမလဲ ငြင်းခုံရင်း ကစားချိန်ကုန်သွားမှာစိုးလို့ ကစားနည်းကို ကြိုပြီးမဲခွဲဆုံးဖြတ်ထားကြလေရဲ့။ သူတို့ကလည်း မခေဘူးနော်။ ကစားတာတောင် တရားနည်းလမ်းကျကျပဲ။ ဘယ်သူမှ ဗိုလ်ကျလို့မရဘူး။ အဲ…တစ်ခုပဲ။ သူတို့တွေမဲခွဲတုန်းက ပိုပိုက အိမ်မှာ သူ့မေမေကို ဟင်းကူချက်ပေးနေရတော့ မလာနိုင်ဘူးလေ။ ပိုပိုကလည်း သူ့သူငယ်ချင်းတွေ သဘောတူထားကြတဲ့ ဘောလုံးကန်တာကိုကျတော့လည်း မကစားချင်ပြန်ဘူး။ အဲတော့ သူ့အကျင့်အတိုင်း ချက်ကျလက်ကျ စာတစ်တန်ပေတစ်တန်နဲ့  သူ့ဆန္ဒကို ထုတ်ပြောရတော့တာပေါ့။ ကြီးလာရင် တရားသူကြီးလုပ်မယ့် ပိုပို့ကိုတော့ လျှော့တွက်လို့ မရဘူးနော်။ အဲဒါနဲ့ ကျန်တဲ့သုံးယောက်လည်း ခံငြင်းမနေတော့ဘဲ သူတို့သူငယ်ချင်းကစားချင်တာကိုပါထည့်ပြီး မဲပြန်ခွဲဖို့ သဘောတူလိုက်ကြတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်က ဉာဏ်ကျယ်လေးဖော် ဘာကစားရမလဲ မဲခွဲရွေးတာလောက် မရိုးရှင်းဘူးဆိုရင်တောင် အခြေခံသဘောတရားကတော့ အတူတူပါပဲ။ အားလုံးပါဝင်ကစားရမယ့် ကစားပွဲကို အဖွဲ့ဝင်တိုင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိရသလို နိုင်ငံသားတိုင်းမှာလည်း ပြည်သူကိုယ်စားပြုအစိုးရတစ်ရပ်ကို လွတ်လွတ်လပ်လပ် အဆီးအတားမရှိ တန်းတူညီမျှ မဲပေးရွေးချယ်ခွင့် ရှိရပါမယ်။

နောက်ထပ် ဒီလိုဝေါဟာရတွေကို သိရဖို့  ဒီ page လေးမှာ အပတ်စဉ် သောကြာနေ့ ညနေ (၃) နာရီတိုင်း ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။