• Today is: Sunday, May 19, 2024

ပြည်ပရောက် မြန်မာအလုပ်သမားများအရေး မည်သို့ကူညီပေးနိုင်မည်လဲ

ပြည်ပရောက် မြန်မာအလုပ်သမားများအရေး မည်သို့ကူညီပေးနိုင်မည်လဲ

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းပြည်၏ စီးပွားရေးထိခိုက်လာသလို အောက်ခြေလူတန်းစားများ၏ စားဝတ်နေရေးလည်း တဖြည်းဖြည်းကြပ်တည်းလာသည်။ သို့သော် နွေဦးတော်လှန်ရေးနှင့် CDM များအတွက်လိုအပ်လာလျှင် မြန်မာပြည်သူများသည် အားတက်သရော ထည့်ဝင်ကြသည်ကို ကြည့်လျှင် ပြည်သူလူထု၏ ဤတော်လှန်ရေးတွင် နိုင်ချင်စိတ်မည်မျှ ကြီးကြောင်းကို တွေ့မြင်နိုင်သည်။ ထိုသို့ တော်လှန်ရေးလှုပ်ရှားမှုများ၊ NUG ၏ ရန်ပုံငွေရှာပွဲများတွင် အားတက်သရောထည့်ဝင်ကြသည့် နောက်ထပ်အင်အားစုမှာ ပြည်ပရောက် မြန်မာ အလုပ်သမားများ ဖြစ်ကြသည်။ ၎င်းတို့၏ ငွေကြေးအရ ဝိုင်းဝန်းထည့်ဝင်မှုမှာ ပြည်တွင်းတွင် ယခုကဲ့သို့ ငွေကြေးကြပ်တည်းနေသည့်အချိန်တွင် အတော်ပင်အထောက်အကူဖြစ်သည်။

          ထို့သို့ တော်လှန်ရေး လှုပ်ရှားမှုများနှင့် NUG ၏ ရန်ပုံငွေအတွက် ပြည်ပရောက် မြန်မာအလုပ်သမားများ၏ ထည့်ဝင်နေမှု အခန်းကဏ္ဍကို စစ်ကောင်စီဘက်မှလည်း သတိထားမိသည်။ ထို့ကြောင့်လည်း ဤလမ်းကြောင်းကို ဖြတ်တောက်ရန် ကြိုးပမ်းလာမှုများရှိလာသည်။ ထိုင်း၊ စင်္ကာပူစသော နိုင်ငံများမှ မြန်မာသံရုံးများကို မြန်မာအလုပ်သမားများ၏ နိုင်ငံကူးလက်မှတ် (passport) သက်တမ်းကုန်လျှင်တိုးမပေးရန် စသဖြင့် ညွှန်ကြားချက်များရှိလာသည်ဟု ကြားသိလာရသည်။ ထို့ပြင် အောက်တိုဘာ လလည်မှစ၍ ပြည်ပသို့ ထွက်ခွာ၍ အလုပ်လုပ်မည့်သူများကို အလည်နိုင်ငံကူးလက်မှတ် (PV passport type) နဲ့ အလုပ်လုပ်ခွင့် ဗီဇာ (Work visa) များကို ပေးမထွက်ရန်၊ အလုပ်လုပ်ရန်နိုင်ငံကူးလက်မှတ် (PJ passport type) နှင့် အလုပ်လုပ်ခွင့် ဗီဇာရှိလျှင်တောင် အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ယူရသော OWIC ကဒ် မပါလျှင်ထွက်ခွင့်မပြုရန် ညွှန်ကြားထားပြီး ထိုသို့ ညွှန်ကြားချက်ပါ အချက်များနှင့် မကိုက်ညီဟူ၍ လေဆိပ်မှ ထွက်ခွာခွင့် မပြုသည့် အလုပ်သမား အများအပြားရှိလာသည်။

          ယခုရက်ပိုင်းတွင် ထိုင်းမြန်မာ နယ်စပ်မှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြသော မြန်မာအလုပ်သမားများ၏ ဖုန်းများကို ယူစစ်၍ NUG နှင့် ပတ်သက်သော လှုပ်ရှားမှုများရှိမရှိ၊ လှူဒါန်းထားမှုများရှိမရှိကို အထူးစစ်ဆေးနေကြောင်း ကြားသိရသည်။ ဤသို့ ဆောင်ရွက်ချက်များသည် တော်လှန်ရေးလှုပ်ရှားမှုများနှင့် NUG ၏ ပြင်ပမှဝင်သော ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ရန် ကြိုးစားနေသည်မှာ သိသာထင်ရှားသည်။

          COVID-19 ကိုအကြောင်းပြု၍ အချိန်အတော်ကြာပိတ်ထားသည့် ထိုင်းမြန်မာနယ်စပ်ဂိတ်ကို နိုဝင်ဘာလဆန်းမှစ၍ ထိုင်းအစိုးရဘက်မှ တရားဝင် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး MOU ဖြင့် နယ်စပ်မှ ဝင်ရောက်မည့် မြန်မာအလုပ်သမားများကို စတင်ခွင့်ပြုတော့မည်ဟုသိရသည်။ ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်း ကြပ်တည်းနေချိန်တွင် ပြည်ပသို့ အလုပ်ထွက်လုပ်လို့သည့် မြန်မာနိုင်ငံသားများအတွက် အခွင့်အရေးဖြစ်သည်။ ထို့ပြင် တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်လာမည့် ငွေကြေးစီးဆင်းမှုလည်း ဖြစ်သည်။ သို့သော် ထိုသို့ အလုပ်ထွက်လုပ်လို့သည့် ပြည်တွင်းမှ မြန်မာနိုင်ငံသားများအနေဖြင့် စစ်ကောင်စီ၏ ပိတ်ပင်မှုများ၊ အပြင်မထွက်နိုင်ရန် ကန့်သတ်ထိန်းချုပ်မှုများ ကြုံနေရသည်။ ထို့ပြင် ပြည်ပ (အထူးသဖြင့် အာဆီယံနိုင်ငံများ)၌ လက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများအတွက်လည်း နိုင်ငံကူးလက်မှတ် သက်တမ်း တိုးခြင်း၊ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရာတွင် တင်းကြပ်စွာစစ်ဆေးမှုများ ကြုံတွေ့နေ ရသည်။

          NUG အနေဖြင့် ထိုသို့ ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို တဖက်တလှမ်းမှ ကူညီဖြေရှင်းပေးရန် ကြိုးစားသင့်သည်။ ဥပမာအားဖြင့် အာဆီယံနိုင်ငံ အစိုးရများနှင့် ချိတ်ဆက်၍ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် စစ်ကောင်စီခန့် သံရုံးများမှ ပိတ်ပင်လာမှုများကို ဖြေရှင်းရန် နည်းလမ်းရှာခြင်း၊ MOU ဖြင့် နယ်စပ်ဂိတ်များ ဖွင့်ဖို့ကြိုးစားရာတွင် ထိုင်းအစိုးရနှင့် ချိတ်ဆက်၍ မိမိတို့အစိုးရနှင့် ဆက်ဆံရန် ဝင်ရောက် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သင့်သည်။ အာဆီယံသည်လည်း မြန်မာအရေးကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခြင်း၊ မိမိတို့၏ ကြားဝင်ဆွေးနွေးညှိနှိုင်းမှုများကို စစ်ကောင်စီမှ ကြည်ဖြူစွာ လက်ခံခြင်းမရှိမှုတို့ကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ထိုသို့ စစ်ကောင်စီမှ အာဆီယံနှင့် မပူးပေါင်းသည့် အချက်ကို အခွင့်ကောင်းယူ၍ အထက်ပါ ရွှေ့ပြောင်းအလုပ်သမားအရေးအတွက် မိမိတို့ အစိုးရမှ ချိတ်ဆက်ဆောင်ရွက်ရန်ကြိုးစားမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းသိရှိရန် NUG မှ ကြိုးစားသင့်သည်။ ၎င်းကိစ္စရပ်များသည် တော်လှန်ရေးနှင့် တိုက်ရိုက်မသက်ဆိုင်ပဲ ရွှေ့ပြောင်း အလုပ်သမားအရေး၊ စီးပွားရေး ကိစ္စများဖြစ်၍ NUG ဘက်မှ ချိတ်ဆက်ကြိုးပမ်းလာမှုကို ငြင်းဆန်ရန် အာဆီယံအနေဖြင့်လည်း အခက်တွေ့မည်ဖြစ်သည်။ ငြင်းဆန်လျှင်လည်း ပို၍ အနောက်နိုင်ငံများ၏ ဖိအားကို ရင်ဆိုင်ရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုသို့ အလုပ်သမားအရေးများကို ၎င်းနိုင်ငံအစိုးရ များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်ကြိုးပမ်းမှုများသည် NUG အတွက် အရှုံးမရှိနိုင်ပေ။ ထို့ပြင် မိမိအတွက် အထောက်အပံ့ဖြစ်နေသော ငွေကြေးစီးဆင်းမှုကိုလည်း ကိုယ့်ဘက်မှ တည်မြဲရန် ကြိုးစားခြင်းဖြစ်သည်။ မည်သို့မျှ ကြိုးပမ်းဆောင်ရွက်မှုမရှိပဲ ငြိမ်နေပါက ပြည်ပရောက်အလုပ်သမားအင်းအားစု ပြည်သူများ အနေဖြင့် NUG အစိုးရကို အလှူတာခံ၍ ၎င်းအကျိုးဆက်ကြောင့် ရင်ဆိုင်ကြုံတွေ့လာရသော အခက်အခဲ များကို လစ်လျှူရှုထားသည်ဟုမြင်၍ ယုံကြည်အားကိုးမှု လျော့ကြလာနိုင်သည်။

တင်မြင့် ရေးတယ်

ဖက်ဒရယ်ဂျာနယ်

နိုဝင်ဘာ ၁၉၊ ၂၀၂၁