• Today is: Monday, April 15, 2024

မြန်မာ့နွေဦးသမိုင်း နိဒါန်း

မြန်မာ့နွေဦးသမိုင်း နိဒါန်း

သမိုင်းနဲ့ပတ်သက်ပြီး ခပ်များများ ပြောစရာ ရှိနေပါလိမ့်မယ်။ အနီးစပ်ဆုံးကတော့ ကိုယ့်တိုင်းကိုယ့်ပြည်ရဲ့ သမိုင်းပဲဖြစ်ပါတယ်။ သမိုင်းအကြောင်းကို မပြောခင်၊ သမိုင်းကို ဘယ်သူတွေက ဘယ်လို မြင်ခဲ့ကြသလဲ ဆိုတာကို ကြည့်ဖို့ လိုတယ်။

  • ၁၉ ရာစု သမိုင်းပညာရှင်၊ တောမတ် မက္ကောလေးက အခုလို ပြောတယ်။
  • “သမိုင်းဆိုတာ တခါတရံမှာ စိတ်ကူးယဉ်ဝတ္ထုလို ဆန်းကြယ်နေတတ်တယ်။ တခါတရံမှာတော့ သီအိုရီတစ်ခု ဖြစ်နေပြန်တယ်။”…တဲ့
  • စိတ်ခွဲပညာရှင် ဆစ်ဂမန်ဖရွိုက်ကတော့ အခုလို ပြောတယ်။
  • “သမိုင်းဆိုတာ လူသစ်တွေက အမှားဟောင်းတွေကို ပြန်လုပ်တာ”…တဲ့။
  • အင်္ဂလိပ်သမိုင်းဆရာ ဂစ်ဘွန်းကတော့ အခုလို ပြောပြန်တယ်။
  • “သမိုင်းဆိုတာ လူ့လောကကြီးရဲ့ ရာဇဝတ်မှုတွေ၊ မိုက်မဲမှုတွေနဲ့ ကြမ္မာဂြိုဟ်ဆိုးဆိုတာတွေကို မှတ်တမ်းတင်ထားတဲ့ မှတ်ပုံတင်စာရင်းကြီးတစ်ခုသာ ဖြစ်တယ်”..တဲ့။
  • ပြင်သစ်ဧကရာဇ် နပိုလီယန်ကတော့ အခုလို မြင်တယ်။
  • “သမိုင်းဆိုတာ အများသဘောတူထားတဲ့ ပုံပြင်ဖြစ်သတဲ့”
  • မော်တော်ကားတီထွင်သူ ဟင်နရီဖို့ကတော့ အခုလို ပြောတယ်။
  • “သမိုင်းဆိုတာ အလိမ်အညာ အလကားအရာသာ ဖြစ်တယ်” တဲ့။

လူတွေဟာ သူတို့ကျင်လည်တဲ့ နယ်ပယ်၊ သူတို့ ဖြတ်သန်းခဲ့တဲ့ ခေတ်၊ သူတို့ ထိတွေ့ခဲ့တဲ့ စနစ်တွေအပေါ် မူတည်ပြီး သမိုင်းကို ရှုမြင်ကြတာပဲ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာတွေရဲ့ သမိုင်းအမြင်ကရော ဘယ်လိုလဲ။ ဘယ်သူက ဘယ်လို မြင်သလဲ။

၁၉၉၂ ခုနှစ် ဩဂုတ်လထုတ် နွယ်နီမဂ္ဂဇင်းမှာ၊ စာရေးဆရာ မြသန်းတင့်ဟာ ဂစ်ဘွန်း၊ နပိုလီယန်နဲ့ ဟင်နရီဖို့တို့ရဲ့ သမိုင်းအမြင်အပေါ်မှာ အခုလို မှတ်ချက်ပေး ရေးသားခဲ့ဖူးတယ်။ ဆောင်းပါးနာမည်က – “သမိုင်းစကား ပန်းစကား” တဲ့။

  • ဂစ်ဘွန်း၏ သမိုင်းအမြင်သည် မည်းမှောင်ညစ်ထေးနေသော ရောမလက်နက်နိုင်ငံတော်ကြီးသမိုင်းကို ကြည့်၍ စိတ်ပျက်နေသော ၁၈ ရာစုနှစ်၊ အင်္ဂလိပ်သမိုင်းဆရာတစ်ယောက်၏ အမြင် ဖြစ်သည်။
  • နပိုလီယန်၏ သမိုင်းအမြင်သည် တိုက်ပွဲတိုင်းတွင် အောင်မြင်မှုသရဖူကို ဆောင်းကာ ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုဖြင့် ကျေနပ်ရောင့်ရဲနေသော ၁၉ ရာစုအစ ဘုရင်ဧကရာဇ်တစ်ပါး၏ သမိုင်းအမြင်ဖြစ်သည်။
  • ဟင်နရီဖို့၏ သမိုင်းအမြင်သည် ဘဏ္ဍာရေး၏ အောင်မြင်မှုကို ကျေနပ်ကာ စိတ်ပျက်နေသော သဘောကောင်းသည့် ပရဟိတဝါဒီတစ်ဦး၏ အမြင်ဖြစ်သည်။ (မြသန်းတင့်၊ ၁၉၉၂ ဩဂုတ်)

ကျနော်က ထပ်တိုး၍ ပြောချင်ပါတယ်။

  • မက္ကောလေး၏ သမိုင်းအမြင်သည် မရေမရာ ခန့်မှန်းရခက်လှသည့် အနက်သဘောတစ်ခုသဖွယ် ရှုမြင် သော ၁၉ ရာစုနှစ်၊ သမိုင်းပညာရှင်တစ်ယောက်၏ အမြင် ဖြစ်သည်။
  • ဆစ်ဂမန်ဖရွိုက်၏ သမိုင်းအမြင်မှာ လူ့အမူအကျင့်၏ အမှားကျော့သံသရာစက်ဝန်းက မဖောက်ထွက်နိုင်ပုံ ကို ရှုမြင်သည့် အမြင်ဖြစ်သည်။

မြန်မာပြည်ရဲ့ အတိတ်သမိုင်းကို ဖွင့်ဆိုရှင်းလင်းတဲ့ စာတမ်းတွေ၊ စာအုပ်တွေ ခပ်များများ ရှိပြီးဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိပစ္စုပ္ပန်ဖြစ်ရပ်တွေအပေါ် ဘယ်လို ရှုမြင်သလဲဆိုတာဟာ စာတမ်းအနေနဲ့၊ စာအုပ်အနေနဲ့ ပီပီပြင်ပြင်ထွက်မလာနိုင်သေးပါဘူး။ ပစ္စုပ္ပန်ဟာ အတိတ်ဖြစ်ပြီးသွားရင်၊ ထင်ထင်ရှားရှားပေါ်လာမယ့်အရာဖြစ်ပါ တယ်။

မြန်မာ့နွေဦးသမိုင်းကို ဘယ်က စပြီး ကြည့်ကြမလဲ။

  • ၁၉၄၈ ခုနှစ်မှာ စတင်ခဲ့တဲ့ ပါလီမန်ဒီမိုကရေစီသမိုင်းဟာ မြန်မာ့နွေဦးရဲ့ အစနိဒါန်းလား။
  • ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံးဒီမိုကရေစီတော်လှန်ရေးဟာ မြန်မာ့နွေဦးရဲ့ အစနိဒါန်းလား။
  • ၂၀၁၀ ခုနှစ်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို စတင်ခဲ့တဲ့ ကာလဟာ မြန်မာ့နွေဦးရဲ့ အစနိဒါန်းလား။
  • သို့မဟုတ်…
  • ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အာဏာဖီဆန်တဲ့ ဖြစ်ရပ်ဟာ မြန်မာ့နွေဦးရဲ့ အစနိဒါန်းလား။

လက်ရှိ ၂၀၂၁ ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးဟာ – “ဖက်ဒရယ်” နဲ့ “ဒီမိုကရေစီ” ကိုရပ်ခံပြီးတည်ဆောက်ထားတဲ့ တော်လှန်ရေးဖြစ်ပါတယ်။

  • ဖက်ဒရယ်ဟာ ညာခြေထောက်ဆိုရင်၊ ဒီမိုကရေစီဟာ ဘယ်ခြေထောက်ဖြစ်ပါလိမ့်မယ်။
  • ဖက်ဒရယ်ဟာ ညာဘက်လက်ဆိုရင်၊ ဒီမိုကရေစီဟာ ဘယ်ဘက်လက်ဖြစ်ပါလိမ့်မယ်။
  • ဖက်ဒရယ်ဟာ နှလုံးသားဆိုရင်၊ ဒီမိုကရေစီဟာ ဦးနှောက်ဖြစ်ပါလိမ့်မယ်။

မြန်မာ့နွေဦးသမိုင်းကို ထုဆစ်ရာမှာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လက်နှစ်စလုံးကို အသုံးပြုပြီး ပီပီပြင်ပြင် ထုဆစ်ဖို့ ဖြစ်ပါတယ်။ ညာဘက်လက်က စုတ်တံကိုင်ပြီး အရုပ်ရေးနေတဲ့အခါ၊ ဘယ်ဘက်လက်က ဆေးခွက်ကို ကိုင်ထားရ တာပါပဲ။ မြန်မာ့နွေဦးရဲ့ ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အရောက်လှမ်းဖို့၊ ခြေတစ်ပေါင်ကျိုးနဲ့ သွားလို့ မရဘူးဆိုတာ နားလည်နေကြပါတယ်။ ဘယ်ခြေ၊ ညာခြေ ညီညီလှမ်း၊ ဖြောင့်ဖြောင့်လှမ်းပြီး တန်းတန်းမတ်မတ် မယိမ်းမယိုင်လျှောက်လှမ်းကြရပါလိမ့်မယ်။ မြန်မာပြည်ရဲ့ လူထုဘဝတွေကို ဒီမိုကရေစီဦးနှောက်နဲ့ ဖက်ဒရယ် နှလုံးသား အဟပ်ညီညီ စည်းချက်ညီညီနဲ့ ရှင်သန်ကြဖို့ ကြိုးစားနေကြရတာဖြစ်ပါတယ်။

နွေဦးသမိုင်းအမြင်

၁၉ ရာစု သမိုင်းပညာရှင် တောမတ်မက္ကောလေးရဲ့ သမိုင်းအမြင်အရ၊ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးဟာ စိတ်ကူးယဉ်ဝတ္ထုလို ဆန်းကြယ်နေတာတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ သို့သော်လည်း ဖြစ်ပြီးခဲ့တဲ့ သမိုင်းဖြစ်ရပ် တွေကို သီအိုရီလို ဘောင်ခတ်ကြည့်ပြီး၊ လက်တွေ့ရလဒ်ကောင်းတွေ ထုတ်နိုင်ရင် ပိုကောင်းတဲ့ လူ့အဖွဲ့အစည်း ကို တည်ဆောက်နိုင်ပါလိမ့်မယ်။ သမိုင်းကို ရှုမြင်မှုမှာ ဘောင်ကျဉ်းပြီး အမြင်တိမ်နေရင်တော့ ဆစ်ဂမန်ဖရွိုက် ပြော သလို၊ လူသစ်တွေက အမှားဟောင်းတွေကို ပြုလုပ်နေတာလို့ ပြောလို့ ရသွားပါလိမ့်မယ်။ အမှားဟောင်းတွေကို လူသစ်တွေက ပြန်မှားနေကြတယ်လို့ ကျနော်တို့ ထင်နေပါသလား။

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ တစုံတရာတည်ငြိမ်နေတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၁ အာဏာသိမ်းမှုကြောင့် လက်နက်နိုင်ငံတော်ကြီးအဖြစ် ရုတ်ချည်း ပြောင်းလဲသွားခဲ့ပါတယ်။ အင်္ဂလိပ်သမိုင်းဆရာ ဂစ်ဘွန်းရဲ့ သမိုင်းအမြင်လို၊ “မြန်မာ့နွေဦးသမိုင်းဟာ ရာဇဝတ်မှု တွေ၊ သတ်ဖြတ်မှုတွေ၊ မိုက်မဲမှုတွေ၊ ညစ်ထေးမှုတွေ၊ ကြမ္မာဂြိုဟ်ဆိုးတွေကို မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းကြီး တစ်ခု ဖြစ်သွားမှာလား”။ သို့တည်းမဟုတ် ဟင်နရီဖို့ မြင်တဲ့သမိုင်းအမြင်လို “မြန်မာ့နွေဦးသမိုင်းဟာ အလိမ်အညာ အလကားအရာ” သာ အဖြစ်ခံမလား။ သမိုင်းကို လူထုက ဖန်တီးတယ်ဆိုတဲ့ အမြင် ရှိပါတယ်။ တကယ်ရော လူထုက ဖန်တီးတဲ့ သမိုင်းဖြစ်မှာလား။ သို့တည်းမဟုတ် လူ့အလွှာ ထိပ်ပိုင်းလူတစ်စုက ဖန်တီးတဲ့ သမိုင်းဖြစ်သွား မှာလား။ ကျနော်တို့ဟာ သတိထားပြီး ကြည့်နေရမှာဖြစ်သလို၊ အသိနဲ့ လုပ်နေရမှာလည်း ဖြစ်ပါတယ်။

ပညာရှိသူတော်ကောင်း သမိုင်းဆရာတွေဟာ “မြန်မာ့နွေဦးသမိုင်း” ကို၊ အရေးတော်ပုံသမိုင်းအောင်ပွဲဇာတ်လမ်း အဖြစ်သာ ရေးသားချင်ပါလိမ့်မယ်။ “အရေးတော်ပုံကျရှုံးဇာတ်လမ်း” ကို မရေးချင်ကြပါ။

  • မြန်မာ့နွေဦးလှုပ်ရှားမှုဟာ ဇာတ်မျောကြီး မဖြစ်ဖို့ လူထုက မျှော်လင့်နေပါတယ်။
  • မြန်မာ့နွေဦးတော်လှန်ရေးက အီလည်လိုက်မနေဖို့ လူထုက မျှော်လင့်နေပါတယ်။
  • မြန်မာ့နွေဦးအောင်ပွဲက အဖျားရှူးမသွားဖို့ လူထုက မျှော်လင့်နေပါတယ်။
  • မြန်မာ့နွေဦးသမိုင်းကို အရေးတော်ပုံအောင်ပွဲသမိုင်းအဖြစ် လူထုက မျှော်လင့်နေပါတယ်။

အုံလိုက်ကျင်းလိုက်၊ ဒုလိုက်ဒေးလိုက်၊ စိတ်ရောကိုယ်ပါ လူထုပါဝင်နေတဲ့ တော်လှန်ရေးဟာ အောင်ကို အောင်ရပါလိမ့်မယ်။ အကယ်၍ မအောင်မြင်ခဲ့သော် ဒီတစ်ခါ လူထုအပြစ် မဟုတ်တော့ပါဘူး။ လူထုလိုအပ်ချက် မဟုတ်တော့ပါဘူး။ သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်၊ လူထုခေါင်းဆောင်အဖြစ် ဦးဆောင်နေတဲ့ နယ်ပယ်အသီးသီး အလွှာအသီးသီးက ခေါင်းဆောင်တွေရဲ့ အပြစ် လို့ ရဲရဲကြီး ပြောရပါလိမ့်မယ်။

မင်းသေ့ (ဆောင်းပါး)

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၁၅၊ ၂၀၂၁