• Today is: Tuesday, September 26, 2023

ICRC အနေဖြင့် အကျဉ်းထောင်များ အတွင်းသို့ ဝင်ရောက်ကာ လုပ်ငန်းဆောင်ရွက်ခွင့်ရရန် ကြိုးပမ်းနေပြီး ဖမ်းဆီးခံရသူများကို စုံစမ်းရန် အကူအညီတောင်းခံနိုင်

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၁၅၊ ၂၀၂၁

အာဏာသိမ်းကာလအတွင်း‌ နေ့စဉ်နှင့်အမျှ မတရားဖမ်းဆီးခံရသူများကို ထိန်းသိမ်းခံရစဉ်အတွင်း လူ့အခွင့်အရေးချိုးဖေါက်မှု အများအပြားရှိနေချိန်တွင် ICRC အနေဖြင့် အကျဉ်းထောင်များသို့ ဝင်ခွင့်မရသေးသော်လည်း ဖမ်းဆီးခံရသူများကို မိသားစုနှင့်အဆက်အသွယ်ရရှိရေး လုပ်ဆောင်ပေးနေသည်ဟု ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ထုတ်ပြန်လာသည်။

ICRC အနေဖြင့် အကျဉ်းထောင်များတွင် အကျဉ်းသားများ၏ အခြေအနေကို ဝင်ရောက်လေ့လာခွင့်ကို အမြန်ဆုံးပြန်လည်စတင်နိုင်ရန် ဆက်လက်ကြိုးပမ်းနေပြီး လက်ရှိတွင် အကြိမ်ကြိမ်တင်ပြမှုများ လုပ်နေသော်လည်း ခွင့်ပြုချက်မရဘဲဖြစ်နေသည်ဟု သိရသည်။

အကျဉ်းထောင်များအတွင်း ဝင်ခွင့် မရသေးသော်လည်း ပြင်ပမှ ကူညီနိုင်သည်များကို ဆောင်ရွက်ပေးရန်အတွက် ၂၀၂၁ ခုနှစ် မတ်လမှစ၍ အရေးပေါ်ဖုန်းလိုင်းများထားရှိပြီး ဖမ်းဆီးခံရသူများနှင့် မိသားစုများကြား အဆက်အသွယ်ရရှိရန် ဆောင်ရွက်ပေးနေရာ လက်ရှိအချိန်ထိ မိသားစုပေါင်း (၈၅၀) ကျော်ကို ကူညီပေးထားသည်ဟု သိရသည်။

COVID 19 စတင်ဖြစ်ပွားလာချိန်တွင် ICRC ၏ အကျဉ်းထောင်အတွင်း လုပ်ငန်းများကို ဆက်လုပ်ရန် အကျဉ်းထောင် တာဝန်ရှိသူများက ၂၀၂၀ ခုနှစ် မတ်လကတည်းက ခွင့်မပြုတော့သဖြင့် အကျဉ်းထောင်များအတွင်း ဝင်ရောက်ခွင့်ရပ်ဆိုင်းနေခဲ့ခြင်းဖြစ်သည်ဟု သိရပြီး လက်ရှိတွင်လည်း အကြိမ်ကြိမ်တင်ပြမှုများကို ခွင့်ပြုခြင်းမရှိသေးကြောင်း သိရသည်။

အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလမှစ၍ နိုင်ငံအနှံ့ မတရား အကြမ်းဖက်ဖမ်းဆီးမှု နေ့စဉ်နှင့်အမျှ အများအပြားရှိနေပြီး အာဏာသိမ်းအဖွဲ့က နိုင်ငံရေးအရဖမ်းဆီးခံရသူအများစုမှာ မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေတတ်ကြသည်။

မိသားစုဝင်များ မည်သည့်အကြောင်းဖြင့် ဖမ်းဆီးခံရသည်ဖြစ်စေ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရပါက ICRC သို့ ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း သိရသည်။