• Today is: Monday, May 13, 2024

၇၃ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့

လက်ရှိ စစ်ရေး၊ နိုင်ငံရေးအပေါ် KNU/KNLA ၏ ရပ်တည်ချက်သည် ခိုင်မာပြတ်သားသည့် လုပ်ရပ်ဖြစ်သည်ဟု ရှုမြင်သုံးသပ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဂုဏ်ပြုပြောဆို

 

 

ဖက်ဒရယ်ဂျာနယ်

 

ဇန်နဝါရီ ၃၁၊ ၂၀၂၂

 

 

 

 

 

လက်ရှိ ဖြစ်ပေါ်နေသည့် စစ်ရေး၊ နိုင်ငံရေးအပေါ် ကရင်အမျိုးသားအစည်း အရုံး-KNU/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA ခေါင်းဆောင်များ၏ ရပ်တည်ချက်သည် ခိုင်မာပြတ်သားသည့် လုပ်ရပ် ဖြစ်သည်ဟု ရှုမြင်သုံးသပ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဂုဏ်ပြု ပြောဆိုလိုက်သည်။

 

 

 

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သည့် ၇၃ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့အတွက် ပေးပို့သော ရက္ခိုင့်တပ်တော်(AA)၊ တအာင်းအမျိုးသား လွှတ်မြောက်ရေးတပ်မတော်(TNLA)နှင့် MNDAA (ကိုးကန့်)တို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ ၏ ဂုဏ်ပြုသဝဏ်လွှာတွင် ထိုသို့ ဂုဏ်ပြု ပြောဆို ထားခြင်းဖြစ်သည်။

 

 

 

“ကရင်ခေါင်းဆောင်ကြီးများ၏ ဘဝတူညီနောင် တိုင်းရင်းသားလူမျိုးများနှင့် တသားတည်းရပ်ချက်များ၊ ရိုးသား ပွင့်လင်းမှုများ၊ အမျိုးသားလွတ်မြောက် ရေးအတွက် တပ်ပေါင်းစုဖြင့် စုပေါင်းတိုက်ပွဲခဲ့ကြပုံများက မြန်မာ့တပ်မတော်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း၌ ပို၍ သိသာ ထင်ရှားစေပါသည်။ လက်ရှိ စစ်ရေး၊ နိုင်ငံရေးအပေါ် KNU/KNLA၏ ရပ်တည်ချက်များမှာ ခိုင်မာပြတ်သားသော လုပ်ရပ်များဖြစ်သည်ဟု ရှုမြင်သုံးသပ်မိပါသည်။ “ဟု သဝဏ်လွှာတွင် ပြောဆိုထားသည်။

 

 

ထို့အပြင် ညီနောင်မိတ်သုံးဖွဲ့ဖြစ်ကြသော ကိုးကန့်၊ တအာင်း၊ ရခိုင်အဖွဲ့အစည်းတို့အနေဖြင့် ဘုံရန်သူ တူညီပြီး စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တူညီသော အခြားသော မိတ်ဖက်ညီအစ်ကို အဖွဲ့အစည်းများနှင့် လက်တွဲပြီး မိမိကိုယ်မိမိ ခုခံကာကွယ်သော အနေဖြင့် အခြေအနေ၏ စစ်ရေး၊ နိုင်ငံရေး လိုအပ်ချက်အရ ဟန်ချက်ညီ စုပေါင်းလုပ်ဆောင်သွားရမည်ဖြစ်သည်ဟု အလေးအနက်ယုံကြည်ကြောင်းလည်း ညီနောင်မဟာမိတ်က ဆက်ပြောသည်။

 

 

 

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိခဲ့သော်လည်း အခြားသော တိုင်းရင်း သားလူမျိုးတို့မှာ ဖိနှိပ်အုပ်ချုပ်သူ စစ်အာဏာရှင်အစိုးရ၏ မတရားအနိုင်ကျင့် ဖိနှိပ်အုပ်ချုပ်မှုကို ခံနေရသော ကြောင့် ဤနိုင်ငံအတွင်းမှ လူမျိုးအသီးသီးတို့သည် ခုခံတော်လှန်စစ်ကို ဆင်နွှဲပြီး လက်နက်ကိုင်တိုက်ပွဲ ဝင်လာခဲ့ကြသည်မှာ ယနေ့အထိပင်ဖြစ်ကြောင်း၊ ယခုဆိုလျှင် ဗမာလူမျိုးအများစု ကြီးစိုးခြယ်လှယ်ထားသော မြန်မာ့တပ်မတော်( တနည်း) အာဏာသိမ်း စစ်ကောင်စီကို မြန်မာပြည်အနှံ့အပြားရှိ ဗမာလူမျိုးများကိုယ်တိုင် ခုခံတွန်းလှန်သော စစ်ဖြင့် အပြီးသတ်တိုက်ထုတ် ချေမှုန်းရန် ကြိုးပမ်းအားထုတ်နေသည်များကို တွေ့ရှိလာရသည်မှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မှုကို ဖော်ပြရာရောက်ပြီး တစ်နိုင်ငံလုံးမှ မလိုလားမှုကို ပြသရာလည်း ရောက်နေသည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့က ပြောသည်။

 

 

 

ကရင့်တော်လှန်ရေး ၇၃ နှစ်အတွင်း ပေးဆပ်စွန့်လွှတ်ခဲ့ကြသော ကရင့်အာဇာနည်များ၊ ကရင့်သူရဲကောင်းများ၊ ကရင့်ပြည်သူလူထုတို့၏ပေး ဆပ်စွန့်လွှတ် အနစ်နာခံမှုများကို အောက်မေ့လွမ်းဆွတ်ခြင်းနှင့်အတူ ဦးညွတ် အလေးပြုကြောင်းလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်။

 

 

 

ကိုးကန့်၊ တအာင်း၊ ရခိုင်အဖွဲ့အစည်းတို့သည် တူညီသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များဖြင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရရှိရေးတို့အတွက် ဘုံရန်သူကို တော်လှန်တိုက်ပွဲဝင်နေကြသည့်အလျောက် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တူညီသော အခြား မိတ်ဖက်ညီအစ်ကို အဖွဲ့အစည်းများနှင့် လက်တွဲပြီး စစ်ရေး၊ နိုင်ငံရေး လိုအပ်ချက်အရ ဟန်ချက်ညီ စုပေါင်းလုပ်ဆောင်သွားကြရမည်ဟု ယုံကြည်ကြောင်း MNDAA၊ TNLA၊ AA ညီနောင်မဟာမိတ်သုံးဖွဲ့က ကရင်တော်လှန်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် ဂုဏ်ပြုလွှာတွင် ဖော်ပြထားသည်။

 

 

ဖဆပလအစိုးရမှ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO)ကို ၁၉၄၉ခုနှစ်၊ ဇန်နဝါရီ ၃၁ရက်နေ့တွင် တရားမ ဝင်အဖွဲ့အဖြစ် ကြေညာပြီးနောက် တိုက်ပွဲများဖြစ်ပွားသည့်နေ့ကို ကရင်အမျိုးသား ခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။