• Today is: Tuesday, April 30, 2024

အယ်ဂျာဇီယား ပြောသည့် ကယားတော်လှန်ရေးသမား တဦး၏ ဘဝ

အယ်ဂျာဇီယား ပြောသည့် ကယားတော်လှန်ရေးသမား တဦး၏ ဘဝ

တ‌နေ့တာ စစ်ရေး လေ့ကျင့်မှု များ ပြီးဆုံးသွား၍ ပင်ပန်းနွမ်းနယ်မှု များ ပြေပျောက်သွား‌ရပေတော့မည်ဟူသော အတွေးဖြင့် ခွန်နန်းနန်း တ‌ယောက် စိတ်သက်သာရာ ရသွားမိသည်။ အစိမ်း နှင့် အနက် ရောစပ်ထားသော ပျောက်ကြား စစ်ဝတ်စုံ များ ဝတ်ဆင်ထားသော ဒါဇင်ပေါင်းများစွာရှိ သူနှင့် ဘဝတူ သင်တန်းသားများ လည်း ညစ်ပတ်ပေကျံနေသော ကွင်းပြင်ကြီးထဲတွင် တုံးလုံးပက်လက် ဖြစ်ကုန်ကြတော့သည်။ သူတို့ သင်တန်းတက်နေသည့် နေရာကား ကယားပြည်နယ် အရှေ့ခြမ်းရှိ တောင်ခြေတနေရာတွင် ဖြစ်သည်။ သူတို့အားလုံး ကရင်နီ အမျိုးသား ကာကွယ်ရေး တပ် KNDF ၏ လက်ရွေးစင် တပ်ဖွဲ့သို့ ဝင်ရောက်နိုင်ရန် စစ်သင်တန်း တက်ရောက်နေကြခြင်းလည်း ဖြစ်သည်။

ညနေ ခင်း နေဝင်ရီတရော ဖြစ်၍ ကောင်းကင်သည် လိမ္မော် ရောင် တောက်လာနေပြီ ‌ဖြစ်သည်။ သူတို့ထဲမှ အချို့က ဒိုက်ထိုးသူထိုး၊ လက်ဝှေ့ထိုး‌သူထိုး၊ မိမိ လက်ဝယ်ရှိ ရိုင်ဖယ်သေနတ်ကို ဆေးကြောတိုက်ချွတ် လုပ်သူက လုပ်နှင့် ရှိနေကြသည်၊ ပတ်ပတ်လည်တွင်လည်း သစ်ပင်ကြီးများ ထူထပ်စွာ ပေါက်ရောက်နေသော တောင်ကြီးများက ဝိုင်းရံထားသည်။

အသက် ၂၆ နှစ်ရှိပြီ ဖြစ်သည့် ခွန်၏ တာဝန်ကား KNDF တပ်မဟာ (၅) ၏ တပ်ရင်းမှုး အား ကာကွယ်ပေးရန် ဖြစ်သည်။ သူနှင့်လည်း ငယ်စဉ်ကတည်းက အတူ ကြီးပြင်းလာခဲ့သူ ဖြစ်သည်၊ တပ်ရင်းမှုးသည် ကွင်း၏ တဖက်ရှိ ‌သင်တန်းကို သွားရောက် ကြီးကြပ်နေစဉ်တွင် ခွန်လည်း ရိုင်ဖယ် တလက်ဖြင့် သူ့အား စောင့်ကြည့်ပေးနေသည်။

ရုတ်ခြည်းဆိုသလိုပင် အနိမ့်ပျံသန်းလာသော ဂျက်တိုက်လေယာဉ်တစီး၏ အသံကို ကြားလာရသည်။ သင်တန်းသားများလည်း အလန့်တကြားဖြင့် အပေါ်သို့ ‌မော့ကြည့်လိုက်ကြသည်။

“နေရာယူ” ဟု သင်တန်းဆရာတဦး၏ အော်ဟစ် အမိန့်ပေးသံကို ကြားလိုက်ရသည်။ ချက်ခြင်းလိုပင် အားလုံးလည်း အနီးအနားရှိ အကာအကွယ် ရမည်ထင်ရသော တောအုပ်ထဲသို့ ပြေးဝင်သွားကြသည်။ အားလုံးက တုတ်တုတ်မျှ မလှုပ်၊ ဂျက်လေယာဉ်ကတော့ အပေါ်တွင် ဝဲပျံနေဆဲပင်။

KNDF သည် ကယားပြည်နယ် အတွင်းရှိ မြို့ရွာများကို ထိန်းချုပ်နိုင်ရန် တနှစ်နီးပါးမျှ တိုက်ခိုက်နေခဲ့ပြီး ဖြစ်သည်။ ပြည်နယ်အတွင်း ဒေသအတော်များများသည် “လွတ်မြောက်လာခဲ့ပြီ” ဖြစ်သော်လည်း ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့် တော်လှန်ရေး သမားများ ရှိနေမည်ဟု သံသယရှိသည့် နေရာများကို ဗုံးကြဲ တိုက်ခိုက်ပြီး မောင်းထုတ်ခံ‌ နေရဆဲ ဟု ခွန်က ပြောပြခဲ့သည်။

ယခုလို ရုတ်ခြည်းပေါ်လာသည့် ဂျက်လေယာဉ်များကို အချို့က “တစ္ဆေကြီး” သို့မဟုတ် “ဥက္ကာပျံ ကြီး”ဟု ပြောဆိုလေ့ ရှိကြသည်၊ ထိုသို့ ကြောက်စရာ လန့်စရာ အမည် ပေးလာရခြင်းမှာလည်း အဆိုပါ သတ္တဝါကြီးအား ပြန်လည် ခုခံပစ်ခတ်ရန် လက်နက်တစုံတရာ ပိုင်ဆိုင်ထားခြင်း မရှိသောကြောင့် ဖြစ်သည်။

ဒီတကြိမ်‌တွင်တော့ သူတို့အားလုံး သက်သာရာ ရသွားခဲ့ကြသည်။ လေယာဉ်သည် လမ်းကြောင်းပြောင်းကာ ပျံသန်းသွားပြီ ဖြစ်၍ စက်သံသည် တဖြေးဖြေး တိုးဝင် ပျောက်ကွယ် သွားခဲ့သည်။ သို့သော် သူတို့အားလုံး၏ ကြောက်စိတ်များကတော့ ပျောက်ကွယ်သွားခဲ့ခြင်း မရှိပေ။

“ကျွန်တော်အဖို့ ဘယ်နေရာ သွားသွား လုံခြုံမှု မရှိဖူးလို့ ထင်လာတာကိုက စိတ်ထဲမှာ အတော်ဖိစီး လေးလံလာနေတယ်၊ ကိုယ်မြေပေါ်မှာတောင် လုံခြုံမှု မရှိတော့သလို ဖြစ်လာနေတယ်” ဟု ခွန်က လေးလေးတွဲ့တွဲ့ကြီး ပြောလိုက်သည်။

အာဏာမသိမ်းမီက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ၎င်းတို့အချင်းချင်း ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း မရှိသော်လည်း ယခုအခါ ထိုအနေအထားမှ တဖြေးဖြေးပြောင်းလဲ လာနေပြီ ဖြစ်သည်။

ထို့အတွက် ယခင်ကလို တဖွဲ့ချင်း စီ မဟုတ်တော့ပဲ ပို၍ ရှူပ်ထွေး ကျယ်ပြန့်လာခဲ့သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ရှိ တိုင်းရင်းသား အုပ်စုများကလည်း စစ်တပ်ကို ဖျက်သိမ်းပြီး အသစ် ပြန်လည် ဖွဲ့စည်းရန် နှင့် ဖွဲ့စည်းပြီးကလည်း လူများစု ဖြစ်သော ဗမာတို့ ချည်းသာ ထိန်းချုပ် မထားရန် တောင်းဆိုလာခဲ့ကြသည်။ NUG ကလည်း တိုင်းရင်းသား လူမျိုးအသီးသီး ပါဝင်မည့် အရပ်သား ‌အုပ်ချုပ်မှု အောက်တွင် ရှိမည့် “ဖက်ဒရယ် တပ်မ‌တော်” တည်ထောင်နိုင်ရန် လိုလားလျက် ရှိနေသည်။

NUG ၏ အဆိုအရ PDF များ၏ လက်ချက်ကြောင့်စစ်ကောင်စီ တပ်သား ၁,၀၀၀ ကျော် ကျဆုံးသွားခဲ့ပြီး ဖြစ်သည်ဟု သိရသည်၊ အချို့ သုတေသီများက KNDF သည် လက်ရှိတွင် စစ်တပ်ကို ကယား ပြည်နယ်ထဲမှ တွန်းထုတ်နိုင်ခဲ့သည်အထိ အထိရောက်ဆုံး တိုက်ပွဲဝင် နိုင်သည့် အဖွဲ့ဖြစ်သည်ဟုလည်း သုံးသပ်ခဲ့ကြသည်။

သို့သော် လေကြောင်းမှ တိုက်ခိုက်လာနေမှုများ ကြောင့် အချို့တပ်ဖွဲ့ဝင်များ အကြား စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု များ ရှိလာနေသည်ဟုဆိုသည်။

လေယာဉ်များက နေ့စဉ်လို ခေါင်းပေါ်က ပျံဝဲနေသဖြင့် ကားအင်ဂျင်သံ၊ ဆိုင်ကယ်စက်သံ ကြားလျှင်ပင် ထိတ်လန့်နေကြရသည်ဟု ခွန် က ပြောပြခဲ့သည်။

စစ်ကောင်စီ လေယာဉ်များက တောတောင်များထဲတွင် တိုက်ပွဲဝင်ရန် လေ့ကျင့်နေသူများကိုသာမက ထွက်ပြေး တိမ်းရှောင်ခဲ့ကြသော အရပ်သားများကိုပါ တမင် ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ခဲ့သည့် အထောက်အထားများ မိမိတို့ လက်ဝယ်တွင် ရှိနေပြီဟု လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။ ထိုသို့ တိုက်ခိုက်ခဲ့မှုများသည် စစ်ရာဇဝဝတ်မှု ကျုးလွန်ခြင်းပင် ဖြစ်သည်ဟုလည်း မှတ်ချက်ချခဲ့ကြသည်။

“စစ်တပ်က ဒုက္ခသည် စခန်းတွေကိုလည်း ဗုံးကြဲတယ်၊ မြို့ရွာတွေက လူနေအိမ်တွေကိုလည်း မီးရှို့ ဖျက်ဆီးယုံနဲ့ အားမ‌ရသေးဖူ၊ ကျွန်တော်တို့ကိုပါ အထိနာအောင် လေယာဉ်‌တွေ၊ ရဟတ်ယာဉ်တွေ သုံးပြီး တိုက်လာတယ်” ဟု ခွန်က ဆိုသည်။

သို့သော် ခွန် သည် စစ်တပ်မှ အာဏာ သိမ်းပြီးနောက်တွင် ထောင်ပေါင်းများစွာသော ပြည်သူများကဲ့သို့ လက်နက်စွဲကိုင်လာခဲ့သည်။ နိုင်ငံတဝှမ်းတွင်လည်း အဆုံးစွန် အထိ တိုက်ခိုက်နိုင်ရန် နယ်စပ်ဒေသများတွင် လေ့ကျင့် ပြင်ဆင်လာကြပြီး အမဲလိုက်သေနတ်၊ လုပ်သေနတ်များ၊ ပေါက်ကွဲနိုင်သော ပစ္စည်းမှန်သမျှ ဆွဲကိုင်လာကြသည်။

ခွန် သည် သူ့ပတ်ဝန်းကျင်တွင် အကြမ်းဖက် လုပ်ရပ်များက နေ့စဉ်လို ဖြစ်လာနေသဖြင့် စစ် မတိုက်ချင်သော်လည်း သူ့တွင် အခြားရွေးချယ်ပိုင်ခွင့် မရှိတော့ပေ။

ခွန် သည် ဓါတ်ပုံ ဝါသနာပါသူ ဖြစ်သည့် အားလျှော်စွာ ရိုင်ဖယ် သေနတ်ထက် DSLR ကင်မရာကိုသာ နှစ်ခြိုက်စွာ ကိုင်တွယ်လိုသူ ဖြစ်သည်။ အားကစားသမား တယောက်၏ ကိုယ်ခန္ဓာနှင့် နူးညံ့ သိမ်မွေ့ပြီး အမြဲ ပြုံးနေတတ်သူ ခွန် တယောက် ပြီးခဲ့သည့် နှစ်ကအထိ မင်္ဂလာဆောင်များ တွင် ကရင်နီ တိုင်းရင်းသား ဝတ်စုံ ဝတ်ကာ ပြုံးပျော်နေသည့် မင်္ဂလာ စုံတွဲများအား ဓါတ်ပုံလိုက်ရိုက်ပေးခဲ့သူ ဖြစ်သည်။

ကယားပြည်နယ် တောရွာ တရွာတွင် လူဖြစ်ကြီးပြင်းလာခဲ့ရသော ခွန်သည် ပစ္စည်း အထူးအဆန်းများ၊ ကွန်ပြူတာ နှင့် နည်းပညာရပ်များကို စိတ်ဝင်စားသူ ဖြစ်သည်။ သို့သော် သူ့အဖို့ ထိုအရာများကို ကိုင်တွယ် အသုံးပြုနိုင်ခွင့် မရှိသလောက် ဖြစ်နေသည်။ သူ၏ မိဘများကလည်း တောင်ယာ စိုက်ပျိုး လုပ်ကိုင် စားသောက်သူများ ဖြစ်ကြပြီး သူတို့ မောင်နှမများလည်း မိဘအလုပ်တွင် နေ့စဉ်လို ဝိုင်းကူ လုပ်ပေးခြင်း၊ ကျွဲနွားနှင့် အိမ်မွေးတိရိစ္ဆာန်များကို ထိန်းကျောင်းပေးခြင်းတို့ ဖြင့် အချိန်ကုန်လွန်ခဲ့ကြရသည်။ သို့သော် မိဘများထံမှ စစ်တပ်အကြောင်း တီးတိုးပြောနေသံများကိုတော့ အမြဲလို ကြားနေခဲ့သည်။

“ကလေးဘဝကတည်းက ငြိမ်းငြိမ်းချမ်းချမ်း မနေခဲ့ရဘူးဗျာ၊ စစ်တပ်က ရွာတွေကို ရောက်ရောက်လာပြီး အိမ်တွေမှာ ဝင်အိပ်၊ သူတို့ကို ကျွေးမွေးရတဲ့ အပြင် ကြက်ဝက်‌ တွေပါ ဆွဲသွားကြသေးတယ်၊ အဲ့ဒီတုန်းကတည်းက ကြောက်ကြောက်နဲ့ နေလာခဲ့ရတာ” ဟု ခွန် က ပြောပြသည်။

သက်တမ်းအားဖြင့် မဆိုသလောက်သာ ရှိခဲ့သော ဒီမိုက‌‌ ရေစီ အစိုးရအား စစ်တပ်မှ ဖြုတ်ချပြီးနောက်ပိုင်း တော်လှန်ရေး အင်အားစု များနှင့် ပူးပေါင်းလာခဲ့သည့် အချိန်ကစ၍ သူ့တွင် ကြောက်စိတ်ဟူ၍ မရှိတော့ပေ။

အစပိုင်းတွင်တော့ သူသည် မြို့ပြမြေအောက် တော်လှန်ရေး တွင် ပါဝင်ခဲ့သည်။ သူ၏ လုပ်ဖေါ်ကိုင်ဖက် ရဲဘော်ရဲဖက်များ ဖမ်းဆီး နှိပ်စက် ခံလာရသည်ကို တွေ့မြင်လာပြီး နောက်တွင်မူ အရာရာသည် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ စစ်တပ်က လူတိုင်း ကို စတင် သတ်ဖြတ်လာသည့် အခါတွင်တော့ KNDF ထဲသို့ ဝင်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်ရပေတော့သည်။

ဖေဖေါ်ဝါရီ လကုန်ပိုင်းလောက်တွင် ဆန္ဒပြသူများအား စစ်တပ်မှ လမ်းများ ပေါ်တွင် စတင်ပစ်ခတ်လာပြီး သေဆုံးသွားသူများ၏ အလောင်းများ ကို ဆိုရှယ် မီဒီယာများပေါ်တွင် တွေ့လာရပြီးနောက်တွင်မူ သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့ ဟု စိတ်ပိုင်းဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

“ကျွန်တော်တို့ အတွက် ရှင်းရှင်းလင်းလင်း သိသွားခဲ့ရပြီ၊ ကျွန်တော်တို့ မဲပေးခဲ့ကြတယ်၊ ကျွန်တော်တို့ လွတ်လပ်ခွင့်တွေရဖို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့ကြပြီးပြီ၊ သူတို့က ပြည်သူတွေရဲ့ လိုလားချက်တွေကို ဂရုမစိုက်တော့ ကျွန်တော်တို့ လွတ်လပ်ခွင့်တွေ အတွက် ကိုယ်တိုင်ကိုယ်ကျ တိုက်ယူမှ ဖြစ်တော့မယ်လို့ သိလာတာပါပဲ”

ခွန်၏ စစ်သင်တန်းက ရက်သတ္တပတ် အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ ပြီးနောက်တွင် သူ၏ အထက်အရာရှိများက တပ်မမှုး၏ ကိုယ်ရံတော် အဖြစ် ရာထူး တိုးမြှင့် တာဝန်ပေးခဲ့ကြသည်။

ခွန်၏ ပုံစံသည် စစ်သားရင့်မာကြီး တယောက်ပုံတော့ မပေါက်ပေ။ သူသည် တည်တည်ငြိမ်ငြိမ် နှင့် ချင့်ချင့်ချိန်ချိန် ပြောဆိုလုပ်ကိုင်တတ်၍ ရိုင်ဖယ် တလက်နှင့် “ဘုန်းကြီးတပါး” ဟုပင် ‌အခေါ်ခံခဲ့ရသည်။

အာဏာမသိမ်းမီက ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်ရသည်တို့ကို ဝါသနာ ပါပြီး သူငယ်ချင်းများ နှင့် အချိန်ဖြုန်းလေ့ရှိသည်။ သို့သော် အရေးတော်ပုံကြီး ဖြစ်ပွားလာပြီးနောက်တွင်မူ သူ၏ စိတ်ဓါတ်ခွန်အား နှင့် အချိန်ဟူသမျှသည် တော်လှန်ရေးကြီးအတွက် ဖြစ်လာခဲ့ရသည်။

သူ့ထက်ငယ်သည့် လူသစ်များကလည်း အကိုတယောက်လို သဘောထား ဆက်ဆံခဲ့ကြသည်။ မိသားစု နှင့် ခွဲခွာလာရ၍ အထီးကျန်သလို ခံစားနေရသော သူတို့အဖို့ ခွန် အပေါ် အားကိုး ယုံကြည်စိတ် အပြည့်နှင့် ခေါင်းဆောင်တယောက်လို ရှု့မြင်လာခဲ့ကြ၍ လည်း ဖြစ်သည်။

“ခွန်က ရိုးသားတယ်၊ ကြင်နာတတ်တယ်၊ စိတ်ဓါတ်ကလည်း အမြဲတက်ကြွနေတယ်” ဟု သူနှင့် အတူ လေ့ကျင့်ခဲ့သူ တဦးက ပြောပြခဲ့သည်။ “သူက ငယ်ငယ် ကတည်းက အဲ့ဒီလိုပဲ ဆိုတော့ ကျွန်တော်တို့ အတွက် ရဲဘော်ရဲဘက် တယောက် သာ မကဖူး သူငယ်ချင်းကောင်း တယောက်လည်း ဖြစ်တယ်”

ခွန်၏ အဓိက တာဝန်သည် သင်တန်းသား အသစ်များကို သွန်သင် လမ်းညွှန်ပြီး အကာအကွယ်ပေးရခြင်းဖြစ်သည်၊ ထို့အတွက်လည်း ခွန်သည် သူတို့နှင့် အတူနေ အတူစား ရီစရာ မောစရာများ ပြောပြီး အမြဲလို အားပေးခဲ့ရသည်။

ထွက်ပြေး တိမ်းရှောင်လာကြသူများအတွက် ယာယီနေထိုင်ဖို့ တဲများလည်း ကူညီ ဆောက်လုပ်ပေးခဲ့သည်။

ခွန် နှင့် သူလူများသည် ယာယီ ဆောက်လုပ်ထားသော ဝါးတဲများ ပေါ်တွင် ကြယ်မြင်လမြင် အိပ်ခဲ့ကြရသည်၊ စောင်များ ခြုံထားသော်လည်း အအေးဒဏ်မှ ကာကွယ်နိုင်စွမ်း တော့ မရှိပေ၊ တနေ့ လျှင် နှစ်ကြိမ် ခန့်သာ စားသည် ဆိုယုံမျှ စားခဲ့ရ၍ ဆာလောင်နေတတ်သည်၊ သူတို့အတွက် က ထမင်း နှင့် ငရုတ်သီး တောင့်သာ နေ့စဉ် အဟာရ ဖြစ်သည်။

သူတို့ တွင် ရံပုံငွေ နှင့် လက်နက် အပြည့်အစုံ မရှိသော်လည်း စိတ်ဓါတ်မကျ၊ နိုင်ငံတဝှမ်း စစ်တပ်ကို ဆန့်ကျင် တွန်းလှန်နေသူများ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး တခုတည်းသော အလံတော် အောက်တွင် တစုတစည်းတည်း ဖြစ်လာချိန်တွင် စစ်တပ်ကို ဖြုတ်ချနိုင်ပြီး ဒီမိုကရေစီ အစိုးရ အသစ် ပေါ်ထွန်းလာမည်ဟု ယုံကြည်မျှော်လင့်လျက် ရှိနေကြသည်။

“ကျွန်တော်တို့ အဖို့ ပြည်သူတွေနဲ့ NUG ရဲ့ အားပေး ထောက်ခံတာပဲ လိုတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာသာ လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိနေမယ်ဆိုရင် စစ်တပ်အဖို့ ရှေ့လျောက် ဦးဆောင်လို့ မရ‌‌ စေရဘူး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အတူတကွ ပူးပေါင်းလာကြတဲ့ အခါကျရင် စစ်တပ် ပြိုလဲသွားတော့မယ်” ဟု ခွန်က ပြောခဲ့သည်။

Hla soe wai (လှစိုးဝေ)
ဖက်ဒရယ်ဂျာနယ်
မတ် ၇၊ ၂၀၂၂ 

(အယ်ဂျာဇီယား သတင်းဌာန၏ Myanmar’s ‘reluctant’ resistance fighter မှ ကောက်နှုတ်တင်ပြသည်)