• Today is: Thursday, May 16, 2024

တတိယ အကြိမ်မြောက် မိုင်ဂျာယာန် ကော်လိပ် ဘွဲ့နှင်းသဘင်ကျင်းပ

ဓါတ်ပုံ – Simsa Kasa Multimedia

ဧပြီလ ၄၊ ၂၀၂၂ (မိုင်ဂျာယာန်)

ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်တဲ့ တရုတ်ပြည်နယ်စပ် မိုင်ဂျာမြို့၌ ဖွင့်လစ်ထားသည့် အဆင့်မြှင့် ပညာရေးကျောင်းဖြစ်သည့် (Mai Ja Yang College) မိုင်ဂျာယာန် ကော်လိပ်၏ တတိယအကြိမ်မြောက် ဂုဏ်ပြု ဘွဲ့နှင်းသဘင် အခမ်းအနားကို မိုင်ဂျာယာန်မြို့တော်ခန်းမ(ဝန်ဇွပ်ဂေါက်နူ)တွင် ယနေ့ကျင်းပပြုလုပ်ခဲ့ကြောင်း Simsa Kasa Multimedia က ဖော်ပြထားသည်။

ဒီကနေ့ ဂုဏ်ပြု ဘွဲ့လက်မှတ် ချီးမြှင့်ခံရသော ကျောင်းသား၊သူများသည် (Bachelor of Arts in Political Seience) ၅ ဦး၊ (Bachelor of Arts in English) ၇ ဦး၊ (Bachelor of Arts in Environmental Seience) ၈ ဦး၊ (Bachelor of Arts in Computer Seience) ၁၄ ဦးနှင့် (Bachelor of Arts in Developmeny Studies) ၁၀ ဦး စုစုပေါင်း ၄၄ ဦးဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် NUG အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်လည်း တက်ရောက်ဂုဏ်ပြုပေးခဲ့ကြောင်း တွေ့ရသည်။

မိုင်ဂျာယာန် ကော်လိပ်သည် ၂၀၁၅ခုနှစ်မှ စတင်ဖွင့်လစ်ခဲ့ပြီး ကျောင်းသား၊သူ စုစုပေါင်း ၁၉၀ ဦးကို ဂုဏ်ပြု ဘွဲ့ လက်မှတ် ချီးမြှင့်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်သည့် တရုတ်ပြည်နယ်စပ် မိုင်ဂျာနယ်မြို့တွင် အဆင့်မြှင့်ပညာရေး ကျောင်းများ ဖြစ်ကြသည့် Mai Ja Yang College (MJYC) အပါအဝင်, Mai Ja Yang Institute of Education(MIEd), Institute of Liberal Arts and Sciences, Mai Ja Yang (ILAS-MJY) နှင့် တိုင်းရင်းသားလူငယ်ပေါင်းစုံ တက်ရောက် လေ့လာနေသည့် Federal Law Academy (FLA) စသည့် အဆင့်မြှင့်ပညာရေးကျောင်းတို့ကို အသီးသီး ဖွင့်လစ်ထားသည်။

ကေအိုင်အိုသည် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းမှ လူငယ်လူရွယ်များ အဆင့်မြှင့် ပညာရေးများ လေ့လာ သင်ယူနိုင်ရန် အခွင့်အလှမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး ပညာရေးကို တန်ဖိုးထား သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတခုလည်း ဖြစ်သည်။